← Chapters

အဲ့ဒါအားလုံးက ရှေးဘုရင်ရွှမ်ယုံရဲ့ အမှား(ခ)

Vol. 59 Ch. 921

အဲ့ဒါအားလုံးက ရှေးဘုရင်ရွှမ်ယုံရဲ့ အမှား(ခ)

Vol. 59 Ch. 921

နောက်ထပ်ပုံရိပ်တစ်ခုသည် တိုးညင်းစွာ ပြောသည်။

“ ပါရမီရှင်သခင်လေးကတော့… သူက အဖွဲ့ထဲမှာ အဆင့်အတန်းမမြင့်မားတဲ့ပုံပါပဲ… ဒါပေမဲ့ သူက အဖွဲ့ထဲကို အတင်းအဓမ္မ ဆွဲခေါ်ခံထားရပုံတော့ မပေါ်ပါဘူး… ကြည့်ရတာ သူက သူတို့အဖွဲ့နဲ့ ဆန္ဒရှိရှိ သွားလာနေတဲ့ပုံပါပဲ ”

“ ပြီးတော့ သူတို့အားလုံးဆီမှာ ကျိန်စာတွေရှိပါတယ်… သူတို့က တခြားဒေသကြီးကလာတဲ့ ဖြစ်နိုင်ခြေက နည်းပါးပါတယ်… အထူးသဖြင့် သူတို့ထဲက တစ်ယောက်မှာ အရမ်းများပြားတဲ့ ကျိန်စာရှိပါတယ်… အဲ့ဒါက အချိန်မရွေး ထပေါက်ကွဲနိုင်ပါတယ် ”

ယွင်ရှသည် သူ၏ ဘေးတစ်ဖက်စီမှ မိန်းကလေးများ၏ စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။

“ သူတို့ကို အာရုံစိုက်ထားပါ… တကယ်လို့ သူတို့က တည်းခိုဖို့အတွက်ပဲ ဒီကိုရောက်လာတာဆိုရင် ငါတို့ဂိုဏ်းအပေါ် မကောင်းတဲ့ရည်ရွယ်ချက် ဘာမှမရှိဘူးဆိုရင် မင်းတို့တွေ ဂရုစိုက်နေဖို့ မလိုအပ်ဘူး ”

“တကယ်လို့များ… ”

ဘယ်ဘက်မှ ပုံရိပ်သည် တုံ့ဆိုင်းစွာ ပြောသည်။

“ တကယ်လို့ သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုရင်… ”

ယွင်ရှသည် သူ၏ ခြေလှမ်းကို ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ သူတို့ကို သတ်ပစ်ပြီး ကကြိုးလိပ်ပြာတွေဆီ အစာကျွေးလိုက်ပါ… သခင်လေးကိုတော့ ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ပါ ”

“ ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်တော်ကို နာခံပါတယ် ”

သူတို့နှစ်ယောက်သည် ခေါင်းငုံ့လိုက်ကြပြီး သဘောတူလိုက်ကြသည်။ သူတို့၏ ပုံရိပ်သည် ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။

ထိုသို့ဖြင့် ခုနစ်ရက်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။

ရွှီချင်းနှင့် သူတို့အုပ်စုသည် ဧည့်ခန်းမဆောင်ထဲမှာ တိတ်ဆိတ်စွာ နေထိုင်ကြသည်။ သူတို့သည် ထိုခုနစ်ရက်အတောအတွင်း ပုံမှန်မဟုတ်သော မည်သည့်အပြုအမူကိုမှ မပြုလုပ်ခဲ့ကြချေ။ ရံဖန်ရံခါ သူတို့သည် အပြင်သို့ထွက်လေ့ရှိသော်လည်း ဂိုဏ်းအတွင်းမှ လျှို့ဝှက်နေရာများဆီသို့ မသွားရောက်ခဲ့ကြပေ။

သူတို့အဖွဲ့၏ ရုတ်တရက် ရောက်ချလာမှုသည် သံသယဖြစ်စရာကောင်းကြောင်း သူတို့နားလည်သည်။ ရုတ်တရက် ရောက်ချလာသော ထိုအခြေအနေကို ဝူကျန်းဝူက ဖြေရှင်းပေးခဲ့သော်လည်း ယင်းက ဂိုဏ်းခေါင်းဆောင်၏ သံသယကို လုံးလုံးမပျောက်ကွယ်သွားစေနိုင်ပေ။

မည်သို့ဖြစ်ပါစေ သူတို့သည် ဤဂိုဏ်းခွဲ၏ ဂိုဏ်းတပည့်များမဟုတ်ကြပေ။ သို့ဖြစ်၍ သူတို့သည် ပထမတောင်ထွတ်၏ လမ်းတစ်ဝက်အောက်၌သာ နေထိုင်ခွင့်ရှိသည်။

