နတ်ဆိုးအရှင်သခင် ကမ္ဘာလောကသို့ဆင်းသက်လာပြီ။
Vol. 20 Ch. 274
ဝမ်ဖုန်း၏စကားသံ ပဲ့ထင်ထပ်လာခဲ့သည်တွင် လာရောက်ကြည့်ရှုသည့် ကျင့်ကြံသူများသည် ထိတ်လန့်တကြားဖြင့် လီကုန်းနှင့်ချန်းကျီတို့ရှိရာသို့ တစ်ပြိုင်နက်တည်း အကြည့်ကျရောက်လာကြသည်။ ရှောင်းချန်တောက်သည်လည်း ထိတ်လန့်သွား၏။ ရှောင်းချန်တောက်သည် ဝမ်ဖုန်းမှ ထိုနှစ်ဦး၏တည်ရှိမှုကို သတိထားမိရန် မျှော်လင့်မထားခဲ့ပေ။
ဝမ်ဖုန်းမှ သတိထားမိပြီးဖြစ်ရာ လီကုန်းနှင့်ချန်းကျီတို့သည်လည်း ဆက်လက်ပုန်းကွယ်မနေတော့ပေ။ အလင်းတစ်ပြက်နှင့်အတူ လေဟာပြင်ထက်တွင် ပေါ်ထွက်လာ၏။ လီကုန်းမှ ဝမ်ဖုန်းအား အထင်မြင်သေးစွာကြည့်၍ ပြော၏
“ပုရွက်ဆိတ်သာသာလောက်က အင်အားလေးနည်းနည်းကိုမှီခိုပြီး ဥပဒေမဲ့ပြုမူချင်သေးတယ်.. ဟာသပဲ!”
“အမှောင်ရိပ်မှာ ပုန်းကွယ်နေတဲ့ကြွက်တစ်အုပ်ကများ ငါဂိုဏ်းချုပ်ရှေ့မှာ မထီမဲ့မြင်ပြမူရဲသလား!”
ဝမ်ဖုန်းမှ လှောင်ရယ်လျက် တုံ့ဆိုင်းမှုမရှိ ပြန်လည်ချေပတိုက်ခိုက်၏။
“သေချင်နေတာပဲ!”
ဝမ်ဖုန်း၏စကားကြောင့် လီကုန်းဘေးရှိ ချန်းကျီမှာ ရုတ်ချည်းဒေါသထွက်လာခဲ့ပြီး အေးစက်စွာ နှာမှုတ်လေသည်။ ကြောက်မက်ဖွယ်အသံလှိုင်းကြီးသည် ဝမ်ဖုန်းတို့ရှိရာသို့ ဦးတည်သွားခဲ့ပြီး ဖြတ်သန်းသွားရာတစ်လျှောက်လုံးကို ထိခတ်တိုက်ခတ်သွား၏။
ထိုမျှအင်အားကြီးမားလှစွာသောအဟုန်သည် လာရောက်ကြည့်ရှုသူအားလုံးကို တုန်ရီသွားစေလျက် ချန်းကျီအား မယုံကြည်နိုင်စွာဖြင့် ငေးကြောင်ကြည့်နေကြပေသည်။ အသံဖြင့်ပင် လူ၏ဝိဉာဉ်တိုင် တုန်ရီစေနိုင်စွမ်း၏! ဤပုဂ္ဂိုလ်သည် အဘယ်မျှ အင်အားကြီးမားပါသနည်း။
ဘုန်း!
