ကံကြမ္မာက မယုံကြည်နိုင်စရာကောင်းလှတယ်(ဃ)
Vol. 59 Ch. 919
ရွှီချင်းသည် ဆက်လက်ပြောသည်။
“ စီနီယာအကိုကြီး… မင်းရဲ့ အရင်ဘဝကို အနားလည်ဆုံးလူက မင်းပဲ… ပြီးတော့ မင်းက ဝိညာဉ်သခင်မယုံကျင်းအပေါ်လည်း ကောင်းကောင်းနားလည်တယ်… ဘာပဲဖြစ်ဖြစ် မင်းက သူ့အိမ်ကို လုယက်ဖူးတယ်မဟုတ်လား… ပြီးတော့ မင်းက ဆန့်ကျင်ဘက်လိင်ကို ပြောင်းလဲတဲ့နေရာမှာ အတော်လေး ဆရာကျပြီး အတွေ့အကြုံရှိတယ်… အတိတ်တုန်းက ပင်လယ်အလောင်းကောင်မျိုးနွယ်က မင်းသမီးငယ်လေးကို မင်းမှတ်မိသေးလား… အဲ့ဒီအချိန်တုန်းက မင်းက တကယ်သဏ္ဍာန်တူတယ် ”
ရွှီချင်းသည် ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။ သူက ပန်းသီးတစ်လုံးကို ထုတ်ယူလိုက်ပြီး ကမ်းပေးလိုက်သည်။
“ ဒါကြောင့် တကယ်လို့ မင်းသာ ဝိညာဉ်သခင်မယုံကျင်းအဖြစ် ရုပ်ဖျက်ပြီး မင်းရဲ့အရင်ဘဝက ခန္ဓာကိုယ်နဲ့ လက်ထပ်လိုက်မယ်ဆိုရင် မင်းသူနဲ့ ထိတွေ့နိုင်မယ် မဟုတ်ဘူးလား ”
“ ဒါပေါ့ အဲ့ဒီလိုလုပ်ဖို့ဆိုရင် ငါတို့တွေ ဝိညာဉ်သခင်မယုံကျင်းကို ထောင်ချောက်ဆင်ဖမ်းဖို့ အရင်နည်းလမ်းရှာရမယ်… ပြီးရင် သူ့ကို မင်းရဲ့အရင်ဘဝက ခန္ဓာကိုယ် သတိမထားအောင် ဖွက်ထားရမယ် ”
ခေါင်းဆောင်သည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပန်းသီးကို လှမ်းယူလိုက်သည်။
ရွှီချင်း၏ အစီအစဉ်သည် ယုတ္တိရှိသည်ဟု သူခံစားမိသည်။ သို့သော်လည်း သူက သူ၏ အရင်ဘဝမှ ခန္ဓာကိုယ်နှင့် လက်ထပ်ရလိမ့်မည်ဟု စဉ်းစားလိုက်သည့်အခါ ယင်းက အဓိပ္ပာယ်မရှိဘူးဟု ခံစားမိသွားသည်။
“ စီနီယာအကိုကြီး… ဒါက အခုချိန်မှာ ငါတို့စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ… ပြီးတော့ အဲ့ဒါက အရမ်းရူးမိုက်လွန်းတယ်… မင်းအနေနဲ့ လက်ခံဖို့ ခက်ခဲလိမ့်မယ်ဆိုတာ ငါနားလည်ပါတယ် ”
ရွှီချင်းသည် သက်ပြင်းချလိုက်ပြီး ခေါင်းဆောင်၏ ပခုံးကို ပုတ်ပေးလိုက်သည်။
ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်သည်။ သူ၏ အမူအရာသည် ခက်ထန်လာပြီး အသက်ရှူသံသည် မြန်ဆန်လာသည်။ နောက်ဆုံးမှာတော့ ရူးသွပ်မှုသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ငါလုပ်မယ် ”
“ ဒါပေမဲ့ ငါကောင်းကောင်း ပြင်ဆင်ရလိမ့်မယ်… ချင်းလေး ငါ့ကို မင်းရဲ့ မဟာလောကအပိုင်းအစ ငှားပေးရလိမ့်မယ်… အဲ့ဒါက ဝိညာဉ်သခင်မယုံကျင်းကို ဖမ်းဆီးဖို့ အခြေခံအုတ်မြစ်ပဲ ”
“ တကယ်လို့ ဝိညာဉ်သခင်မယုံကျင်းကို ငါတို့ဖမ်းဆီးချင်တယ်ဆိုရင် သာမန်နည်းလမ်းတွေက အလုပ်ဖြစ်မှာမဟုတ်ဘူး… မင်းရဲ့ ကမ္ဘာငယ်ထဲမှာ ပြိုင်ဘက်ကင်း စည်းချအစီအရင်တစ်ခုကို ငါရေးဆွဲရလိမ့်မယ်… ပြီးတော့ ရတနာအရေပြားရဲ့ စွမ်းအားနဲ့ နေလုံးရဲ့ စွမ်းအားကို ငါအသုံးပြုရလိမ့်မယ်… ဒါ့အပြင် မင်းရဲ့ တစ္ဆေအင်ပါယာတောင်ကုန်းဝိညာဉ်နတ်သူငယ်ရဲ့ အကူအညီကိုလည်း ငါလိုအပ်တယ် ”
