← Chapters

ဘဝက ပြဇာတ်တစ်ပုဒ်လိုပဲ… သရုပ်ဆောင်တတ်ဖို့ လိုတယ်

Vol. 59 Ch. 928

ဘဝက ပြဇာတ်တစ်ပုဒ်လိုပဲ… သရုပ်ဆောင်တတ်ဖို့ လိုတယ်

Vol. 59 Ch. 928

လေသည် တဟူးဟူး တိုက်ခတ်နေပြီး ပန်းပွင့်များ၏ မွှေးရနံ့ကို ဆောင်ကြဉ်းနေသည်။

တေးသံသည် ကြည်နူးသာယာဖွယ်ကောင်းပြီး မင်္ဂလာဝေါယာဉ်ကို ပျော်ရွှင်ဖွယ်ကောင်းစွာ လိုက်လံပို့ဆောင်ပေးနေသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်း၏ နှလုံးသည် ပြင်းထန်စွာ လှုပ်ခါနေသည်။ သူက အဖွဲ့နောက်သို့ လိုက်သွားပြီး ခေါင်းဆောင်ထံမှ သူ၏ အကြည်ကို ပြန်ရုပ်သိမ်းလိုက်သည်။

အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသသို့ ရောက်ရှိလာသည့်အချိန်မှစ၍ ခေါင်းဆောင်၏ မူမမှန်သော အပြုအမူများကို တစ်ကြိမ်ထက်မနည်း ရွှီချင်း သတိပြုမိခဲ့သည်။

သူက အကြောင်းအရာများစွာကို တမင်ပြောကြားခဲ့ခြင်းသော်လည်းကောင်း၊ ပန်းသီးပေးသည့် အပြုအမူများသည်သော်လည်းကောင်း သို့မဟုတ် နောက်ဆက်တွဲ စုံစမ်းလေ့လာမှုများသည်သော်လည်းကောင်း အစရှိသော ဖြစ်ရပ်များသည် ခေါင်းဆောင်က တစ်စုံတစ်ခုဖြစ်နေကြောင်း ရွှီချင်းအား ခံစားရစေသည်။

သို့သော်လည်း ယင်းက မမှန်ကန်ပေ။ ဤသည်မှာ ခေါင်းဆောင်၏ လုပ်ထုံးလုပ်နည်းမဟုတ်ပေ။ ခေါင်းဆောင်က သူတစ်ယောက်တည်းသာ ရှာတွေ့နိုင်သော ပြစ်ချက်တစ်ခုကို တမင်ဖော်ပြထားခြင်းက ပိုပြီးဖြစ်နိုင်၏။

‘ သူက ငါ့ကို သတိပေးနေတာပဲ ’

ခေါင်းဆောင်မှာ သူ့ကို ထိခိုက်နစ်နာစေလိုသော ဆန္ဒမရှိကြောင်း သူအာရုံခံနိုင်သည်။ ယင်းကို ရှင်းလင်းစွာ သူနားလည်သည်။

သူက ခရီးတစ်လျှောက်တွင် တစ်ဖက်လူ၏ လုပ်ဆောင်မှုများကို ပြန်တွေးကြည့်မည်ဆိုလျှင်ပင် ထိုအချက်ကို ရှင်းလင်းစွာ နားလည်ထားဆဲ ဖြစ်သည်။

ထို့ပြင် ဤသည်မှာ သူတို့နှစ်ယောက်ပူးပေါင်းပြီး ကိစ္စကြီးလုပ်ဖူးခြင်းက ပထမအကြိမ်မဟုတ်သလို ဒုတိယအကြိမ်လည်း မဟုတ်ပေ။

သို့ဖြစ်၍ ခေါင်းဆောင်၏ လုပ်ထုံးလုပ်နည်းကို ရွှီချင်း ကောင်းမွန်စွာ နားလည်သည်။

‘ ဒီသတိပေးချက်က အကူအညီတောင်းတဲ့ သဘောမျိုးမဟုတ်ဘူး… သူ့မှာ ငါ့ကို တိုက်ရိုက် ဖွင့်ပြောလို့မရတဲ့ ကိစ္စတချို့ရှိတဲ့ပုံပဲ… ဒါကြောင့် သူက ဒီနည်းလမ်းကို အသုံးပြုပြီး ငါ့စိတ်အာရုံကို ဆွဲဆောင်ခဲ့တာဖြစ်မယ် ’

