← Chapters

ကံကြမ္မာက မယုံကြည်နိုင်စရာကောင်းလှတယ်(ဂ)

Vol. 59 Ch. 918

ကံကြမ္မာက မယုံကြည်နိုင်စရာကောင်းလှတယ်(ဂ)

Vol. 59 Ch. 918

ယင်းက မယုံကြည်နိုင်စရာကောင်းသော်လည်း ရွှီချင်းသည် ခေါင်းညိတ်လိုက်ဆဲပင်။

“ အဲ့ဒီအမျိုးသမီးက သူ့အိမ်ကို မင်းဝင်ပြီး လုယက်သွားလို့ အရိုးထဲကနေ မင်းကို မုန်းတီးနေတဲ့ ဝိညာဉ်သခင်မယုံကျင်းနဲ့ တစ်ပုံစံတည်း တူညီတယ် ”

ထိုသို့ပြောပြီးနောက် ရွှီချင်းသည် ထပ်မံပြောလိုက်သည်။

“ ခေါင်းဆောင်… မင်းဆီမှာ သူ့အဝတ်အစားတွေ ရှိသေးလား ”

ခေါင်းဆောင်၏ အမူအရာသည် အနည်းငယ် ထူးဆန်းလာသည်။ တစ်ခါတစ်ရံ ခက်ထန်လာပြီး တစ်ခါတစ်ရံ မယုံကြည်နိုင်သော အမူအရာ ထွက်ပေါ်လာသည်။ ရွှီချင်းသည် ခေါင်းဆောင်၏ အပြောင်းအလဲအားလုံးကို နားလည်သည်။

“ သူ့ဘေးက အမျိုးသားက… ”

ရွှီချင်းသည် ဆက်ပြောရန် တုံ့ဆိုင်းနေသည်။

ခေါင်းဆောင်သည် ခါးသီးစွာ သက်ပြင်းချလိုက်သည်။

“ အဲဒီလူက… ငါ့အရင်ဘဝက ခန္ဓာကိုယ်ဖြစ်မယ် ”

ဝူကျန်းဝူနှင့် နင်ယန်သည် ဝိညာဉ်သခင်မယုံကျင်းကို မသိသော်လည်း ရွှီချင်း၏ စကားမှတဆင့် အခြေအနေကို အနည်းနှင့်အများ သူတို့မှန်းဆနိုင်ကြသည်။ ထို့ကြောင့် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အသက်ပြင်းပြင်းရှူလိုက်ကြသည်။

“ မင်းရဲ့ လက်ထပ်ပွဲအတွက် ဂုဏ်ပြုပါတယ် ”

နင်ယန်သည် ခဏမျှတုံ့ဆိုင်းနေပြီးလျှင် ပြောသည်။

“ ဒီလိုအခြေအနေမျိုးမှာ ငါ့နှလုံးသားက ဗလောင်ဆူနေတယ်… ငါက နွားတစ်ကောင်လို စိတ်ရှုပ်နေတယ်… ငါ့ခေါင်းက ချာချာလည်နေတယ်… မနေ့က ငါတို့က ရန်သူတွေဆိုပေမဲ့ ဒီနေ့တော့ ငါတို့က ထာဝရပေါင်းဖက်သွားရတော့မယ် ”

ဝူကျန်းဝူ၏ အမူအရာသည် ပြောင်းလဲသွားပြီး သူ၏ စိတ်ထဲမှာ ကံတရားနှင့်ပတ်သက်သော အချစ်ပုံပြင်များစွာက ပေါ်ထွက်လာသည်။ သို့ဖြစ်၍ သူက ကဗျာတစ်ပုဒ်စပ်ရန် အလိုအလျောက် စိတ်အားထက်သန်လာသည်။

ရွှီချင်းသည် နှုတ်ဆိတ်နေသည်။ ခေါင်းဆောင်သည်လည်း ထို့အတူပင်။

“ တကယ်လို့ သူတို့မှာ ကလေးရလာတဲ့အခါ အဲ့ဒီကလေးက စီနီယာအကိုအားညိုကို ဘယ်လိုခေါ်မယ်လို့ မင်းထင်လဲ ”

နင်ယန်သည် ဤကဲ့သို့ မဟာအခွင့်အရေးကြီးကို လက်လွှတ်မခံချင်သောကြောင့် လေသံတိုးတိုးဖြင့် မေးသည်။

ခေါင်းဆောင်၏ နဖူးပေါ်မှ သွေးကြောများသည် ဖောင်းကြွလာသည်။

ဤသည်ကို ကြားသောအခါ ဝူကျန်းဝူသည် နင်ယန်အပေါ်ထားသော သူ၏ မုန်းတီးမှုကို ယာယီဘေးချိတ်ထားလိုက်သည်။ သူက တစ်ခဏကြာ စဉ်းစားပြီးနောက် ခေါင်းဆောင်ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။

