ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စု၊ နဂါးဧကရာဇ်တောက်ဇွင်း။
Vol. 20 Ch. 276
ဘုန်း!
ကျယ်လောင်သောဟိန်းဟောင်သံကြီးသည် အထက်ကောင်းကင်နှင့်ပထဝီမြေကြီးတိုင် တုန်ခါသွားစေလျက် မုန်တိုင်းပင်လယ်ပြင်အလား မြူခိုးဖုန်မှုန့်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့ထိခတ်လေသည်။ ရှောင်းမျိုးနွယ်စု၏နေရာဌာနကြီးတစ်ခုလုံးမှာ မုန်တိုင်းအလယ်တွင် တန်ကြေးမရှိသော အပျက်အစီးပုံကြီး ဖြစ်သွားရသည်။ ဤကြောက်ခမန်းလိလိသော မုန်တိုင်းကြားတွင် ရှောင်းမျိုးနွယ်စုအားလုံးမှာ အမြစ်ဖြတ်သုတ်သင်ခံလိုက်ရ၏။
အချင်းဝက်မိုင်တစ်သိန်းခန့်သော တောင်ထွဋ်များအားလုံးသည်လည်း တစ်တောင်ပြီးတစ်တောင် ပြိုကျပျက်စီးသွားခဲ့သည်။
ကမ္ဘာလောကကြီး၌ ထိုပုံရိပ်တစ်ခုသာလျှင် နတ်ဆိုးအရှင်သခင်တစ်ပါးအလား လောက၏ကြောက်ရွံ့ကိုးကွယ်မှုကို ခံစားရယူရင်း ရပ်တန့်နေပေသည်။
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်း၏ မှော်စွမ်းအားရှင်ဖောင့်ပန်းမှ တာ့အိုနတ်ဘုရားတတိယကြယ်အဆင့်နှင့် တာ့အိုနတ်ဘုရားစတုတ္ထကြယ်အဆင့် ကျင့်ကြံသူတို့ကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်သန်း၃၀နှင့် တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့်နှစ်ခု ရရှိပါတယ်”
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်း၏ မှော်စွမ်းအားရှင်ဖောင့်ပန်းမှ ရှောင်းမျိုးနွယ်စုကို ကျရှုံးစေခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်သန်း၅၀နှင့် တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့်၃ခု ရရှိပါတယ်”
ဝမ်ဖုန်းသည် စိတ်တွင်းမှ စနစ်၏အသံကို လျစ်လျူရှု၍ မှော်စွမ်းအားရှင်ဖောင့်ပန်းအား စိတ်ကျေနပ်စွာသောအပြုံးဖြင့် ကြည့်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် မြူခိုးဖုန်မှုန့်များ ပျောက်ကွယ်သွားခဲ့ပြီး ရှောင်းမျိုးနွယ်စု၏နေရာဌာနမှာ ဧရာမတွင်းချိုင့်ကြီးအဖြစ်သာ ကျန်ရစ်ခဲ့လေသည်။ အပျက်အစီးပုံများထက်တွင် သွေးအစအနများ မစွန်းထင်းနေခဲ့ပါ။ ဖောင့်ပန်း၏လက်ဖဝါးရိုက်ချက်၏ ကြောက်မက်ဖွယ်အင်အားကြီးသည် သွေးစများကို အငွေ့ပျံကွယ်ပျောက်သွားစေခဲ့ပြီး အစွန်းအထင်းတစ်ခုတစ်လေသော်မှ မကျန်ရစ်စေခဲ့ပေ။
ဝမ်ဖုန်းသည် ထိုမြင်ကွင်းကိုကြည့်ရင်းဖြင့် နှုတ်ခမ်းထောင့်များတွန့်ကွေး၍ပြုံးလိုက်သည်။ လက်ဖွာသောဖောင့်ပန်းသည် ရှေးဟောင်းမျိုးနွယ်စုတစ်ခုလုံး၏ ပိုင်ဆိုင်မှုမှာ မည်မျှကျန်ရစ်သည်ကို သိလိမ့်မည်မဟုတ်ချေ။
သူ၏လက်ဖဝါးရိုက်ချက်မှာ ပိုင်ဆိုင်မှုများကို ဖြုန်းတီးခဲ့သည်ဟူေသာ ဝမ်ဖုန်း၏အတွေးကို ဖောင့်ပန်းသိခဲ့ပါလျှင် ေသချာပေါက် မင်သက်သွားလိမ့်မည်ဖြစ်၏။ သို့သော် ၎င်းမှာ ထိုသေမျိုးလူတစ်စုကိုသာ အပြစ်တင်နိုင်ပေမည်။ ထိုသေမျိုးတစ်စုမှာ အားနည်းလွန်းသည်မဟုတ်ပါလော။
ကျစ်!