အသံလှိုင်းကြီးမှ ဝမ်ဖုန်းအား ထိခတ်လုနီးတွင် စုန့်ချယ်နှင့် ရှီပိုထျန်းတို့သည် တစ်ပြိုင်နက်တည်း ဝမ်ဖုန်းရှေ့၌ ရုတ်ချည်းပေါ်ထွက်လာခဲ့ကြပြီး ခန္ဓာကိုယ်မှ အရှိန်အဝါတို့ဖြင့် ကြောက်မက်ဖွယ်အသံလှိုင်းကြီးကို ခုခံကြသည်။
သို့သော်ငြား ၎င်းမှာ တာ့အိုနတ်ဘုရားတတိယကြယ်အဆင့်ကျင့်ကြံသူ၏ အဟုန်ဖြစ်ပေသည်။ အသံလှိုင်းတွင်ပါဝင်သော အင်အားကြီးမားသည့်အဟုန်ကြောင့် စုန့်ချယ်နှင့် ရှီပိုထျန်းတို့မှာ မျက်နှာရှုံ့မဲ့သွားကြရကာ ခန္ဓာကိုယ်ကိုတည်ငြိမ်စေရန် ခက်ခက်ခဲခဲထိန်းနေရပေသည်။
“ဒီလောက်အစွမ်းအစလေးနဲ့များ ငါ့ရှေ့မှာ ထောင်လွှားရဲတယ်ပေါ့လေ? ပုရွက်ဆိတ်တွေဟာ နောက်ဆုံးတော့လည်း ပုရွက်ဆိတ်တွေပါပဲ.. ကောင်းကင်ကြီးက ဘယ်လောက်မြင့်မားတယ်ဆိုတာကို နားမလည်နိုင်ကြဘူးလေ”
“မှီခိုအားထားလို့ရတဲ့သူ ဘယ်သူရှိသေးလဲ? ခေါ်ထုတ်လိုက်စမ်း! မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို သေမင်းဆီ အရောက်ပို့ပေးမယ်!”
ချန်းကျီမှ တောင့်ခဲစွာသောအပြုံးဖြင့် ပြောလေသည်။ သူ၏စကားလုံးများမှာ အထင်မြင်သေးခြင်းများ ပြည့်လျှံနေ၏။ သူ၏အကြည့်များမှာလည်း ဝမ်ဖုန်းတို့အား သေလူဟု သတ်မှတ်ထားပေသည်။
“ဒါ ဒါက…?”
ချန်းကျီ၏အသံလှိုင်းကြောင့် စုန့်ချယ်မှ နောက်သို့ဆုတ်ခွာနေရသည်ကို မြင်တွေ့ကြသောအခါ လာရောက်ကြည့်ရှုကြသူများမှာ မယုံကြည်နိုင်သော မျက်နှာအမူအရာတို့ဖြင့် ကျယ်လောင်စွာ အာမေဍိတ်ပြုလာကြ၏။
စုန့်ချယ်နှင့် လေလွင့်ကျင့်ကြံသူဘုရင် ယဲ့တောက်ရွှမ်တို့၏ တိုက်ပွဲအပါအဝင် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရှောင်းမျိုးနွယ်စု၏ဘိုးဘေးရှောင်းယွင်၏ တိုက်ပွဲအေကြာင်းအရာများသည် ထျန်းလန်အလယ်ပိုင်းဒေသတစ်ခွင်တွင် ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။
တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့် စုန့်ချယ်သည် တာ့အိုနတ်ဘုရားပထမကြယ်အဆင့် ယဲ့တောက်ရွှမ်ကို အနိုင်ရယူခဲ့ရာ ထျန်းလန်အလယ်ပိုင်းဒေသတစ်ခုလုံးမှာ ပွက်လောရိုက်သွားခဲ့သည်။ ဤအတောအတွင်း၌ ထျန်းလန်အလယ်ပိုင်းဒေသ၏ ကျင့်ကြံသူအားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကြီးမားမှုကို ပြောဆိုဆွေးနွေးကြရုံမျှမက စုန့်မင်းဆက်၏ပျောက်ဆုံးနေသောစွမ်းအားရှင်အကြောင်းကိုလည်း ပြောဆိုဆွေးနွေးနေခဲ့ကြ၏။
ထျန်းတောက်စုန့်ချယ်ဟူသောအမည်နာမသည် ရှန်ရှန့်ကျုံဂိုဏ်းထက်ပင် ပို၍ကျော်ကြားနေခဲ့သည်။ စုန့်ချယ်သည် တာ့အိုအင်မော်တယ်ကျင့်ကြံဆင့်ဖြင့် တာ့အိုနတ်ဘုရားပထမကြယ်အဆင့်ကို အနိုင်ရယူခဲ့သည်။ ၎င်းဖြစ်ရပ်သည် ထျန်းလန်အလယ်ပိုင်းဒေသတွင် အချိန်အတော်ကြာ မရှိခဲ့သော သမိုင်းဝင်ဖြစ်ရပ်ဖြစ်ပေသည်။
ဤတစ်ကြိမ် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရှောင်းမျိုးနွယ်စု၏တိုက်ပွဲသို့ ကျင့်ကြံသူများစွာ လာရောက်ကြည့်ရှုကြခြင်းမှာ စိတ်လှုပ်ရှားမှုဖြင့် ပျော်မွေ့ကြည့်ရှုရန်သာမက ရှန်ရှန့်ကျုံဂိုဏ်း၏ အသေးစိတ်အကြောင်းအရာများကို ရှာဖွေသိရှိနိုင်ပြီး စုန့်ချယ်၏ ကြောက်ဖက်ဖွယ်သော တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို သိရှိနိုင်ရန်လည်းဖြစ်သည်။
သို့သော် ယခု၌ လျှို့ဝှက်ဆန်းကြယ်လူကြီးမှ အော်ဟစ်အသံပြုလိုက်ရာ တာ့အိုနတ်ဘုရားပထမကြယ်အဆင့်ကို အနိုင်ယူနိုင်ခဲ့သည့် စုန့်ချယ်သည် ခံနိုင်ရည်မရှိဘဲဖြစ်နေခဲ့သည်။
လာရောက်ကြည့်ရှုသည့် ကျင့်ကြံသူများသည် ထိုကဲ့သို့သော စွမ်းအားမြင့်ပုဂ္ဂိုလ်မှ ရှောင်းမျိုးနွယ်စုကို ကူညီထောက်ပံ့ပေးသည်ကို ယုံကြည်ရမည်ထက် စုန့်ချယ်မှာ သူ၏အမည်ဂုဏ်သတင်းနှင့် မထိုက်တန်ဟုသာ ယုံကြည်လိုကြသည်။
“မင်းက သေဖို့ အရမ်းအလျင်လိုနေမှတော့ ငါဂိုဏ်းချုပ် မင်းကိုဖြည့်ဆည်းပေးမယ်!”
ချန်းကျီ၏စကားအဆုံးတွင် ဝမ်ဖုန်းသည် နောက်ပြောင်ကျီစယ်ဟန်သော မျက်နှာအမူအရာဖြင့် ကျယ်လောင်စွာပြောလိုက်သည်။
ဝမ်ဖုန်းထံမှ စကားသံထွက်ပေါ်လာသည်တွင် ချန်းကျီ၏အင်အားကြောင့် အံ့အားသင့်နေကြသော လာရောက်ကြည့်ရှုသူများမှာ အချင်းချင်း အပြန်အလှန် အကြည့်ချင်းဖလှယ်ကြကုန်၏။
မဟုတ်မှ ရှန်ရှန့်ကျုံဂိုဏ်းမှာ အင်အားကြီးကျင့်ကြံသူတွေ ထပ်ရှိနေသေးတာများလား??
