← Chapters

အဲ့ဒါအားလုံးက ရှေးဘုရင်ရွှမ်ယုံရဲ့ အမှား(က)

Vol. 59 Ch. 920

အဲ့ဒါအားလုံးက ရှေးဘုရင်ရွှမ်ယုံရဲ့ အမှား(က)

Vol. 59 Ch. 920

နူးညံ့သော အမျိုးသမီးအသံသည် ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး ယင်းနောက်တွင် သိမ်မွေ့သော သံစဉ်က အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

“ ကောင်းကင်ပေါ်က တိမ်တိုက်တွေက တောင်တွေလိုပါပဲ… ငါ့နှလုံးသားထဲက ကျောက်တုံးက ကမ္ဘာထက် မြင့်တယ် ”

ရွှီချင်းသည် ဇဝေဇဝါဖြစ်သွားပြီး ခေါင်းဆောင်သည် အံ့ဩသွားသည်။ သူက ကောင်းကင်ယံမှ အမျိုးသမီးကို မော့ကြည့်လိုက်စဉ် ဝူကျန်းဝူသည် မျက်ခုံးပင့်တင်လိုက်ပြီး မထူးမခြားနား ပြောသည်။

“ အစိမ်းရောင်တောင်ကုန်းက အနက်ရောင်ဆေးပန်းချီရဲ့ နက်နဲမှုကို နားမလည်ဘူး… လရောင်ခြည်က ဘယ်တော့ကျဆင်းလာမလဲ ဘယ်သူသိမှာလဲ ”

“ သခင်လေးကို မယဉ်ကျေးသလို ကျွန်မပြုမိသွားသလား… ကျွန်မကို ယွင်ရှလို့ ခေါ်နိုင်ပါတယ် ”

သက်လတ်ပိုင်းအမျိုးသမီးက ဝူကျန်းဝူ၏ ကဗျာကို တကယ်နားလည်သည်မှာ ရှင်းလင်းသည်။ သူက နူးညံ့စွာ ပြောသည်။

ဤတစ်ကြိမ်တွင် အံ့ဩသွားရသူသည် ဝူကျန်းဝူဖြစ်သည်။

နူးညံ့သော လေပြေသည် တောင်ကုန်းပေါ်မှ မြက်နုနုကလေးများကို ဘယ်ညာယိမ်းနွဲ့အောင် တိုက်ခတ်သွားသည်။ ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ တိမ်တိုက်များသည် မြန်ဆန်စွာ ရွေ့လျားလာကြဟန် ရ၏။ လေပြေတိုးဝှေ့မှုအောက်မှာ လူတိုင်း၏ ဆံနွယ်များသည် လှုပ်ယမ်းလာသည်။ ထို့အတူ ဝူကျန်းဝူ၏ နှလုံးသားထဲမှ သံယောဇဉ်ကြိုးများသည်လည်း လှုပ်ယမ်းလာသည်။

ဤလောကကြီးထဲတွင် သူ၏ အရည်အချင်းကို တန်ဖိုးထားပြီး သူ၏ ကဗျာကို နားလည်သူတစ်ယောက် ရှိနေလိမ့်မည်ဟု ဝူကျန်းဝူ မျှော်လင့်မထားပေ။ ထိုလူ၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် သူ့အား တအံ့တဩဖြစ်စေသည်။

တစ်ခုသိထားရမည်မှာ သူက ရှေးဘုရင်ရွှမ်ယုံ၏ ပုံစံအတိုင်း စတင်အတုခိုးခဲ့သည့်အချိန်မှစ၍ သူတွေ့ကြုံခဲ့သမျှ လူတိုင်းသည် သူ့အပေါ် အထင်အမြင်လွဲမှားကြသည်။ ထိုထဲတွင် သူ၏ ဆရာလည်း ပါဝင်သည်။

သို့သော်လည်း သူသည် မိမိကိုယ်ကို အမြဲယုံကြည်စိတ်မွေးပြီး သူ့နှလုံးသားထဲမှ ရှေးဘုရင်ရွှမ်ယုံ၏ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ နှစ်အတော်ကြာပြီးနောက် သူသည် လူတကာ၏ အသိအမှတ်ပြုမခံရခြင်းနှင့် သရော်လှောင်ပြောင်ခြင်းကို နေသားကျလာသည်အထိ ကြီးပြင်းလာခဲ့သည်။

သို့သော် ယခုအခါမှာတော့…

စူးရှသော အလင်းရောင်သည် ဝူကျန်းဝူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခေါင်းကို မြင့်မြင့်မော့လိုက်ပြီး လက်နှစ်ဖက်ကို အနောက်သို့ ပို့လိုက်သည်။ တဟူးဟူး တိုက်ခတ်နေသော လေက သူ၏ ဆံပင်နှင့် အဝတ်အစားများကို တဖျပ်ဖျပ်လှုပ်ခတ်သွားစေသည်။

