အရှိန်အဝါ
Vol. 20 Ch. 271
လျိုယင်း၏စကားအဆုံးတွင် ရှောင်းချန်တောက်နှင့်အခြားသူများသည် အံ့ဩထိတ်လန့်စွာဖြင့် အချင်းချင်း အကြည့်ချင်းဖလှယ်မိကြကုန်သည်။ လျှို့ဝှက်ဆန်းကြယ်သော ဤလူ၏နောက်ကွယ်တွင် ဤမျှသော ကြောက်မက်ဖွယ်စွမ်းအားကြီး တည်ရှိနေမည်ဟု သူတို့ မျှော်လင့်မထားခဲ့ပါချေ။
အံ့ဩထိတ်လန့်ခြင်းနှင့်အတူ သူတို့၏မျက်နှာထက်တွင် အပြုံးများလည်း ဖြစ်တည်လာခဲ့သည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းမှ မိမိတို့၏ရှေ့မှောက်တွင် ဒူးထောက်လျက် သနားညှာတာပါရန် တောင်းပန်တိုးလျှိုးနေသည့်မြင်ကွင်း၊ အသက်ရှင်လိုစိတ် မရှိတော့သည်အထိ နှိပ်စက်ညှဉ်းပန်းခံရ၍ ချက်ချင်းသတ်ပေးပါရန် တောင်းပန်တိုးလျှိုးနေသည့်မြင်ကွင်းတို့ကို မြင်တွေ့ပြီးသည့်အလား ပြုံးရယ်နေခဲ့၏။
“မင်းတို့ရဲ့ဝိဉာဉ်သွေးကို ဒီတံဆိပ်ပြားပေါ် ချလိုက်”
လင်းယွင်သည် ရှောင်းချန်တောက်တို့ကိုကြည့်၍ တည်ကြည်လေးနက်စွာဖြင့်ပြော၏။
“ဟုတ်ကဲ့ပါ”
လင်းယွင်၏နောက်ကွယ်မှ အင်အားကို သိပြီးသည်တွင် ရှောင်းချန်တောက်နှင့်အခြားသူများသည်လည်း တုံ့ဆိုင်းမနေတော့ပေ။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးလာခဲ့ကြပြီး ဝိဉာဉ်သွေးကိုထုတ်၍ တံဆိပ်ပြားနက်ပေါ်သို့ သွေးစက်ချခဲ့ကြသည်။ တံဆိပ်ပြားနက်သည် အဆက်မပြတ် တောက်ပနေ၏။ ထို့နောက် လေဟာပြင်သို့ဖြိုခွင်းသွားခဲ့ရာ ခန်းမထဲတွင် ရှောင်းချန်တောက်တို့၏ အံ့အားသင့်နေသည့်မျက်လုံးများနှင့် ပဲ့တင်ထပ်နေသည့်အသံတို့သာ ကျန်ရစ်ခဲ့လေသည်။
“ခဏနေရင် မင်းတို့ရှောင်းမျိုးနွယ်ကို ဂိုဏ်းတူအစ်ကိုနှစ်ယောက် ရောက်လာလိမ့်မယ်”
…..
