ကံကြမ္မာက မယုံကြည်နိုင်စရာကောင်းလှတယ်(က)
Vol. 59 Ch. 916
“ ငါမဟုတ်ဘူးနော် ”
နင်ယန်၏ နှလုံးသားထဲမှာ ကြောက်လန့်စိတ်ဖြင့် ပြည့်နှက်သွားပြီး အလျှင်စလို ပြောသည်။
“ အဲ့ဒါက ငါရပ်နေတဲ့ဘက်ကို ညွှန်ပြနေတာဖြစ်မယ်… ဟုတ်မယ် အဲ့လိုဖြစ်မယ် ”
နင်ယန်သည် အလျှင်အမြန် အဝေးသို့ ရွေ့လျားသွားပြီး ဝူကျန်းဝူ၏ ဘေးသို့ လျှောက်သွားသည်။
သို့သော်လည်း သူက ရွေ့လျားသွားသည်နှင့် ခေါင်းဆောင်၏ လက်ထဲမှ သံလိုက်အိမ်မြှောင်သည်လည်း လိုက်လံရွေ့လျားသွားပြီး နင်ယန်ကို ဆက်လက်ညွှန်ပြနေဆဲ ဖြစ်သည်။
ခေါင်းဆောင်၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။ သူက နင်ယန်ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ငါ့ဟာပြန်ပေး ”
ဝူကျန်းဝူ၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။ သူက နင်ယန်ကို ကြည့်လိုက်ပြီး ပြောသည်။
“ အပင်အိုက ကြီးထွားလာတဲ့အခါ အဲ့ဒီလူက မင်းရဲ့မြေးဖြစ်တယ်… မိုးမခပင်က နက်မှောင်ပြီး ပန်းပွင့်တွေက တောက်ပလာတဲ့အခါ အဲ့ဒီလူက မင်းရဲ့အဖိုးဖြစ်နေမလား ”
နင်ယန်၏ နှလုံးခုန်သံသည် မြန်ဆန်လာသည်။ ယခုအချိန်မှာ သူက ဝူကျန်းဝူ၏ စကားကို အရေးမစိုက်နိုင်သေးပေ။ ဤအခိုက်အတန့်မှာ သူ၏ အမူအရာသည် စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေပြီး သူ၏ နှလုံးသားသည် ပရမ်းပတာဖြစ်နေသည်။
အစကတော့ သူက ဂူသင်္ချိုင်းဖောက်သမားရှိနေသော ဦးတည်ရာဘက်မှာ ရပ်နေမိခြင်းဖြစ်သည်ဟု တွေးခဲ့သည်။ သို့သော်လည်း ယခု အခြေအနေအရ မြှားတံသည် သူ့ကို ညွှန်ပြနေခြင်းဖြစ်သည်မှာ ရှင်းလင်းသည်။
ထိုအဖြစ်၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူနားလည်သွားသောအခါ နင်ယန်သည် ကြောက်လန့်သွားပြီး အထစ်အထစ်ဖြင့် ရှင်းပြသည်။
“ စီ စီနီယာအကိုအားညို… တ တကယ်ပဲ ငါမဟုတ်ပါဘူး… ငါ ငါဘာမှမသိပါဘူး ”
ထူးဆန်းသော အကြည့်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။
“ မြန်မြန် ငါ့ဟာပြန်ပေးစမ်း ”
“ ဘာကိုပေးရမှာလဲ… ငါတို့ကြားမှာ ဘာသွေးမျိုးစက်ဆက်နွယ်မှုမှ မရှိဘူးလေ ”
နင်ယန်သည် မျက်နှာငယ်လေးဖြင့် ပြောသည်။ သူ၏ ခန္ဓာကိုယ်သည် ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။
ခေါင်းဆောင်သည် အထင်သေးရှုံ့ချစွာ မျက်မှောင်ကြုတ်လိုက်သည်။
“ ဒါပေါ့ အဲ့ဒါက မင်းမဟုတ်ဘူးဆိုတာ ငါသိတယ်… ငါ့မှာ ဘယ်လိုလုပ် မင်းလိုမျိုးဆက်ရှိနိုင်မှာလဲ… ငါမင်းကို ပြန်ပေးခိုင်းတာက ငါ့ရဲ့ရတနာအရေပြားကို ”
ဤသည်ကို နင်ယန်ကြားသောအခါ သူ၏ တစ်ကိုယ်လုံးသည် တုန်ယင်လာသည်။ သူက သိုလှောင်အိတ်ထဲမှ ခေါင်းဆောင်၏ ရတနာအရေပြားကို ချက်ချင်း ထုတ်လိုက်သည်။