“ ဒါမှပဲ ငါက ကမ္ဘာငယ်ကိုပိတ်ပစ်ပြီး သူ့ကို အထဲမှာ ဖမ်းချုပ်ထားနိုင်မယ် ”
“ အဲ့ဒါကို ငါ့အရင်ဘဝက ခန္ဓာကိုယ်မသိအောင် ဖုံးကွယ်ထားဖို့အတွက်ကတော့ ငါနည်းလမ်းတစ်ခု စဉ်းစားကြည့်ဦးမယ် ”
ခေါင်းဆောင်၏ မျက်လုံးသည် နီမြန်းလာသည်။ သူ၏ အရင်ဘဝမှ ခန္ဓာကိုယ်ကို ပြန်လည်ရယူရန်အတွက် သူက အရာအားလုံးကို ပုံအောရန် စိတ်ဆုံးဖြတ်ထားပုံ ရသည်။ သို့ဖြစ်၍ သူက စည်းချအစီအရင်ရေးဆွဲမည့်ကိစ္စအပါအဝင် ယင်ယန်ပန်းပွင့်ဂိုဏ်း၏ အာရုံကို မဆွဲဆောင်မိစေရန် မည်သို့ဆောင်ရွက်သင့်ကြောင်းကို ရွှီချင်းနှင့် တိုင်ပင်ဆွေးနွေးလိုက်သည်။
ထိုအတောအတွင်း ရွှီချင်းသည် သူ၏ စိတ်ထဲမှ မေးခွန်းတစ်ခုကို ထုတ်ပြောလိုက်သည်။ တစ်ဖက်လူက သူတို့ကို တမင်ခေါ်ထုတ်ရန် ဤလက်ထပ်ပွဲကို ရည်ရွယ်ချက်ရှိစွာ ပြုလုပ်ခြင်းများ ဖြစ်နေမည်လော။
မည်သို့ဖြစ်ပါစေ တချို့ကိစ္စများကို အပေါ်ယံအမြင်ဖြင့် မဆုံးဖြတ်နိုင်ပေ။
ထိုစကားကို ကြားသောအခါ ခေါင်းဆောင်သည် ခေါင်းညိတ်လိုက်သည်။ ရွှီချင်းကို ကြည့်လိုက်စဉ် သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
သို့သော်လည်း သူက ယုံကြည်မှုရှိသော သူ၏ အသွင်ပုံစံကို အမြန်ပြန်ရရှိသွားသည်။ သူက ရင်ဘက်ကို ပုတ်ပြလိုက်ပြီး ထိုအခြေအနေကို ဖြေရှင်းရန် သူ့မှာ နည်းလမ်းတစ်ခုရှိကြောင်း ပြောသည်။
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသထဲသို့ စတင်ဝင်ရောက်လာပြီးကတည်းက ခေါင်းဆောင်၏ စကားများနှင့် လုပ်ရပ်များသည် အတိတ်တုန်းကနှင့် အနည်းငယ် ခြားနားနေသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ကိုယ့်ကိုယ်ကို အစွန်းရောက်ယုံကြည်မှုရှိပုံသည်တော့ လုံးဝပြောင်းလဲမသွားပေ။
ရက်ပေါင်းများစွာကြာအောင် ဆွေးနွေးတိုင်ပင်ပြီး နောက်ဆုံးမှာတော့ သူတို့သည် အစီအစဉ်တစ်ခုကို ချမှတ်နိုင်သွားသည်။ ထို့နောက် သူတို့သည် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းမှာရှိသော ယင်ယန်ပန်းပွင့်ဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုဆီသို့ ဦးတည်ထွက်ခွာကြသည်။
ယင်ယန်ပန်းပွင့်ဂိုဏ်းသည် လဝတ်ပြုဒေသကြီးထဲတွင် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ သူတို့သည် အနီရောင်လဗိမာန်ဆီသို့ ယဇ်ပူဇော်အကသမားများအဖြစ် တင်ဆက်ဖျော်ဖြေပေးရန် တာဝန်ရှိသောကြောင့် အထိုက်အလျောက် အကျိုးခံစားခွင့်များ ရရှိကြသည်။ သို့ဖြစ်၍ သူတို့၏ ဂိုဏ်းခွဲများသည် လဝတ်ပြုဒေသကြီး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒေသလေးခုစလုံးမှာ တည်ရှိကြသည်။