ရှန်ရှန့်ကျုံဂိုဏ်းချုပ်ခန်းမဆောင်ထဲတွင် ဖြစ်သည်။
ဝမ်ဖုန်းသည် ပလ္လင်ထက်တွင် ခြေချိတ်ထိုင်နေ၏။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် အောက်ဘက်တွင် မတ်တပ်ရပ်နေကြသည်။ ဘုန်းတော်ကြီးဝူရှန်းကို ကုချိုး၊ကုကန်းချိုးညီအစ်ကိုနှစ်ဦးအား ခေါ်ဆောင်ရန် ညွှန်ကြားပြီးနောက်တွင် ဝမ်ဖုန်းမှာ စိတ်သက်သာရာရသွားခဲ့သည်။ သို့ဖြစ်၍ ရှောင်းမျိုးနွယ်သို့ သွားရောက်မဖျက်ဆီးမီ၌ အင်အားအချို့ ပြင်ဆင်ခဲ့သည်။
အရူးညီအစ်ကိုနှစ်ဦးကို အပြင်ထွက်ခွင့်ပြုလိုက်ပါလျှင် သူတို့နှစ်ဦးမှ မည်သို့သော ကမ္ဘာတုန်လှုပ်စေမည့်ကိစ္စရပ်များအား ကျူးလွန်လိမ့်မည်ကို ဝမ်ဖုန်း မတွေးဝံ့ချေ။ ထို့ကြောင့် ထိုညီအစ်ကိုနှစ်ဦးကို ခေါ်ဆောင်သွား၍ ထိန်းသိမ်းခြင်းသည် ပို၍စိတ်ချရပေမည်။ အဓိကအကြောင်းရင်းမှာ ထိုညီအစ်ကိုနှစ်ဦးသည် ကျင့်ကြံမှု မမြင့်မားသော်ငြား လှိုင်းဂယက်များကို နှစ်ခြိုက်ကြခြင်းကြောင့်ဖြစ်၏။ တစ်နေ့နေ့တွင် မိမိတို့မှ အချိန်မီ ကယ်တင်မပေးနိုင်ခဲ့ဘဲ ထိုညီအစ်ကိုနှစ်ဦး အမှန်တကယ် အသက်ပါသွားလိမ့်မည်ကို ဝမ်ဖုန်း စိုးရိမ်မိပါ၏။
မည်သို့ပင်ဖြစ်စေ ထိုညီအစ်ကိုနှစ်ဦးကို ပြန်လည်ခေါ်ဆောင်လာခဲ့ချိန်တွင် ထိုညီအစ်ကိုနှစ်ဦးမှ မိမိအား ကြည့်ခဲ့သည့် မကျေမချမ်းသောအကြည့်တို့ကို ပြန်လည်စဉ်းစားမိပါလျှင် ဝမ်ဖုန်းမှာ မထိန်းချုပ်နိုင်စွာ ကြက်သီးမွေးညင်းများ ထလာရသည်။
မိမိမှာ ကလေးငယ်များကို အနိုင်ကျင့်၍ သူတို့အား ဓားပြတိုက်ခြင်းမှကာကွယ်သည်ဟုပင် ပြောခဲ့သေး၏။ မိမိ၏စိတ်ကို အတင်းအကြပ် မထိန်းချုပ်ခဲ့ပါလျှင် ဝမ်ဖုန်းသည် ထိုအရူးညီအစ်ကိုနှစ်ဦးကို သေအောင်ရိုက်သတ်ခဲ့မိလောက်ပေသည်။ ထိုနှစ်ဦးသည်လည်း ကျင့်ကြံမှုကို မတွေးဆဘဲ အပြင်ထွက်ပြီး ဓားပြတိုက်လုယက်နေလောက်၏။
“စုန့်ချယ်၊ ရှီပိုထျန်း၊ ကွမ်းယု၊ ရှောင်ဖုန်း၊ ချီကျွမ်းရှင်း၊ တုံ့ဖန်းပုပိုင်၊ ကျန်းစန်ဖုန်း၊ လီယွမ်ပ မင်းတို့တွေက ဒီဂိုဏ်းချုပ်နဲ့အတူ ရှောင်းမျိုးနွယ်စုကို ဖျက်ဆီးဖို့သွားမယ်။ ကျန်တဲ့သူတွေက ရှန်ရှန့်ကျုံဂိုဏ်းကို စောင့်ကြပ်နေခဲ့မယ်”
ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို တည်ကြည်လေးနက်စွာဖြင့်ပြောခဲ့သည်။
ဤတစ်ကြိမ်တွင် ဝမ်ဖုန်းသည် လူအများကြီး မခေါ်ဆောင်ခဲ့ပါချေ။ တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်ဖြစ်သော စုန့်ချယ်နှင့် ရှီပိုထျန်းတို့နှစ်ဦး ရှိသည်ဖြစ်ပြီး မိမိ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည်လည်း တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်ဖြင့် ယှဉ်နိုင်သည်ဖြစ်ရာ ရှောင်းမျိုးနွယ်စုနှင့် ရင်ဆိုင်ရန် လုံလောက်ပေသည်။ တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့် နဉ်းတောက်ချီကို ရှန်ရှန့်ကျုံဂိုဏ်းအား စောင့်ကြပ်ရန်ထားရစ်ခဲ့ခြင်းမှာလည်း လုံလောက်၏။
လက်ရှိတွင် ရှန်ရှန့်ကျုံဂိုဏ်းသည် ထျန်းလန်အလယ်ပိုင်းဒေသတစ်ခုလုံးတွင် နာမည်ကျော်ကြားနေခဲ့ပြီဖြစ်ရာ မည်သူမျှ ရှန်ရှန့်ကျုံဂိုဏ်းအား လာရောက်ပြစ်မှားစော်ကားရန် မဝံ့ရဲတော့ပေ။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!”
