← Chapters

ရှီပိုထျန်း

Vol. 20 Ch. 269

ရှီပိုထျန်း

Vol. 20 Ch. 269

စောင့်ကြည့်နေသောကျင့်ကြံသူများသည် ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကို ဝမ်ဖုန်းအားယဉ်ယဉ်ကျေးကျေး မေးမြန်းချင်ခဲ့သည် ။ သို့ပါသော်လည်း လီပိုင်ကိုကြောက်ရွံ့ရတာကြောင့် အဆိုပါစွမ်းအားရှင်များက ဝမ်ဖုန်းကို လေးလေးစားစားဂါဝရပြုလိုက်ပြီး ချက်ချင်းပဲထွက်ခွာသွားကြတော့သည် ။ မည်သူကမှ ဆက်လက်၍မနေရဲကြတော့ပေ ။

ဝမ်ဖုန်းသည် မကျေမချမ်းဖြင့်ထွက်ခွာသွားသော ဇာမဏီမျိုးနွယ်စုနှင့် အခြားသောရှေးဟောင်းမျိုးနွယ်စုဝင်များကို လှမ်းကြည့်လိုက်ရင်း သူ၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။ သူကလက်ရှိတွင်မလှုပ်ရှားသေးပဲ အဆိုပါရှေးဟောင်းမျိုးနွယ်စုဝင်များကို ထွက်ခွာခွင့်ပေးလိုက်လေသည် ။

ယခုအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏ခွန်အားမှာ လုံလောက်အောင်မသန်မာသေးပေ ။ ရှောင်းမိသားစုကို ဖျက်ဆီးခြင်းကတောင် သူတို့အတွက် လုံလောက်နေပြီဖြစ်သည် ။ စနစ်ကို အဆင့်ရှစ်သို့မြှင့်တင်ပြီးမှသာ သူ့ရှန်ရှန့်ကျုံဂိုဏ်း၏ခွန်အားအစစ်အမှန်ကို ထုတ်ဖော်ပြသတော့မှာပဲဖြစ်သည် ။

ဒါ့အပြင် ရှန်ရှန့်ကျုံဂိုဏ်းက သူတို့အပေါ်ရန်ငြိုးထားနေကြောင်းကို ဇာမဏီမျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုကြီးများက မသိကြသေးပေ ။ ရှန်ရှန့်ကျုံဂိုဏ်းဟာ အမှောင်ထဲမှာပဲရှိနေသေးတာကြောင့် အချို့သောအရာများကိုလုပ်ဆောင်ရန်အတွက် လွယ်ကူပေလိမ့်မည် ။

" ဂိုဏ်းချုပ် ၊ ဂိုဏ်းချုပ်ပြောထားတဲ့သေရည်ကရောဘယ်မလဲ ။ " လီပိုင်သည် ဝမ်ဖုန်း၏ရှေ့သို့ဖျတ်ခနဲရောက်ရှိသွားပြီး စိတ်မရှည်စွာ မေးမြန်းလိုက်သည် ။

လီပိုင်ကိုလှမ်းကြည့်လိုက်ရင်း ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်များသည် တွန့်ကောက်သွားခဲ့သည် ။ သူဟာဂိုဏ်းအမှတ်တစ်သိန်းအသုံးပြု၍ စနစ်ထံမှ အဆင့်အနိမ့်ဆုံးသေရည်တစ်အိုးကိုလဲလှယ်လိုက်ပြီး ပစ်ပေးလိုက်သည် ။

သေရည်ကိုရရှိသွားသည့်အခါ လီပိုင်ဟာမစောင့်နိုင်တော့ပဲ ချက်ချင်းဖွင့်လိုက်တော့သည် ။ မွှေးရနံ့တစ်ခုသည် ထွက်ပေါ်လာခဲ့သည် ။ လီပိုင်ဟာ အဆိုပါသေရည်ကို ခေါင်းမော့၍တစ်ကျိုက် မော့ချလိုက်လေသည် ။ သူ၏မျက်နှာထက်၌ အလွန်အမင်းကျေနပ်နှစ်သိမ့်နေသော အမူအယာတစ်ခုဖြစ်ပေါ်လာပြီး ကျယ်ကျယ်လောင်လောင်အော်ဟစ်ရယ်မောလိုက်သည် ။ " သေရည်ကောင်းပဲ ။ ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ် ။ "

" အပြုံးတစ်ပွင့် ဝိုင်တစ်ခွက်နဲ့ယှဉ်ရင် အရာအားလုံးဟာ သေးနုပ်ပါတကား ။ "