ရွှီချင်းသည် အတွေးနက်သွားပြီး အစောနက ငှက်အကြောင်းကို ပြန်တွေးလိုက်သည်။ ငှက်ကို သူက ဖမ်းလိုက်သည့်အချိန် ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ တုံ့ပြန်ပုံများကိုလည်း ပြန်အမှတ်ရသွားသည်။

“ တကယ်လို့ ငှက်က အစစ်ဆိုရင်တောင် သက်ရှိတစ်ဦးရဲ့ အပြုအမူက ပြောင်းလဲနိုင်တယ်… ဒါတောင် ငှက်က သူ့မူလလမ်းကြောင်းကို ပြန်သွားခဲ့တယ်… ဒါဟာ အတင်းအကျပ် စေခိုင်းထားတဲ့ သဘောရှိတယ်… ကြည့်ရတာ အားလုံးကို ကြိုစီစဉ်ထားတဲ့ပုံပဲ ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး (ဃ၁၃၂)ကို စစ်ဆေးကြည့်လိုက်သည်။ နတ်ဘုရားလက်ချောင်းသည် ပုံမှန်အတိုင်း ဆက်ရှိနေပြီး အိပ်မောကျနေသည်။ ၎င်းက အပြင်လောကနှင့်ပတ်သက်ပြီး မည်သည့်အမှားအယွင်းကိုမှ အာရုံမခံမိဟန် ရသည်။

“ ပြီးတော့ အစောနက လူတိုင်းက ငါ့ကို ရုတ်တရက် လှည့်ကြည့်လာကြတယ်… ကြည့်ရတာ ငါ့ရဲ့ အပြုအမူတွေက သူတို့ထဲကနေ အရမ်းကွဲထွက်သွားလို့ ဖြစ်မယ်… ဒါမှမဟုတ် ငါသရုပ်ဖျက်ထားတဲ့ လူက အဲ့လိုမလှုပ်ရှားသင့်တာများလား ”

ရွှီချင်းသည် နှုတ်ဆိတ်လျက် ရှိနေသည်။ အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းကို သူရောက်လာပြီးနောက် အရာအားလုံးသည် အဆင်ပြေချောမွေ့ခဲ့သည်။ အကယ်၍ သူသာ အတွေးမလွန်လျှင် အားလုံးက ပုံမှန်ဖြစ်သည်ဟု ထင်ရလိမ့်မည်။

“ ဒါပေမဲ့ ဒီလိုပုံမှန်မဟုတ်တာက ချောက်ချားစရာကောင်းတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေနိုင်တယ် ”

ရွှီချင်းသည် အဖွဲ့နောက်သို့ ဆက်လက် လိုက်သွားသည်။ မင်္ဂလာပွဲကျင်းပမည့်နေရာတွင် မည်သို့ဆက်ဖြစ်မည်ကို သူမြင်ချင်သည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ မင်္ဂလာယာဉ်တန်းသည် ကောင်းကင်ယံတွင် မြန်ဆန်စွာ ရွေ့လျားနေသည်။ နှစ်နာရီကြာပြီးနောက် သူတို့သည် ရွှမ်မင်ဂိုဏ်းဆီသို့ ချဉ်းကပ်ရောက်ရှိလာကြသည်။

မီးအိမ်များနှင့် ရောင်စုံအလံတိုင်များကို အဝေးမှနေ၍ လှမ်းမြင်နိုင်ပေသည်။

တောင်ထွတ်များသည် မန္တန်များမှတဆင့် ရောင်စုံအလင်းရောင်ကို ထုတ်လွှတ်နေကြသည်။ သစ်ပင်များကို အနီရောင်မီးအိမ်များဖြင့် အလှဆင်ထားကြသည်။ မန္တန်များသည် ကောင်းကင်မှာ အသက်ဝင်လာကြပြီး မီးရှူးမီးပန်းများကို တစ်ခုပြီးတစ်ခု ဖောက်ခွဲပစ်လိုက်လေရာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားကြသည်။