အမည်ဖော်ပြခံခဲ့ရသည့် အကြီးအကဲတို့သည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ကျယ်လောင်စွာဖြေကြား၏။ အမည်မပါဝင်သည့် အကြီးအကဲများသည်လည်း အနည်းငယ် နှမြောတသမိသော်ငြား ရှန်ရှန့်ကျုံဂိုဏ်းကို စောင့်ကြပ်ခြင်းမှာလည်း အရေးပါသည့်ကိစ္စရပ်ဖြစ်ကြောင်းကို နားလည်ကြပါ၏။
“ထွက်ခွာမယ်!”
ဝမ်ဖုန်း လက်ကိုဝှေ့ယမ်း၍ ကျယ်လောင်စွာပြောလိုက်သည်။
အသံပြီးဆုံးသည်နှင့် ဝမ်ဖုန်း၏ပုံရိပ်သည် အလင်းတစ်စအလား ခန်းမဆောင်ထဲမှ ရှောင်းမျိုးနွယ်စုသို့ ဦးစွာထွက်ခွာသွားခဲ့သည်။ ရှီပိုထျန်း၊ စုန့်ချယ်နှင့် အခြားအကြီးအကဲများသည်လည်း ဝမ်ဖုန်းနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။
“ထွက်လာကြ! အမြန်ထွက်လာကြတော့!”
“ ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမျိုးနွယ်စုကို ဖျက်ဆီးတော့မယ်။ အမြန်သတင်းပို့ကြစမ်း!”
ဝမ်ဖုန်းနှင့်အကြီးအကဲများ ရှန်ရှန့်ကျုံဂိုဏ်းမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ရှန်ရှန့်ကျုံဂိုဏ်းအပြင်တွင် ပုန်းအောင်းနေကြသည့် ရှေးဟောင်းမျိုးနွယ်စုများမှ သူလျှိုများသည် ထိတ်လန့်တကြားဖြင့် အလျင်အမြန် သတင်းပို့ဆောင်ကြလေသည်။
ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရှောင်းမျိုးနွယ်စု၏တိုက်ပွဲသည် ထျန်းလန်အလယ်ပိုင်းဒေသ၏ များစွာသော ရှေးဟောင်းမျိုးနွယ်စုများ၏ စိတ်နှလုံးကို သက်ရောက်မှုရှိခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းမျိုးနွယ်စုများသည် စွမ်းအားမြင့်ကျင့်ကြံသူများကို ရှောင်းမျိုးနွယ်စုအနီးတစ်ဝိုက်သို့ စောင့်ကြည့်ရန် စေလွှတ်ခဲ့ရုံမျှမက ရှန်ရှန့်ကျုံဂိုဏ်းအပြင်ဘက်သို့လည်း စောင့်ကြပ်ရန် စေလွှတ်ထားခဲ့သည်။
သူတို့သည် အသစ်ပေါ်ထွက်လာသော အကြီးမြင့်ဆုံးသောအင်အားစုကြီးဖြစ်သည့် ရှန်ရှန့်ကျုံဂိုဏ်းအား အပြစ်ပြုမိမည်ကို စိုးရွံ့သောကြောင့် အဝေးမှသာ စောင့်ကြည့်နေခဲ့ကြပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ပေါ့ပေါ့တန်တန်သဘောထား၍ စုံစမ်းစစ်ဆေးခြင်း မပြုဝံ့ကြပေ။
ဝမ်ဖုန်းသည် ထိုသူလျှိုများ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိထားပြီးဖြစ်၏။ သို့သော်ငြား ဘာမျှမလှုပ်ရှားခဲ့ပေ။ ဤသို့ထောက်လှမ်းမှုများသည် ရှောင်ဖယ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ ရှန်ရှန့်ကျုံဂိုဏ်းအား အတွင်းကျကျ အသေးစိတ်စုံစမ်းစစ်ဆေးခြင်းမပြုသ၍ လွှတ်ထားပေးနိုင်ပါ၏။
“လာနေပြီ လာနေပြီ ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမျိုးနွယ်စုကို ဖျက်ဆီးဖို့လာနေပြီ!”