ထိုအခိုက်တွင် ဝမ်ဖုန်းနှင့်အကြီးအကဲများ၏ရှေ့၌ ပုံရိပ်တစ်ခုသည် မူလအစတည်းကပင် ထိုလေဟာပြင်အထက်၌ ရှိနေခဲ့သည့်အလား တိတ်ဆိတ်ငြိမ်သက်စွာ ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်ပေါ်ထွက်လာခြင်းသည် လီကုန်းနှင့်အခြားသူများကို ထိတ်လန့်သွားစေခဲ့သည်။ ထိုပုံရိပ်ထွက်ပေါ်လာခြင်းအတွက် အနည်းငယ်သော စွမ်းအင်လှုပ်ခတ်မှုကိုပင် သူတို့အားလုံး မခံစားမိခဲ့ပေ။ ပုံရိပ်အား အလျင်အမြန်ကြည့်လိုက်ကြသည်တွင် ရုတ်ချည်း အံ့ဩမင်သက်သွားကြရသည်။
ထိုပုံရိပ်မှာ ခံ့ညားထည်ဝါသောဟန်ပန်ဖြင့် အရောင်တောက်ပသောဝတ်ရုံဖြင့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဖြစ်သည်။ နတ်ဆိုးမိစ္ဆာကဲ့သို့သော သွင်ပြင်လည်းရှိ၏။ သူ၏အသားအရေသည် တောက်ပကြည်စင်၍ စိုမြတောက်ပနေသည်မှာ လူ၏စိတ်ကိုစွဲငြိစေပေသည်။
နက်မှောင်ရှည်လျားသော ဆံပင်တို့ကို တစ်ဝက်ထုံး၍ သာမန်လူများထက် ပိုမိုကျယ်ပြောသော ပခုံးထက်တွင် တစ်ဝက်ဖြန့်ချထား၏။ ဖြောင့်တန်းသောနှာတံမြင့်မြင့်ဖြင့် မျက်လုံးအစုံမှာ အားမာန်ပြည့်ဝလှသည်။ အလင်းတစ်စလင်းလက်သွားပါလျှင် နတ်ဆိုးမိစ္ဆာကဲ့သို့သော ပုန်းကွယ်နေသည့် ညှို့ဓာတ်တစ်မျိုးကို ခံစားသိနိုင်၏။
ဤသည်မှာ သူတို့အားလုံးအတွက် ပထမဆုံးအကြိမ် ဤကဲ့သို့သော ပုံပန်းသွင်ပြင်မျိုးကို မြင်တွေ့ဖူးခြင်းဖြစ်သည်။
နတ်ဆိုးအရှင်သခင်ကဲ့သို့သော ထိုလူသည် ကမ္ဘာမြေသို့ဆင်းသက်လာခဲ့သည်။ သူ၏ခရမ်းနီရင့်ရင့်ရွှေဖျော့ရောင်ဝတ်ရုံသည် ပြစ်ချက်ကင်းသန့်စင်ကာ မြေပြင်ထိတွဲကျနေသော ငွေမှင်ရောင်ခြုံထည်ကို ဝတ်ဆင်ထားပြီး ခါးထက်တွင် သုံးလက်မအကျယ်ရှိ ခါးစည်းကို စည်းနှောင်ထားသည်။
ဝမ်ဖုန်း၏ မျက်လုံးများပါ တောက်ပလင်းလက်လာခဲ့ရကာ မှောင်စွမ်းအင်ကျင့်ကြံသူဖောင့်ပန်း၏ သရုပ်ဖော်ပြချက်ကိုပင် ပြန်လည်စဉ်းစားလိုက်ရလေသည်။
ဒီလူမှာ ရည်ရွယ်ချက်များကို ကြိုတင်နားမလည်နိုင်ခဲ့..
ချမ်းသာကြွယ်ဝသူနှင့် အင်အားကြီးမားသူတို့မှာ အထုံပါရမီများ ပြည့်ဝစွာ၏။
နဂါးနှင့်ဇာမဏီကို ထွင်းထုပုံဖော်ရန်အတွက် မှော်တုတ်တံအစွမ်းတွင် မွေ့လျော်ခြင်းတည်း..
