← Chapters

နတ်ဘုရားအတွက် ကခုန်ခြင်း… ပါရမီရှင်က ဆုလာဘ်ရမယ်… ပါရမီရှင်မဟုတ်သူက သေဆုံးရမယ်

Vol. 59 Ch. 929

နတ်ဘုရားအတွက် ကခုန်ခြင်း… ပါရမီရှင်က ဆုလာဘ်ရမယ်… ပါရမီရှင်မဟုတ်သူက သေဆုံးရမယ်

Vol. 59 Ch. 929

ရွှီချင်း၏ မူးဝေမှုသည် ဆက်လက် ပြင်းထန်နေဆဲပင်။ သို့သော်လည်း အကြိမ်ရေများစွာ တွေ့ကြုံပြီးနောက် သူက ထိုသို့ခံစားမှုမျိုးကို နေသားကျလာသည်။ ဤအခိုက်အတန့်မှာ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းဆောင်၏ လက်ထဲမှ မက်မွန်သီးကို ကြည့်လိုက်သည်။

ရွှီချင်းသည် ပြုံးလိုက်သည်။

“ ငါနည်းနည်း နားလည်သွားပြီ… အဆုံးမဲ့ကောင်းကင်နွားတောင်တန်းက ပြဇာတ်တစ်ပုဒ်နဲ့ တူတယ် ”

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ ချီးကျူးလေးစားသော အကြည့်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရယ်မောလိုက်ပြီး ပြောသည်။

“အမှန်ပဲ… အဲ့ဒါက ပြဇာတ်ပဲ ”

“ ဂျူနီယာညီလေး… အဲ့ဒါက အနီရောင်လနဲ့ နီလာနတ်သမီးကို ရည်စူးထားတဲ့ဟာပဲ… မင်းနဲ့ငါက ကံကောင်းလို့သာ ဒီပြဇာတ်ထဲမှာ ပါဝင်နိုင်တာ… ဘယ်လောက်ကောင်းလိုက်သလဲ ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ခေါင်းဆောင်၏ စကားထဲမှ အနီရောင်လနှင့် နီလာနတ်သမီးကို သူသတိပြုမိသည်။

“ လဝတ်ပြုဒေသကြီးထဲမှာ ယင်ယန်ပန်းပွင့်ဂိုဏ်းတည်ရှိတဲ့ ဘယ်နေရာမှာမဆို အနီရောင်လနဲ့ နီလာနတ်သမီးရဲ့ အိမ်မက်စွမ်းအားက အဲ့ဒီဧရိယာတစ်ဝိုက်ကို ဖုံးလွှမ်းသွားလိမ့်မယ်… ယင်ယန်ပန်းပွင့်ဂိုဏ်းက အဲ့ဒါကို ပြဇာတ်တစ်ပုဒ်ဖြစ်လာအောင် ဖန်တီးလိမ့်မယ်… နောက်ကျရင် အဲ့ဒါက နတ်ဘုရားရဲ့ အိမ်မက်ဖြစ်လာလိမ့်မယ် ”

ခေါင်းဆောင်သည် ပြုံးလိုက်ပြီး ပြောသည်။

“ အဲ့ဒါက ယင်ယန်ပန်းပွင့်ဂိုဏ်းရဲ့ ယဇ်ပူဇော်အကပဲ ”

ရွှီချင်းသည် ခန့်မှန်းမှုများစွာကို ပြုလုပ်ခဲ့သော်လည်း ယဇ်ပူဇော်အကနှင့်ပတ်သက်ပြီး သူမတွေးမိခဲ့ပေ။ ခေါင်းဆောင်၏ စကားကို ကြားသောအခါ အနည်းငယ် သူစိတ်လှုပ်ရှားသွားသည်။

“ အဲ့ဒီကကြိုးလိပ်ပြာတွေက… ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ကကြိုးလိပ်ပြာတွေဆိုတာ နတ်ဘုရားရဲ့ အိမ်မက်စွမ်းအားကို ငှားယူပြီးနောက် ယဇ်ပူဇော်အကကြောင့် ဖြစ်ပေါ်လာကြတဲ့ အိမ်မက်သတ္တဝါတွေပဲ… သူတို့က သက်ရှိအားလုံးရဲ့ ကံကြမ္မာကို လွှမ်းမိုးနိုင်စွမ်း ရှိတယ် ”

ခေါင်းဆောင်သည် မက်မွန်သီးကို ကိုက်စားနေပြီး သူ၏ အရင်ဘဝမှ ခန္ဓာကိုယ်ကို တခြားလက်တစ်ဖက်မှ သယ်ဆောင်ထားလျက် ရွှီချင်းဆီသို့ လျှောက်သွားသည်။ သူက လမ်းလျှောက်နေရင်း ပြောသည်။

