ရန်သူ့ကို ဓါးဖြင့်သတ်ဖြတ်!
Vol. 20 Ch. 267
"ဟာ..."
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
"ငါ... အိပ်မက်မက်နေတာများလား?"
"ဒါက.. တစ်ကယ့်ကို အံ့ဖွယ်ပဲ"
အဝေးရှိစောင့်ကြည့်နေသူများသည် အဆိုပါမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ အသက်ပြင်းပြင်းရှုရှိုက်လိုက်မိကြသည်။ သူတို့ဟာ မျက်ဝန်းများပြူးကျယ်နေပြီး အံ့အားတသင့်ရေရွတ်မိလိုက်ကြလေသည်။
တာအိုအင်မော်တယ်အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်က တာအိုနတ်ဘုရားအဆင့် စွမ်းအားရှင်တစ်ယောက်ကို တကယ်ကြီး အနိုင်တိုက်ခဲ့ပေသည်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
ထိတ်လန့်ဖွယ်မြင်ကွင်းက ရှိနေကြသော ကျင့်ကြံသူများ၏ ကမ္ဘာကြီးအပေါ်အမြင်များကို ပြိုကျပျက်စီးသွားစေခဲ့သည်။ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် မှင်သေသေအမူအရာဖြင့် လှည့်ကြည့်မိလိုက်ကြလေသည်။
ဖူမေကလည်း အသက်ရှုနှုန်းများ မြန်ဆန်လာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပေတော့သည်။ သူမ၏ လှပသောမျက်ဝန်းများအတွင်း၌ အကြောက်တရား၏ အရိပ်အယောင်များရှိနေခဲ့သည်။
မူလက သူမသည် ရှန်ရှန့်ကျုံဂိုဏ်းတွင် တာအိုနတ်ဘုရားတစ်ပါးကို ရင်ဆိုင်နိုင်သည့် လျှို့ဝှက်ဆန်းပြားသော ဝှက်ဖဲတစ်ခုရှိလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့ပါသော်လည်း အဆိုပါဝှက်ဖဲမှာ တာအိုအင်မော်တယ် အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ဟူ၍တော့ သူမဘယ်တုန်းကမှ မတွေးထင်ခဲ့ဖူးပေ။ ယဲ့တောက်ရွှမ်းကို တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ယောက်က တစ်ကယ်ကြီး အနိုင်ယူခဲ့ပေသည်။
ထျန်းလန်အလယ်ပိုင်းဒေသရှိ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၅ စုမှ အကြီးအကဲဖြစ်သည့်အလျောက် ဖူမေက သာမန်လူများထက် ပိုပြီးသိလေသည်။ ယဲ့တောက်ရွှမ်က တာအိုနတ်ဘုရားအဆင့်ကို လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရောက်ရှိခဲ့ကြောင်းကို ဖူမေတစ်ယောက်သိရှိထားသည်။ ထိုကဲ့သို့သော သန်မာသည့်သူတစ်ယောက်က စုန့်ချယ်ရဲ့အန်ိုင်ယူခြင်းကို တစ်ကယ်ကြီး ခံလိုက်ရတာလား။
ထိုမြင်ကွင်းကို ကိုယ်ပိုင်မျက်လုံးဖြင့် မြင်တွေ့ခွင့်မရပါက ဘယ်သူကမှ ယုံကြည်ကြမှာမဟုတ်ပေ။
လေထုထဲတွင် မတ်တက်ရပ်နေသော စုန့်ချယ်သည် လူအများ၏ ထိတ်လန့်မှုများကို လျစ်လျူရှုထားခဲ့သည်။ သူဟာ အသက်ကိုပြင်းပြင်းရှုရှိုက်လိုက်ပြီး ကောင်းကင်ဘုံဆေဘာဓါးကို ပင့်မြှောက်လျက် ယဲ့တောက်ရွှမ်းကို အဆုံးသတ်ရန် ပြင်ဆင်လိုက်သည်။
"သေစမ်း....."