အဝေးရှိလာရောက်ကြည့်ရှုသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ရသည်တွင် လေအေးအချို့ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်မိ၏။ သူတို့၏ခြေထောက်များမှာ အားနည်းပျော့ခွေလာကြ၍ မျက်လုံးများမှာ အပျက်အစီးပြင်ကြီးကို ထုံထိုင်းတွေလေစွာ ငေးစိုက်ကြည့်နေကြလျက် လေဟာပြင်တွင် ဒူးထောက်ချလိုက်ကြသည်။ ခန္ဓာကိုယ်များမှာလည်း မထိန်းချုပ်နိုင်စွာ တုန်ယင်နေကြပေသည်။။
လက်ဖဝါးတစ်ချက်ဖြင့် တာ့အိုနတ်ဘုရားတတိယကြယ်အဆင့်နှင့်အထက် ကျင့်ကြံသူနှစ်ဦးကို သတ်ပစ်ခဲ့သည်တဲ့! ဒါက ဘယ်လိုနတ်ဆိုးကြီးများလဲ?!
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုငါးခုသည်ပင် ထိုအခိုက်အတန့်တွင် တုန်ရီထိတ်ပျာသွားရသည်။ ထိုမျှသောအင်အားကြီးမားသည့် တည်ရှိမှုကြီးအား ထျန်းလန်ဒသတစ်ခုလုံးတွင် မည်သူကများ ဟန့်တားနိုင်ပါမည်နည်း။
ဟမ်!
အားလုံးထိတ်လန့်နေကြစဉ်တွင် လီကုန်းပြုတ်ကျသွားခဲ့သည့်နေရာမှာ အပြင်းအထန်တုန်ခါလာခဲ့သည်။ မျက်လုံးဖြင့်မမြင်တွေ့နိုင်သော ဖိအားတစ်ခုသည် လောကတစ်ခွင်ကို ရုတ်ချည်းဖုံးလွှမ်းသွားခဲ့သည်။ ထိုနေရာရှိ ကြောက်မက်ဖွယ်တည်ရှိမှုကြီးတစ်ခုမှ ပြန်လည်မွေးဖွားသက်ဝင်လာမည့်အလား ထင်မှတ်ရ၏။
ဝမ်ဖုန်းနှင့်အကြီးအကဲများသည်လည်း မျက်ေမှာင်ကြုတ်လျက် ထိုနေရာသို့ကြည့်လိုက်ကြသည်။ သို့သော် ၎င်းမှာ နောက်ပြောင်ဆော့ကစားဟန်သော အမူအရာ၊ မှန်းဆရန်နက်နဲလှသော မျက်လုံးများဖြင့် ဖောင့်ပန်းဖြစ်နေခဲ့သည်။
“ဖောင့်ပန်း ဘာဖြစ်တာလဲ?”
ဝမ်ဖုန်း ဖောင့်ပန်းအား မေးလိုက်သည်။
“ဒီပုရွက်ဆိတ်နှစ်ကောင်ရဲ့ နောက်ကွယ်ကလူက သူတို့ကို လက်ပြန်ရိုက်ချက်အတွက် အထူးပြင်ဆင်ပေးထားတယ်လေ။ အဲဒါကို ဒီနှစ်ကောင်သေတဲ့အထိ တစ်ကြိမ်မှ မသုံးလိုက်ရတာ နှမြောစရာပဲ။ ဒါပေမဲ့ သူတို့သေသွားတော့ အဲဒါက အလိုအလျောက် အသက်ဝင်လာတယ်လေ”
ဖောင့်ပန်းမှ အပြုံးဖြင့် အထင်မြင်သေးစွာပြော၏။
ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ သူ၏မျက်လုံးများတွင် အေးစက်မှုအချို့ထင်ဟပ်နေခဲ့သည်။ လင်းယွင်ယွမ်ကျဲ၏နောက်ကွယ်ရှိ တည်ရှိမှုကို ဝမ်ဖုန်း သိချင်မိ၏။
ဟမ်!
အားလုံး၏အကြည့်များအောက်၌ အိုမင်းနေသောပုံရိပ်ေယာင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ယောင်ထွက်ပေါ်လာသောအခါ ကမ္ဘာလောကတစ်ခုလုံးမှာ ပြင်းထန်စွာတုန်ခါသွားခဲ့ပြီး ကောင်းကင်မှာ ပိုမိုမှုန်မှိုင်းလာခဲ့သည်။
“ငါအရှင်ရဲ့တပည့်တွေကို သတ်ရဲတဲ့သတ္တိ မင်းကိုဘယ်သူပေးလိုက်သလဲ!”