သူတို့သုံးယောက်သည် တခြားနေရာများဆီသို့ သာမန်ကာလျှံကာ မဝင်ရောက်နိုင်ကြပေ။ ဂိုဏ်းခေါင်းဆောင်သည် ဝူကျန်းဝူကို ချီးကျူးသော်လည်း ထိုအတွက်ဖြင့် ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်နိုင်ပေ။

သို့သော်လည်း ယင်ယန်ပန်းပွင့်ဂိုဏ်းတွင် နေထိုင်ခွင့်ရရှိရေးသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ ပထမခြေလှမ်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် တောင်နောက်ဘက်ခြမ်းမှ ဝိညာဉ်ရေပူစမ်းသည် ဂိုဏ်းတပည့်အားလုံးအတွက် ဖွင့်လှစ်ပေးထားသောကြောင့် ဖြစ်သည်။ သူတို့က ဝိညာဉ်ကျောက်တုံး အလုံအလောက်ကို ပေးချေသရွေ့ ဝိညာဉ်ရေပူစမ်းထဲသို့ ဝင်ရောက်နိုင်ပေသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် ဝိညာဉ်ရေပူစမ်းဆီသို့ နှစ်ကြိမ်သွားရောက်ခဲ့ပြီး ရေပူစမ်းထဲမှာ တိတ်တဆိတ် ထိုင်နေခဲ့ကြသည်။ သူတို့သည် တရားထိုင်ခြင်းကို ပြုလုပ်ခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာကို တတ်နိုင်သမျှ ဖိနှိပ်ခဲ့ကြသည်။

ထိုကျိန်စာသည် ဤသို့လာရာလမ်းတွင် သူတို့စဉ်းစားခဲ့သော အကြောင်းပြချက် ဖြစ်သည်။

အကယ်၍ သူတို့က လိမ်ညာချင်သည်ဆိုလျှင် တကယ့်အစစ်အမှန်ကို သူတို့၏ ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းထားရပေမည်။ သို့မှသာ သူတို့က သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်ပြီး သူတို့ကို ဇဝေဇဝါဖြစ်သွားစေမည်။

သို့သော်လည်း ဝိညာဉ်ရေပူစမ်းထဲမှာ ကျိန်စာကို တိုက်ရိုက်သက်ရောက်နိုင်သော စွမ်းရည် မရှိပေ။ ယင်းက ခန္ဓာကိုယ်ကိုသာ အားဖြည့်ပေးနိုင်သည်။ သို့ဖြစ်၍ ယင်းက သက်ရောက်မှုအနည်းငယ်သာ ရှိသည်။

လဝတ်ပြုဒေသကြီးထဲမှာ ထိုသို့နေရာအများအပြား ရှိသည်။ ဤသည်မှာ ကောင်းကင်နွားမဟာမိတ်ကို ဖွဲ့စည်းရသည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။

ထိုအတောအတွင်း ရွှီချင်းသည် မူးဝေခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းကို ထပ်မံတွေ့ကြုံလိုက်ရသည်။ ထိုသို့ဖြစ်သည့်အခါတိုင်း ကျားခေါင်းလိပ်ပြာအများအပြားက ထွက်ပေါ်လာလေ့ ရှိသည်။ ထိုလိပ်ပြာများ၏ နာမည်ကိုလည်း သူသိခဲ့သည်။

၎င်းတို့ကို ကကြိုးလိပ်ပြာများဟု ခေါ်သည်။ ၎င်းတို့သည် ရိုးရာဓလေ့ဆောင်ရွက်ရာတွင် ယင်ယန်ပန်းပွင့်ဂိုဏ်းအတွက် မရှိမဖြစ်လိုအပ်သော ထူးဆန်းသတ္တဝါများ ဖြစ်ကြသည်။

ရွှီချင်းသည် သူခံစားရသည့် စိတ်ရှုပ်ထွေးမှုအကြောင်းကို ခေါင်းဆောင်အား တိတ်တဆိတ် ပြောပြလိုက်သည်။ ခေါင်းဆောင်သည် ရွှီချင်း၏ ကိစ္စကို အလေးအနက်ထားပြီး သူ့ကို အချိန်အတော်ကြာ စစ်ဆေးကြည့်ပေးလိုက်သည်။

သို့သော်လည်း သူတို့သည် သေချာသော မည်သည့်အဖြေကိုမှ မရခဲ့ပေ။

ရွှီချင်းသည် တစ်စုံတစ်ခု လွဲမှားနေသည်ဟု မသဲမကွဲ ခံစားမိလာသည်။ သို့ဖြစ်၍ သူက မည်သည့်စကားမှ မပြောပေ။ သို့သော်လည်း ထိုကိစ္စကို အလွန်အရေးကြီးသည်ဟု သူ၏ နှလုံးသားထဲမှာ သတ်မှတ်လိုက်သည်။