တစ်ချိန်တည်းမှာ အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသအတွင်းရှိ ဂိုဏ်းအသီးသီးမှ တပည့်များနှင့် မိသားစုကြီးများသည် မင်္ဂလာပွဲတတ်ရန် ဖိတ်ကြားခံခဲ့ကြရသည်။ သူတို့သည် ဂိုဏ်းမှ အကြီးအကဲများနှင့်အတူ ရွှမ်မင်ဂိုဏ်းဆီသို့ အရပ်မျက်နှာအဘက်ဘက်မှ ရောက်ရှိလာကြသည်။

ယောင်္ကျားမိန်းမဖြစ်စေ၊ ကလေးလူကြီးဖြစ်စေ သူတို့အားလုံးသည် ပြုံးထားကြသည်။ အရာအားလုံးသည် အလွန်သက်ဝင်လှုပ်ရှားပုံပေါ်သည်။

ရယ်မောသံများသည် နေရာတိုင်းမှ ပဲ့တင်ထပ်လာနေပြီး လေထဲတွင် ပျော်ရွှင်ဖွယ်အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။

မင်္ဂလာယာဉ်တန်းက နီးကပ်လာသည့်အခါ လေထုသည် ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။ ကောင်းချီးပေးသံများသည် အသံလှိုင်းများသို့ ပြောင်းလဲသွားကြပြီး တိမ်တိုက်များတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

သူတို့၏ အရှေ့မှ ရွှမ်မင်ဂိုဏ်းသည်တော့ ရောင်စုံတောင်တန်းများ၏ ဝိုင်းရံထားမှုကြောင့် အရောင်အဝါတောက်ပနေသည်။

ဂိုဏ်းတည်ရှိသော တောင်ထွတ်သည်တော့ သက်တံ့အလင်းရောင်ကို ထုတ်လွှတ်နေသည်။ တောင်ထွတ်၏ အမြင်ဆုံးနေရာမှာရှိသော အဓိကနန်းဆောင်ကို မင်္ဂလာခန်းမအဖြစ် အလှဆင်ထားသည်။

မရေမတွက်နိုင်သော အနီရောင်မီးအိမ်များသည် လေထဲသို့ မြှောက်တတ်နေကြပြီး နေရောင်ခြည်၏ အလင်းရောင်သည် ကောင်းကင်ပေါ်မှ ပိုမိုကျယ်ပြန့်စွာ ကျဆင်းလာနေသည်။

ရွှမ်မင်ဂိုဏ်းထဲမှ တပည့်အားလုံးသည် စိတ်အားတတ်ကြွနေကြသည်။ သူတို့သည် ဧည့်သည်တော်များကို ကြိုဆိုရန် အပြင်သို့ ထွက်လာကြသည်။

ပိုးခြည်ဖြင့် ပြုလုပ်ထားသော ရောင်စုံကော်ဇောတစ်ခုကို တောင်ထိပ်မှစတင်၍ တောင်ခြေထိ ခင်းကျင်းထားသည်။

မင်္ဂလာဝေါယာဉ်က ရွှမ်မင်ဂိုဏ်းဆီသို့ ချဉ်းကပ်လာသည့်အခါ ခေါင်းလောင်းသံများသည် ဂိုဏ်းအတွင်းမှာ ပဲ့တင်ထပ်သွားသည်။

ထုံးတမ်းစဉ်လာလေထုသည် ဂိုဏ်းအတွင်းရှိ အရာအားလုံးကို လွှမ်းခြုံသွားပြီး တိတ်ဆိတ်ငြိမ်သက်သွားစေသည်။

ထိုသို့တိတ်ဆိတ်နေစဉ် အရပ်မျက်နှာပေါင်းစုံမှ လူတိုင်း၏ အကြည့်သည် မင်္ဂလာဝေါယာဉ်ပေါ်သို့ စုဝေးရောက်ရှိသွားကြသည်။ ဝေါယာဉ်သည် ရွှမ်မင်ဂိုဏ်းနှင့် ပိုပြီးနီးကပ်လာသည်။

“ နတ်သမီးရှန်းဟန်… ကျေးဇူးပြုပြီး တောင်ပေါ်ကို သက်ဆင်းလာပေးပါ ”

လူတိုင်း၏ ရိုသေလေးစားသော နှုတ်ဆက်မှုအောက်မှာ ဝေါယာဉ်အတွင်းမှာရှိသော ခေါင်းဆောင်၏ မျက်လုံးထဲ၌ မျှော်လင့်သော အကြည့် ထွက်ပေါ်လာသည်။ သူ၏ ပါးပြင်သည် ရှက်သွေးဖြာမှုကြောင့် အနည်းငယ် နီမြန်းလာပြီး သူက ဝေါယာဉ်ထဲမှ ထွက်လျှောက်လာသည်။