ဤအချိန်တွင် ဒေါသတကြီးအော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းအော်ဟစ်သံမှာ ထိတ်လန့်မှုမှ ပြန်လည်သတိဝင်လာခဲ့သော ရှောင်းယွင်ထံမှ ဖြစ်သည်။ သူဟာ လေထုအတွင်းဖမ်းဆုပ်လိုက်သည့်အခါ သွေးနီရောင်ဓါးရှည်တစ်လက် ထွက်ပေါ်လာခဲ့သည်။ အဆိုပါဓါးရှည်၏ အရှိန်အဝါများက လေထုအတွင်း ပျံ့လွင့်လာခဲ့လေသည်။ စွမ်းအားကြီးမားသော ဓါးအရှိန်အဝါများသည် စုန့်ချယ်ထံသို့ ဦးတည်ဝင်ရောက်လာခဲ့သည်။
ထက်မြသော ဓါးစွမ်းအင်များက ကောင်းကင်ယံထိအောင် မြင့်တက်သွားပြီး ကောင်းကင်ကြီးတစ်ခုလုံးကို တစ်စစီ ဆုပ်ဖြဲလိုက်လေသည်။ ကြယ်ကြွေသကဲ့သို့ လွန်စွာတောက်ပသော အေးစက်စက်အလင်းတန်းကြီးတစ်ခု ဖြစ်တည်လာခဲ့လေသည်။
ရှောင်းယွင်၏ ဓါးချက်ကိုတွေ့မြင်လိုက်ရသည့်အခါ စုန့်ချယ်၏ အမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။ သူဟာ ယဲ့တောက်ရွှမ်းလောက်အခြေအနေမဆိုးသော်လည်း သူ၏ခန္ဓာကိုယ်တွင်း၌ စွမ်းအားအနည်းငယ်သာ ကျန်ရှိတော့သည်။ ဤမျှလောက်သော ကြောက်လန့်ဖွယ်ဓါးချက်ကြီးကို သူအဘယ်မှာ ခုခံနိုင်ပါမည်နည်း။
သို့ပါသော်လည်း သူဟာ သေခြင်းကို ထိုင်စောင့်မနေခဲ့ဘဲ သူ့ကိုယ်တွင်းရှိ ကျန်ရှိနေသေးသော စွမ်းအားများကို နှိုးဆွလိုက်ပြီး တိုက်ကွက်တစ်ခုပြုလုပ်ရန် အစွမ်းကုန်ပြင်ဆင်လိုက်လေသည်။ သူအသက်ရှင်နိုင် ၊မရှင်နိုင်ကိုတော့ ကံတရားအပေါ်သာ ပုံအပ်ရပေမည်။
လက်ရှိစုန့်ချယ်၏ အခြေအနေကို တွေ့မြင်လိုက်ရသည့်အခါ ရှောင်းယွင်သည် ယဲ့တောက်ရွှမ်း၏ ဒဏ်ရာများကို အလေးမပေးတော့ဘဲ စုန့်ချယ်ကိုသာ တိုက်ရိုက်သတ်ဖြတ်ရန် ကြိုးပမ်းလိုက်လေသည်။
ယဲ့တောက်ရွှမ်းသည် သူ၏ မိတ်ဆွေဟောင်းကြီးဖြစ်သော်လည်း သူသေလျှင်လည်းသေသေပဲပေါ့။ ဤကဲ့သို့သော ကျင့်ကြံရေးလောကကြီးတွင် တာအိုမိတ်ဆွေတစ်ယောက်သေခြင်းက သာမန်ဖြစ်စဥ်မျှသာဖြစ်လေသည်။
စုန့်ချယ်က တာအိုနတ်ဘုရားတစ်ပါးကို တာအိုအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံဆင့်ဖြင့် ရင်ဆိုင်နိုင်ခဲ့ပြီး သတ်နိုင်လုနီးပါးထိဖြစ်ခဲ့သည်။ ရှောင်းယွင်ကတောင်မှ ဤအချိန်တွင် ကောင်းကင်ဘုံကို အံတုနိုင်သော စုန့်ချယ်၏ တိုက်ပွဲဝင်စွမ်းအားကို ထိတ်လန့်နေရပြီဖြစ်သည်။
ဘယ်အခြေအနေမျိုးမှာ ဖြစ်ပါစေ.. စုန့်ချယ်တစ်ယောက် သေကိုသေရမည်။ ရှန်ရှန့်ကျုံဂိုဏ်းကိုလည်း ဖျက်စီးပစ်ရမည်။
ထိုသို့ဖြစ်မှသာလျှင် သူတို့ရှောင်းမိသားစုလည်း စိတ်အေးလက်အေး ရှိမှာဖြစ်သည်။ ဒီလိုမှမဟုတ်ဘဲ မကောင်းဆိုးဝါးဆန်သော စုန့်ချယ်တစ်ယောက် တာအိုနတ်ဘုရားအဆင့်ကို ရောက်ရှိသွားပါက ရှောင်းယွင်ကတောင်မှ သူ့ကိုတားဆီးနိုင်မှာမဟုတ်တော့ပေ။
"အဘယ်ကြောင့်ဖြစ်တည်ပြီး.. အဘယ့်ကြောင့်ပျက်စီးရပါသနည်း... ဤအကြောင်းကို ဓါးလမ်းစဥ်ဖြင့် အဖြေရှာကြပါစို့"
ဤကဲ့သို့သော ထူးခြားသည့် အချိန်ကာလတွင် အက်ရှသောအသံတစ်သံသည် ကောင်းကင်ယံထက်မှ ထွက်ပေါ်လာခဲ့လေသည်။ အဆိုပါအသံနှင့် တစ်ဆက်တည်း ဆိုသလိုပင် အေးစက်သော ဓါးအလင်းတန်းတစ်ခုလည်း ရောက်ရှိလာခဲ့ပေသည်။
ဘုံး......