“ဒီတိုက်ပွဲပြီးရင် ထျန်းလန်အလယ်ပိုင်းဒေသမှာ ရှေးဟောင်းမျိုးနွယ်စုတစ်စုနဲ့ အကြီးမြင့်ဆုံးသောအင်အားစုကြီးပဲ ကျန်ရစ်ခဲ့တော့မှာပဲ”
သူလျှိုများမှ သတင်းပို့ဆောင်ကြသည်တွင် များစွာသော ထျန်းလန်ဒေသအလယ်ပိုင်းဒေသ၏ ရှေးဟောင်းအင်အားစုကြီးများသည် တုန်လှုပ်ကုန်ကြလေသည်။ ဤတစ်ကြိမ်တွင် ရှေးဟောင်းအင်အားစုကြီးများသည် တိုက်ပွဲကိုစောင့်ကြည့်ရန် တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများကို စေလွှတ်ခဲ့ကြသည်။
ထျန်းလန်အလယ်ပိုင်းဒေသ၌ ဤသို့ လောကတစ်ခွင်တုန်လှုပ်စေနိုင်သော စစ်ပွဲကြီးမရှိသည်မှာ နှစ်ပေါင်းမည်မျှကြာမြင့်ခဲ့ပြီမသိပေ။ အလိုအလျောက်ပင် အားလုံးသည် ရှောင်းမျိုးနွယ်စုသို့ စုပြုံသွားကြလေသည်။ ရှေးဟောင်းမျိုးနွယ်စုတစ်ခု၏ ကျဆုံးခန်းကို မျက်မြင်တွေ့ခွင့်ရနိုင်ပါလျှင် နှစ်ပေါင်းရာချီသိုးမွေးထည်အလား အဖိုးထိုက်တန်သည်ဖြစ်၏။
အနာဂတ်တွင်လည်း မိမိ၏သားသမီးမြေးမြစ်များကို လက်ဆင့်ကမ်းပြန်လည်ပြောပြနိုင်၏။
‘မြေးလေး မင်းရဲ့အဘိုးနဲ့အဘွားကလေ လောကကံကြမ္မာအပြောင်းအလဲကြီးနဲ့ ရှေးဟောင်းမျိုးနွယ်စုကြီးဆိုတာရဲ့ အင်အားအမှန်စင်စစ်ကို မျက်မြင်ကြုံတွေ့ခဲ့ဖူးတယ်။ စွမ်းအားမြင့်ကျင့်ကြံသူကြီးတွေ ကျဆုံးတဲ့ခေတ်အခါမှာ ဒီအဘိုးက ရှင်သန်ကျန်ရစ်နိုင်ခဲ့တယ်ကွဲ့' ဟူ၍။
ကျင့်ကြံသူများသည် သက်တမ်းရှည်လျားကြသည်။ ကျင့်ကြံမှုအပြင် အတွေ့အကြုံများအကြောင်း ကြွားဝါပြောဆိုခြင်း၊ ကျင့်ကြံမှုဖြစ်စဉ်များအကြောင်း ကြွားဝါပြောဆိုခြင်း… စသည်တို့မှာ ကျင့်ကြံရေးလောက၏ နေ့စဉ်ပုံမှန်လည်ပတ်နေသော ကဏ္ဍတစ်ရပ်ဖြစ်ပေသည်။
…..