သို့သော်လည်း ယင်းတို့ကို သူက ဂရုမစိုက်ချေ။ သူက လေထဲမှ သက်လတ်ပိုင်းအမျိုးသမီးကို ကြည့်လိုက်ပြီး နူးညံ့သော လေသံဖြင့် ပြောသည်။

“ ပြည်နယ်ကိုးခုက တောင်တန်းတွေနဲ့ မြစ်တွေက အလွန်ကျယ်ပြောလှပေမဲ့ အဲ့ဒါတွေအားလုံးက တာအိုလမ်းကြောင်းပေါ်က မြူးခိုးတံတားတစ်စင်းမဟုတ်ဘူးလား ”

ဝူကျန်းဝူ၏ ကဗျာကို ကြားသောအခါ အမျိုးသမီး၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ဝူကျန်းဝူ၏ အရှေ့မှာ ဆင်းသက်လိုက်သည်။

နေရောင်ခြည်သည် အမျိုးသမီး၏ ကိုယ်ပေါ်သို့ လွှမ်းခြုံလာပြီး သူ၏ ရိုးရှင်းသော တာအိုဝတ်စုံကို အရောင်အသွေးစုံလင်သွားစေသည်။ နေရောင်ခြည်၏ ဖြန်းပက်မှုအောက်မှာ သူ၏ ဆွဲဆောင်မှုရှိသော မျက်နှာသည် ပိုပြီး အလှကြွယ်လာဟန် ရသည်။

သူက ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။

“ သခင်လေး ခန့်မှန်းတာ မှန်ကန်ပါတယ်… ကျွန်မက ဒီယင်ယန်ပန်းပွင့်ဂိုဏ်းခွဲက ဂိုဏ်းခေါင်းဆောင်ပါ ”

ထူးဆန်းသော အလင်းရောင်သည် ဝူကျန်းဝူ၏ မျက်လုံးထဲမှာ ထပ်မံထွက်ပေါ်လာသည်။

“ မနေ့ညက နက္ခတ်တာရာလေပြေက ဒီနေ့နံနက်စောစောမှာ ရောက်ရှိလာတယ်… ကောင်းကင်ဘုံမြစ်က ခွေးတွေ ကြောင်တွေအပေါ် ကျဆင်းလာမလားဆိုတာ မသေချာပါလား ”

ဝူကျန်းဝူသည် ပြုံးလိုက်သည်။

“ ကျွန်မနားလည်ပါပြီ ”

သူက စကားဆုံးသည့်အခါ အနောက်လှည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို အက်ကွဲကြောင်းတစ်ခုသည် ဂိုဏ်း၏ အကာအကွယ်အလွှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် ယင်းက ဘေးနှစ်ဖက်သို့ မြန်ဆန်စွာ ပျံ့ပွားသွားသည်။

သာယာသော ခေါင်းလောင်းမြည်သံသည် သုံးကြိမ်တိုင်အောင် တောင်ထိပ်ပေါ်မှ ပဲ့တင်ထပ်လာသည်။

ထိုသို့ကြိုဆိုခြင်းသည် မသေးငယ်ပေ။

ရွှီချင်းနှင့် ခေါင်းဆောင်သည် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ နင်ယန်သည်လည်း ဆွံ့အနေပြီး ရှုံးနိမ့်မှုကို ခံစားသွားမိသည်။

သူက ဝူကျန်းဝူကို ကြည့်လိုက်သည်။ ထို့နောက် ဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်သည်။ ထိုနှစ်ယောက်ထဲတွင် တစ်ယောက်သည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုရှိနေသည်ဟု သူခံစားမိသွားသည်။

အမှန်မှာ ထိုသို့တွေးမိသူသည် နင်ယန်တစ်ယောက်တည်း မဟုတ်ပေ။ ဂိုဏ်း၏ ဂိတ်တံခါးကို စောင့်ကြပ်နေကြသော ဂိုဏ်းတပည့်သုံးယောက်သည်လည်း ဇဝေဇဝါ ဖြစ်သွားကြသည်။

သူတို့သည် ဝူကျန်းဝူ၏ ကဗျာနှင့်ပတ်သက်ပြီး မည်သည့်တစ်လုံးမှ နားမလည်ပေ။ သို့သော်လည်း သူတို့၏ ဂိုဏ်းခေါင်းဆောင်သည် ဝူကျန်းဝူ၏ ကဗျာကို အမှန်တကယ် နားလည်ဟန် ရသည်။