“ ငါ့သားရဲ့အဖေက သူ့အဖေမဟုတ်ဘူး… ဒါပေမဲ့ ငါ့သားရဲ့အမေက သူ့အမေဟုတ်တယ်… ငါ့သားက ငါ့ကို ဘယ်လိုခေါ်မလဲ မင်းက မေးတော့ အဲ့ဒါက အရင်အဖေလို့ ငါဖြေရမလား… ဒါမှမဟုတ် ပထွေးလား… အဖေလို့ပဲ ငါဖြေသင့်သလား ”

ဝူကျန်းဝူက ပြီးဆုံးအောင်ပြောပြီးသည်နှင့်ချက်ချင်း ခေါင်းဆောင်သည် သူ့ကို လက်သီးဖြင့် ထိုးလိုက်သည်။ အော်ဟစ်ညည်းညူသံနှင့်အတူ ဝူကျန်းဝူ၏ ခန္ဓာကိုယ်သည် ပေတစ်ထောင်အဝေးသို့ လွင့်စင်သွားသည်။

နင်ယန်သည် အဝေးသို့ ထွက်ပြေးတော့မည့်အချိန် ခေါင်းဆောင်သည် သူ့ဖင်ကို ဆောင့်ကန်လိုက်သည်။ သူသည် ဝူကျန်းဝူနောက်သို့ လိုက်ပါသွားသည်။ ခေါင်းဆောင်သည် ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းလာသည်။

ရွှီချင်း၏ အကြည့်ထဲမှာ ကိုယ်ချင်းစာသောအကြည့် ထွက်ပေါ်လာသည်။ ယခုအချိန်မှာ ခေါင်းဆောင်၏ ခံစားချက်များက အလွန်ရှုပ်ထွေးနေသည်ကို သူနားလည်သည်။ ထို့ကြောင့် သူက ခေါင်းဆောင်၏ ပခုံးကို ပုတ်ပေးလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်သည် ဝမ်းနည်းဖွယ်ကောင်းသော အော်သံကို ထုတ်ဖော်လိုက်သည်။

“ ယီးပဲ… လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ ”

“ ဘာလို့ ဝိညာဉ်သခင်မယုံကျင်းက ငါ့အရင်ဘဝက ခန္ဓာကိုယ်ကို သဘောကျသွားတာလဲ ”

ခေါင်းဆောင်၏ အမူအရာသည် စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေပြီး ယင်းကို စကားလုံးဖြင့် ဖော်ပြရန် အလွန်ခက်ခဲပေသည်။

“ စီနီယာအကိုကြီး… မင်းဘာမှ ဝမ်းနည်းစရာမလိုပါဘူး… တကယ်လို့ ဝိညာဉ်သခင်မယုံကျင်းသာ အမှန်တရားကို သိသွားမယ်ဆိုရင် သူက မင်းထက်တောင် ပိုပြီးစိတ်ရှုပ်ထွေးသွားလိမ့်မှာ သေချာတယ် ”

ရွှီချင်းသည် တခြားလူများအား မည်သို့နှစ်သိမ့်ပေးရမည်ကို သိသည်။ သို့ဖြစ်၍ သူက ဘေးမှ ဖြောင်းဖြပြောသည်။

ထိုစကားသည် အမှန်တကယ် သက်ရောက်မှုရှိသည်။ ယင်းကို ခေါင်းဆောင်ကြားသောအခါ သူက တစ်ခဏကြာ မိန်းမောတွေဝေသွားသည်။ ထို့နောက် သူက အသိစိတ်ပြန်ဝင်လာပြီး အံတင်းတင်းကြိတ်လိုက်သည်။

“ ငါအဆင်ပြေပါတယ်… စောစောက ငါကြည့်လိုက်တော့ ငါ့အရင်ဘဝက ခန္ဓာကိုယ်ကို အတိတ်တုန်းက ငါမြှုပ်နှံထားခဲ့တဲ့ ပစ္စည်းတွေထဲက လက်နက်ဝိညာဉ်တစ်ကောင်က သိမ်းပိုက်သွားခဲ့တယ်ဆိုတာ သေချာသွားပြီ ”

“ အဲ့ဒါက ဘာပစ္စည်းလဲဆိုတာတော့ ငါသေချာမသိသေးဘူး ”

“ ဒါပေမဲ့ အဲ့ဒါက ငါ့ခန္ဓာကိုယ်ကို ပြန်လည်ရယူမယ့်အစီအစဉ်ကို မတားဆီးနိုင်ပါဘူး… သူ့ကို ငါထိလိုက်နိုင်တာနဲ့ ဒင်းက ငါ့ထိန်းချုပ်မှုအောက်ကို သေချာပေါက် ကျရောက်သွားရလိမ့်မယ် ”