ထိုပစ္စည်းသည် သူနှင့် တစ်ချိန်လုံး ရှိနေခြင်းဖြစ်သည်။ သူက ရတနာအရေပြားကို ထုတ်လိုက်ပြီး လွှတ်ပစ်လိုက်သည့်အခါ ခေါင်းဆောင်၏ သံလိုက်အိမ်မြှောင်ပေါ်မှ မြှားတံသည် မြန်ဆန်စွာ လှည့်ပတ်သွားသည်။
ဤသည်ကိုမြင်သောအခါ နင်ယန်သည် နောက်ဆုံးမှာတော့ စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချနိုင်သွားသည်။ သူသည် အစောနက အမှန်တကယ် ကြောက်လန့်သွားခြင်း ဖြစ်သည်။
ဝူကျန်းဝူသည် အနည်းငယ် နောင်တရသွားသည့်ပုံစံဖြင့် တီးတိုးရေရွတ်လိုက်သည်။
“ ကမ္ဘာက ပြိုလဲပျက်စီးသွားတဲ့အခါ ငှက်ကလေးတွေက ထိတ်ထိတ်ပျာပျာဖြစ်သွားကြတယ်… ဒါဟာ သဘာဝတရားပဲ ”
နင်ယန်သည် ဝူကျန်းဝူ၏ ကဗျာကို နားမလည်ပေ။ သို့သော်လည်း ထိုထဲမှာ ကောင်းမွန်သော ရည်ရွယ်ချက်မပါကြောင်း သူအာရုံခံမိသည်။ ထို့ကြောင့် သူက ဝူကျန်းဝူကို စူးစိုက်ကြည့်လိုက်သည်။
ဝူကျန်းဝူသည် ပြန်စိုက်ကြည့်လိုက်သည်။ သူ၏ ဘေးမှ သားရိုင်းကောင်အားလုံးသည် နင်ယန်ကို စိုက်ကြည့်လိုက်ကြသည်။
နင်ယန်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။
ခေါင်းဆောင်သည် ထိုငတုံးနှစ်ကောင်ကြားမှ ရန်ပွဲကို ဂရုမစိုက်ပေ။ သူက ရတနာအရေပြားကို သိမ်းဆည်းလိုက်ပြီး သွေးမျိုးစက်သံလိုက်အိမ်မြှောင်ဖြင့် ထပ်မံရှာဖွေလိုက်သည်။
မကြာမီ မြှားတံသည် ဦးတည်ရာတစ်ခုမှာ ရပ်တန့်သွားသည်။
“ သွားကြစို့… အဲ့ဒီနေရာပဲ ”
“ ဘယ်လိုတစ္ဆေကောင်က ငါ့အရင်ဘဝက ခန္ဓာကိုယ်ကို သိမ်းပိုက်သွားလဲဆိုတာ ငါမြင်ချင်တယ် ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် ဂူသင်္ချိုင်း၏ ထွက်ပေါက်ဆီသို့ စိတ်အားထက်သန်စွာ ဦးတည်သွားသည်။
ရွှီချင်းသည် ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ လျှောက်သွားပြီး ခေါင်းဆောင်၏ အနောက်မှ နီးကပ်စွာ လိုက်သွားသည်။ လမ်းတစ်လျှောက်တွင် သူက သူ၏ ခြေဖဝါးအောက်မှ အရိပ်လေးနှင့် သူ၏ သိုလှောင်အိတ်ထဲမှ နတ်ငါးအရိုးဆူးချွန်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်၏ ပြဿနာကို သူမြင်ပြီးသောအခါ သူတို့အပေါ်ကို ပိုပြီးသတိထားလာသည်။
ရွှီချင်း၏ နတ်ဘုရားအာရုံကို အာရုံခံမိသောအခါ အရိပ်လေးသည် တုန်ယင်လာသည်။ နတ်ငါးအရိုးဆူးချွန်ထဲမှ ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း တုန်ယင်လာပြီး ဖော်လံဖားသော အမူအရာကို ဖော်ပြလိုက်သည်။
ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းဘိုးဘေးကို သတိထားရန် အချုပ်အနှောင်အစီအရင်တချို့ကို သူသင်ထားသင့်သည်ဟု စိတ်ထဲမှာ စဉ်းစားလိုက်သည်။
သူ့မှာ သူတို့ကို ထိခိုက်စေလိုသောဆန္ဒ မရှိပေ။ သို့သော်လည်း ခေါင်းဆောင်ကဲ့သို့ အမှားမျိုးကို သေချာပေါက် သူမလုပ်နိုင်ပေ။
