ကံကြမ္မာက မယုံကြည်နိုင်စရာကောင်းလှတယ်(ခ)
Vol. 59 Ch. 917
ရွှီချင်းသည် လက်မြှောက်လိုက်ပြီး လေထဲမှ ကျားခေါင်းလိပ်ပြာတချို့ကို ဖမ်းလိုက်သည်။ ၎င်းတို့ကို အာရုံခံပြီးသောအခါ ထူးဆန်းသော အကြည့်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်ဝင်စားသော အမူအရာဖြင့် ကျားခေါင်းလိပ်ပြာများ ပျံသန်းသွားနေသော အရပ်ဆီသို့ ကြည့်လိုက်သည်။
‘ အဆိပ်မြူမှုန်ထဲမှာ အနီရောင်လရဲ့ ကျိန်စာရှိတယ်… ပြီးတော့ ကျိန်စာက အရမ်းနိုးကြားတယ်… အဲ့ဒါက အခုမှ ထုတ်လုပ်ထားတဲ့အတိုင်းပဲ ’
ယင်းက ထူးဆန်းသည်ဟု ရွှီချင်း ခံစားမိသည်။ သို့သော်လည်း သူက ဤကိစ္စကို စိတ်ထဲမှာသာ သိမ်းဆည်းထားလိုက်ပြီး ခေါင်းဆောင်နောက်သို့ ဆက်လိုက်သွားသည်။
တဖြည်းဖြည်းချင်း သူတို့အုပ်စုက တောင်တန်းဒေသ၏ ပို၍နက်ရှိုင်းသော အတွင်းပိုင်းထဲသို့ ရောက်ရှိသွားသောအခါ သွေးမျိုးစက်သံလိုက်အိမ်မြှောင်မှ အာရုံခံမှုသည် ခေါင်းဆောင်ကို သတိပေးလာသည်။ ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဝေဝါးလာပြီး သူ့ကိုယ်သူ ဖုံးကွယ်လိုက်သည်။
ဝူကျန်းဝူနှင့် နင်ယန်သည်လည်း သူတို့၏ အရှိန်အဝါကို အမြန်ဖုံးကွယ်လိုက်ကြသည်။
ရွှီချင်းသည်တော့ သူ၏ ဆရာပေးခဲ့သော မျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် အောက်လမ်းတာအိုပုံစံသို့ ပြောင်းလဲသွားပြီး သဲလွန်စအားလုံးကို ဖုံးကွယ်ပစ်လိုက်သည်။
“ ချင်းလေး… တစ်ရက်ကြာလျှောက်ပြီးရင် ငါတို့ရောက်ရှိမယ့် နေရာက ငါ့သွေးမျိုးစက်ရဲ့ သိပ်သည်းမှု အပြင်းထန်ဆုံးနေရာပဲ… ဒါပေမဲ့ အဲ့ဒီမှာ အကြွင်းအကျန်တွေပဲ ကျန်ရှိတော့တယ်… အရင်းအမြစ်က အဲ့ဒီမှာ မရှိနေဘူး ”
“ ငါတို့တွေ ဆက်လိုက်ရှာနေမယ့်အစား တစ်ဖက်လူ ပြန်ရောက်လာတာကို စောင့်ဆိုင်းတာက ပိုကောင်းလိမ့်မယ်… ပြီးတော့ အထူးအခြေအနေတချို့ကြောင့် ငါ့အရင်ဘဝရဲ့ ခန္ဓာကိုယ်က ဗလာနတ္ထိအဆင့် ကျင့်ကြံခြင်းစွမ်းအားကို ပြန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး… သူက ဝိညာဉ်သိုက်အဆင့်မှာ ဖြစ်လောက်တယ် ”
ချိုင့်ဝှမ်းတစ်ခုထဲတွင် ခေါင်းဆောင်သည် သစ်ပင်တစ်ပင်၏ ထိပ်ဖျားပေါ်မှာ ဆောင့်ကြောင့်ထိုင်နေပြီး သူ၏ ဘေးမှ ဗလာနယ်မြေကို တိုးတိုးလေးပြောသည်။
“ ကောင်းပြီ ”
ရွှီချင်း၏ အသံသည် တခြားအရပ်မျက်နှာမှ ထွက်ပေါ်လာသည်။