ထို့နည်းတူ မှော်စွမ်းအင်ကျင့်ကြံသူသည်လည်း အစိမ်းရောင်မျက်လုံးအစုံတို့အား ညွှန်မှတ်ပြုခဲ့လေသည်။
“ဖောင့်ပန်း ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်”
အားလုံး၏ တုန်လှုပ်နေသော အကြည့်များအောက်တွင် ထိုနတ်ဆိုးကဲ့သို့သောပုံရိပ်သည် ရှန်ရှန့်ကျုံဂိုဏ်းချုပ် ဝမ်ဖုန်းကို ရိုသေလေးစားစွာဖြင့် အရိုအသေပေးလာ၏။
“အရမ်းမယဉ်ကျေးပါနဲ့။ မှော်စွမ်းအင်ကျင့်ကြံသူရဲ့ ပြန်လည်နိုးထချိန်က အချိန်ကိုက်ပါပဲ။ ဒီလူပြက်နှစ်ယောက်က စိတ်လှုပ်ရှားပြီး တွေးတောဆင်ခြင်မှုကင်းမဲ့နေရှာတာ.. မှော်စွမ်းအင်ကျင့်ကြံသူက သူတို့ကို ကူညီပေးလိုက်ပါလား”
ဝမ်ဖုန်းသည် နှုတ်ခမ်းထောင့်တို့ အနည်းငယ်တွန့်ချိုး၍ ပြုံးလိုက်ကာ လက်ကိုအသာဝှေ့ယမ်း၍ နူးညံ့သိမ်မွေ့စွာ ပြောခဲ့သည်။
ဖောင့်ပန်းသည် ခေါင်းညိတ်ပြီးနောက် လီကုန်းနှင့်ချန်းကျီတို့အား ရုတ်တရက် လှည့်ကြည့်လာ၏။ သူ၏မျက်လုံးများမှာ သိမ်းငှက်အလား စူးရှလေရာ လီကုန်းတို့နှစ်ဦးမှာ တုန်လှုပ်သွားရသည်။ သူတို့၏ခန္ဓာကိုယ်အရာအားလုံးတို့မှာ ထိုအကြည့်စူးစူးအောက်တွင် ထွင်းဖောက်သိမြင်ခံလိုက်ရသည်ဟု ခံစားရပေသည်။
“ဟေး! ဟန်ဆောင်မနေကြစမ်းနဲ့!”
ချန်းကျီသည် ဖောင့်ပန်းကို အေးစက်စွာကြည့်နေရင်းမှ လှောင်ရယ်လျက်ပြော၏။ ထိုသို့စကားဆိုနေချိန်တွင် ချန်းကျီ၏စိတ်နှလုံးအတွင်း၌ ပြင်းပြမှုအချို့ ဖြစ်တည်နေခဲ့သည်။
အဲဒီ့လူက တကယ်ပဲ ဘယ်လိုလူမျိုးလဲ?
လင်းယွင်၏ဂုဏ်သရေတင့်တယ်လှစွာသော ဂိုဏ်းတူအစ်ကိုကြီး၊ တာ့အိုနတ်ဘုရားတတိယကြယ်အဆင့် ကြောက်ခမန်းလိလိသော တည်ရှိမှုကြီးသည် လူတစ်ဦး၏ပုံရိပ်ကို တစ်ချက်ကြည့်ရုံမျှဖြင့် ကြောက်ရွံ့စိတ်ဝင်သွားခဲ့၏။
ဘယ်လိုတောင် အရှက်ရမှုကြီးလဲ!
စကားဆုံးသည်နှင့် ချန်းကျီသည် ရုတ်ချည်း စွမ်းအင်များဖြာထွက်စေခဲ့သည်။ တာ့အိုနတ်ဘုရားတတိယကြယ်အဆင့် စွမ်းအင်များသည် ကြမ်းကြုတ်ခက်ထန်စွာ ဖြစ်တည်လာခဲ့ရာ ကမ္ဘာမြေကြီး၏တုန်ခါမှုနှင့်အတူ လာရောက်ကြည့်ရှုသူများကိုလည်း တုန်လှုပ်စေခဲ့သည်။
“ကျစ်!”