သူ၏ ပုံရိပ်သည် ကြော့ရှင်းတင့်တယ်ပြီး ဆွဲဆောင်မှုရှိသည်။ သူက အရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားသည်။

သူ၏ အနောက်မှ မင်္ဂလာဝေါယာဉ်ပို့ဆောင်သည့် အဖွဲ့သားများသည် ဒူးထောက်လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။ ဝိညာဉ်သခင်မယုံကျင်းဘေးမှ အစေခံမိန်းကလေးများနှင့် အစောင့်တချို့သာလျှင် ခေါင်းဆောင်၏ အနောက်သို့ လိုက်ပါသွားကြသည်။

ရွှီချင်းသည် သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။

သူက ခေါင်းဆောင်၏ ရှက်သွေးဖြာသော အမူအရာနှင့် ဘယ်ညာယိမ်းလျက် လျှောက်လှမ်းနေသော ပုံစံကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ သရုပ်ဆောင်ပညာသည် အလွန်ပြောင်မြောက်လှသဖြင့် သူက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ရလေသည်။

အကယ်၍ သူသာ ခေါင်းဆောင်၏ ခြေသလုံးမွှေးကို မမြင်တွေ့ခဲ့လျှင် ယင်းက ဝိညာဉ်သခင်မယုံကျင်းဖြစ်သည်ဟု တကယ်ယုံကြည်မိလိမ့်မည်။

အစဉ်မပြတ် မြည်ဟိန်းနေသော ခေါင်းလောင်းသံများနှင့် ကောင်းချီးပေးသံများ၏ ပဲ့တင်ထပ်မှုအောက်မှာ ခေါင်းဆောင်သည် တောင်ထိပ်ဆီသို့ ဖြည်းညင်းစွာ တစ်လှမ်းချင်း လျှောက်သွားနေသည်။

ယနေ့သည် သူ့အတွက် မင်္ဂလာနေ့ရက်ဖြစ်သည်။ လူတိုင်းသည် သူ့ကို ရိုသေလေးစားကြသည်။ သူက မည်သည့်နေရာကို သွားရောက်ပါစေ ရွှမ်မင်ဂိုဏ်းမှ တပည့်များသည် သူ့အတွက် ဒူးထောက်လိုက်ကြသည်။

ရွှီချင်းသည် ထိုအဖြစ်အပျက်အားလုံးကို ကြည့်နေသည်။ အကြောင်းအရင်းတချို့ကြောင့် သူ၏ စိတ်ထဲမှာ ကောင်းချီးပေးလိုက်သည်။

ခေါင်းလောင်းသံက (၂၁)ကြိမ်မြောက်သို့ ရောက်ရှိသွားသည့်အခါ ခေါင်းဆောင်၏ ပုံရိပ်သည် တောင်ထွတ်ပေါ်မှ နောက်ဆုံးခြေလှမ်းကို လျှောက်လှမ်းလိုက်သည်။ သူက ထိုနေရာမှာ ရပ်လိုက်စဉ် ခေါင်းဆောင်၏ အရင်ဘဝမှ ခန္ဓာကိုယ်သည် အဝေးရှိ နန်းတော်ထဲမှ ထွက်ပေါ်လာသည်။

ယနေ့တွင် ခေါင်းဆောင်၏ အရင်ဘဝမှ ခန္ဓာကိုယ်သည် အတိတ်တွင် ရွှီချင်း မြင်တွေ့ခဲ့စဉ်ကနှင့် အနည်းငယ် ခြားနားနေသည်။ သူက တောက်ပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာသည် ယခင်ကဲ့သို့ အေးတိအေးစက်ဖြစ်မနေဘဲ ဝမ်းသာပျော်ရွှင်နေဟန် ရသည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ အပုပ်နံ့နှင့် အရုပ်ဆိုးသော အသွင်အပြင်သည်တော့ ယခင်ကနှင့် နှိုင်းယှဉ်လျှင် အများကြီး မပြောင်းလဲသွားပေ။ သူ၏ အသက်ရှူထုတ်ခြင်းမှ ထွက်ပေါ်လာသော အနက်ရောင်အငွေ့သည် ထိတ်လန့်စရာ ကောင်းနေဆဲပင်။