ကြောက်မက်ဖွယ်ကောင်းသော ဓါးအလင်းတန်းကြီးနှစ်ခုသည် ထိပ်တိုက်ရင်ဆိုင်မိသွားကြသည်။ တစ်ခဏအတွင်းမှာ ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်လာပြီး အနီးနားရှိ တောင်တန်းများဟာ တစ်စစီ ပျက်စီးသွားရလေသည်။ ကျောက်စကျောက်နများ လွင့်ပျံထွက်လာကာ မြူခိုးမြူငွေ့များလည်း ဖြစ်တည်လာခဲ့သည်။ အဝေးရှိစောင့်ကြည့်နေသူများမှာ ပို၍တောင်ထိတ်လန့်သွားကြတော့သည်။ အဆိုပါပေါက်ကွဲသံကြီးဟာ နားကွဲလုမတတ် ကျယ်လောင်ခဲ့တာကြောင့် သူတို့၏နားမှ သွေးများပင် စီးကျလာခဲ့လေသည်။
မရေမတွက်နိူင်သော အေးစက်သည့် ဓါးချီစွမ်းအင်များသည် အရပ်မျက်နှာအသီးသီးသို့ ပျံနှံ့သွားခဲ့လေသည်။ မြေပြင်၌ ကြီးမားသော အက်ကွဲကြောင်းကြီးများ ဖြစ်တည်လာခဲ့လေသည်။
စုန့်ချယ်သတ်ဖြတ်ခံရမှာကို စောင့်နေခဲ့သော ယဲ့တောက်ရွှမ်သည် ပြင်းထန်သော ဓါးစွမ်းအင်များသူ့ဆီသို့ ဝင်ရောက်လာတာကို တွေ့မြင်လိုက်ရလေသည်။ ထိုဖြစ်စဥ်မှာ ရောက်ရှိလာသော ထူးခြားဆန်းပြားသည့် ပုဂ္ဂိုလ်၏ ရည်ရွယ်ချက်ရှိရှိ ပြုမူဆောင်ရွက်ချက်လား? မတော်တဆဖြစ်စဥ်လားဆိုတာကိုတော့ သူကိုယ်တိုင်လည်း မသိပါပေ။
သို့ပါသော်လည်း ဤအချိန်တွင် ယဲ့တောက်ရွှမ်၏ နှဖူးထက်မှ ချွေးအေးများထွက်လာခဲ့ပြီး သူဟာ နောက်ဆုံးသောခွန်အားကို အသုံးပြုလျက် ကျရောက်လာသော ဓါးချီများကို ခုခံရန်ကြိုးစားလိုက်လေသည်။
သို့ပေသိ သူဟာ ခြေကုန်လက်ပမ်းကျနေခဲ့ပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓါးချီများကို သူအဘယ်မှာလျင် ခုခံနိုင်မည်နည်း။ အံ့အားသင့်စရာမရှိဘဲ ဓါးချီများသည် ယဲ့တောက်ရွှမ်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းသွားကာ သူ၏ ဦးခေါင်း ၊ လက်များနှင့် ခြေထောက်များကို ဖြတ်တောက်လိုက်လေသည်။ ခန္ဓာကိုယ်တစ်ခုလုံးဟာ ဓါးချီစွမ်းအင်များဖြင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့လေသည်။