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ချင်းလေး၏ ဖုံးကွယ်ခြင်းအတတ်ပညာသည် ထိုအဆင့်ထိ ရောက်ရှိနေမည်ဟု သူမျှော်လင့်မထားပေ။ အနာဂတ်တွင် သူက ဤအချက်ကို ပိုပြီးသတိထားရလိမ့်မည်ဟု စဉ်းစားလိုက်သည်။
သို့သော်လည်း ယခုအချိန်မှာ ထိုသို့အသေးအမွှားကိစ္စကို အာရုံစိုက်ရန် သူက စိတ်မပါချေ။ သူက ထိုနေရာမှာ လှုပ်ရှားမှုကင်းမဲ့စွာ ဆောင့်ကြောင့်ထိုင်နေသည်။
ဝူကျန်းဝူနှင့် နင်ယန်သည်လည်း အတူတူပင်။ သူတို့သည် အသက်ရှူခြင်းကိုပင် ကျယ်လောင်စွာ မပြုလုပ်ဝံ့ကြချေ။
မည်သို့ဖြစ်ပါစေ ခေါင်းဆောင်၏ ယခင်ဘဝမှ သရုပ်ကို မည်သူမှ မသိထားကြပေ။ ကျင့်ကြံခြင်းစွမ်းအားသည်တော့ ခေါင်းဆောင်က ဝိညာဉ်သိုက်အဆင့်မျှသာဟု ရိုးရှင်းစွာ ပြောခဲ့သော်လည်း သူတို့အတွက်တော့ ဝိညာဉ်သိုက်အဆင့်သည် ဧရာမသတ္တဝါကြီးသဖွယ် တည်ရှိမှုဖြစ်သည်။
သူတို့က သတိကြီးစွာထား၍ စောင့်ဆိုင်းနေစဉ် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။
လေးရက်ကုန်ဆုံးပြီးသောအခါ ခေါင်းဆောင်သည် ရုတ်တရက် အသံပို့လွှတ်လိုက်သည်။
“ အဲ့ကောင်ရောက်လာပြီ ”
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သို့သော်လည်း သူက ကောင်းကင်ကို မော့မကြည့်ပေ။ ယင်းအစား သူက ခေါင်းဆောင်၏ အရှေ့ကို ကြည့်လိုက်သည်။
ထိုနေရာတွင် မြင်ကွင်းတစ်ခုကို အလင်းပြန်နေသော မျက်လုံးတစ်လုံး ရှိသည်။
ဝူကျန်းဝူနှင့် နင်ယန်သည်လည်း သူတို့၏ အရှိန်အဝါအားလုံးကို ဖုံးကွယ်လိုက်ကြသည်။ ကောင်းကင်ကို ကြည့်နေသော သူတို့၏ အကြည့်ကို ခေါင်းဆောင်၏ အရှေ့မှ မျက်လုံးပေါ်သို့ မြန်ဆန်စွာ ရွှေ့ပြောင်းလိုက်ကြသည်။
တစ်ချိန်တည်းမှာ တစ်ရက်ကြာကွာဝေးသော အဝေးမှ တောင်တန်းဒေသထဲတွင် ကောင်းကင်သည် ပြောင်းလဲသွားသည်။
လူတစ်စုသည် အဝေးမှ ပျံသန်းလာနေကြသည်။ သူတို့၏ ပုံရိပ်များက မိုးကုပ်စက်ဝိုင်းထဲမှာ ထွက်ပေါ်လာသည့်အခါ တေးသီချင်းသံသည် လေထဲမှာ ပျံ့လွင့်သွားသည်။ ဤသည်မှာ လူတစ်ရာကျော်က ပုလွေတီးမှုတ်နေခြင်း ဖြစ်သည်။ သံစဉ်သည် သာယာငြိမ့်ညောင်းပြီး ပျော်ရွှင်ဖွယ်ကောင်း၏။
သူတို့က လေထဲမှာ ပျံသန်းနေကြစဉ် အရပ်မျက်နှာပေါင်းစုံထံသို့ ပန်းကြဲနေကြသော အမျိုးသမီးအစေခံများလည်း ရှိသည်။ ပန်း၏ မွှေးထုံသော ရနံ့သည် လေထဲမှာ တေးသံချင်းသံနှင့်အတူ ရောနှောနေသည်။