“ အဲ့ဒါတွေက ပုံရိပ်ယောင်ဖြစ်ပြီး အိမ်မက်စွမ်းအားတွေထဲက အမျိုးအစားတစ်ခုဖြစ်တယ်… ပြီးတော့ အဲ့ဒါတွေက နတ်ဘုရားနိုးလာတဲ့အခါ နတ်ဘုရားရဲ့ အသိစိတ်ထဲကို ဒီကပုံပြင်တွေကို လွှဲပြောင်းပေးမယ့် ကြားခံနယ်တစ်ခုလည်း ဟုတ်တယ် ”

ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဤရှင်းပြချက်သည် အစတွင် မယုံကြည်နိုင်စရာကောင်းသော်လည်း သူ၏ မှတ်ဉာဏ်များထဲမှ တချို့ကိစ္စကို ပြန်တွေးကြည့်သည့်အခါ အားလုံးက အဓိပ္ပာယ်ရှိပေသည်။

“ ဒါပေမဲ့ နတ်ဘုရားက မနိုးလာခင် အဲ့ဒီကကြိုးလိပ်ပြာတွေက နေရာဆီ မပြန်နိုင်ကြဘူး… ဒီတော့ သူတို့က ဒီပြဇာတ်ကို နတ်ဘုရားဆီ မပို့ဆောင်နိုင်သေးဘူး ”

“ ငါက ဒီအကြောင်းတွေအားလုံးကို သိထားတာတောင် ဘာဖြစ်လို့ ဇာတ်ကောင်ဖြစ်လာဖို့ ရွေးချယ်ခဲ့တယ်လို့ မင်းထင်လဲ ဂျူနီယာညီလေး ”

ခေါင်းဆောင်သည် ဘဝင်မြင့်သော အမူအရာဖြင့် ရွှီချင်း၏ ဘေးသို့ လျှောက်သွားသည်။

ရွှီချင်း၏ အကြည့်သည် ခေါင်းဆောင်၏ လက်ထဲမှ သူ့အရင်ဘဝ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သူ့မှာ အဖြေရှိပြီးသား ဖြစ်သည်။

“ မင်းရဲ့ အရင်ဘဝက ခန္ဓာကိုယ်ကို မဆုံးရှုံးခဲ့ဘူး… ငါတို့ အရင်က ဝင်ရောက်ခဲ့တဲ့ ဂူသင်္ချိုင်းက တကယ်တော့ အတုပဲ ”

“ စီနီယာအကိုကြီး… အစကတည်းက မင်းပြောထားခဲ့သလိုမျိုး ဂူသင်္ချိုင်းဖောက်သူတွေကို တားဆီးဖို့အတွက် မင်းက အတုအယောင်အစီအရင်တွေကို ကြိုခင်းကျင်းထားခဲ့တယ်… ငါတို့ဝင်သွားခဲ့တဲ့နေရာက တကယ်တော့ အတုအယောင်တွေထဲက တစ်ခုပဲ ”

“ အဲ့ဒီအချိန်တုန်းက အတုအယောင်အစီအရင်ကိုးခုထဲက နောက်ဆုံးနှစ်ခုက ဘယ်လိုပုံစံမျိုးရှိလဲလို့ နင်ယန်က မင်းကို မေးခဲ့တယ် ”

“ အဲ့ဒီအချိန်မှာ မင်းက ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောခဲ့ဘူး… ဘာကြောင့်လဲဆိုတော့ ငါတို့ဆက်သွားခဲ့တဲ့နေရာက အဌမမြောက်အတုအယောင်အစီအရင်ဖြစ်လို့ပဲ… အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသတစ်ခုလုံးကတော့ နဝမမြောက်အတုအယောင်အစီအရင်ပဲ ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။

“ စီနီယာအကိုကြီး… အတိတ်တုန်းက မင်း လူတွေဘယ်လောက်ကိုတောင်မှ ရန်ပြုခဲ့တာလဲ… တစ်ယောက်ယောက်က မင်းရဲ့ အရင်ဘဝက ခန္ဓာကိုယ်ကို ခိုးသွားမှာကို ဘာလို့ အဲ့လောက်တောင် ကြောက်ရတာလဲ ”

ရွှီချင်း၏ စကားကို ကြားသောအခါ ခေါင်းဆောင်သည် အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ ငါ့ဂျူနီယာညီလေးလို့ မျှော်လင့်ထားတဲ့အတိုင်းပါပဲလား… ဟား ဟား မင်းပြောတယ်… အဲ့ဒီဂူသင်္ချိုင်းက အဌမမြောက် အတုအယောင်အစီအရင်ဖြစ်ပြီး… ဒီအဆုံးမဲ့ကောင်းကင်နွားတောင်တန်းက နဝမမြောက် အတုအယောင်အစီအရင်ပဲ ”

“ စီနီယာအကိုကြီး… မင်းက ပိုင်ရှောင်ကျိုးဆီကနေ အကျင့်ဆိုးတွေ တတ်လာတာပဲ… အဖြေကို ကြိုပြောပြထားတာက ကောင်းတဲ့အရာမဟုတ်ဘူး ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