“ ဒါက ခေါင်းဆောင်နဲ့ သူ့အရင်ဘဝကြားက လက်ထပ်ပွဲပဲ ”

ဝူကျန်းဝူရှိမနေခြင်းနှင့်ပတ်သက်ပြီး ရွှီချင်းသည် အနည်းငယ် နောင်တရမိသည်။ သို့မဟုတ်လျှင် ဝူကျန်းဝူသာ ဤသို့မြင်ကွင်းမျိုးကို သူ၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့မည်ဆိုလျှင် သေချာပေါက် ကဗျာစပ်လိမ့်မည်။

ဤအခိုက်အတန့်မှာ တေးသီချင်းသံသည် လောကတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။

“ ကျင့်ကြံသူတွေအနေနဲ့ ငါတို့က မိုးနဲ့မြေကို အသိသက်သေထားပြီး တာအိုကို ပေါင်းစည်းမယ်… ဒီမင်္ဂလာပွဲကနေ ငါတို့နှစ်ယောက်ရဲ့ ဘဝတွေက တစ်ဘဝတည်းဖြစ်သွားမယ် ”

ခေါင်းဆောင်သည် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး အဝေးမှ သူ့ခင်ပွန်းကို အရိုအသေပေးလိုက်သည်။

ခေါင်းဆောင်၏ ခင်ပွန်းသည်လည်း ဦးညွတ်လိုက်ပြီး အရိုအသေပေးလိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အရိုအသေပေးပြီးသည့်အခါ ကျင့်ကြံသူများကြားမှ မင်္ဂလာပွဲအခမ်းအနားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ကောင်းချီးပေးသံများနှင့် အော်ဟစ်ချီးမြှောက်သံများသည် ဘေးပတ်ဝန်းကျင်မှ ကျယ်လောင်စွာ ပေါ်ထွက်လာကြသည်။

ကောင်းချီးမင်္ဂလာတိမ်တိုက်များသည် ကောင်းကင်ယံတွင် ပြည့်နှက်နေပြီး အဆုံးမရှိသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ကောင်းကင်သည် လှုပ်ရှားလာပြီး မြေပြင်သည် တုန်ခါလာသည်။

ထို့နောက် သက်ဝင်လှုပ်ရှားပြီး ပျော်ရွှင်ဖွယ်ကောင်းသော လေထု၏ လွှမ်းခြုံမှုအောက်မှာ ခေါင်းဆောင်သည် မင်္ဂလာအိပ်ခန်းဆီသို့ ပို့ဆောင်ခံလိုက်ရသည်။ ထိုနေရာတွင် သူက အမွှေးနံ့သာကို ပူဇော်ပြီး ခင်ပွန်းသည်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းရလိမ့်မည်။

ဤအခိုက်အတန့်မှာ ကျွေးမွေးပွဲအခမ်းအနားသည် စတင်လာသည်။ ရွှမ်မင်ဂိုဏ်း၏ ကျယ်ပြောသော ရင်ပြင်တစ်ခုထဲမှာ ဂိုဏ်းအသီးသီးမှ ဂုဏ်သရေရှိဧည့်သည်တော်များသည် စုဝေးရောက်ရှိနေကြသည်။ သူတို့သာလျှင် ထိုနေရာမှာထိုင်ရန် အရည်အချင်းပြည့်မီကြသည်။

သူတို့နှင့်လိုက်ပါလာသော တပည့်များသည်တော့ နှိမ့်ချဆက်ဆံခြင်း မခံကြရပေ။ ပို၍ကြီးမားသော ကျွေးမွေးပွဲကို ရွှင်မင်ဂိုဏ်း၏ အပြင်ဘက်မှာ ကျင်းပပေးထားသည်။ မင်္ဂလာပွဲသို့ တတ်ရောက်လာသော မည်သူမဆို ဝင်ရောက်ပါဝင်နိုင်ကြသည်။

သို့ဖြစ်၍ မကြာမီ ပျော်ရွှင်ဖွယ်လေထုသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