သူတို့က အနားသို့ နီးကပ်လာသည့်အခါ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အရောင်တောက်ပသော အဝတ်အစားများသည် ကောင်းကင်ပေါ်မှ ရောင်စုံပန်းပွင့်များနှယ် ထင်မှတ်ရ၏။
ထောင်သောင်းများစွာသော ပန်းပွင့်များကြားတွင် မင်္ဂလာဝေါယာဉ်တစ်စီး ရှိသည်။ ထိုဝေါယာဉ်ကို လူ့ဘီလူးတစ်ကောင်၏ ဦးခေါင်းခွံဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး သန်စွမ်းကြံ့ခိုင်သော ယောင်္ကျားသား(၃၂)ယောက်က ဝေါယာဉ်ကို သယ်ဆောင်ထားကြသည်။ မင်္ဂလာဝေါယာဉ်သည် လေထဲမှာ ကြော့ရှင်းတင့်တယ်စွာ ရွေ့လျားနေသည်။
သန်စွမ်းကြံ့ခိုင်သော ယောင်္ကျားသား(၃၂)ယောက်သည် လူသားမျိုးနွယ်ဝင်များမဟုတ်ကြပေ။ ယင်းအစား ခြင်္သေ့မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အမွှေးကြောင့် နေရောင်အောက်တွင် သူတို့က ကောင်းကင်စစ်သည်တော်များအလား ခမ်းနားမြင့်မြတ်သော အရှိန်အဝါကို ပေးသည်။
ထိုသို့ကြွားဝါခြင်းကို ဖုန်းဟိုင်ဒေသငယ်မှာဆိုလျှင် လွန်ကြူးသည်ဟု မသတ်မှတ်နိုင်ပေ။ သို့သော်လည်း လဝတ်ပြုဒေသကြီးထဲမှာ အထူးသဖြင့် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသထဲမှာတော့ ယင်းက အလွန်အမင်း ကြွားဝါသည်ဟု ယူဆနိုင်ပေသည်။
ခြင်္သေ့မျိုးနွယ်ဝင်များ၏ သယ်ဆောင်ခံထားရသော မင်္ဂလာဝေါယာဉ်အတွင်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုင်နေကြသည်။
အမျိုးသမီးသည် တိမ်တိုက်များပုံစံ ဇာပန်းထိုးထားသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အသက်နှစ်ဆယ်ကျော်မျှသာရှိဟန် ရသည်။ သူ၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးသည်။ သူ၏ အလှသည် တုနှိုင်းမမှီပေ။
သို့ဖြစ်၍ ယောင်္ကျားသားများသည် သူ့ထံမှ အကြည့်သွေဖယ်ရန် အလွန်ခက်ခဲပေသည်။
ဤအခိုက်အတန့်မှာ သူ၏ နူးညံ့သေးသွယ်သော ကိုယ်လုံးလေးက သူ့ဘေးမှ အမျိုးသားပေါ်သို့ မှီထားပြီး အမျိုးသား၏ လက်ကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ တင်ခွင့်ပြုထားသည်။ သူ၏ မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့မှုဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ တစ်လောကလုံးတွင် သူ၏ မျက်စိရှေ့မှ ထိုလူတစ်ယောက်တည်း ရှိနေသည့်အလားပင်။