ကျယ်ကျယ်လောင်လောင်အော်ဟစ်ရယ်မောလိုက်ပြီး လွီပု၏ပုံရိပ်ဟာ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည် ။သူထုတ်ဖော်ပြသခဲ့သောစွမ်းအားကြောင့် ရှန်ရှန့်ကျုံဂိုဏ်း၏မြောက်များစွာသောတပည့်များသည် သူထွက်ခွာသွားသည့်အရပ်ဘက်ကို လေးလေးစားစားဂါဝရပြုမိလိုက်ကြသည် ။

လီပိုင်ထွက်ခွာသွားသောအရပ်ဘက်ကိုလှမ်းကြည့်ရင်း ဝမ်ဖုန်းသည်ခေါင်းခါလိုက်ကာ အကြီးအကဲများကို ရှန်ရှန့်ကျုံဂိုဏ်း၊ ဂိုဏ်းချုပ်ခန်းမအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည် ။

ဂိုဏ်းချုပ်ခန်းမအတွင်းထိုင်ချလိုက်ပြီး ဝမ်ဖုန်းသည် သူ၏လက်ကိုဝှေ့ယမ်းလျက် စုန့်ချယ်နှင့်နဥ်းတောက်ချီတို့ကို တပည့်များအားပြန်လည်သင်ကြားစေခဲ့သည် ။ ဝမ်ဖုန်းကရှောင်းမိသားစုကိုဖျက်ဆီးရန် အလျင်မလိုခဲ့ပေ ။ ဘာပဲဖြစ်ဖြစ်ရှောင်းမိသားစုဟာ ထိုနေရာမှာရှိနေမည်ဖြစ်ပြီး လွတ်မြောက်နိုင်မည်မဟုတ်ပေ ။ ထို့အတွက်ကြောင့် ရှန်ရှန့်ကျုံဂိုဏ်း၏ခွန်အားကို အရင်ဦးဆုံးမြှင့်တင်ရန်စဉ်းစားထားလေသည် ။

" စနစ် ၊ တာအိုအဆင့် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်ငါးကြိမ် ၊ တာအိုအဆင့် အဆုံးစွန်သောဆင့်ခေါ်ခွင့်နှစ်ကြိမ်တို့ကိုပူးပေါင်းပြီး ဆင့်ခေါ်လိုက်ပါ ။ "

စုန့်ချယ်နှင့်နဥ်းတောက်ချီတို့ ထွက်ခွာသွားပြီးနောက် ဝမ်ဖုန်း၏မျက်လုံးများဟာ လင်းလက်သွားပြီး တည်ငြိမ်စွာပြောဆိုလိုက်လေသည် ။

" ဒင် ၊ ရှီပိုထျန်းကိုဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ် ။ သူ့ရဲ့စွမ်းရည်ဇယားကို စစ်ဆေးကြည့်ပါမည်လား ။ "

ထွက်ပေါ်လာသောစနစ်၏အသံက ဝမ်ဖုန်းကိုထိတ်လန့်သွားစေခဲ့ပြီး သူ့မျက်လုံးများကို တောက်ပလာစေခဲ့သည် ။ ဝမ်ဖုန်းဟာ ဒီတစ်ယောက်ကိုဆင့်ခေါ်ရရှိသည့်အတွက် အလွန်အမင်းအံ့ဩဝမ်းမြောက်သွားလေသည် ။

ရှီပိုထျန်းသည် ရှီးကျူကဲ့သို့ ရိုးသားကြိုးစားပြီး ကြင်နာတတ်သူတစ်ယောက်ဖြစ်သည် ။ ဒါ့အပြင် သူ၏ကံတရားက ကမ္ဘာပေါ်တွင်အကောင်းဆုံးဟုတောင် ပြောနိုင်လေသည် ။ သူဟာ မျှော်လင့်မထားပဲ ကမ္ဘာ့ထိပ်တန်းသိုင်းပညာရပ်များကို အမြဲလိုလိုရရှိခဲ့သူဖြစ်သည် ။ သူ၏‌ကံကောင်းမှုကို အခြားသောသူများကတောင် မနာလိုဖြစ်ကြရလေသည် ။ ကံတရားဆိုသည်ကလည်း အရေးပါသောကဏ္ဍမှ ပါဝင်နေသည်မဟုတ်ပါလော ။

" စစ်ဆေးလိုက် ! " ဝမ်ဖုန်းကခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ ပြောဆိုလိုက်သည် ။

