လမိုက်ညတွင် ဂူသင်္ချိုင်းဖောက်ခြင်း(ဃ)
Vol. 59 Ch. 915
ခေါင်းဆောင်သည် တုံ့ဆိုင်းမနေတော့ဘဲ တွင်းပေါက်ထဲသို့ တန်းမတ်စွာ ခုန်ဆင်းသွားသည်။ များမကြာမီ စူးရှရှ အော်ဟစ်သံသည် မြေကြီးအောက်ထဲမှ မြည်ဟိန်းထွက်လာသည်။
ထိုအော်သံသည် ဝမ်းနည်းဖွယ်ကောင်းသည်။
ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက တွင်းပေါက်ထဲသို့ ခုန်ဆင်းသွားပြီး တတိယအလွှာဆီသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင်ရှိသော အရာအားလုံးသည် သူ့ကို ဆွံ့အသွားစေသည်။
ဤနေရာမှ ပရမ်းပတာဖြစ်မှုသည် ဒုတိယအလွှာထက် သာလွန်သည်။
အကယ်၍ ဒုတိယအလွှာကို သူခိုးတစ်ကောင်က ဝင်မွှေသွားသည်ဟု သတ်မှတ်မည်ဆိုလျှင် ဤတတိယအလွှာကိုတော့ သူခိုးဂိုဏ်းတစ်ဂိုဏ်းက ဝင်လုယက်သွားသည်ဟု ဆိုရပေမည်။
ဘေးပတ်ဝန်းကျင်သည် ပရမ်းပတာဖြစ်နေပြီး ခြောက်နေသော မစင်များပင် ရှိသည်။ ယင်းက အလွန်ရွံရှာဖွယ်ကောင်းသော မြင်ကွင်းဖြစ်ပြီး ညစ်ညမ်းသော လေထုကို ဖြစ်ပေါ်စေသည်။
အလယ်ဗဟိုရှိ စင်မြင့်ပေါ်တွင် တင်ထားဟန်ရသော ခေါင်းတလားသည် ထိုနေရာတွင် ဆက်ရှိမနေတော့ဘဲ မြေပြင်ပေါ်မှာ အပိုင်းပိုင်းအစစ အက်ကွဲနေသည်။
ခေါင်းတလား၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသည် ထောင့်မှာ ရှိနေဆဲပင်။
အထဲတွင် မည်သည့်အရာမှမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေသည်။
အလောင်းများလည်း မရှိပေ။
ခေါင်းဆောင်သည် ခေါင်းတလား၏ အစိတ်အပိုင်းတစ်ခုပေါ်မှာ ထိုင်နေပြီး အသိစိတ်ကင်းလွတ်နေသော အမူအရာဖြင့် ဘေးပတ်ဝန်းကျင်ကို မိန်းမောတွေဝေစွာ ကြည့်နေသည်။
ရွှီချင်းသည် သက်ပြင်းချလိုက်ပြီး ခေါင်းဆောင်၏ ဘေးသို့ လျှောက်သွားကာ သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“ ဂျူနီယာညီလေး… ငါ့အရင်ဘဝရဲ့ ခန္ဓာကိုယ်က… အခိုးခံလိုက်ရပြီ ”
ခေါင်းဆောင်သည် ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ဝမ်းနည်းကြေကွဲသော အမူအရာ ခံပြင်းဒေါသထွက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝူကျန်းဝူနှင့် နင်ယန်သည်လည်း ထိုအခိုက်အတန့်မှာ အောက်သို့ဆင်းလာကြသည်။ သူတို့က ဘေးပတ်ဝန်းကျင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
“ စီနီယာအကိုကြီး… အရင်ဆုံး စိတ်ကို အေးအေးထားပါ… မင်းရဲ့ အရင်ဘဝက ခန္ဓာကိုယ်က သေသွားတယ်ဆိုတာ မင်းသေချာလား ”
ရွှီချင်းသည် နူးညံ့စွာ မေးသည်။
ယခင်ဘဝမှ သူ၏ ခန္ဓာကိုယ်က အခိုးခံလိုက်ရသည့်အခါ မည်သို့ခံစားရလိမ့်မည်ဖြစ်ကြောင်း သူမသိပေ။ မည်သို့ဖြစ်ပါစေ လူတိုင်းက ထိုသို့အဖြစ်မျိုးကို မတွေ့ကြုံနိုင်ကြပေ။ သို့သော်လည်း ခေါင်းဆောင်၏ လက်ရှိစိတ်အခြေအနေကို သူနားလည်ပေးနိုင်သည်။