ခေါင်းဆောင်သည် ပြုံးဖြဲဖြဲလုပ်လိုက်သည်။ သူက ထိုနည်းလမ်းကို ပိုင်ရှောင်ကျိုးဆီမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းက သူ့ကို ပိုပြီးအံ့ဩစရာကောင်းစေလိမ့်မည်ဟု သူခံစားမိသည်။

“ ငါ့ရဲ့ တကယ့်သင်္ချိုင်းက ဘယ်မှာရှိလဲ မင်းသိချင်လား ”

ခေါင်းဆောင်သည် ရွှီချင်းကို မျက်စိတစ်ဖက်မှိတ်၍ အချက်ပေးလိုက်သည်။ သူက ရွှီချင်းကို ဆက်ပြီး ခေါင်းစားစေချင်သည်။

ရင်းနှီးသော အမူအရာ၊ ရင်းနှီးသော လူပါးဝပုံနှင့် ရင်းနှီးသော အကျင့်စရိုက်ကြောင့် နောက်ဆုံးမှာတော့ ရွှီချင်းသည် စိတ်သက်သာရာရသွားသည်။ ထို့နောက် သူက တည်တည်ငြိမ်ငြိမ် ပြောသည်။

“ အိမ်မက်ထဲမှာ ”

ရွှီချင်းသည် ခေါင်းဆောင်၏ အလိုကို ဆက်ပြီးမလိုက်နိုင်တော့ပေ။

ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားသည်။ ယင်းက ပျော်စရာမကောင်းတော့ဘူးဟု သူခံစားမိလာသည်။ သူ၏ ချင်းလေးသည် ယခင်ကဲ့သို့ ချစ်စရာမကောင်းတော့ပေ။ သို့သော်လည်း ရွှီချင်းက စိတ်ဆိုးနေကြောင်း သူမြင်နိုင်သည်။

သို့ဖြစ်၍ သူက ရွှီချင်း၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ဂျူနီယာညီလေး… မင်းက ဒါကိုတောင် ခန့်မှန်းနိုင်တယ်ဆိုတော့ အရမ်းအံ့ဩစရာကောင်းတာပဲ ”

“ ငါ့အရင်ဘဝတုန်းက ဆန်းကြယ်တဲ့ အဆင့်မြင့်နတ်ဘုရားတစ်ပါးရဲ့ အကူအညီနဲ့ နီလာနတ်သမီးရဲ့ အိမ်မက်ထဲမှာ ငါ့ခန္ဓာကိုယ်ကို ဖွက်ထားခဲ့တယ်… ပြီးတော့ အဲ့ဒီအိမ်မက်ထဲက ကကြိုးလိပ်ပြာတွေကိုတောင် ဖျက်ဆီးပစ်ခဲ့သေးတယ် ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ခေါင်းဆောင်၏ စကားထဲမှ ဆန်းကြယ်သော အဆင့်မြင့်နတ်ဘုရားသည် သူ၏ စိတ်အာရုံကို ဖမ်းစားသွားသည်။

တစ်ချိန်တည်းမှာ လောကကြီးသည် ပြောင်းလဲသွားသည်။ ဘေးပတ်ဝန်းကျင်ရှိ သက်ရှိအားလုံး၏ အမူအရာသည် အသက်မဲ့နေခြင်းမှ ရက်စက်ကြမ်းကြုတ်ခြင်းသို့ ပြောင်းလဲသွားကြသည်။

သစ်ပင်ပန်းပင်များသော်လည်းကောင်း သို့မဟုတ် ကျောက်တုံးများသော်လည်းကောင်း အရာအားလုံးသည် ဤအခိုက်အတန့်မှာ ပြင်းထန်သော ရက်စက်ကြမ်းကြုတ်ခြင်းကို ထုတ်လွှတ်လာကြသည်။

ရက်စက်ကြမ်းကြုတ်ခြင်း အငွေ့အသက်သည် အရပ်မျက်နှာအသီးသီးမှ စုဝေးသွားကြပြီး အဆုံးမဲ့ကောင်းကင်နွားတောင်တန်းထဲမှာရှိသော အရာအားလုံးထံမှ ပေါက်ကွဲထွက်လာကြသည်။ ၎င်းက စုဝေးသွားပြီးနောက် အသံတစ်သံသို့ ပြောင်းလဲသွားသည်။

“ ထွက်သွား ”

ထိုအသံက မြည်ဟိန်းထွက်လာသည်နှင့် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းတစ်ခုလုံးသည် တစ်ပြိုင်နက်တည်း တုန်ယင်လာသည်။ မြေပြင်သည် တုန်ခါလာပြီး တောင်အောက်ခြေမှ မြို့တော်သည်လည်း လှုပ်ခါလာသည်။