ထိုခုနစ်ရက်အတွင်းမှာ ရွှီချင်းနှင့် ခေါင်းဆောင်သည် သူတို့၏ အစီအစဉ်နှင့်ပတ်သက်သော အတားအဆီးတစ်ခုကို ရှာတွေ့လာသည်။

ဤသည်မှာ ယွင်ရှဟု အမည်ရသော ဂိုဏ်းခေါင်းဆောင်သည် ဝိညာဉ်ရေပူစမ်းထဲတွင် မကြာခဏ နေထိုင်လေ့ရှိခြင်း ဖြစ်သည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် ဝိညာဉ်သခင်မယုံကျင်းကို ထောက်ချောက်ဆင်ဖမ်းရန် အကွက်စေ့သော အစီအစဉ်ကို ရေးဆွဲထားသော်လည်း ဂိုဏ်းခေါင်းဆောင်က အနီးနားမှာ ရှိနေမည်ဆိုလျှင် သူတို့၏ အစီအစဉ်ကို သူသတိမထားမိမည်မှာ လုံးဝမဖြစ်နိုင်ပေ။

မည်သို့ဖြစ်ပါစေ သူတို့က ဂိုဏ်းခေါင်းဆောင်၏ ပိုင်နက်အတွင်းမှာ လှုပ်ရှားနေခြင်း မဟုတ်ပါလော။

ဝိညာဉ်သခင်မယုံကျင်းက သန့်စင်ခြင်းအခမ်းအနားအတွက် ဤသို့ရောက်လာရန် ရက်ပေါင်းနှစ်ဆယ်ကျော်မျှသာ လိုတော့သည်။

ယင်းက ခေါင်းဆောင်ကို စိုးရိမ်ကြောင့်ကြစေသည်။ ရွှီချင်းနှင့် ခေါင်းဆောင်ဆီမှာ အရံအစီအစဉ်ရှိသော်လည်း လက်ရှိအခြေအနေမျိုးမှာ ဝူကျန်းဝူသာ အနည်းငယ် ပိုအားစိုက်ထုတ်မည်ဆိုလျှင် သူတို့၏ အခက်အခဲက ပြေလည်သွားနိုင်လောက်သည်။

သို့ဖြစ်၍ ရှစ်ရက်မြောက်နေ့တွင် ခေါင်းဆောင်သည် ဝူကျန်းဝူ၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ကျန်းကျန်းကြီး… ငါတို့ဒီအတိုင်း ဆက်သွားနေလို့မဖြစ်ဘူး ”

ဝူကျန်းဝူသည် ခေါင်းဆောင်ကို မျက်စောင်းထိုးကြည့်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ ပြန်မပြောချေ။ ဤရက်ပိုင်းတွင် သူသည် လွန်စွာမှ သက်တောင့်သက်သာခံစားရပြီး ခေါင်းထဲမှာ ကဗျာများစွာကို ဖန်တီးလာနိုင်သည်။

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး ပြောသည်။

“ ကျန်းကျန်းကြီး… ဂိုဏ်းခေါင်းဆောင်ကို မင်းသွေးဆောင်ပြီးတော့ သူ့ကို ဝိညာဉ်ရေပူစမ်းကနေ အဝေးခေါ်ထုတ်သွားပါလားကွာ ”

ဝူကျန်းဝူသည် နှာခေါင်းရှုံ့လိုက်သည်။ ဤဂိုဏ်းသို့ ရောက်လာပြီးနောက် သူတို့သုံးယောက်ကြားတွင် သူ၏ အဆင့်အတန်းသည် ယခင်ကနှင့် မတူညီတော့ပေ။ ဤအခိုက်အတန့်မှာ သူက မောက်မာထောင်လွှားစွာ လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ သားငယ်ဖြစ်သော ကြက်တူရွေးလေးကို ခေါ်ထုတ်လိုက်သည်။ သူက ကြက်တူရွေးလေးကို ခေါင်းပေါ်သို့ တင်လိုက်သည်။

ဝူကျန်းဝူသည် မည်သည့်စကားမှ မပြောပေ။ ယင်းအစား ကြက်တူရွေးလေးသည် ခေါင်းမော့လိုက်ပြီး သူ့အဖေကိုယ်စား ပြောသည်။

“ ကလေးဆန်တဲ့ အကြံပဲ… ဒါက အရမ်းသိသာလွန်းတယ်… ဂိုဏ်းခေါင်းဆောင်ယွင်ရှက ငတုံးမဟုတ်ဘူး… ငါ့အဖေက သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားမယ်ဆိုရင် သူ့စိတ်ထဲမှာ သေချာပေါက် သံသယရှိလာလိမ့်မယ် ”