ဝိညာဉ်သခင်မယုံကျင်း၏ အစောင့်အကြပ်ဖြစ်သော ရွှီချင်းသည် စားသောက်ပွဲသို့ တတ်ရောက်ရန် အရည်အချင်း မပြည့်မီပေ။ သူက ရွှမ်မင်ဂိုဏ်းမှ အစောင့်အကြပ်များနှင့်အတူ ဤနေရာမှာ စောင့်ကြပ်နေရန် တာဝန်ပေးအပ်ခံထားသည်။

သူ၏ အရှေ့မှာ မရပ်မနား သောက်စားပျော်ပါးနေကြသော လူများကို ကြည့်လျက် ရွှီချင်းသည် သူတို့ထဲသို့ လျှောက်သွားသည်။

သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသော ငှက်တစ်ကောင်ကို ဖမ်းယူလိုက်သည့်အခါ သူ့ဘေးမှ လူတစ်ယောက်သည် အသက်မဲ့နေသော အမူအရာဖြင့် သူ့အား စိုက်ကြည့်လာသည်။

ထိုအကြောင်းကို တွေးမိသောအခါ ထူးဆန်းသော အတွေးတစ်ခုသည် ရွှီချင်း၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။

‘ အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသရဲ့ ထူးဆန်းမှုကို စူးစမ်းလေ့လာနိုင်ဖို့ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတာပဲ ’

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး ခေါင်းဆောင်ရှိနေသော အိပ်ခန်းဆီသို့ ကြည့်လိုက်သည်။

အစီအစဉ်က ယခုအခြေအနေထိ ရောက်ရှိလာသည့်အခါ အရာအားလုံးသည် ခေါင်းဆောင်၏ စွမ်းဆောင်ရည်ပေါ် မူတည်သွားသည်။

ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ လူတိုင်းကို ကြည့်လိုက်သည်။

“ တကယ်လို့ လူတိုင်းက ငှက်လိုဖြစ်နေမယ်ဆိုရင်… ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ကျင့်ကြံသူတစ်ဦးကို ထိန်းချုပ်ရန် အရိပ်လေးကို တိတ်တဆိတ် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် ရွှီချင်း၏ အရိပ်လေးသည် မြေပြင်ပေါ်သို့ တိတ်တဆိတ် ဖြန့်ကြက်သွားပြီး ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ယောက်အနားသို့ ချက်ချင်း ချဉ်းကပ်သွားသည်။ အနားသို့ရောက်သွားသည့်အခါ ၎င်းက အရိပ်ဖြင့် လွှမ်းခြုံလိုက်သည်။

မကြာမီ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းသည် ပြီးမြောက်သွားသည်။

သို့သော်လည်း ထိုလူသည် ပုံမှန်အတိုင်းပင်။ သူက ဆက်လက် သောက်စားပျော်ပါးနေပြီး ရယ်ရယ်မောမော စကားပြောနေသည်။ မည်သည့်အပြောင်းအလဲမှ မရှိပေ။

အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ အရိပ်လေးထံမှ ပို့လွှတ်လာသော စိတ်ခံစားချက်များကို သူအာရုံခံနိုင်သည်။

“ မရဘူး… မဝင်နိုင်ဘူး… အတင်းအကျပ်ဝင်ရင် သေလိမ့်မယ်… ထူးဆန်းတယ်… ”

ရွှီချင်းသည် တခြားလူများကို သိမ်းပိုက်ရန် အရိပ်လေးကို ဆက်လက် စေခိုင်းလိုက်သည်။ အကြိမ်ရေအနည်းငယ် စမ်းသပ်ပြီးနောက် အားလုံးသည် တစ်ပုံစံတည်း ဖြစ်သည်။ ရွှီချင်းသည် နားလည်သွားသည်။

သို့သော်လည်း သူ့အတွက် အတည်ပြုရန် လိုအပ်နေသေးပေသည်။ သို့ဖြစ်၍ သူက အရိပ်လေးအား သူတို့ကို အတင်းအကျပ် ထိန်းချုပ်ခိုင်းလိုက်သည်။

များမကြာမီ အရိပ်လေး၏ ကြိုးစားမှုအောက်မှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ရပ်တန့်သွားသည်။ ဝိုင်ခွက်ကို လှမ်းယူတော့မည့် သူ၏ လက်သည် ဦးတည်ရာပြောင်းလဲသွားပြီး ဟင်းပန်းကန်ကို နှိုက်ရန် တူကို ကောက်ယူလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ ရယ်မောသံများသည် ချက်ချင်း ရပ်တန့်သွားသည်။ မရေမတွက်နိုင်သော အကြည့်များသည် ထိုလူကို တစ်ပြိုင်နက်တည်း ဝိုင်းအုံကြည့်လာကြသည်။