ခေါင်းဆောင်သည် ပြုံးလိုက်သည်။ သို့သော်လည်း သူက ဆန်းကြယ်သော ထိုအဆင့်မြင့်နတ်ဘုရားအကြောင်းကို မပြောသလို ဘေးပတ်ဝန်းကျင်မှ အပြောင်းအလဲများကိုလည်း ဂရုမစိုက်ချေ။ သူက သူ့အရင်ဘဝမှ ခန္ဓာကိုယ်၏ တည်နေရာကို ဆက်လက်ပြောသည်။

“ ငါ့အရင်ဘဝက ခန္ဓာကိုယ်ကို ပြန်ရယူနိုင်မယ့် နည်းလမ်းက အိမ်မက်ထဲကို ဝင်ရောက်မှပဲ လုပ်ဆောင်နိုင်လိမ့်မယ်… အရင်က ငါမင်းကို မပြောပြနိုင်တာက အိမ်မက်ထဲက ဇာတ်ညွှန်းအတိုင်း ငါလုပ်ဆောင်ရမှာဖြစ်လို့ပဲ… ဇာတ်ညွှန်းအတိုင်း လိုက်လုပ်ဆောင်မှပဲ ငါက ပြဇာတ်ထဲက ဇာတ်ကောင်တစ်ကောင် ဖြစ်လာနိုင်မယ် ”

“ ဒါပေမဲ့ ငါမင်းကို သတိပေးခဲ့တယ်မဟုတ်လား… ဒီတော့ အရမ်းစိတ်မဆိုးပါနဲ့ကွာ ”

ခေါင်းဆောင်သည် ပြုံးလိုက်သည်။ သူက သူ၏ လက်ထဲရှိ အရင်ဘဝမှ ခန္ဓာကိုယ်ကို မြှောက်တင်လိုက်သည်။

“ ကြည့်စမ်း… ငါ့ရည်ရွယ်ချက်က ဒီဟာ ဖြစ်နေတုန်းပဲ… ဘာလို့လဲဆိုတော့ အိမ်မက်ထဲရောက်နေတဲ့ ငါ့အရင်ဘဝက ခန္ဓာကိုယ်ကို ပြန်ရယူဖို့ဆိုရင် ဒီဟာကို လိုအပ်တယ်… ဒီဟာရဲ့ မူလခန္ဓာကိုယ်က ဘာလဲဆိုတာ လုံးဝ မင်းခန့်မှန်းနိုင်မှာမဟုတ်ဘူး ”

ခေါင်းဆောင်က စကားဆုံးသွားသည်နှင့် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ချက်ချင်း ဝှေ့ယမ်းလိုက်သည်။ ရုတ်တရုက် သူ၏ အရင်ဘဝမှ ခန္ဓာကိုယ်သည် အနက်ရောင်အရည်သို့ ပေါက်ကွဲထွက်သွားသည်။ မကြာမီ ပုပ်သိုးနေသော ကကြိုးလိပ်ပြာတစ်ကောင်သည် အနက်ရောင်အရည်ထဲမှ ပေါ်ထွက်လာသည်။

လိပ်ပြာသည် ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းသည် ယခုမှ မွေးဖွားလာခြင်းမဟုတ်ဘဲ နှစ်ပေါင်းအတော်ကြာ တည်ရှိနေခဲ့ခြင်းဖြစ်သည်မှာ ရှင်းလင်းသည်။ ၎င်း၏ ဖုန်းကွယ်ခြင်းအစွမ်းသည် အလွန်မြင့်မားသည်။ ၎င်းက နီလာနတ်သမီး၏ အာရုံခံမှုအောက်မှာ လွတ်မြောက်နိုင်စွမ်းရှိဟန် ရသည်။

ဤသည်မှာ သော့ဖြစ်သည်။

ထိုကကြိုးလိပ်ပြာပေါ်ထွက်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်သည် တုန်ယင်လာသည်။ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များသည် အနောက်သို့ တလိပ်လိပ် ရွေ့လျားသွားကြသည်။ အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသသည် ပိုပြီးပြင်းထန်စွာ တုန်လှုပ်လာသည်။ ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော သက်ရှိများသည် ရုန်းကန်သော အမူအရာကို ထုတ်ဖော်လာကြပြီး နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

ကျောက်တုံးများသည် ပြိုလဲပျက်စီးသွားကြပြီး သစ်ပင်များသည် ပြိုကျသွားကြသည်။

အရာအားလုံးသည် တစ်ဒင်္ဂအတွင်း ပြောင်းလဲသွားသည်။ ထိတ်လန့်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျတစ်ခုသည် ယင်ယန်ပန်းပွင့်ဂိုဏ်းထံမှ ပျံ့လွင့်ထွက်လာသည်။ ဒေါသတကြီး အော်ဟိန်းသံသည်လည်း လောကတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။

“ ထတော့… ထတော့ ”

ထိုအသံထွက်ပေါ်လာသည်နှင့် သက်ရှိအားလုံး၏ ရုန်းကန်လှုပ်ရှားမှုသည် ပိုပြီးပြင်းထန်လာသည်။