ခေါင်းဆောင်၏ မျက်လုံးသည် ချက်ချင်း မှေးကျဉ်းသွားသည်။ သူသည် အစကတည်းက အလွန်ဉာဏ်များသူ ဖြစ်သည်။ အစောနက မှိုင်တွေနေခြင်းသည် ယခင်ဘဝမှ သူ၏ ခန္ဓာကိုယ် အခိုးခံရလိုက်သော ကိစ္စက အလွန်ကြီးမားသောကြောင့် ဖြစ်သည်။
အကယ်၍ ရွှီချင်းက သူ့ကို သတိမပေးလျှင်ပင် သူက တစ်စုံတစ်ခုလွဲမှားနေကြောင်း အမြန်ဆုံး အာရုံခံမိလိမ့်မည်။ သို့ဖြစ်၍ သူ၏ အမူအရာက အေးစက်လာသည်။
“ ငါ့အရင်ဘဝက နိုးထလာပြီး အခုလိုတွေ လုပ်သွားခဲ့တာလို့ မင်းက ပြောချင်တာလား ”
“ ဒါပေမဲ့ တကယ်လို့ အရင်ဘဝမှာ ငါက မသေသွားခဲ့ဘူးဆိုရင် ငါ့မှာ ဘယ်လိုလုပ် နောက်ဘဝဆိုတာရှိမှာလဲ… ဒီတော့ ပြင်ပတစ်စုံတစ်ခုကြောင့်သာမဟုတ်ရင် အဲ့လိုဖြစ်နိုင်စရာ ဘာအကြောင်းမှ မရှိဘူး ”
“ တစ်စုံတစ်ယောက်က မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်သွားတာများလား ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ ဟုတ်တယ်… အတိတ်တုန်းက ငါကပဲ တခြားလူတွေကို လှည့်စားခဲ့တာ… ဒါက ငါ့ဘဝမှာ ပထမဆုံးအကြိမ် သူများလှည့်စားတာကို ခံရဖူးတာပဲ ”
ခေါင်းဆောင်သည် မတ်တတ်ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများ ထွက်ပေါ်လာသည်။
“ ဒုတိယအလွှာက ပရမ်းပတာဖြစ်ပုံကိုကြည့်လိုက်ရင် လမ်းကြောင်းတစ်ခုတည်းကို ဦးတည်သွားတာ မြင်ရလိမ့်မယ်… ဒါကြောင့် လူတစ်ယောက်တည်းက ဒါတွေကို ရှုပ်ဖွခဲ့တာ ဖြစ်နိုင်လောက်တယ် ”
“ တတိယအလွှာမှာတော့… ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်၏ မျက်လုံးထဲမှာ ရူးသွပ်မှုတို့ ထွက်ပေါ်လာပြီး သူက ဖြည်းညင်းစွာ ပြောသည်။
“ တတိယအလွှာက ရှုပ်ပွမှုရဲ့ ဇစ်မြစ်က အလယ်ဗဟိုကနေ စတာပဲ… အက်ကွဲနေတဲ့ ပစ္စည်းတချို့ရဲ့ အသွင်လက္ခဏာကို ကြည့်မယ်ဆိုရင် ခေါင်းတလားက သူ့ဘာသာ အရင်ပေါက်ကွဲသွားတာဖြစ်မယ်… ပြီးသွားတော့ မွှေနှောက်ရှာဖွေတာနဲ့ လုယက်တာတွေ ဖြစ်လာတာပဲ ”
“ အဲ့ဒီအမည်မသိကောင်က မြေအောက်တံခါးကို ဖွင့်နိုင်ရုံတင်မကဘူး တံခါးကိုပါ အဆင့်ထပ်မြှင့်လိုက်တယ်… ဒါတင်မကသေးဘူး ဒင်းက ဒုတိယအလွှာက အဟန့်အတားအစီအရင်ကိုတောင် ပြောင်းလဲထားခဲ့သေးတယ်… အဲ့ဒီအချက်တွေအရတော့ ဒင်းက ငါ့အကြောင်းကို ကောင်းကောင်းနားလည်ထားတယ်ဆိုတာ ဖော်ပြလိုက်တာပဲ… ”
“ အဲ့ဒီအချက်တွေနဲ့ဆို ငါတို့ရှာဖွေရမယ့် နယ်ပယ်ကို ချုံ့ပစ်လိုက်လို့ရတယ်… အပြင်လူတစ်ယောက်က အထဲကိုဝင်လာနိုင်မယ့် ဖြစ်နိုင်ခြေက အရမ်းနည်းပါးတယ်… ကြည့်ရတာ အမည်မသိဝိညာဉ်တစ်ကောင်က ဒီဂူထဲမှာ မွေးဖွားလာခဲ့တာ ဖြစ်နိုင်တယ် ”
“ အတိတ်တုန်းက ငါက ဂူသင်္ချိုင်းထဲမှာ ပစ္စည်းအတော်များများကို မြှုပ်နှံထားခဲ့တယ်… နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် သူတို့ထဲက တစ်ခုကနေ လက်နက်ဝိညာဉ်တစ်ကောင် မွေးဖွားလာခဲ့တာ ဖြစ်ရမယ် ”