ယဲ့တောက်ရွှမ်သာ မူလအခြေအနေတွင် ရှိနေမည်ဆိုပါက သူ၏ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုလျက် အဆိုပါဓါးချီများကို ခုခံနိုင်ဦးမှာ ဖြစ်သည်။ သို့ပါသော်လည်း သူဟာ ဝှက်ဖဲအားလုံးကို အသုံးပြုခဲ့ပြီး သူ၏ခန္ဓာကိုယ်ကလည်း ခြေကုန်လက်ပမ်းကျနေခဲ့သည်။ တိုက်ပွဲအပြီးတွင် သူဟာဓါးချီများကို ခုခံနိုင်သည့်စွမ်းအား မရှိခဲ့ပါပေ။ ကြီးမြတ်သော တာအိုန်တ်ဘုရားတစ်ပါးသည် ပြိုင်ဘက်၏ လက်အတွင်းသေဆုံးခဲ့ခြင်းမရှိဘဲ အခြားသောသူများတိုက်ခိုက်ရာမှ ပျံ့လွင့်လာသော ချီအစအနလေးများဖြင့် သေဆုံးခဲ့လေသည်။ ဤသည်မှာ တစ်ကယ့်ကို ဝမ်းနည်းဖွယ် အဆုံးသတ်ပဲ ဖြစ်တော့သည်။
တာအိုနတ်ဘုရားတစ်ပါးသေဆုံးသွားတာကို မြင်တွေ့လိုက်ရသည့်အခါ အဝေးတစ်နေရာရှိ ကျင့်ကြံသူများ၏ ပါးစပ်များသည် ဟောင်းလောင်းပွင့်သွားကြပြီး တစ်စုံတစ်ရာကို ပြောဆိုလိုခဲ့ကြသည်။ သူတို့၏ နှလုံးသားများအတွင်း၌ အဆုံးအစမဲ့သော ထိတ်လန့်မှုများ ပြည့်နှက်လာလျက်ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်းတွင် ထျန်းလန်အလယ်ပိုင်းဒေသ၌ တာအိုနတ်ဘုရားကျင့်ကြံသူ အနည်းငယ်ရှိလေသည်။ သာမန်ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် တာအိုနတ်ဘုရားများဟာ အထွတ်အထိပ်တည်ရှိမှုများ ဖြစ်ကြသည်။ ယဲ့တောက်ရွှမ်၏ သေဆုံးမှုသည် နှစ်တစ်သောင်းကာလအတွင်း ပထမဆုံးသော တာအိုနတ်ဘုရားသေဆုံးခြင်းဖြစ်စဥ်ဖြစ်သည်။
စွမ်းအားကြီးစောင့်ကြည့်သူများသည် မျက်လုံးများကို ပြူးကျယ်လျက် ပေါက်ကွဲမှု၏ အလယ်ဗဟိုသို့ စူစိုက်ကြည့်မိလိုက်ကြသည်။ ရှောင်းမိသားစုနှင့် ရှန်ရှန့်ကျုံဂိုဏ်းကြား တိုက်ပွဲအတွင်းကို ကြားဝင်လာသူမှာ အဘယ်သို့သော လူဖြစ်ကြောင်းကို သူတို့သိရှိလိုနေကြသည်။
မီးခိုးများ ရှင်းလင်းသွားသည့်အခါတွင် ပုံရိပ်တစ်ခုသည် လူအများ၏ အမြင်အာရုံ၌ ထွက်ပေါ်လာလေသည်။ ထိုသူမှာ ရှန်ရှန့်ကျုံဂိုဏ်း၏.အစောင့်အရှောက် လီပိုင်ပဲဖြစ်သည်။
"အရှင်က ဘယ်သူများလဲ?"