ရွှီချင်း၏ သူငယ်အိမ်သည် ကျုံ့သွားပြီး သူက ထိန်းချုပ်မှုကို ချက်ချင်း ဖြေလွှတ်ပေးလိုက်သည်။

ကျင့်ကြံသူသည် ထိုအရာအားလုံးကို သတိမထားမိပေ။ သူက တူဖြင့် ညှပ်ယူလိုက်သော အသားကို ဟင်းပန်းကန်ပေါ်သို့ အမူအရာမပျက်အောင် ပြန်ချထားလိုက်သည်။ သူက တူကို အောက်ချလိုက်ပြီး ဝိုင်ခွက်ကို လှမ်းယူလိုက်သည်။

သူက စောစောက ရည်ရွယ်ထားသည့်အတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

သူက ဝိုင်ကို တစ်ငုံသောက်ပြီးသောအခါ ဘေးပတ်ဝန်းကျင်မှ လူတိုင်းသည် ပြန်လည်ရယ်မောလိုက်ကြပြီး ဆက်လက် စကားပြောကြသည်။ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားသည်။

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်လေသည်။

သူနားလည်သွားပြီ ဖြစ်သည်။

“ လူတိုင်းရဲ့ လှုပ်ရှားမှုတွေက ဟိုငှက်အတိုင်း ပုံသေကားချက်လိုမျိုး သတ်မှတ်ခံထားရတယ်… ငါတို့က အဲ့ဒီပုံသေကားချက်အတိုင်း လိုက်လံလုပ်ဆောင်ရလိမ့်မယ်… တကယ်လို့ အဲ့လိုလုပ်ဆောင်နေချိန် မတော်တဆမှုတစ်ခု ဖြစ်လာရင်တောင် ကိုယ့်ဘာသာ ပြန်ပြုပြင်ပြီး သတ်မှတ်ထားတဲ့အတိုင်း ပြီးမြောက်အောင် ဆက်လုပ်ဆောင်ရလိမ့်မယ် ”

“ ပြီးတော့ ဒီထူးဆန်းတဲ့ကိစ္စတွေက အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသကို ငါတို့ရောက်လာပြီးမှ စတင်ခဲ့တာ… ”

“ ဒီတောင်တန်းဒေသမှာရှိတဲ့ သက်ရှိအားလုံးရဲ့ ကံကြမ္မာတွေက ပြောင်းလဲခံထားရတယ်… အားလုံးက တစ်စုံတစ်ရာရဲ့ ဆန္ဒအတိုင်း သွားနေတယ် ”

“ ဒါက ပြဇာတ်တစ်ပုဒ်ပဲ ”

“ ငါလည်းပဲ ပြဇာတ်ထဲက ဇာတ်ကောင်တစ်ခုပဲ ”

“ ဒီအကြောင်းကို မသိခင် ငါ့အရင်တုန်းက အတွေးတွေနဲ့ အပြုအမူတွေက ပြဇာတ်ထဲက ဇာတ်ကောင်တစ်ခုရဲ့ အခန်းကဏ္ဍအတိုင်း သွားနေခဲ့တာပဲ ”

“ ဝူကျန်းဝူနဲ့ နင်ယန်က ငါ့ထက် ပိုဆိုးလိမ့်မယ် ”

“ ဒီတလော ခေါင်းမူးတဲ့ဝေဒနာကို ငါခံစားရပြီး ထပ်ဆင့်ပုံရိပ်တွေကို မြင်နေရတာက ငါ့ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ အရာတွေကြောင့် ဖြစ်ရမယ်… နတ်ဘုရားလက်ချောင်းပဲဖြစ်ဖြစ် ခရမ်းလပဲဖြစ်ဖြစ် နတ်ဘုရားတွေနဲ့ သက်ဆိုင်တဲ့အရာတွေပဲ… အဲ့ဒါတွေက ငါ့အပေါ်လွှမ်းမိုးလာတဲ့ စွမ်းအားကို တွန်းဖယ်နေတာဖြစ်မယ်… ဒါကြောင့် ငါက ငှက်တွေ ရပ်နေတာကို မြင်နိုင်တာဖြစ်ပြီး အခုလို စဉ်းစားချင့်ချိန်နိုင်တာ ဖြစ်မယ် ”