သူ၏ သေးသွယ်သော လည်ပင်းအောက်တွင် ကျောက်စိမ်းဖြူပမာ ဝင်းလက်တောက်ပသော အရေပြားရှိသည်။ သူ၏ သေးသွယ်သော ခါးကို လက်တစ်ဖက်တည်းဖြင့်ပင် ဆုပ်ကိုင်နိုင်ပေသည်။ သူ၏ ဖွေးဖွေးဖြူသော ခြေတံရှည်များသည် မည်သည့်ပြစ်ချက်မှမရှိဘဲ ကြော့ရှင်းတင့်တယ်သည်။ သူ၏ ခြေဖဝါးသည်ပင် ညှို့ဓာတ်တစ်မျိုးကို တိတ်တဆိတ် ထုတ်လွှတ်နေပြီး ပုရိသယောင်္ကျားများကို မငြင်းဆန်နိုင်အောင် ဖိတ်ခေါ်နေလေသည်။
သူက တုနှိုင်းမဲ့အောင် လှပသည်။
သူ၏ ဘေးမှ အမျိုးသားသည်တော့ အရပ်ရှည်ပြီး ရွက်ကြမ်းရေကျိုအသွင်ပုံစံ ရှိသည်။ သူ၏ အရေပြားက ဖြူဖျော့နေလေရာ အသက်ဓာတ်ကင်းမဲ့နေသည့်အလားပင်။ သူ၏ မျက်လုံးသည် လိုက်ဖက်ညီခြင်းမရှိဘဲ တစ်လုံးက ကြီးမားပြီး တစ်လုံးက သေးငယ်သည်။ ဤသည်မှာ သူမွေးဖွားလာစဉ်က ပြဿနာတစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည့်ဟန် ရသည်။
ထို့ပြင် အနက်ရောင်အငွေ့ကို သူ၏ ပါးစပ်ထဲမှ ထုတ်လွှတ်နေသည်။ ယင်းက မသန့်စင်သော ခံစားမှုကို ပေးသည်။
သူ၏ မျက်လုံးသည် အဖြူရောင်ဖြစ်လေရာ လုံးဝသာမန်မဟုတ်ပေ။ မျက်လုံးထဲတွင် ရွံ့ရှာဖွယ်ကောင်းသော အဝါရောင်ခပ်ဖျော့ဖျော့လည်း ရှိသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် နေရာအများစုသည် ယိုယွင်းပျက်စီးနေပြီး တချို့နေရာများမှ အပုပ်နံ့ပင် ထုတ်လွှတ်နေလေသည်။ သို့ဖြစ်၍ မည်သူမှ သူ့အား တစ်ခါထက်ပိုပြီး မကြည့်ချင်ကြပေ။
သူ၏ ဘေးမှ အမျိုးသမီးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အမျိုးသား၏ အသွင်ပုံစံသည် မည်သို့မှ မလိုက်ဖက်ပေ။ သို့သော်လည်း ထက်ရှပြီး အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။ အထူးသဖြင့် အရှိန်အဝါသည် သူ၏ လိုက်ဖက်မညီသော မျက်လုံးထဲမှာ ပိုပြီးသိပ်သည်းသည်။
သူက ဝေါယာဉ်ထဲမှာ ထိုင်နေစဉ် မည်သူမှ သူ့အား မော်မကြည့်ဝံ့သော ဩဇာအရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူတို့သည် မိုးကုပ်စက်ဝိုင်းထဲမှ ရောက်ရှိလာကြသည်။ ဤနေရာသို့ သူတို့ရောက်ရှိလာသောအခါ အမျိုးသားသည် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် အမျိုးသမီးသည်လည်း မတ်တတ်ရပ်လိုက်သည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ယောက်၏ အကြည့်သည် အေးစက်ပြီး