ရှောင်းယွင်က လီပိုင်ကို စိုက်ကြည့်လိုက်ပြီး မိုးချိန်းသံကဲ့သို့သော အသံနက်ကြီးဖြင့် အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဒေါသအရှိန်အဝါများ လွင့်စင်ထွက်ပေါ်လာပြီး ကောင်းကင်ယံကို မဲမှောင်သွားစေခဲ့သည်။ အနှီထူးဆန်းသော ပုဂ္ဂိုလ်ရောက်ရှိလာ၍သာမဟုတ်ပါက စုန့်ချယ်ကို သူက သတ်ပစ်လိုက်ပြီးပြီပဲဖြစ်သည်။
ရလဒ်အနေဖြင့် စုန့်ချယ်က သေမသွားဘဲ သူ့ရဲ့မိတ်ဆွေဟောင်းကြီး ယဲ့တောက်ရွှမ်းကသာ သေဆုံးသွားခဲ့ရသည်။ ဒါကရှောင်းယွင်ကို ကြီးကြီးမားမားအရှက်ရစေခဲ့သည်။
သို့ပါသော်လည်း ရှောင်းယွင်၏ အော်ဟစ်သံကို လီပိုင်က လျစ်လျူရှုထားလိုက်ပြီး ဝမ်ဖုန်းဘက်ကိုလှည့်၍ ပြုံးကာပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်... ပြိုင်ဘက်ကင်းသေရည်ရော ဘယ်မလဲ?"
လီပိုင်၏ စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့သည်။ ရန်သူနဲ့ ရင်ဆ်ိုင်နေရတာတောင် မင်းက ရန်သူ့အကြောင်းအရင်မတွေးဘဲ သေရည်အကြောင်းကို တွေးတောနေသေးတာလား။
"သူ့ကိုပဲ အရင်သတ်စမ်းပါဦးကွာ...ပြီးရင်ပေးမယ်"
ဝမ်ဖုန်းက လီပိုင်ကို လှည့်ကြည့်ကာ အေးစက်စက်နှာမှုတ်ရင်းပြောဆိုလိုက်သည်။
"ကောင်းပြီ.. မစိုးရိမ်ပါနဲ့ ဂိုဏ်းချုပ် ကျုပ်.. လီပိုင်ဒီနေရာမှာ ရှိနေသေးသရွေ့ ရှန်ရှန့်ကျုံဂိုဏ်းကို ရန်စချင်တယ်ဆိုရင် ကျုပ်လက်ထဲကဓါးကို အရင်ဆုံးကျော်ဖြတ်နိုင်မှရမယ်"
"ငါ... လီပိုင်က ဂိုဏ်းချုပ်ကြီးအလား ကြီးမြတ်လှတယ် ၊ ငါက ရန်သူတွေကို ဓါးတစ်ချောင်းနဲ့ သတ်ဖြတ်ပစ်မယ်"
လီပိုင်ဟာ စိတ်ကျေနပ်စွာပြုံးလိုက်ပြီး သူ၏မျက်နာက တည်တံ့လာကာ အမှန်တရားကို ထုတ်ပြောနေသည့်အလား ပြောဆိုလိုက်လေသည်။
ဝမ်ဖုန်း၏ မျက်နှာဟာထူးဆန်းသွားခဲ့လေသည်။ သေရည်မရှိဘူးဟု ပြောလိုက်ပါက လီပိုင်တစ်ယောက် အဆိုပါစကားများကို ထုတ်ဖော်ပြောကြားဦးမှာလားလို့ သူတွေးတောမိသည်။ ထိုသို့ပြောလိုက်ပါက လီပိုင်၏မျက်နှာသည် အဘယ်သို့မဲမှောင်သွားမည်ကို ဝမ်ဖုန်းတစ်ယောက် တွေးတောလိုက်မိသည်။ လီပိုင်ဟာ တကယ့်ကို သေရည်ကြူးသူပါပဲ။
လီပိုင်နှင့် ဝမ်ဖုန်းကြားရှိ စကားပြောဆိုသံများကို ကြားလိုက်ရသည့်အခါ ရှောင်းယွင်၏ မျက်နှာအမူအရာဟာ ပျက်ယွင်းသွားခဲ့သည်။ ရုတ်တရက်ထွက်ပေါ်လာသော ထူးခြားဆန်းပြားသည့်ပုဂ္ဂိုလ်မှာ ရှန်ရှန့်ကျုံဂိုဏ်းသားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူလုံးဝကို ထင်မထားခဲ့ပေ။ သူ့ကိုပို၍စိတ်ဓာတ်ကျသွားစေသည်က သူဟာလီပိုင်၏ ကျင့်ကြံဆင့်ကို ဖောက်ထွင်းမမြင်နိုင်ပါပေ။ ထိုသူ၏ကျင့်ကြံဆင့် ရှည်သွယ်ဖြောင့်တန်းသော ခန္ဓာကိုယ်က ရှောင်းယွင်၏ နှလုံးကို ရေးရေးမျှတုန်ခါသွားစေခဲ့သည်။