" ဒင် ၊ ရှီပိုထျန်း၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည် ။

အမည် - ရှီပိုထျန်း

ဘွဲ့ - မဟာကျိုးကျီ ၊ ရှီကျုံးကျင်း

ကျင့်ကြံဆင့် - တာအိုအင်မော်တယ် အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ - ထိုက်ရွှမ်တာအိုရုပ်ခန္ဓာ ( ဤရုပ်ခန္ဓာကို အသုံးပြုလိုက်ပါက ယင်နှင့်ယန်ကို ပေါင်းစည်းလိုက်မည်ဖြစ်ပြီး ခွန်အားဟာ အဆပေါင်းများစွာ တိုးတက်လာမည်ဖြစ်သည် ။ )

သွေးမျိုးဆက် - ထိုက်ရွှမ်သွေးမျိုးဆက် ( ဤသွေးမျိုးဆက်ကိုအသုံးပြုလိုက်ပါက ရန်သူကပိုမိုသန်မာလေလေ တိုက်ပွဲဝင်စွမ်းအားများ ပိုမိုတိုးတက်လာလေလေဖြစ်သည် ။ )

တာအို - ဓားတာအို ၊ လက်ဝါးတာအို

တာအိုသိုင်းကွက်များ - လမ်းစဉ်ဆယ့်ရှစ်သွယ် နှင်းတောင်တန်းဓားပညာ ၊ ရွှေကျီးကန်းဓားပညာ ၊ ‌ ဘေးတိုက်တိုက်ခိုက်ခြင်း ၊ ရှန်ချင်းဓားသိုင်း ။

အထူးစွမ်းအားများ - ယန်ယန်သိုင်းကျမ်း ၊ အာဟတ်နတ်ဆိုးနှိမ်နင်းခြင်းမှော်သိုင်းကွက် ၊ ထိုက်ရွှမ်ကျင်း ။

လက်နက် - ပုဆိန် "

ရှီပိုထျန်း၏စွမ်းရည်ဇယားကိုစစ်ဆေးကြည့်ရင်း ဝမ်ဖုန်းသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည် ။ ရှီပိုထျန်းဟုဆိုသည့်အတိုင်းပဲ သူကတကယ့်ကိုစွမ်းအားကြီးမားလှပေသည် ။ ဤတစ်ကြိမ်ဆင့်ခေါ်လိုက်သော ဆင့်ခေါ်ခံတွင် အထူးစွမ်းအား သုံးခုတောင်ပါရှိလေသည် ။ ကျန်းစန်ဖုန်းကဲ့သို့ ကြီးမြတ်သောဂိုဏ်းချုပ်တွင်တောင် အထူးစွမ်းအားနှစ်ခုသာ တတ်မြောက်ပေသည် ။

ဟမ် !

ဤအချိန်မှာပဲ ခန်းမအတွင်းရှိလေထုဟာ တုန်ခါလာလေပြီး ရှီပိုထျန်းသည် လေထုအတွင်းမှ လမ်းလျောက်ထွက်ပေါ်လာခဲ့သည် ။ သူဟာ ဝမ်ဖုန်းကိုတွေ့မြင်လိုက်သည်နှင့်တပြိုင်နက် လေးလေးစားစားဂါဝရပြု နှုတ်ဆက်လိုက်သည် ။ " ဂိုဏ်းချုပ်ကိုတွေ့ဆုံပါတယ် ။ "

ဝမ်ဖုန်းသည် ရှီပိုထျန်းကိုလှမ်းကြည့်လိုက်ကာ ပြုံးလျက်ပြောဆိုလိုက်သည် ။

" ယဉ်ကျေးနေစရာမလိုပါဘူး ။ မင်းရောက်လာပြီဆိုတော့ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကတော့ ပိုပြီး‌ထွန်းတောက်လာတော့မှာပဲ ။ "

ရှီပိုထျန်း၏မျက်နှာကိုစိုက်ကြည့်လိုက်ရင်း ဝမ်ဖုန်းသည် စာကြောင်းတစ်ကြောင်းကို သတိရမိလိုက်သည် ။ ''ရှီပိုထျန်း၏အသွင်အပြင်မှာ ရုပ်ရည်မချောမောသလို ရုပ်ဆိုးခြင်းလည်းမရှိ။ ''

" ရှီပိုထျန်းက ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး ။ " ရှီပိုထျန်းသည် ဂါဝရပြုလိုက်ပြီး ရိုးသားစွာပြောဆိုလိုက်သည် ။

" မင်းသွားပါ ။ ပြီးတော့ ဘုန်းတော်ကြီးဝူရှန်းကို ကုညီနောင်ကို ပြန်ခေါ်လာခဲ့ဖို့ပြောလိုက် ။ " ဝမ်ဖုန်းသည် ရှီပိုထျန်းကိုစေ့စေ့စိုက်ကြည့်ကာ ပြောလိုက်သည် ။