ရူးသွပ်မှုသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို ဆွဲခေါ်လိုက်ပြီး စတင်ဆွေးနွေးသည်။

သို့သော်လည်း အပြောသာ လွယ်၏။ လက်တွေ့မှာ ထိုသို့လုပ်ဆောင်ရန် အတော်လေး ခက်ခဲသည်။ ဦးစွာပထမအနေဖြင့် ဝိညာဉ်သခင်မယုံကျင်းသည် ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူ ဖြစ်သည်။

စစ်မြေပြင်တွင် ဝိညာဉ်သခင်မယုံကျင်းက ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ပျောက်ကွယ်သွားခြင်းနှင့်ပတ်သက်ပြီး တိုက်ပွဲအစီအရင်ခံစာများကို ရွှီချင်းဖတ်ဖူးသည်။

“ ယင်ဟွမ်ပြည်နယ်က မဟာအကြီးအကဲက သတ္တမမင်းသားကို ချုပ်ထိန်းဖို့အတွက် သူ့ကို တမင်လွှတ်ပေးလိုက်တာဖြစ်မယ်… အစကတော့ သူ့ကို မဟာအကြီးအကဲက တိတ်တဆိတ် ဖမ်းဆီးထားတာလို့ ငါထင်ထားခဲ့တာ… အခုအခြေအနေအရဆိုရင် မဟာအကြီးအကဲက သူ့ကို တကယ်လွှတ်ပေးလိုက်တာပဲ ”

“ ဒါပေမဲ့ မဟာအကြီးအကဲက တခြားအစီအစဉ်တွေကို သေချာပေါက် ပြုလုပ်ထားလိမ့်မယ် ”

“ ဒီနေရာက ဖုန်းဟိုင်ဒေသငယ်နဲ့ အရမ်းဝေးနေတာ ဝမ်းနည်းစရာပဲ… မဟုတ်ရင် မဟာအကြီးအကဲကို ငါလှမ်းမေးလို့ရတယ် ”

ရွှီချင်းသည် တွေးတောပြီးနောက် ပြောသည်။

ခေါင်းဆောင်သည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။

“ ငါ့ရဲ့ အရင်ဘဝက ခန္ဓာကိုယ်ထဲမှာ သေခြင်းအရှိန်အဝါတွေနဲ့ ပြည့်နှက်နေတယ်… သူ့ကိုယ်ပေါ်မှာ မန္တန်အားလှိုင်းတွေ လုံးဝမရှိဘူး… ဒါက ငါ့ခန့်မှန်းမှုအတွင်းမှာပဲ ရှိတယ်… ဘာပဲပြောပြော သူသေဆုံးသွားတာက အရမ်းကြာလှပြီ… သူ့ကို သိမ်းပိုက်ထားတဲ့ ဝိညာဉ်ကောင်က ရုပ်အခွံသက်သက်ပဲ ပိုင်ဆိုင်ထားတယ် ”

“ ဒါပေမဲ့ ငါ့အရင်ဘဝက ခန္ဓာကိုယ်က ပြီးပြည့်စုံတဲ့ ဝိညာဉ်သိုက်အဆင့် ရုပ်ခွန်အားနဲ့ နှိုင်းယှဉ်နိုင်တယ် ”

ခေါင်းဆောင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သူ၏ ယခင်ဘဝမှ ခန္ဓာကိုယ်ကို မဖြေရှင်းနိုင်သေးပေ။ ယခု ဝိညာဉ်သခင်မယုံကျင်းပါ ထပ်ပေါင်းရောက်လာသည်။

ထိုအတိုင်းဆိုလျှင် သူ၏ ယခင်ဘဝမှ ခန္ဓာကိုယ်ကို ထိတွေ့ရန်သည် အခြေခံအားဖြင့် မလွယ်ကူပေ။

“ ဝိညာဉ်သခင်မယုံကျင်းနဲ့ စီနိယာအကိုကြီးရဲ့ အရင်ဘဝက ခန္ဓာကိုယ်ကြားက ဆက်ဆံရေးကိုကြည့်မယ်ဆိုရင် မင်းရဲ့အရင်ဘဝက ခန္ဓာကိုယ်က အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသရဲ့ နံပါတ်တစ် ပညာရှင်ကျင့်ကြံသူဖြစ်ရမယ် ”

“ ဒါပေမဲ့ ငါဇဝေဇဝါဖြစ်တာက ဘာလို့ ဝိညာဉ်သခင်မယုံကျင်းက ဒီမှာ ရှိနေတာလဲ… ဘာလို့ သူက ဒီလိုအရာမျိုးကို မြင်မြင်ချင်း စွဲလမ်းသွားရတာလဲ ”