ယင်ယန်းပန်ပွင့်ဂိုဏ်း၏ ဂိုဏ်းတပည့်များထဲတွင် မျိုးနွယ်ပေါင်းစုံနှင့် လူမျိုးပေါင်းစုံ ရောထွေးနေကြသည်။ သို့ဖြစ်၍ ယင်ယန်ပန်းပွင့်ဂိုဏ်းသားများ၏ သရုပ်အတုများကို ပြုလုပ်ရန် အလွန်လွယ်ကူပေသည်။
ထို့ကြောင့်ပင် ခေါင်းဆောင်သည် ရုပ်ဖျက်ရန်အတွက် ယင်ယန်ပန်းပွင့်ဂိုဏ်းသားဟူသော သရုပ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသမှာရှိသော ထိုဂိုဏ်းခွဲသည် တောင်ပိုင်းဒေသမှာရှိသည့် ယင်ယန်ပန်းပွင့်ဂိုဏ်း၏ ဂိုဏ်းခွဲခုနစ်ခုအနက် တစ်ခုဖြစ်သည်။ ထိုဂိုဏ်းခွဲ၏ ဘိုးဘေးသည် ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူဖြစ်ပြီး အနီရောင်လဗိမာန်ဌာနချုပ်တည်ရှိရာ နောင်တလွင်ပြင်တွင် တစ်နှစ်ပတ်လုံး နေထိုင်လေ့ရှိသည်။
ထိုဂိုဏ်းခွဲ၏ ဂိုဏ်းခေါင်းဆောင်သည် ဗလာနတ္ထိအဆင့် ထိုပုဂ္ဂိုလ်၏ နောင်သားမျိုးဆက်တစ်ဦးဖြစ်ပြီး ဝိညာဉ်သိုက်အဆင့် ကျင့်ကြံခြင်းစွမ်းအား ရှိသည်။ သူက ဂိုဏ်း၏ ကိစ္စအဝဝကို စီမံအုပ်ချုပ်နေသူလည်း ဖြစ်သည်။
သို့သော်လည်း ယင်ယန်ပန်းပွင့်ဂိုဏ်းထဲမှာ ဂိုဏ်းခွဲအများအပြားရှိသောကြောင့် ဂိုဏ်းခွဲတစ်ခုနှင့်တစ်ခုသည် ဆက်ဆံရေးမကောင်းမွန်ကြပေ။ သူတို့ကြားမှာ အပြန်အလှန် ဆက်သွယ်မှုရှိလျှင်ပင် ရင်းနှီးခြင်းမရှိပေ။ ဂိုဏ်းခွဲများသည် တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေကြသည့်အလားပင်။
သို့ဖြစ်၍ ခေါင်းဆောင်နှင့် ရွှီချင်းသည် ယင်ယန်ပန်းပွင့်ဂိုဏ်း၏ ဂိုဏ်းတံဆိပ်ပြားကို ထုတ်ပြလိုက်သည့်တိုင် သူတို့သည် ဤဂိုဏ်းခွဲအရှေ့မှာ ရပ်တန့်ခံလိုက်ရဆဲပင်။
ထိုယင်ယန်ပန်းပွင့်ဂိုဏ်းခွဲသည် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသအတွင်းရှိ အမွှာတောင်ထွတ်တစ်ခုပေါ်မှာ တည်ရှိသည်။ အတွင်းဘက်တွင် ရှုပ်ထွေးပြီး အနုပညာလက်ရာမြောက်သော ဗိသုကာအဆောက်အဦးများနှင့် ခမ်းနည်းထည်ဝါသော အပြင်အဆင်များ ရှိသည်။ အထူးသဖြင့် ထိုတောင်၏ အနောက်ဘက်ခြမ်းတွင် နာမည်ကျော်ကြားသော ဝိညာဉ်ရေပူစမ်း ရှိသည်။
ရေပူစမ်းက နာမည်ကျော်ကြားရခြင်းမှာ အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသအတွင်းရှိ ဝိညာဉ်မြစ်များအားလုံးက ထိုရေပူစမ်းထဲမှာ စုဝေးသွားသောကြောင့် ဖြစ်၏။
ဤအခိုက်အတန့်မှာ အမွှာတောင်ထွတ်၏ တောင်ခြေတွင် အကာအကွယ်အလွှာတစ်ခုသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ အရှေ့မှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ဂိတ်တံခါးကို စောင့်ကြပ်နေကြသော ဂိုဏ်းတပည့်သုံးယောက်သည် ထိုအကာအကွယ်အလွှာထဲမှာ ထွက်ပေါ်လာကြသည်။
“ မင်းတို့ဂိုဏ်းတံဆိပ်ပြားက ငါတို့ဂိုဏ်းခွဲက မဟုတ်ဘူး… ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ ငါတို့ မင်းတို့ကို အလွယ်တကူ အထဲပေးမဝင်နိုင်ဘူး… ဒီတော့ မင်းတို့လာရာအတိုင်း ပြန်လှည့်သွားကြပါ ”