ထျန်းလန်အလယ်ပိုင်းဒေသ၏ တစ်နေရာတွင်ဖြစ်သည်။
လင်းယွင်သည် လက်ကိုနောက်ပစ်လျက် ရပ်နေ၏။ လင်းယွင်၏ရှေ့တွင် ပုံရိပ်၅ခုရှိသည်။ လူအိုကြီး၂ဦးနှင့် သက်လတ်ပိုင်းအရွယ်၃ဦးဖြစ်ပြီး မှန်းဆသိမြင်ရန်ခက်ခဲသော အရှိန်အဝါတို့ဖြင့် လွှမ်းခြုံနေပေသည်။
ဤ၅ဦးမှာ လင်းယွင်ဂိုဏ်း၏ ဂိုဏ်းတူအစ်ကိုကြီး၅ဖော်ဖြစ်သည်။ ဂိုဏ်းတူအစ်ကိုကြီး ယုကျုံး၊ ဂိုဏ်းတူအစ်ကို၂ ကွေ့ဝူ၊ ဂိုဏ်းတူအစ်ကို၃ တောက်ဖုန်း၊ ဂိုဏ်းတူအစ်ကို၄ လီကုန်း၊ ဂိုဏ်းတူအစ်ကို၅ ချန်းကျီတို့ဖြစ်၏။
“ဂိုဏ်းတူအစ်ကို၄၊ ဂိုဏ်းတူအစ်ကို၅တို့ကို ဒုက္ခများစေမိပါပြီ!”
လင်းယွင်သည် လေးစားကျိုးနွံသောအကြည့်တို့ဖြင့် နောက်ဆုံးပုံရိပ်နှစ်ခုကို အရိုအသေပြု၏။
“မစိုးရိမ်ပါနဲ့။ ရှန်ရှန့်ကျုံဂိုဏ်းလေးတစ်ဂိုဏ်းပါပဲ။ ငါတို့ဖြေရှင်းလိုက်မယ်။ ဆရာ စီစဉ်ထားတဲ့ကိစ္စတွေကို မင်းကိုလွှဲပေးလိုက်မယ်”
လီကုန်းသည် ချန်းကျီအား ခေါင်းညိတ်ပြလျက် ပြော၏။
“ဂိုဏ်းတူအစ်ကိုနှစ်ဦး စိတ်ချပါ။ ဆရာနဲ့ ဂိုဏ်းတူအစ်ကိုတို့ကို လင်းယွင် စိတ်မပျက်စေရပါဘူး”
ထိုစကားကြောင့် လီကုန်းနှင့်ချန်းကျီတို့သည်လည်း စိတ်သက်သာရာရသွားကြ၏။ ဂိုဏ်းတူညီလေးလင်းယွင်သည် သူတို့ကဲ့သို့ ကျင့်ကြံမှု မမြင့်မားသော်ငြား လင်းယွင်၏ သာမန်လူငယ်လေးမှ လောကအထွတ်အထိပ်ကျင့်ကြံသူအဖြစ် တိုးတက်ကြီးပြင်းလာခဲ့သည့်စွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဂိုဏ်းတူအစ်ကိုနှစ်ဦးသည် ယုကျုံးတို့သုံးဦးထံသို့ လက်ဟန်ပြပြီးနောက် အလင်းတစ်စအလား နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။
လီကုန်းနှင့်ချန်းကျီတို့ ထွက်ခွာသွားကြသည်ကိုကြည့်ရင်းဖြင့် လင်းယွင်၏မျက်နှာထက်တွင် လှောင်ပြုံးရိပ်အချို့ ထင်ဟပ်သွားခဲ့သည်။ ယခုအချိန်မှစ၍ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးရန်မှာ နောက်မကျသေးပါချေ။
“ဂိုဏ်းတူအစ်ကိုတို့ ဂိုဏ်းတူညီလေးက အရင်က ရှန်ရှန့်ကျုံဂိုဏ်းကို မြင်တွေ့ခဲ့ဖူးတယ်။ အဲဒီ့အချိန်တုန်းက ရှန်ရှန့်ကျုံဂိုဏ်းက ပုရွက်ဆိတ်တစ်အုပ်လို အားနည်းတဲ့ဖြစ်တည်မှုလေးတစ်ခုပဲ။ ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒီအခြေအနေထိ အင်အားကြီးမားလာခဲ့တယ်ဆိုတာ သေချာပေါက် အံ့ဩထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်ရှိနေလိမ့်မယ်”