“ အဲ့ဒီအခါ သူက ဝိညာဉ်ရေပူစမ်းကို အာရုံခံလိမ့်မယ်… ပြီးသွားရင် မင်းတို့ကိုဖမ်းဖို့ သူရောက်လာလိမ့်မယ် ”

“ မင်းတို့ကောင်တွေက သေလမ်းရှာနေကြတာပဲ… အဲ့ဒါက မင်းတို့ရဲ့ ကိစ္စပဲ… ငါ့အဖေနဲ့ငါက ဝင်ပါမှာမဟုတ်ဘူး ”

ကြက်တူရွေးသည် ခေါင်းကို မြင့်မြင့်မော့ထားသည်။ ၎င်း၏ နုတ်သီးသည် တုတ်ချောင်းရှည်သဖွယ် ထင်ရသည်။ ၎င်းက ဝူကျန်းဝူ၏ ဦးခေါင်းပေါ်မှာ ရပ်နေပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို အထင်အမြင်သေးစွာ ကြည့်နေသည်။

ခေါင်းဆောင်၏ မျက်နှာပေါ်မှာ အံ့အားသင့်သော အမူအရာ ရှိသည်။

“ မင်းအဖေက ယွင်ရှကို အဝေးခေါ်ဆောင်သွားပြီးရင် ငါတို့က ဝိညာဉ်ရေပူစမ်းထဲမှာ အစီအစဉ်တွေပြုလုပ်မှာ မဟုတ်ဘူး ”

“ ငါတို့က အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ကို လုပ်မှာ… မင်းအဖေက ယွင်ရှကို သွေးဆောင်တဲ့အခါ သူက သံသယဖြစ်လာပြီး စုံစမ်းလိမ့်မယ်… ဒါပေမဲ့ ဘာမှမပြောင်းလဲဘဲ အားလုံးက ပုံမှန်အတိုင်းရှိနေတာကို သူမြင်ရလိမ့်မယ် ”

“ အဲ့ဒီလိုမျိုး ထပ်ခါထပ်ခါဖြစ်လာတဲ့အခါ သူက သံသယဝင်တော့မှာ မဟုတ်ဘူး ”

“ မင်းသဘောတူလား ”

ကြက်တူရွေးသည် အံ့ဩသွားပြီး ဝူကျန်းဝူ၏ အမူအရာသည် အနည်းငယ် လေးနက်လာသည်။

“ ကမ္ဘာငယ်ထဲမှာ အစီအစဉ်တွေပြုလုပ်ဖို့အတွက် ငါအချိန်လိုအပ်တယ်… အဲ့ဒါကို ဝိညာဉ်ရေပူစမ်းထဲမှာ နေရာချထားပြီး အပေါ်ကနေ ဖုံးကွယ်ခြင်းစည်းချအစီအရင် ခင်းကျင်းဖို့အတွက် ခြောက်နာရီပဲ ငါလိုအပ်တယ် ”

ကြက်တူရွေးသည် ခေါင်းငုံ့လိုက်ပြီး သူ့အဖေကို တိတ်တဆိတ် ကြည့်လိုက်သည်။ ဝူကျန်းဝူသည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း ခေါင်းဆောင်သည် ဝူကျန်းဝူကို ကောင်းမွန်စွာ နားလည်သည်။

ထို့ကြောင့် သူက သွေးဆောင်ပြောသည်။ ဝူကျန်းဝူက တဖြည်းဖြည်း စိတ်ယိမ်းယိုင်လာသည့်အခါ ခေါင်းဆောင်သည် နောက်ဆုံးအနေဖြင့် ဝူကျန်းဝူ၏ အရှိုက်ကို ထိုးလွှတ်လိုက်သည်။

“ အဆိုးဆုံးအခြေအနေဖြစ်လာရင် ငါ့အရင်ဘဝက ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်ရုံပဲ ရှိတော့တယ်… ငါ့မှာ တခြားအရံအစီအစဉ်တွေ ရှိပါသေးတယ်… အဲ့ဒီထဲက တစ်ခုက ရှေးဘုရင်ရွှမ်ယုံရဲ့ ရှေးဟောင်းစာအုပ်ငါးအုပ်ပဲ… ဟူး… အဲ့ဒါတွေကို မင်းမပိုင်ဆိုင်နိုင်တော့တာ စိတ်မကောင်းစရာပဲ ”

“ အဲ့ဒီထဲမှာ ရှေးဘုရင်ရွှမ်ယုံရဲ့ အစောပိုင်းကာလတုန်းက ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး များများစားစား ရေးသားထားတယ်… ဒါ့အပြင် ကဗျာတွေကိုတောင် ရေးဖွဲ့ထားသေးတယ်… ”

All Chapters