ဖောင့်ပန်းကို စူးရဲစွာကြည့်နေခဲ့သည့် ထိုပုံရိပ်၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ လွှမ်းခြုံနေခဲ့ပြီး ခံစားချက်ကင်းမဲ့သော အသံကြီးသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
“စနစ် အဲဒီ့လူကိုစစ်ဆေးလိုက်ပါ”
ဝမ်ဖုန်း မျက်လုံးများမှေးကျဉ်း၍ စိတ်ထဲမှပြောလိုက်သည်။
“ဒင်! စစ်ဆေးရန်အတွက် ဂိုဏ်းအမှတ်တစ်သန်းကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ”
စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း တုန်ရီသွား၏။ သောက်ကျိုးနည်း အဲဒီ့လူကို စစ်ဆေးတာ ဂိုဏ်းအမှတ်တစ်သန်းကုန်ကျရလားဟ!
“ဒင်! ထိုလူဟာ တာ့အိုနတ်ဘုရားနဝမကြယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူ နဂါးဧကရာဇ်တောက်ဇွင်းဖြစ်ပါတယ်။ လက်ရှိပုံရိပ်ဟာ သူ့ရဲ့တပည့်တွေကို ကာကွယ်ဖို့အတွက် အထူးတလည်အသုံးပြုတဲ့ သူဖန်တီးထားတဲ့ပုံရိပ်ယောင်တစ်ခုပါ”
“ဒင်! အဲဒီ့လူမှာ အခြားသရုပ်တစ်ခု ရှိပါသေးတယ်။ သူက ရှန်းရွှမ်ဒေသ၊ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုရဲ့ စွန့်ပစ်ခံသားတော်ပါ။ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုရဲ့ စွန့်ပစ်ခံရပြီးနောက်မှာ အဲဒီ့လူဟာ ဒေါသဖြစ်သွားခဲ့ပြီး ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုကို သူတို့မှားယွင်းခဲ့ကြောင်း သက်သေပြလိုခဲ့တယ်။ သက်သေပြချင်တာထက် ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုကို လက်စားချေလိုခဲ့တဲ့စိတ်ဟာ ပိုများပါတယ်”
“အဲဒါကြောင့် အဲဒီ့လူမှာ တပည့်တွေ တစ်ယောက်ပြီးတစ်ယောက်လက်ခံဖို့ ရည်ရွယ်ချက်ရှိခဲ့ပြီး လင်းယွင်ယွမ်ကျဲကို အငယ်ဆုံးတပည့်အဖြစ် လက်ခံခဲ့တယ်။ လင်းယွင်ယွမ်ကျဲရဲ့ အင်အားနဲ့စွမ်းဆောင်ရည်ကို အသုံးချပြီး ထျန်းလန်ဒေသတစ်ခုလုံးကို သိမ်းပိုက်စိုးမိုးဖို့ ရည်ရွယ်ထားတယ်။ သူ့ရဲ့အုပ်ချုပ်သူဧကရာဇ်တစ်ပါးဖြစ်လိုတဲ့ ရည်မှန်းချက်နဲ့ အမတတစ်ပါးဖြစ်ဖို့လမ်းစဉ်ကို လျှောက်လှမ်းရာမှာ လင်းယွင်ယွမ်ကျဲကို အထောက်အပံ့တစ်ခုအဖြစ် ရည်ရွယ်အသုံးချခဲ့တယ်။ နတ်မင်းနယ်ပယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ပြီးတဲ့အခါ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုကို သူ့ကိုယ်သူသက်သေပြပါလိမ့်မယ်”
စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း မျက်မှောင်ကြုတ်မိသွားရပြီး မျက်နှာအမူအရာကို သိက္ခာထိန်းသိမ်းလိုက်၏။ ဝမ်ဖုန်းသည် နဂါးဧကရာဇ်တောက်ဇွင်းကို ကြောက်ရွံ့ခြင်းမဟုတ်ပါ။ အင်မော်တယ်နယ်ပယ်ဟူသည်ကြောင့် ထိတ်လန့်သွားခြင်းဖြစ်ပါ၏။
မျိုးနွယ်စုတစ်ခု၏ စွန့်ပစ်ခံသားတစ်ယောက်သည် တာ့အိုနတ်ဘုရားနဝမကြယ်အထွတ်အထိပ်အဆင့်ဟူသော ကျင့်ကြံမှုရှိ၏။ ထိုရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုဟူသည် အဘယ်မျှကြောက်မက်ဖွယ်သော အင်အားစုကြီးဖြစ်ပါလိမ့်မည်နည်း? နတ်မင်းနယ်ပယ်ဟူသည်လည်း အဘယ်မျှ ကြောက်မက်ဖွယ်ကောင်းပါလိမ့်မည်နည်း?