“ ပြီးတော့ ခေါင်းဆောင်… ”

ရွှီချင်းသည် တောင်ထိပ်သို့ ကြည့်လိုက်သည်။

“ သူက ဒီအကြောင်းတွေအားလုံးကို သိထားရမယ်… သူက ဇာတ်ကောင်တစ်ခုဖြစ်လာဖို့ သူ့ဘာသာ အရင်လက်ဦးမှုယူခဲ့တယ်… ”

ရွှီချင်းသည် နားလည်သွားပြီ ဖြစ်သည်။ သူက ခေါင်းငုံ့လိုက်ပြီး တိတ်တဆိတ် စောင့်ဆိုင်းသည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားပြီး ကျွေးမွေးပွဲအခမ်းအနားသည် အဆုံးသတ်သို့ ရောက်ရှိလာသည်။ ကောင်းကင်က မည်းမှောင်လာသည့်အခါ လူတစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။

ထိုစဉ် ကျယ်လောင်သော အော်ဟစ်သံသည် တောင်ထိပ်ပေါ်ရှိ အိပ်ခန်းမဆောင်ထဲမှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။

သွေးပျက်ဖွယ်ကောင်းသော ထိုအော်သံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ ယင်းက ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး တိမ်တိုက်များကို အရပ်မျက်နှာအဘက်ဘက်သို့ လွင့်မျောသွားစေသည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းသည် ထပ်မံ မူးဝေလာသည်။ ဘေးပတ်ဝန်းကျင်မှ လူများသည်တော့ ရုတ်တရက် ခေါင်းမော့လိုက်ကြသည်။ သူတို့သည် ရုပ်သေးရုပ်များသဖွယ် အသက်မဲ့လာကြပြီ တောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ကြည့်ရသည်မှာ ထိုနေရာတွင် သတ်မှတ်ထားသော ဇာတ်ညွှန်းနှင့် ကွဲထွက်နေသော အဖြစ်အပျက်တစ်ခု ထွက်ပေါ်လာဟန် ရသည်။

သူတို့ချည်းသာ မဟုတ်ပေ။ ကောင်းကင်ပေါ်မှာ ပျံသန်းနေသော ငှက်များနှင့် မြေပြင်ပေါ်ရှိ သစ်ပင်ပန်းပင်များအပါအဝင် ရွှမ်ယုံဂိုဏ်းအတွင်းရှိ သက်ရှိအားလုံးသည် အိပ်ခန်းမဆောင်ဆီသို့ မျက်နှာမူထားကြသည်။ သူတို့သည် လှုပ်ရှားမှုကင်းမဲ့နေကြသည်။

အိပ်ခန်းမဆောင်ထဲတွင် သွေးပျက်ဖွယ်အော်သံ ထွက်ပေါ်လာပြီးနောက် ခြေသံများ ထွက်ပေါ်လာသည်။ ခေါင်းဆောင်သည် တစ်လှမ်းချင်းလျှောက်လှမ်း၍ ခန်းမဆောင်ထဲမှ ထွက်လာသည်။

သူ၏ လက်ထဲမှာ လူတစ်ယောက်ကို ဆုပ်ကိုင်ထားသည်။ ယင်းက သူ့အရင်ဘဝ၏ ခန္ဓာကိုယ်ဖြစ်သည်။

နောက်ဆုံးမှာတော့ သူက ခန်းမဆောင်အရှေ့မှာ ရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူက ဘေးပတ်ဝန်းကျင်မှ အသက်မဲ့နေကြသော လူတိုင်း၏ အကြည့်များကို လျစ်လျူရှုထားသည်။ သူ၏ အကြည့်က အဝေးမှ ရွှီချင်းထံသို့ ကျရောက်သွားသည်။ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာပြီးလျှင် သူက နူးညံ့စွာ ပြောသည်။

“ ဂျူနီယာညီလေး… မင်း နားလည်ပြီလား ”

သူက စကားပြောပြီးနောက် မက်မွန်သီးတစ်လုံးကို ထုတ်လိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။

All Chapters