တခြားတစ်ယောက်၏ အကြည့်ထဲမှာ ချစ်ခင်နှစ်သက်မှုဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးမှာတော့ သူတို့သည် အပြန်အလှန် နမ်းရှိုက်လိုက်ကြသည်။ အမျိုးသမီးသည် အမျိုးသား၏ ပါးစပ်ထဲမှ အနက်ရောင်အငွေ့ကို မည်သို့တောင့်ခံနိုင်မှန်း မသိရပေ။ သူတို့သည် လျှာများကိုပင် အသုံးပြုကြပြီး အပြန်အလှန် ရစ်ပတ်လိုက်ကြသည်။
စက္ကန့်ပိုင်းအတွင်း ထိုသို့နမ်းရှိုက်ခြင်းဖြင့် သူတို့ကြားမှ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်လိုက်ကြသည်။
ထို့နောက် အမျိုးသားသည် လေထဲသို့ ခြေတစ်လှမ်း တိုးလိုက်ပြီး အဝေးမှ တောင်ထွတ်တစ်ခုဆီသို့ ဦးတည်ပျံသန်းသွားသည်။
ကောင်းကင်ပေါ်မှ ကျင့်ကြံသူများသည်တော့ အမြန်ဦးညွတ်လိုက်ကြပြီး သူတို့ကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူတို့သည် မင်္ဂလာဝေါယာဉ်ကို အဝေးသို့ ပြန်သယ်ဆောင်သွားသည်။
အချိန်တစ်ခဏကြာပြီးနောက် ကောင်းကင်သည် ပုံမှန်ပြန်ဖြစ်သွားသည်။ မြေပြင်ပေါ်တွင် သစ်ပင်တစ်ပင်၏ သစ်ရွက်ပေါ်မှာ မျက်လုံးတစ်လုံး ရှိသည်။ ဤအခိုက်အတန့်မှာ မျက်လုံးသည် မြန်ဆန်စွာ မှိတ်သွားပြီး နှင်းရည်စက်များအဖြစ်သို့ အရည်ပျော်သွားသည်။
ထိုနေရာနှင့် တစ်ရက်ကြာခရီးကွာဝေးသော ချိုင့်ဝှမ်းထဲတွင် ရွှီချင်းသည် ခေါင်းဆောင်၏ အရှေ့ရှိ မျက်လုံးထဲမှ အဖြစ်အပျက်အားလုံးကို ကြည့်နေသည်။ အားလုံးပြီးဆုံးသွားသောအခါ သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။
ဝူကျန်းဝူနှင့် နင်ယန်သည်တော့ အဆင်ပြေသည်။ သူတို့သည် မြင်ကွင်းထဲမှ လူနှစ်ယောက်ကို မမှတ်မိကြပေ။
“ ချင်းလေး… အဲ့ဒီအမျိုးသမီးကျင့်ကြံသူက နည်းနည်းရင်းနှီးတယ်လို့ မင်းရော မခံစားမိဘူးလား… ”
ခေါင်းဆောင်သည် ရွှီချင်းကို အသိစိတ်ကင်းလွတ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။
ယင်းက မယုံကြည်နိုင်စရာကောင်းကြောင်း ရွှီချင်းသည်လည်း ရှာတွေ့သွားသည်။ သူ၏ မှတ်ဉာဏ်ထဲမှ ထိုအမျိုးသမီးသည် အလှအပကို လွန်စွာမှ ခုံမင်နှစ်သက်သူ ဖြစ်သည်။ အလှအပနောက်သို့ သူ၏ လိုက်လံရှာဖွေမှုသည် အဆုံးစွန်ထိ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ယခု သူက အလောင်းကို အရေခြုံထားသော တစ်စုံတစ်ယောက်ကို စွဲလမ်းနှစ်သက်နေလေသည်။