“တာ့အိုနတ်ဘုရားတတိယကြယ်အဆင့်!”
ချန်းကျီ၏ တာ့အိုနတ်ဘုရားတတိယကြယ်အဆင့် စွမး်အင်ကို မျက်မြင်ခံစားရသည်တွင် လာရောက်ကြည့်ရှုများမှာ မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်သော အမူအရာတို့ဖြစ်တည်နေကြသည်။
၎င်းမှာ တာ့အိုနတ်ဘုရားတတိယကြယ်အထွတ်အထိပ်အဆင့်၏ အင်အားဖြစ်သည်။ ထျန်းလန်အလယ်ပိုင်းဒေသ၏ ရှေးဟောင်းအမတမျိုးနွယ်စုများမှလွဲ၍ အခြားအင်အားစုများ၌ ထိုမျှသော စွမ်းအားမြင့်ပုဂ္ဂိုလ်မျိုး မရှိနိုင်လောက်ပေ။
အမည်ကျော်ကြားသည့် ရှောင်းမျိုးနွယ်စုသည်ပင် တာ့အိုနတ်ဘုရားဒုတိယကြယ်အဆင့် ဘိုးဘေးတစ်ဦးသာ ရှိခဲ့သည်။ ထိုမျိုးနွယ်စုဘိုးဘေးသည်လည်း တာ့အိုနတ်ဘုရားဒုတိယကြယ်၏ အထွတ်အထိပ်အဆင့်သို့ မရောက်ရှိခဲ့ပေ။
ထိုစွမ်းအားမြင့်ပုဂ္ဂိုလ်ဖြင့် ရင်ဆိုင်ရပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းမှာ အန္တရာယ်ကျရောက်နေပြီဟု ဆိုနိုင်ပေသည်။
ကနဦးတွင် သူတို့အားလုံးသည် ဤတိုက်ပွဲမှာ ရှောင်းမျိုးနွယ်စု၏ အမြစ်ပြတ်သုတ်သင်ခံရမည့်တိုက်ပွဲဟု တွေးထင်ခဲ့ကြသည်။ ဤတိုက်ပွဲအရင်းခံဖြင့် ရှန်ရှန့်ကျုံဂိုဏ်းမှာ အမြင့်သို့တက်လှမ်းရန် ကြမ္မာဖန်လေမည်ဟု တွေးထင်နေကြသည်တွင် မထင်မှတ်စွာဖြင့် ရှောင်းမျိုးနွယ်စုမှာ လာရင်းအရပ်ကိုမသိရသော စွမ်းအားမြင့်ပုဂ္ဂိုလ်နှစ်ဦးကို တိုက်ပွဲသို့ ဆွဲသွင်းလာခဲ့လေသည်။
ချန်းကျီသည် လာရောက်ကြည့်ရှုကြသူများ၏ တုန်လှုပ်နေမှုကို ဂရုမစိုက်ပေ။ ချန်းကျီသည် ဖောင့်ပန်းအား အထင်မြင်သေးစွာကြည့်လျက် လက်ဟန်ဖြင့် တစ်စုံတစ်ရာကို ဆုပ်ကိုင်ဟန်ပြုလိုက်ရာ လက်ထဲတွင် ဓားတစ်လက်ပေါ်ထွက်လာခဲ့သည်။ သာမန်ဓားများထက် အနည်းငယ်ရှည်လျားေသာ ကိုးပေအရှည်ရှိ ဓားကိုယ်ထည်ထက်တွင် သိပ်သည်းဆန်းကြယ်သော အက္ခရာစာတန်းများ ရေးထွင်းထား၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် စိတ်ဝိဉာဉ်ကို တုန်လှုပ်စေနိုင်ပေသည်။