“ဂိုဏ်းတူညီလေးက ရှေးဟောင်းနယ်မြေကိုသွားပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ရင်းမြစ်ကို စုံစမ်းစစ်ဆေးဖို့အတွက် ဂိုဏ်းတူအစ်ကိုသုံးကို ဖိတ်ခေါ်ချင်ပါတယ်”
လင်းယွင်၏မျက်လုံးများမှာ အလင်းတစ်စဖြတ်ပြေးသွားလျက် လေးနက်စွာဖြင့်ပြောခဲ့သည်။ သူ ရှန်ရှန့်ကျုံဂိုဏ်းကို အလွယ်တကူ အလွတ်မပေးနိုင်ပါချေ။
ရှန်ရှန့်ကျုံဂိုဏ်းတွင် အံ့ဩထိတ်လန့်ဖွယ်လျှို့ဝှက်ချက် အမှန်တကယ်ရှိနေပါလျှင် ထျန်းလန်အလယ်ပိုင်းဒေသ၏ ရှန်ရှန့်ကျုံဂိုဏ်းမဟုတ်ဘဲ ရှေးဟောင်းနယ်မြေရှိ ရှန်ရှန့်ကျုံဂိုဏ်းကို စစ်ဆေးကြည့်သင့်ပေသည်။ ထျန်းလန်အလယ်ပိုင်းဒေသတွင် ဂိုဏ်းတူအစ်ကို၄နှင့် ဂိုဏ်းတူအစ်ကို၅တို့ ရှိနေသည်ဖြစ်ရာ ရှေးဟောင်းနယ်မြေသို့သွားရောက်စစ်ဆေးရန်မှာ ပြဿနာတစ်စုံတစ်ရာ မရှိနိုင်ပေ။
“အို?”
လင်းယွင်၏စကားကြောင့် ယုကျုံးတို့သုံးဦးမှာ ရုတ်တရက်ပင် သံသယနှင့်အတူ စိတ်ဝင်စားမှုများ ပေါက်ဖွားလာရသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် တိုတောင်းလှသည့်အချိန်အတွင်း၌ ထျန်းလန်အလယ်ပိုင်းဒေသတွင် ထိပ်တန်းအင်အားစုကြီးတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းလျှို့ဝှက်ချက်ကို သူတို့လည်း သိချင်မိပေသည်။
ရှန်ရှန့်ကျုံဂိုဏ်း၌ ဤသို့သောအတိတ်မျိုး ရှိနေခဲ့မည်ဟု ယုကျုံးတို့သုံးဦးမှာ မျှော်လင့်မထားခဲ့ပါချေ။ ဂိုဏ်းတူညီလေးလင်းယွင်မှ အလွန်တရာ စိတ်ဝင်စားနေသည်မှာ မထူးဆန်းတော့ပေ။ ၎င်းလျှို့ဝှက်ချက်ကို ရှာဖွေနိုင်ခဲ့ပါလျှင် ဆရာသခင်၏ ဩဇာအာဏာလွှမ်းမိုးမှုအတွက်လည်း အထောက်အကူဖြစ်နိုင်ပေသည်။
“တောက်ဖုန်း ဂိုဏ်းတူညီလေးစကားကို နားထောင်ပြီး ရှေးဟောင်းနယ်မြေကိုသွားပြီး စုံစမ်းစစ်ဆေးလိုက်ပါ။ ရှာမတွေ့ရင်လည်း ရှေးဟောင်းနယ်မြေရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့လိုက်ပေါ့။ ရှေးဟောင်းနယ်မြေက လူတွေက အရမ်းခေါင်းမာနေရင် အကုန်သတ်ပစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ပစ်ရုံပဲရှိတယ်လေ”
ဂိုဏ်းတူအစ်ကိုယုကျုံးသည် ဓားကိုတစိမ့်စိမ်ကြည့်ရင်းဖြင့် တည်ကြည်လေးနက်စွာပြောခဲ့သည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကိုကြီး!”