အစက ဝမ်ဖုန်းသည် ရှီပိုထျန်းကိုသွားရောက်၍ ကုညီနောင်ကိုခေါ်စေချင်ခဲ့သည် ။ သို့သော် တခဏကြာတွေးတောလိုက်ပြီးသည့်နောက် ရှီပိုထျန်းဟာ အရမ်းကိုရိုးသားပြီး ကြင်နာတတ်တာကြောင့် အဆိုပါကုညီနောင်၏ အရူးလုပ်ခြင်းခံလိုက်ရမှာကို စိုးရိမ်ခဲ့မိသည် ။

" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ! "

ရှီပိုထျန်းသည် ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြောဆိုလိုက်သည် ။ စကား‌ဆုံးသည်နှင့်တပြိုင်နက် သူဟာခန်းမထဲမှ ချက်ချင်းထွက်ခွာသွားလေတော့သည် ။

.......

တစ်ချိန်တည်းမှာပဲ ထွက်ခွာသွားသော ရှေးဟောင်းမျိုးနွယ်မိသားစုမှ စွမ်းအားရှင်များသည် ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမိသားစုခေါင်းဆောင်ဟောင်း ရှောင်းယွင်နှင့် လေလွင့်ကျင့်ကြံသူတို့၏ဘုရင် ယဲ့တောက်ရွှမ်တို့ကို သတ်ဖြတ်လိုက်သည့်သတင်းကို ထျန်းလန်အလယ်ပိုင်းဒေသ၌လိုက်လံဖြန့်ကျက်လိုက်လေသည် ။

ရှန်ရှန်ကျုံဂိုဏ်းတည်ရှိ‌ရာအရပ်မှနေ၍ အဆိုပါသတင်းဟာ အရပ်မျက်နှာအသီးသီးသို့ အလွန်လျင်မြန်သောနှုန်းဖြင့် ပျံ့နှံ့သွားခဲ့လေသည် ။ များမကြာမီတွင် အဆိုပါသတင်းသည် ထျန်းလန်အလယ်ပိုင်းဒေသတစ်ခုလုံးကို ပျံ့နှံ့ရောက်ရှိသွားလေသည် ။

ထျန်းလန်အလယ်ပိုင်းတစ်ခုလုံးကို ဤသတင်းရောက်ရှိပျံ့နှံ့သွားပြီးသည့်နောက်တွင် စွမ်းအားရှင်ပေါင်းများစွာဟာ ထိတ်လန့်သွားခဲ့ကြရသည် ။

" ရုတ်တရက်ထွက်ပေါ်လာတဲ့ ရှန်ရှန့်ကျုံဂိုဏ်းက တကယ်ပဲ တာအ်ိုနတ်ဘုရားနှစ်ပါးကို သတ်ဖြတ်လိုက်တာလား ။ "

" ဒါကတကယ့်ကို ကြောက်စရာကောင်းတာပဲ ။ ခုချိန်ကစပြီး ရှောင်းမျိုးနွယ်စု အဆုံးသတ်သွားပြီး ရှန်ရှန့်ကျုံဂိုဏ်းကတော့ ပိုမိုတိုးတက်လာတော့မယ် ။ "

" ဟုတ်တယ် ။ ရှေးဟောင်းမျိုးနွယ်စုတွေထဲမှာ တစ်ခြားသူကိုချမနင်းပဲ အမြင့်တက်လာတဲ့မျိုးနွယ် ဘယ်မှာရှိလို့လဲ ။ ရှန်ရှန့်ကျုံဂိုဏ်းက တကယ့်ကိုအံ့အားသင့်စရာကောင်းတာပဲ ။ "

" ရှောင်းမိသားစုကတော့ တကယ့်ကို ဒုက္ခတွေ့ပြီပဲ ။ "

" ရှန်ရှန်ကျုံဂိုဏ်းက ဂိုဏ်းသားသစ်တွေ လက်ခံနေသေးလားမသိဘူး ။ ငါလုံကွမ်းထင်းက ဘဝတစ်သက်တာလုံး လိုက်လံသွားလာနေပြီးမှ နောက်ဆုံးတော့ ငါသဘောကျရတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ရှာတွေ့ခဲ့ပြီ ။ "

" ညီနောင်ရေ အိမ်မက်မက်နေတာ ရပ်လိုက်ပါတော့ ။ "