ဤသည်မှာ ထိုအဖြစ်အပျက်ကို ဖန်တီးခဲ့သော ယဇ်ပူဇော်အကသမားက ခေါင်းဆောင်၏ အစီအစဉ်ကို နှောင့်ယှက်ရန် အိမ်မက်ကို အဆုံးသတ်ချင်ပြီး အရာအားလုံးကို ပြန်စတင်ချင်နေသည့်အလားပင်။

“ အရမ်းနောက်ကျသွားပြီ ”

ခေါင်းဆောင်သည် ရယ်မောလိုက်သည်။ သူက လက်ထဲမှ သော့ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။

“ ပွင့်စမ်း ”

ချက်ချင်းဆိုသလို ကောင်းကင်သည် တုန်ယင်လာပြီး ကျယ်လောင်သော ဝုန်းခနဲမြည်သံသည် တိမ်တိုက်များတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ လောကကြီးက ထက်ခြမ်းကွဲသွားသည့်အလားပင်။ ထွက်ပေါ်လာသော မြည်ဟိန်းသံများသည် ကောင်းကင်ဘုံမိုးကြိုးထက်ပင် ပိုပြီးကျယ်လောင်သည်။

လောကကြီးက ဆက်လက် ပေါက်ကွဲသွားသည်နှင့် ကြီးမားသော အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

ထိုအက်ကွဲကြောင်းသည် အစပိုင်းတွင် မကြီးမားပေ။ သို့သော်လည်း ၎င်းက ပေါက်ကွဲသံများကြားထဲမှာ ဆက်လက်ကျယ်ပြန့်လာသည်။ နောက်ဆုံးတွင် ၎င်းက အမှတ်အသားတစ်ခုပမာ ကောင်းကင်ပေါ်မှာ ဖွင့်လှစ်သွားသည်။

ယိုယွင်းပျက်စီးခြင်းအရှိန်အဝါသည် အက်ကွဲကြောင်းထဲမှ ပျံ့လွင့်ထွက်လာသည်။ ၎င်းက နှစ်အတော်ကြာ ပုန်းကွယ်ခံထားရသည့်အလားပင်။ ကံကြမ္မာအတတ်အကျ၏ အချိန်စွမ်းအားသည် ထိုအခိုက်အတန့်မှာ ထွက်ပေါ်လာတော့မည့်ဟန် ရ၏။

ကောင်းကင်နှင့် မြေပြင်သည် ပြိုလဲပျက်စီးတော့မည့် လက္ခဏာများ ပြလာသည်။ အပြာရောင်ခေါင်းတလားတစ်ခုသည် အက်ကွဲကြောင်းထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ခေါင်းတလားကို သံမဏိ သို့မဟုတ် သစ်သားဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ယင်းအစား အပြာရောင်ရေခဲဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ရေခဲခေါင်းတလားထဲတွင် ပုံရိပ်တစ်ခု လဲလျောင်းနေသည်။ သူက ခမ်းနားထည်ဝါသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံပေါ်တွင် ရွှေရောင်ပန်းပွင့်များကို ဇာထိုးထားသည်။ သူက ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး သူ၏ အမူအရာသည် ဂုဏ်ကျက်သရေဖြင့် ပြည့်နှက်နေသည်။ သူ၏ ညာလက်သည် ကျိုင်းတုတ်တစ်ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ထိုသူ၏ ထွက်ပေါ်လာမှုသည် ကောင်းကင်ကို ပေါက်ကွဲသွားစေပြီး မြေပြင်ကို ပြိုကျပျက်စီးသွားစေသည်။ သွေးပျက်ဖွယ်ကောင်းသော ညည်းညူသံသည် ယင်ယန်ပန်းပွင့်ဂိုဏ်းထဲမှ ပျံ့လွင့်ထွက်လာသည်။

“ ရှေးဦးယဇ်ပူဇော်အကကျိုင်းတုတ် ”

“ မင်းက မဟာယဇ်ပူဇော်အကသမားပဲ ”

သူ၏ စကားသံက ပဲ့တင်ထပ်သွားသောအခါ ယင်ယန်ပန်းပွင့်ဂိုဏ်းထဲမှ ရောင်စုံဝတ်စုံဝတ် အဖိုးအို၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးထဲမှာ အကြောက်တရားက ထွက်ပေါ်လာသည့်အခါ သူနှင့် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းထဲရှိ သက်ရှိအားလုံး၏ ပုံရိပ်များနှင့် ဆက်သွယ်ထားသော ကံတရားကြိုးမျှင်များကို မြန်ဆန်စွာ ဖြတ်တောက်ပစ်လိုက်သည်။