ဂိုဏ်းတူအစ်ကို၃ တောက်ဖုန်းသည် လက်ဟန်ဖြင့်အရိုအသေပြုပြီးနောက် နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။
“ဂိုဏ်းတူအစ်ကိုကြီး၊ ဂိုဏ်းတူအစ်ကို၂ ကျွန်တော် ဒီတစ်ကြိမ် ချီလုံမျိုးနွယ်စုကိုသွားရမယ်။ ဆရာ့ရဲ့ ရည်ရွယ်ချက်က မောက်မာထောင်လွှားတဲ့ ချီလုံမျိုးနွယ်စုကို ကျွန်တော်တို့ရဲ့အင်အားကို ပြသခြိမ်းခြောက်ပြီး ထျန်းလန်ဒေသကိုအုပ်ချုပ်မှုမှာ တိုးတက်မှုအရှိန်မြှင့်တင်ဖို့ပါ”
“ထျန်းလန်ဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီးတာနဲ့ ဆရာ့ရဲ့ အုပ်ချုပ်မှုလမ်းစဥ်ဟာ ပိုပြီးမြင့်မားလာလိမ့်မယ်။ အဲဒီ့အချိန်ကျရင် ဆရာသခင်က တာ့အိုကိုထိုးဖောက်ပြီး အမတတစ်ပါးဖြစ်လာလိမ့်မယ်။ ကောင်းကင်ဘုံနဲ့ပထဝီမြေကြီးရဲ့ အလယ်ဗဟိုမှာ ဘယ်လိုရှုခင်းပုံရိပ်မျိုး ဖြစ်ပေါ်လာပါလိမ့်မလဲ!”
လင်းယွင်မှ ယုကျုံးနှ့င့်ကွေ့ဝူတို့အား အရိုအသေပြုလျက်ပြော၏။
“ကောင်းပြီလေ ဂိုဏ်းတူညီလေး.. မင်းလှုပ်ရှားမယ်ဆိုရင် မင်းကိုကူညီထောက်ပံ့ပေးဖို့ ငါတို့နှစ်ယောက်ရှိတာမို့ စိုးရိမ်ဖို့မလိုဘူး”
ယုကျုံးနှင့်ကွေ့ဝူတို့သည် အကြည့်ချင်းဖလှယ်ကြပြီးနောက် ယုကျုံးမှ လေးနက်စွာပြောခဲ့သည်။
လင်းယွင်မှ ခေါင်းညိတ်သဘောတူလိုက်သည်တွင် သုံးဦးသားသည် တစ်ပြိုင်နက်တည်း နေရာမှ ပျောက်ကွယ်သွားကြပြီး ချီလုံမျိုးနွယ်စုသို့ ဦးတည်သွားကြသည်။
ရှေးဟောင်းစွမ်းအားမြင့်ကျင့်ကြံသူများသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရှောင်းမျိုးနွယ်စု၏ တိုက်ပွဲကို ကြည့်ရှုလိုကြသောကြောင့် ရှောင်းမျိုးနွယ်စုသို့ စုပြုံသွားရောက်နေကြ၏။ သို့သော် အမှောင်ထုထဲမှ ပိုက်ကွန်နက်ကြီးတစ်ခု ရှိနေခဲ့မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။ ထိုအမှောင်ထု၏ပိုက်ကွန်ကြီးသည် ထျန်းလန်ဒေသကြီးတစ်ခုလုံး ပိုက်ကွန်းအတွင်းသို့ကျရောက်ဖုံးလွှမ်းသွားသည်အထိ ဖြေးဖြေးချင်း ဝါးမြိုနေခဲ့သည်။