ခေါင်းဆောင်သည် ဖြည်းညင်းစွာ ပြောသည်။ သူက ပိုပြီးစကားပြောလေ သူ၏ အတွေးများက ပိုပြီးရှင်းလင်းလာလေ ဖြစ်သည်။ နောက်ဆုံးမှာတော့ အေးတိအေးစက်အလင်းသည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးထွက်လာသည်။
“ ဒါပေမဲ့ အဲ့ဒီအမည်မသိဝိညာဉ်ကောင်က ငါ့အရင်ဘဝက ခန္ဓာကိုယ်ကို မသိမ်းပိုက်သွားသင့်ဘူး… ငါ့အရင်ဘဝက ခန္ဓာကိုယ်ကို ငါမွေးလာကတည်းက သန့်စင်ထားခဲ့တာ… ပြီးတော့ အဲ့ဒါက ဒီနေရာနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်… တကယ်လို့ ငါသာ အဲ့ဒီဆက်နွယ်မှုကို မဖြေရှင်းဘူးဆိုရင် ငါ့အရင်ဘဝက ခန္ဓာကိုယ်က ဒီအဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသကနေ ထွက်ခွာသွားတာနဲ့ ပြာဖြစ်သွားလိမ့်မယ် ”
“ ဒါကြောင့် အဲ့ဒီကောင်က အသက်ရှင်နေသေးတယ်ဆိုရင် ဒီနေရာနဲ့ အနီးနားမှာပဲ ရှိရလိမ့်မယ် ”
ခေါင်းဆောင်၏ အသံသည် အေးစက်နေပြီး သတ်ဖြတ်ချင်သော စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ နံရံများကို စစ်ဆေးကြည့်လိုက်သည်။ သူက စကားဖြင့် ထုတ်ပြောနေရန် မလိုပေ။ ခေါင်းဆောင်သည် ရွှီချင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။
“ ဟုတ်တယ်… တစ်ဖက်လူက ငါတို့ရောက်လာတာကို သတိထားမိသွားပြီလားဆိုတာ အရင်အတည်ပြုရမယ် ”
ခေါင်းဆောင်သည် ချိပ်တံဆိပ်လက်သင်္ကေတချို့ကို ဖွဲ့စည်းလိုက်သည်။ ထိုအခါ ဂူသင်္ချိုင်း၏ ဘေးပတ်ပတ်လည်မှ ဧရိယာသည် အလင်းရောင်ထွန်းလင်းလာသည်။ ဤနေရာမှ အစီအရင်များက ခေါင်းဆောင်၏ လုပ်ဆောင်မှုကို တုံ့ပြန်နေသည့်အလားပင်။
တစ်ခဏအကြာမှာ ခေါင်းဆောင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ ဒီနေရာမှာ အားလှိုင်းအတတ်အကျတွေ အပြင်ဘက်ကို ပျံ့လွင့်သွားတာမျိုးမရှိဘူး… အဲ့ဒီအမည်မသိဝိညာဉ်ကောင်က ဒီနေရာမှာ အစီအရင်တွေ ခင်းကျင်းထားခဲ့တယ်ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် ဒီနေရာက ငါ့ဂူသင်္ချိုင်းဖြစ်နေတုန်းပဲမဟုတ်လား ”
ခေါင်းဆောင်က စကားဆုံးအောင်ပြောပြီးနောက် သွေးတစ်လုပ်ကို ထွီခနဲ ထွေးထုတ်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သွေးကို မြေပေါ်သို့ မကျသွားမီ မြန်ဆန်စွာ ဖမ်းဆုပ်လိုက်သည်။
သွေးသည် သူ၏ လက်ဖဝါးပေါ်၌ သံလိုက်အိမ်မြှောင်တစ်ခုသို့ ပြောင်းလဲသွားသည်။ သံလိုက်အိမ်မြှောင်ပေါ်မှ မြှားတံသည် မြန်ဆန်စွာ လှည့်ပတ်လာပြီး ဦးတည်ရာကို စတင်ညွှန်ပြလာသည်။
“ အဲ့ဒီအမည်မသိဝိညာဉ်ကောင်မှာ ငါ့သွေးမျိုးစက်နဲ့ပတ်သက်တဲ့ အရိပ်အယောင်နည်းနည်းလေးပဲ ရှိနေရင်တောင် ဒီသွေးမျိုးစက်သံလိုက်အိမ်မြှောင်နဲ့ဆို ဒင်းကို ငါရှာနိုင်တယ် ”
နောက်အခိုက်အတန့်မှာ မြှားတံသည် ဦးတည်ရာတစ်ခုသို့ ညွှန်ပြလိုက်သည်။ ၎င်းက နင်ယန်ကို တန်းတန်းမတ်မတ် ညွှန်ပြနေသည်။
ထိုအခါ နင်ယန်၏ အမူအရာသည် ပြောင်းလဲသွားသည်။