ရွှီချင်းသည် သူနားမလည်သေးသော တစ်စုံတစ်ခုရှိသည်ဟု ခံစားမိသည်။ ထို့ကြောင့် သူက ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ရွှမ်မင်ဇီနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ငါတို့လိုတယ် ”

“ ငါ့မှာ သူနဲ့ပတ်သက်တဲ့ သတင်းအချက်တွေ ရှိတယ်… အရင်က ဒီလိုအသေးအမွှားကောင်တွေကို ငါက စိတ်မဝင်စားခဲ့ပေမဲ့လည်း ဒီကိုလာတဲ့လမ်းတစ်လျှောက်မှာ သတင်းအချက်အလက်တချို့ကို စုဆောင်းခဲ့တယ် ”

ခေါင်းဆောင်သည် စကားဆုံးသွားသည်နှင့် သူ၏ သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး တစ်စုံတစ်ခုကို လှန်လှောရှာဖွေလိုက်သည်။ မကြာမီ သူက ရွှမ်မင်ဇီအကြောင်းကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားတစ်ခုကို ရှာတွေ့သွားသည်။

တစ်ဖက်လူသည် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသတွင် ရွှမ်မင်ဂိုဏ်းကို တည်ထောင်ခဲ့သည်။

သူသည် ရွှမ်မင်ဂိုဏ်းထဲတွင် တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံလေ့ရှိပြီး အပြင်သို့ ထွက်ခဲသည်။ သို့ဖြစ်၍ သူတံခါးပိတ်ကျင့်ကြံသော နေရာတွင် အစောင့်အကြပ်များကို အများအပြား ချထားပေသည်။ ထိုနေရာသို့ ထိုးဖောက်ဝင်ရောက်ရန် အလွန်အန္တရာယ်များသည်။

ထို့ပြင် သူတို့အတွက် အခွင့်အရေးသည် တစ်ကြိမ်သာ ရှိသည်။ တစ်ဖက်လူက သူတို့ကို ရှာတွေ့သွားမည်ဆိုလျှင် ရွှီချင်းနှင့် တခြားလူများသည် အလွန်အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားကြလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းသည် ခေါင်းဆောင်နှင့်အတူ ဆွေးနွေးပြီးနောက် သူတို့၏ အစီအစဉ်မှာ လှည့်ကွက်တချို့ အသုံးပြုသင့်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

“ စီနီယာအကိုကြီး… မင်းရဲ့ အရင်ဘဝက ခန္ဓာကိုယ်နဲ့ ဝိညာဉ်သခင်မယုံကျင်းကြားက လက်ထပ်ပွဲက… ”

ရွှီချင်းသည် နက်နဲစွာ တွေးတောနေစဉ် ယုတ္တိမရှိသော အကြံအစည်တစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ရွှီချင်း၏ စကားအစပျိုးမှုကို ကြားသောအခါ ခေါင်းဆောင်သည် ဆိုးဝါးသော အတိတ်နိမိတ်ကို အာရုံရလာသည်။

“ စီနီယာအကိုကြီး… ဝိညာဉ်သခင်မယုံကျင်းက ယင်ယန်ပန်းပွင့်ဂိုဏ်းက ဝိညာဉ်ရေပူစမ်းမှာ တစ်လကြာ ခန္ဓာကိုယ်သန့်စင်မယ်မလား… အဲ့ဒီအခါ ငါတို့က သူ့ကို ထောင်ချောက်ဆင်ဖမ်းဖို့ နည်းလမ်းတစ်ခုစဉ်းစားပြီး လက်ထပ်ပွဲ သူမကျင်းပနိုင်အောင် တားဆီးရမယ် ”

“ ပြီးသွားရင် စီနီယာအကိုကြီး… မင်းက ဝိညာဉ်သခင်မယုံကျင်းပုံစံ ရုပ်ဖျက်ရမယ် ”

ရွှီချင်း၏ စကားကို ကြားသောအခါ ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားသည်။ ဝူကျန်းဝူနှင့် နင်ယန်သည် အစောနကမှ ပြန်ရောက်လာကြသည်။ သူတို့က ထိုစကားကိုကြားသောအခါ သူတို့၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားသော အမူအရာ ထွက်ပေါ်လာကြသည်။

အထူးသဖြင့် နင်ယန်ပင်။ သူက အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း အရိုက်ခံရမည်ကို စိုးရိမ်သောကြောင့် စိတ်လှုပ်ရှားမှုကို သူ၏ မျက်နှာပေါ်မှာ မပေါ်လွင်စေရန် အတင်းအကျပ် ချုပ်တည်းထားနေရသည်။

All Chapters