ယဇ်ပူဇော်အကသမားအနေဖြင့် မဟာယစ်ပူဇော်အကသမားကို ရှင်းလင်းစွာ သူနားလည်သည်။ သူက သန်မာပုံရသော်လည်း အမှန်မှာတော့ အလွန်နုနယ်ပေသည်။ သူက သန်မာရသည့်အကြောင်းအရင်းမှာ နတ်ဘုရားများအတွက် အိမ်မက်များကို ဖန်တီးပေးနိုင်သော စွမ်းရည်ကြောင့် ဖြစ်သည်။ သူ၏ အားနားချက်သည်လည်း ထိုအချက်သာ ဖြစ်သည်။

သူ၏ အိမ်မက်ဖန်တီးခြင်းလုပ်ငန်းစဉ်က ပုံမှန်အတိုင်း အဆုံးသတ်သွားမည်ဆိုလျှင် ယစ်ပူဇော်အကသမားအနေဖြင့် သူ၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သူက နှောင့်ယှက်ခံရမည်ဆိုလျှင် တန်ပြန်ဆိုးကျိုးကို ခံစားရပေလိမ့်မည်။

ယဇ်ပူဇော်အကသည် ထူးခြားသော ရိုးရာဓလေ့တစ်ခု ဖြစ်သည်။

ယဇ်ပူဇော်ကပြခြင်းနှင့် သူ့ကြားမှ ဆက်သွယ်မှုကို သူကိုယ်တိုင် ဖြစ်တောက်ပစ်ခြင်းနှင့် တစ်စုံတစ်ရာကြောင့် အတင်းအဓမ္မဖြတ်တောက်ခံရခြင်းကြားမှ ခြားနားမှုသည် မိုးနှင့်မြေပမာ ကွာခြားသည်။

သူက အရင်လက်ဦးမှုရယူကာ အိမ်မက်ကို ချိုးဖောက်ပြီး အားလုံးကို ပြန်နိုးထစေမည် ဖြစ်သည်။ ထို့အတွက် တန်ပြန်ဆိုးကျိုးကို ခံစားရမည်ဖြစ်သော်လည်း ယင်းက သူတောင့်ခံနိုင်သော အတိုင်းအတာအတွင်းမှာ ရှိသည်။

သို့ဖြစ်၍ စောစောတုန်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသွားသောအခါ သူ၏ ပထမဆုံး အတွေးသည် သက်ရှိအားလုံးကို အရင်ဦးစွာ နှိုးရန်ဖြစ်ပြီး အိမ်မက်ဖန်တီးခြင်းကို ရပ်တန့်မည် ဖြစ်သည်။

သို့သော်လည်း အိမ်မက်ဖန်တီးခြင်းက တစ်စုံတစ်ရာကြောင့် အတင်းအကျပ် နှောင့်ယှက်ခံလိုက်ရမည်ဆိုလျှင် ရလဒ်သည် လုံးဝခြားနားသွားလိမ့်မည်။ သူက သက်ရှိအားလုံး၏ ပျက်စီးခြင်း၊ ကမ္မနှင့် နတ်ဘုရားအိမ်မက်ပျက်စီးခြင်း၏ တန်ပြန်ဆိုးကျိုးများ အစရှိသည်တို့ကို တစ်ပြိုင်နက် ခံစားရလိမ့်မည်။

သူက ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူဖြစ်လျှင်ပင် ထိုအရာအားလုံးကို မတောင့်ခံနိုင်ပေ။

ယင်းက အပြင်လူများ အလွယ်တကူ ပြုလုပ်နိုင်သောအရာမျိုး မဟုတ်ပေ။

မဟာယဇ်ပူဇော်အကသမားကို ကိုယ်စားပြုသော ကျိုင်းတုတ်ကို မြင်လိုက်ရသောအခါ လုံးဝ သူကြောက်လန့်သွားသည်။

သို့သော်လည်း သူ့မှာ အိမ်မက်ဖန်တီးခြင်းကို အရင်ဦးစွာ ဖြတ်တောက်ပစ်ရန် အချိန်မရှိတော့ပေ။ ခေါင်းတလားပေါ်ထွက်လာသည့်အခိုက် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထူးဆန်းသောအလင်း ထွက်ပေါ်လာပြီး အော်ပြောလိုက်သည်။

“ ဂျူနီယာညီလေး… မင်းရဲ့စွမ်းအားကို ထုတ်လွှတ်ပြီး ငါ့ခေါင်းတလားထဲက ကျိုင်းတုတ်နဲ့ ပေါင်းစပ်ပါ… ပြီးသွားရင် ကံကြမ္မာပြောင်းလဲခံထားရတဲ့ သက်ရှိအားလုံးကို နိုးထလာအောင် လုပ်ပါ ”

ခေါင်းဆောင်က အသေးစိတ် မပြောပြသော်လည်း ရွှီချင်းသည် ခေါင်းဆောင်၏ ဆိုလိုရင်းကို နားလည်သည်။ သူက သူ၏ ခရမ်းလစွမ်းအားကို အသုံးပြုစေလိုခြင်း ဖြစ်သည်။

သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး မူးဝေခြင်းဝေဒနာကို တောင့်ခံလျက် ရေခဲခေါင်းတလား၏ အပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး ကျိုင်းတုတ်အပေါ်သို့ ဖိချလိုက်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလစွမ်းအားသည် အပြင်းအထန် ပေါက်ကွဲထွက်လာသည်။ ယင်းက ရေခဲတုံးကို ခရမ်းရောင်သို့ ပြောင်းလဲသွားစေသည်။

ခေါင်းဆောင်က ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်သည့်အခါ ရေခဲခေါင်းတလားသည် တုန်ယင်လာပြီး ခရမ်းလစွမ်းအားသည် ကျိုင်းတုတ်ထဲသို့ ချက်ချင်း ပေါင်းစပ်သွားသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ ကျယ်ပြောသော စွမ်းအင်က သူ၏ ဝိညာဉ်ကို ခွန်အားတိုးမြှင့်ပေးနေသည်ဟု ခံစားရလာသည်။ သူ၏ မူးဝေသော ခံစားမှုက ပျောက်ကွယ်သွားပြီး အသိစိတ်က ကြည်လင်ရှင်းလင်းလာသည်။ သူ၏ အရှေ့မှ လောကကို မြူခိုးအလွှာတစ်ခုက လွှမ်းခြုံထားသည်။

ချည်မျှင်များသည် သက်ရှိအားလုံး၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာနေပြီး ယင်းတို့အားလုံးက ယင်ယန်ပန်းပွင့်ဂိုဏ်းတည်ရှိရာ တောင်ထွတ်နှင့် ဆက်သွယ်နေသည်။

တစ်ချိန်တည်းမှာ ချည်မျှင်များပေါ်၌ အနားယူနေကြသော ကကြိုးလိပ်ပြာများကိုလည်း သူမြင်ရလာသည်။ ၎င်းတို့သည် အရေအတွက်အလွန်များပြားပြီး တစ်ကောင်နှင့်တစ်ကောင် အရွယ်အစား မတူညီကြချေ။ ၎င်းတို့က သက်ရှိများထံမှ စွမ်းအားကို အစဉ်မပြတ် စုပ်ယူနေကြပြီး ပိုပြီးသန်မာလာကြသည်။

“ နိုးထတော့ ”

ခရမ်းရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး သူက တည်ငြိမ်စွာ ပြောသည်။

သူ၏ ပါးစပ်ထဲမှ ထိုစကားလုံးနှစ်လုံး ထွက်ပေါ်လာသည့်အခါ မိုးကြိုးသန်းပေါင်းများစွာက တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားသည့်အလား ချည်မျှင်အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး အဆုံးကောင်းကင်နွားတောင်တန်းဒေသအတွင်းမှ သက်ရှိအားလုံး၏ နှလုံးသားထဲသို့ ပဲ့တင်ထပ်သွားစေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သေမျိုးများသည် တုန်ယင်သွားကြပြီး ချက်ချင်း နိုးထလာကြသည်။ တစ်ခဏကြာ စိတ်ရှုပ်ထွေးပြီးနောက် သူတို့၏ အမူအရာသည် ချောက်ချားမှုသို့ ပြောင်းလဲသွားကြပြီး အနောက်သို့ အလိုအလျောက် ဆုတ်သွားကြသည်။

တာအိုလက်တွဲဖော်ဖြစ်ပြီးသူများ၏ မျက်နှာပေါ်မှာ ထိတ်လန့်မှုများ ထွက်ပေါ်လာကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် လုံးဝမသိကြပေ။

သွေးသောက်ညီအကိုများသည် တုန်လှုပ်သွားကြသည်။ သူတို့သည် တစ်ခါတုန်းက ကမ္ဘာ့ရန်ဘက်များ ဖြစ်ခဲ့ကြသည်။

မိသားစုဝင်များသည် လန့်ဖျပ်သွားကြသည်။ သူတို့ကြားတွင် သွေားသားတော်စပ်မှုမရှိပေ။

ဤသည်မှာ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ မူလကံကြမ္မာကို ပြန်လည်ရရှိလာကြသည့် သက်ရှိများ၏ အရေအတွက်သည် ပိုမိုများပြားလာသည်။ သူတို့သည် နိုးထလာကြပြီး အားလုံးကို ပြန်မှတ်မိလာကြသည်။

ယင်းသည် ဂိုဏ်းများမှာလည်း အတူတူဖြစ်သည်။ ယင်ယန်ပန်းပွင့်ဂိုဏ်းသည်ပင် ထိုအဖြစ်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ဂိုဏ်းအတွင်းရှိ တပည့်တချို့သည် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းမှ ဒေသခံများမဟုတ်ကြပေ။

သူတို့က ဤနေရာကို ဖြတ်သန်းသွားရုံမျှသာဖြစ်ပြီး ဘာမှမသိဘဲ တပည့်ဖြစ်လာကြခြင်း ဖြစ်သည်။