ထျန်းလန်အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူအားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကို ပြောဆိုဆွေးနွေးနေကြသည် ။ ရှောင်းမျိုးနွယ်စုကို မနှစ်မြို့သောလူများကတော့ ထိုသတင်းကို အားရပါးရ ပြောဆိုနေကြလေသည် ။ စွမ်းအားရှင်အတော်များများဟာ ရှောင်းမျိုးနွယ်စုတည်ရှိနေ‌သောနေရာသို့ လျင်မြန်စွာသွားလာခဲ့ကြပြီး ရှောင်းမျိုးနွယ်စုဖျက်ဆီးခံရမှာကို စောင့်ဆိုင်းနေကြသည် ။ ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမျိုးနွယ်စု၏ တာအိုနတ်ဘုရားကို သတ်ဖြတ်ရဲသည်ဖြစ်ရာ ရှောင်းမျိုးနွယ်စုကိုလည်း အရှင်ထားမည်မဟုတ်ကြောင်း လူတိုင်းသိလိုက်ကြသည် ။

ဒ့ါအပြင် ရှောင်းမျိုးနွယ်စုသည် အမွေအနှစ်များတောင့်တင်းခိုင်မာတာကြောင့် သူတို့ကိုသာ လွှတ်ထားပေးလိုက်ပါက ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်လာပြီး ရှန်ရှန့်ကျုံဂိုဏ်းကိုလက်စားမချေဘူးဟု မည်သူကအတပ်ပြောနိုင်မည်နည်း ။

ရှေးဟောင်းမျိုးနွယ်စုကြီးများသည် သန်မာသောပုဂ္ဂိုလ်များကိုစေလွှတ်၍ ရှောင်းမျိုးနွယ်စုရှိရာနေရာအနားတစ်ဝိုက်၌ တိတ်တဆိတ် သတင်းစုံစမ်းနေစေခဲ့သည် ။

.......

ရှောင်းမျိုးနွယ်စု၏ အဓိကခန်းမကြီးထဲတွင် လက်ရှိမျိုးနွယ်စုခေါင်းဆောင် ရှောင်းချန်တောက်နှင့် များစွာသောအကြီးအကဲများ ရှိနေခဲ့ကြသည် ။ သူတို့သည် အဆိုပါသတင်းကိုကြားလိုက်ရသည့်အခါ မေ့လဲလုမတတ် ဒေါသထွက်သွားခဲ့ရသည် ။ သို့ပါသော်လည်း သူတို့ဟာ ဒေါသထွက်နေသည်ထက် ကြောက်လန့်နေသည်ဟု ပြောဆိုပါက ပိုမိုမှန်ကန်ပါလိမ့်မည် ။

ရှောင်းမျိုးနွယ်စုအတွက်တော့ ရှောင်းယွင်၏တည်ရှိမှုက တုနှိုင်းမရသောအရာကြီးပဲဖြစ်သည် ။ ရှောင်းယွင်တည်ရှိနေသမျှကာလပတ်လုံး မည်သူကမျှရှောင်းမျိုးနွယ်စုကို ရန်စရဲမည်မဟုတ်ပေ ။ ရှောင်းယွင်၏အဆက်အသွယ်များမှာ ရှောင်းမျိုးနွယ်စု၏အဓိကအခြေခံအုတ်မြစ်ပဲဖြစ်တော့သည် ။ သို့ပါသော်လည်း သူတို့၏အဓိကထောက်တိုင်ကြီးဖြစ်သောရှောင်းယွင်မှာ သတ်ဖြတ်ခံလိုက်ရပေသည် ။ ဆိုလိုတာက ရှောင်းမိသားစုအနေဖြင့် ပျက်သုန်းဖို့အချိန် သိပ်မကြာတော့ပေ ။ ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမိသားစုကိုမဖျက်ဆီးခဲ့ဘူးဆိုရင်တောင် အခြားသောရှေးဟောင်းမိသားစုကြီးများက ရှောင်းမျိုးနွယ်စုကို အလွတ်ပေးမည်မဟုတ်ပေ ။

ယခုအချိန်တွင် ရှောင်းမျိုးနွယ်စုမှာ ကြီးမားသောအသားတုံးကြီးတစ်ခု ဖြစ်နေခဲ့သည် ။ ရှန်ရှန့်ကျုံဂိုဏ်းက ၎င်းကိုမစားသုံးရင်တောင် များစွာသောရှေးဟောင်းမျိုးနွယ်စုကြီးများက အဆိုပါအသားတုံးကြီးကို လုယက်စားသောက်ကြမှာပဲဖြစ်သည် ။

All Chapters