ဂိုဏ်းတပည့်သုံးယောက်၏ အလယ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် လက်နောက်ပစ်ထားလျက် တည်ငြိမ်စွာ ပြောသည်။
ဤသို့ဖြစ်လာမည်ကို ကြိုသိထားသဖြင့် ရွှီချင်းနှင့် တခြားလူများသည် နည်းလမ်းတစ်ခုကို ကြိုစဉ်းစားထားခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ခေါင်းဆောင်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက အရှေ့သို့ လျှောက်သွားပြီး သူ၏ ညာလက်ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သူက သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူတော့မည့်အလားပင်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အားလှိုင်းအတတ်အကျတစ်ခုသည် ကောင်းကင်ပေါ်မှ ပျံ့လွင့်လာပြီး နူးညံ့သော အံ့အားသင့်သံသည် ဘေးပတ်ဝန်းကျင်သို့ ပဲ့တပ်ထပ်သွားသည်။ ထို့နောက် ဝိညာဉ်သိုက်အဆင့် အားလှိုင်းအတတ်အကျသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။
ရွှီချင်း၏ အမူအရာသည် အေးခဲသွားပြီး ခေါင်းဆောင်သည် ရပ်တန့်သွားသည်။
အခြေအနေက မဟန်တော့ကြောင့် ဝူကျန်းဝူနှင့် နင်ယန်က တိတ်တဆိတ် တွေးတောနေကြစဉ် ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး သူတို့၏ အပေါ်မှာ ရပ်လိုက်သည်။
ဤသည်မှာ တာအိုဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူက အနည်းနှင့်အများ ကြည့်ကောင်းသည်။ ထိုအမျိုးသမီး ထွက်ပေါ်လာသည့်အခိုက် ဂိတ်တံခါးကို စောင့်ကြပ်နေကြသော ဂိုဏ်းတပည့်သုံးယောက်၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ သူတို့သည် ကြည်ညိုလေးစားသော အမူအရာဖြင့် ချက်ချင်း ဒူးထောက်လိုက်ကြသည်။
“ နှုတ်ဆက်ပါတယ်… ဂိုဏ်းခေါင်းဆောင် ”
ရွှီချင်းနှင့် ခေါင်းဆောင်သည် ရိုသေလေးစားသော အမူအရာဖြင့် ချက်ချင်း လက်သီးဆုပ်၍ အရိုအသေပေးလိုက်ကြသည်။ သို့သော်လည်း သူက အရိုအသေပေးလိုက်စဉ် သံသယတချို့သည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်ထွက်လာသည်။ တစ်ဖက်လူ၏ ရုတ်တရက် ရောက်ချလာမှုသည် အနည်းငယ် တိုက်ဆိုင်နေသည်။
သက်လတ်ပိုင်းအမျိုးသမီးသည် ရွှီချင်းနှင့် ခေါင်းဆောင်ကို တစ်ချက်ပင် လှည့်မကြည့်ပေ။ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဝူကျန်းဝူကို ကြည့်လိုက်လေရာ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက နူးညံ့စွာ ပြောသည်။
“ သခင်လေး… ဒါက ကျွန်မတို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုပါ… အရင်တစ်ခေါက်က မင်းရွတ်ခဲ့တဲ့ ကဗျာကိုတောင် ကျွန်မမှတ်မိနေပါသေးတယ် ”