ယွင်ရှသည်တော့ ဤအခိုက်အတန့်မှာ တုန်ယင်နေသည်။ သူ၏ ဆံပင်သည် ဖရိုဖရဲဖြစ်နေပြီး ရုတ်တရက် ခေါင်းမော့လိုက်ကာ တောင်ထွတ်ပေါ်သို့ ကြည့်လိုက်သည်။

သူက ဂိုဏ်းခေါင်းဆောင်မဟုတ်ပေ။ သူက ဂိုဏ်းဘိုးဘေး၏ သမီးလည်းမဟုတ်ပေ။ အမှန်မှာ ယင်ယန်ပန်းပွင့်ဂိုဏ်းသည် သူ၏ ရန်သူဖြစ်သည်။

အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသအတွင်းရှိ သက်ရှိအားလုံးသည် ပြန်နိုးထလာကြပြီး သူတို့၏ ချည်မျှင်များက ပြတ်တောက်သွားကြသည်။ အိမ်မက်သည် အဆုံးသတ်သွားပြီ ဖြစ်သည်။

သက်ရှိအားလုံးထံမှ ကမ္မ၊ တန်ပြန်ဆိုးကျိုးနှင့် နတ်ဘုရား၏ အိမ်မက်ပျက်စီးခြင်းမှ တန်ပြန်သက်ရောက်မှု အစရှိသော ဆိုးကျိုးအားလုံးသည် ယဇ်ပူဇော်အကသမားထံသို့ စုဝေးသွားကြသည်။

နှလုံးကွဲကြေသော ငိုကြွေးသံသည် ကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ဂူထဲမှ အဖိုးအိုသည် စိတ်ပျက်အားလျော့မှုဖြင့် ပြည့်နှက်နေသည်။ သူက ရုန်းကန်ချင်သော်လည်း ယင်းက အသုံးမဝင်ပေ။ ပြတ်တောက်သွားသော ချည်မျှင်များသည် ကကြိုးလိပ်ပြာများသို့ ပြောင်းလဲသွားကြပြီး သူ့ကို ဝါးမျိုကိုက်စားနေကြသည်။

အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသအတွင်းရှိ သက်ရှိအရေအတွက်ဖြင့် ကြည့်မည်ဆိုလျှင် ကကြိုးလိပ်ပြာများ၏ အရေအတွက်သည် မရေမတွက်နိုင်အောင် များပြားလှသည်။

အတုယောင်လောကနှင့် အစစ်အမှန်လောကကြားမှ အဆုံးမဲ့သော ကကြိုးလိပ်ပြာများသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားကြပြီး ရူးသွပ်စွာ ကိုက်စားနေကြသည်။

သူ၏ ခန္ဓာကိုယ်သည် ပုပ်သိုးလာပြီး သာမန်မျက်စိဖြင့် မြင်နိုင်သောအလျင်ဖြင့် ပျောက်ကွယ်နေသည်။ သူ့ကို အဓိကစိတ်ပျက်စေသည့် အရာမှာ နတ်ဘုရား၏ အိမ်မက်ပျက်စီးသွားခြင်းမှ တန်ပြန်သက်ရောက်မှု ဖြစ်သည်။ ဤသည်မှာ သူခုခံနိုင်သောအရာ မဟုတ်ပေ။

တန်ပြန်သက်ရောက်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာသည် ရူးသွပ်စွာ ထကြွလာပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လွှမ်းမိုးသွားသည်။ ကျိန်စာထကြွမှု၏ နာကျင်မှုသည် သူ့အား ရူးသွပ်သွားစေရန် လုံလောက်သည်။

သူက မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပြီး နတ်ဘုရားထံသို့ အသနားခံသည့်တိုင် ယင်းက အသုံးမဝင်ပေ။

နောက်ဆုံးမှာတော့ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အဆုံးမရှိသော ကကြိုးလိပ်ပြာများ၏ ဝါးမျိုကိုက်စားမှုနှင့် နတ်ဘုရားအိမ်မက်၏ တန်ပြန်သက်ရောက်မှုကြောင့် သူ၏ တစ်ကိုယ်လုံးသည် သွေးရည်သို့ ပြောင်းလဲသွားပြီး လှိုင်ဂူ၏ မြေပြင်ပေါ်မှာ ပြန့်ကျဲသွားသည်။

ဧကရာဇ်အတွက် ကပြဖျော်ဖြေရာတွင် ပါရမီရှင်များသည် ဆုလာဘ်ချီးမြှင့်ခံရမည်ဖြစ်ပြီး ပါရမီရှင်မဟုတ်သူများသည် သေဆုံးရလိမ့်မည် ဖြစ်သည်။

နတ်ဘုရားများကို ကပြဖျော်ဖြေရာတွင် ထိုထက်ပိုပြီး ဆိုးဝါးပေသည်။

All Chapters