ဂိုဏ်းတပည့်သုံးယောက်သည် သူတို့၏ ဂိုဏ်းခေါင်းဆောင်နှင့်ပတ်သက်သော ကောလဟာလတချို့ကို ပြန်အမှတ်ရသွားကြသည်။ ဂိုဏ်းခေါင်းဆောင်သည် ရှေးဘုရင်ရွှမ်ယုံကို ယုံကြည်အလေးစားဆုံးဖြစ်သည်ဟု ပြောကြသည်။ သူက အရည်အချင်းရှိသူများကို သဘောကျပြီး တစ်ခါတစ်ရံ ကိုယ့်ဘာသာ ကဗျာစပ်လေ့ ရှိသည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ သူတို့သုံးယောက်သည် ယခုအချိန်မှာ အလွန်ရိုသေလာကြသည်။ သူတို့က အမြန်လမ်းဖယ်ပေးလိုက်ကြပြီး ဝူကျန်းဝူကို တိတ်တဆိတ် အာရုံစိုက်လာကြသည်။

“ သခင်လေး အထဲကြွပါ ”

သက်လတ်ပိုင်းအမျိုးသမီးသည် နူးညံ့စွာ ပြောသည်။ သူတို့ကြားမှ ကျင့်ကြံခြင်းအဆင့်ကွာခြားမှုကြောင့် ဝူကျန်းဝူအပေါ် သူအထင်မသေးချေ။ အမှန်မှာတော့ သူ၏ မျက်စိထဲမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည် ဤလောကကြီးထဲတွင် ပေါများသော်လည်း ဝူကျန်းဝူကဲ့သို့ အရည်အချင်းရှိသူများသည် အလွန်အမင်း နည်းပါးသည်။

သို့ဖြစ်၍ သူ၏ မျက်လုံးထဲမှာ ရွှီချင်းနှင့် ခေါင်းဆောင်သည် ဇာတ်ပို့များသာ ဖြစ်ကြသည်။

ဝူကျန်းဝူသည် အလွန်စိတ်အားတတ်ကြွလာသည်။ သူက ခေါင်းကိုမော့ပြီး ရင်ဘက်ကို ကော့ထားကာ အရှေ့သို့ လျှောက်သွားသည်။ လမ်းတစ်လျှောက်တွင် ယွင်ရှသည် သူ့ကို အဖော်ပြုပေးပြီး ယဉ်ကျေးစွာ ပြောဆိုဆက်ဆံသည်။

သူတို့နှစ်ယောက်သည် အရှေ့မှ လျှောက်သွားကြသည်။ ရွှီချင်းနှင့် ခေါင်းဆောင်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့နောက်သို့ အမြန်လိုက်သွားကြသည်။ နင်ယန်က လိုက်သွားတော့မည့်အချိန် ဝူကျန်းဝူသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ တစ်ဝက်… တစ်ပိုင်း… နှစ်ပိုင်း ဒါမှမဟုတ် သုံးပိုင်း… ခွေးပုကလေးဆိုရင်တောင် အရိုအသေပေးရမယ် ”

ဤသည်ကို ယွင်ရှကြားသောအခါ သူက အနောက်လှည့်လိုက်ပြီး နင်ယန်ကို ကြည့်လိုက်သည်။

နင်ယန်သည် တုန်ယင်သွားသည်။ သူက မည်သည့်စကားမှ မပြောနိုင်ခင် အကာအကွယ်အလွှာသည် သူ၏ အရှေ့မှာ ထွက်ပေါ်လာပြီး သူ့အား ဂိုဏ်းထဲသို့ မဝင်နိုင်စေရန် ပိတ်ဆို့တားဆီးလိုက်သည်။

‘ ဘာလဲ… မင်းက ဒီအရူးစကားကိုတောင် နားလည်တယ်… မဖြစ်နိုင်တာ ’

နင်ယန်သည် ဆွံ့အသွားသည်။ ဝူကျန်းဝူသည် သဘောထားသေးသိမ်ကြောင်း သူသိသည်။ သူက ဒေါသထွက်သွားသော်လည်း အပြင်မှာတော့ ထုတ်မပြဝံ့ချေ။ ရွှီချင်းနှင့် တခြားနှစ်ယောက်က ထွက်ခွာသွားသည်ကိုသာ သူက အကူအညီမဲ့စွာ ကြည့်နေနိုင်သည်။

ထိုသို့ဖြင့် သူတို့သည် ယင်ယန်ပန်းပွင့်ဂိုဏ်းထဲသို့ ဝင်သွားကြသည်။ လမ်းတစ်လျှောက်တွင် လေထဲမှာ မြူးတူးကခုန်နေသော ကျားခေါင်းလိပ်ပြာအများအပြားကို သူတို့မြင်တွေ့ခဲ့ကြသည်။ ၎င်းတို့၏ အရေအတွက်သည် တောတွင်းထဲမှာထက် ပိုများပြားသည်။