ခေါင်းဆောင်၏ ဦးဆောင်မှုအောက်မှာ လူတိုင်းသည် ဂူသင်္ချိုင်းထဲမှ ထွက်ခွာလာကြသည်။ သူတို့က အပြင်သို့ ပြန်ရောက်သွားသည့်အခါ နံနက်ခင်းအချိန်သို့ ကျရောက်နေပြီ ဖြစ်သည်။
အတုယောင်နေလုံး၏ ပထမဆုံး နေရောင်ခြည်သည် အဝေးမှ ဖြာဆင်းကျလာပြီး ညအမှောင်ထုကို ဖယ်ရှားပစ်လိုက်သည်။ အလင်းရောင်က ဤလောကထဲမှာ ထွက်ပေါ်လာသည့်အခါ တောင်တန်းဒေသ၏ စိမ်းလန်းစိုပြေမှုသည် ပိုပြီးထင်ရှားလာသည်။
စိမ်းစိုစိုတောင်တန်းများသည် အသက်ဓာတ်ဖြင့် ပြည့်နှက်နေလေရာ ဝမ်းနည်းဖွယ်ကောင်းသော ဤပရမ်းပတာလောကကြီးနှင့် နှိုင်းယှဉ်လျှင် ထိုအသက်ဓာတ်သည် အတုယောင်ဖြစ်သည်ဟု ရွှီချင်း ခံစားမိသည်။
မကြာမီ အလင်းရောင်က ပိုပြီးတောက်ပလာသည့်အခါ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။ မြေပြင်ပေါ်မှ ကျောက်ဆောင်ကျောက်တုံးများသည် ညအမှောင်အောက်မှာကဲ့သို့ မိစ္ဆာကောင်များအလား ချောက်ချားစရာမကောင်းတော့ပေ။
နေရောင်ခြည်အောက်မှာ ခေါင်းဆောင်နှင့် တခြားလူများထံတွင် ခံစားချက်ကိုယ်စီ ရှိနေကြသည်။
ခေါင်းဆောင်သည် ဆန္ဒဆောနေပြီး ဝူကျန်းဝူသည် နောင်တရနေသည်။ နင်ယန်သည် ထိတ်လန့်နေဆဲဖြစ်ပြီး ရွှီချင်းသည်တော့ သတိကြီးစွာထားနေသည်။ ဤခရီးစဉ်သည် ခေါင်းဆောင်ပြောခဲ့သလိုမျိုး အဆင်ပြေချောမွေ့လိမ့်မည်ဟု သူမယုံကြည်တော့ပေ။
မည်သို့ဖြစ်ပါစေ ခေါင်းဆောင်၏ ယခင်ဘဝမှ ခန္ဓာကိုယ်က မည်သည့်အချိန်ကတည်းက သိမ်းပိုက်ခံထားရမှန်း သူတို့မသိကြပေ။ အကယ်၍ ထိုသူက အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသထဲမှာ အမှန်တကယ် ဆက်ရှိနေဦးမည်ဆိုလျှင်ပင် သူက ကြိုတင်စီစဉ်မှုများစွာကို ပြုလုပ်ထားလိမ့်မည်မှာ သေချာ၏။
‘ စီနီယာအကိုကြီးက ပြန်မွေးဖွားလာနိုင်တယ်ဆိုတာကို တစ်ဖက်လူက သိထားနိုင်လောက်တယ်… တစ်နည်းပြောရရင် တစ်နေ့နေတစ်ချိန်ချိန်မှာ စီနီယာအကိုကြီးက ပြန်ရောက်လာလိမ့်မယ်လို့ သူက မှန်းဆထားနိုင်တယ် ’
‘ ဒါဆို သူက သတိကြီးကြီးထားမှာ သေချာတယ် ’
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက အရှေ့မှ ဦးဆောင်လျှောက်နေသော ခေါင်းဆောင်ထံသို့ အမြန်လိုက်မီသွားပြီး ထိုအကြောင်းကို ပြောပြလိုက်သည်။
ရွှီချင်း၏ အကြောင်းကို ကြားသည့်အခါ ခေါင်းဆောင်သည် ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ထိုအကြောင်းကို တွေးမိသည်။ သို့သော်လည်း သူက သူ့ကိုယ်သူ ယုံကြည်မှုရှိနေဆဲပင်။
သူက ရွှီချင်း၏ ပခုံးကို ပုတ်ပေးလိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ဂျူနီယာညီလေး… အဲ့ခွေးမသားက ဘယ်လိုတွေပဲ ကြိုပြင်ဆင်ထားပါစေ သူမဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုရှိတယ်… ငါက သူ့ကို ထိလိုက်နိုင်တာနဲ့ သူက ငါ့ထိန်းချုပ်မှုအောက်ကို သေချာပေါက် ကျရောက်သွားရလိမ့်မယ် ”