၎င်းတို့ကို အဝေးမှကြည့်လျှင် အမွှာတောင်ထွတ်နှစ်ခုကြားထဲမှာ ရောင်စုံမြူခိုးသဖွယ် မြင်ရသည်။

ယင်းက အနည်းငယ် ထူးဆန်းသည်ဟု ရွှီချင်း ခံစားမိသည်။ လမ်းတစ်လျှောက်တွင် သူသည် ကျားခေါင်းလိပ်ပြာများကို တစ်ကြိမ်ထက်မနည်း မြင်ဖူးသည်။ သို့သော်လည်း ဤနေရာတွင် ကျားခေါင်းလိပ်ပြာများ၏ အရေအတွက်သည် အလွန်များပြားလှသည်။

သူ၏ အကြည့်က ထိုလိပ်ပြာများပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ အမြင်အာရုံသည် ရုတ်တရက် ဝေဝါးလာသည်။ ဤသည်မှာ ထပ်ဆင့်ပုံရိပ်လွှာများက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည့်အလားပင်။

ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားသည်။

ခေါင်းဆောင်သည် ဘေးသို့ လှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ အကြည့်ထဲမှာ စူးစမ်းလိုသော အရိပ်အမြွက်ရှိသည်။

ရွှီချင်းသည် ခေါင်းခါလိုက်သည်။ သူက ပုံမှန်အတိုင်း ဆက်လက်ရှိနေသော်လည်း သတိကြီးကြီးထားမှုသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က အဆင်ပြေကြောင်း သူသိသည်။ သို့ဖြစ်၍ အစောနက သူတွေ့ကြုံခဲ့ရသော အမြင်အာရုံဝေဝါးမှုသည် အနည်းငယ် ထူးဆန်းသည်။

သို့သော်လည်း ယခုအချိန်သည် ထိုအကြောင်းကိုပြောရန် အချိန်ကောင်းမဟုတ်ပေ။ ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ဆက်လက်လျှောက်သွားသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူတို့သည် တည်းခိုအနားယူရန် ဂိုဏ်း၏ ဧည့်ခန်းမဆောင်ထဲသို့ ရောက်ရှိသွားကြသည်။

ဂိုဏ်းခေါင်းဆောင်သည် ဝူကျန်းဝူနှင့် တခြားနှစ်ယောက်က ဧည့်ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီးနောက် အနောက်သို့ လှည့်လိုက်ပြီး ထွက်ခွာသွားသည်။

သူက ဂိုဏ်းထဲသို့ လျှောက်သွားသည့်အခါ အရေအတွက်များပြားသော ကျားခေါင်းလိပ်ပြာများသည် သူ့အနားသို့ ပျံသန်းလာကြပြီး သူ့ကို ဝိုင်းရံလိုက်ကြသည်။ ပုံရိပ်နှစ်ခုသည် သူ့ဘေးမှ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြပြီး သူ၏ ဘယ်ညာတစ်ဖက်စီမှာ ရပ်လိုက်ကြသည်။

သူတို့ထဲမှ တစ်ယောက်သည် တိုးညင်းစွာ ပြောသည်။

“ ဂိုဏ်းခေါင်းဆောင်… ဒီလူတွေက လွန်ခဲ့တဲ့ဆယ်ရက်ခန့်က နွားသိုးမြို့ထဲကို ရုတ်တရက် ရောက်လာကြပါတယ်… သူတို့က အရင်က တစ်ခါမှ မရောက်ဖူးပေမဲ့ မြို့ထဲကို ရောက်ရောက်ချင်း ဝိညာဉ်ရေပူစမ်းဆီ သွားခဲ့ပါတယ်… အားလုံးက ပုံမှန်ပါပဲ ”

“ အဲ့နောက်တော့ သူတို့က မြို့ထဲကနေ ထွက်သွားပြီး အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းဆီ ဦးတည်သွားကြပါတယ်… ပြီးတော့ ဘာသဲလွန်စမှမကျန်ဘဲ ပျောက်သွားကြပါတယ် ”

“ ငါတို့ဂိုဏ်းဆီရောက်လာရတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကိုတော့ မသိပါဘူး ”

“ ယင်ယန်ပန်းပွင့်ဂိုဏ်းသားဆိုတဲ့ သူတို့ရဲ့ သရုပ်ကတော့ မှန်ကန်ပါတယ်… သူတို့က အနောက်ပိုင်းဒေသက ယင်ယန်ပန်းပွင့်ဂိုဏ်းကနေ ရောက်လာကြတာပါ ”

All Chapters