“ ငါ့မှာ အကျင့်တစ်ခုရှိတယ်… ငါပြန်လည်မွေးဖွားလာတဲ့အခါတိုင်း အရင်ဦးဆုံး ငါ့ရဲ့ခန္ဓာကိုယ်ကို သန့်စင်ပစ်လေ့ရှိတယ်… ငါက ငါ့ခန္ဓာကိုယ်ကို လက်နက်တစ်ခုအဖြစ် အသုံးချဖို့ အမြဲပြင်ဆင်ထားတယ် ”
“ ဒါကြောင့် အရင်ဘဝက ငါ့ခန္ဓာကိုယ်က ငါ့ရဲ့လက်ထဲကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး ”
ရွှီချင်းသည် ခေါင်းဆောင်ကို စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။
“ ဒီဘဝမှာရော အဲ့ဒီလိုပဲလား ”
“ ဒါပေါ့ ချင်းလေးရ… အတိတ်တုန်းက ဖုန်းဟိုင်ဒေသငယ်မှာ ငါက ချိပ်တံဆိပ်ကို ဖြေလွှတ်ပြီး ငါ့အရင်ဘဝအားလုံးကို ဆင့်ခေါ်ဖို့ ဆုံးဖြတ်ထားခဲ့တယ်… ဒီမယ် ချင်းလေး… ငါက ကြွားဝါတယ်လို့တော့ မင်းမထင်လိုက်နဲ့… တကယ်လို့ ငါ့အရင်ဘဝအားလုံး ဆင်းသက်လာမယ်ဆိုရင် နတ်ဘုရားတွေတောင် ငါ့ကို အကိုကြီးလို့ ခေါ်ရလိမ့်မယ် ”
ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
ရွှီချင်းသည် ပြုံးလိုက်သည်။ ခေါင်းဆောင်က ကြွားဝါပြောဆိုခြင်းကို နှစ်သက်ကြောင်း ဟိုးယခင်ကတည်းက သူသိသည်။ သို့သော်လည်း တစ်ဖက်လူ၏ စကားထဲမှာ သူ့အပေါ် စိုးရိမ်ပူပန်သော အရိပ်အမြွက်ပါကြောင်း ရှင်းလင်းစွာ သူနားလည်သည်။
ထို့ကြောင့် သူက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ထိုသို့ဖြင့် အချိန်သည် မြန်ဆန်စွာ ကုန်လွန်သွားပြီး ခုနစ်ရက်ကုန်ဆုံးသွားသည်။
ထိုခုနစ်ရက်အတောအတွင်း သူတို့အုပ်စုသည် ခေါင်းဆောင်၏ သွေးမျိုးစက်သံလိုက်အိမ်မြှောင်နောက်သို့ လိုက်သွားကြပြီး အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်း၏ အနက်ပိုင်းထဲသို့ ရောက်ရှိသွားကြသည်။
ဤနေရာတွင် တောင်ထွတ်အများအပြား ရှိသည်။ ဤနေရာမှ သစ်ပင်ပန်းပင်များသည် ယခင်နေရာများထက် ပိုပြီးစိမ်းလန်းဆိုပြေသည်။ ဤနေရာတွင် သားရိုင်းကောင်များပင် ရှိသည်။
ကျင့်ကြံသူများနှင့် သေမျိုးများကဲ့သို့ပင် လဝတ်ပြုဒေသကြီးထဲမှ သားရိုင်းကောင်များသည်လည်း ကျိန်စာမိထားကြသည်။ သို့ဖြစ်၍ ၎င်းတို့က သန္ဓေပြောင်းလဲမှုကို ကြုံတွေ့ရမည်မှာ မလွှဲရှောင်နိုင်သောအရာ ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းတို့သည် ပိုပြီးရက်စက်ကြမ်းကြုတ်ကြသည်။
ဤအခိုက်အတန့်မှာ ကျားခေါင်းလိပ်ပြာတစ်အုပ်စုသည် မြေပြင်မှ အထက်ငါးပေခန့်တွင် တဝီဝီ ပျံသန်းနေကြသည်။ သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသော အဆိပ်မြူမှုန်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှာ ပြန့်ကျဲနေကြသည်။