ရှန်းလန်တိုက်ကြီး(ကမ္ဘာကြီး) ပြိုကွဲသွားပြီးနောက် နတ်မင်းနယ်ပယ်သည် အမြင့်မားဆုံးကျင့်ကြံရေးနယ်ပယ်ဖြစ်လာခဲ့သည်။ ယခင်က ပြီးပြည့်စုံသော ရှန်းလန်တိုက်ကြီးဆိုပါက အဘယ်မျှလောက် အံ့ချီးဖွယ်ကောင်းလိမ့်မည်နည်း?
ရှန်းလန်တိုက်ကြီး ပြီးပြည့်စုံမှုမတိုင်မီ၌ ၎င်းအနီးဝန်းကျင်ရှိ ကမ္ဘာများမှာ ရှန်းရွှမ်ဒေသနှင့် ရှေးဟောင်းနယ်ပယ်ကဲ့သို့ပင် တစ်မျိုးမှာ အမတဖြစ်ပြီး တစ်မျိုးမှာ သာမန်ဖြစ်၍ နှစ်ခုကြားကွာဟချက်မှာ ကြီးမားလွန်းလှသည်ဟူသော ကောလာဟလများရှိနေသည်မှာ အံ့ဩဖွယ်မဟုတ်တော့ပေ။
“ငါ့ရှေ့မှာ ဘယ်လိုတောင် မထီမဲ့မြင်ပြုရဲတာလဲ?! တကယ့်အရူးကောင်ပဲ!”
ဖောင့်ပန်းမှ လှောင်ပြောင်ရယ်မော၏။
ဘုန်း!
ဖောင့်ပန်း၏စကားသံနှင့်တစ်ပြိုင်နက် နဂါးဧကရာဇ်တောက်ဇွင်း၏ပုံရိပ်ယောင်သည် ရုတ်ချည်း ဒေါသဖြစ်သွားခဲ့၍ ထိုဒေါသအဟုန်မှာ မီးတောင်ကြီးအလား ကမ္ဘာလောကတစ်ခုလုံးကို အပြင်းအထန်တုန်ခါစေလျက် မျက်လုံးဖြင့်မမြင်တွေ့နိုင်သော စွမ်းအင်မုန်တိုင်းကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ထိခတ်လာခဲ့သည်။
“သေစမ်း!”
ကြောက်ခမန်းလိလိသောဒေါသများ ရောယှက်နေသည့် ဟိန်းဟောက်သံကြီးသည် အရပ်လေးမျက်နှာတိုင် ပဲ့တင်ထပ်သွားခဲ့သည်။ အနှိုင်းမဲ့ဟိန်းဟောက်သံကြီးသည် အဝေးရှိလာရောက်ကြည့်ရှုသူများ၏ နားစည်တို့ကို ပြင်းထန်စွာထိခတ်သွားခဲ့ရာ နားထဲမှ သွေးမျာယိုစီးကုန်ကြလေသည်။ ထိုသို့သော အခြေအနေပြောင်းလဲမှုကို မျှော်လင့်မထားခဲ့သည်ဖြစ်ရာ လာရောက်ကြည့်ရှုသူများမှာ နာကျင်မှုနှ့င်အတူ ကြောက်ရွံ့ထိတ်လန့်မှုလည်း ပိုတိုးပွားသွားခဲ့ရပေသည်။
တာ့အိုနတ်ဘုရားတတိယကြယ်အထက်ကျင့်ကြံသူများသည် ဘယ်လိုတောင် အင်အားကြီးမားကြသနည်း။ နတ်ဆိုးအရှင်သခင်ကဲ့သို့သော ထိုပုဂ္ဂိုလ်သည်ရော ခုခံနိုင်ပါဦးမည်လော။
ဟိန်းဟောက်သံအဆုံးတွင် ပုံရိပ်ယောင်သည် ရုတ်ချည်းကွဲကြေသွားလျက် ကြယ်မှုန်လေးများသဖွယ် လွင့်ေမျာေနခဲ့သည်။ ထို့နောက်တွင် ထိုကြယ်မှုန်စလေးများသည် တစ်စုံတစ်ရာ၏ ဆွဲငင်မှုကို ခံယူလိုက်ရသည့်အလား စုဝေးသွားကြလျက် ထက်ရှသောဓားရှည်တစ်ချောင်းသဏ္ဍာန်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုထက်ရှသောဓားသဏ္ဍာန် ဖြစ်တည်မှုပြီးဆုံးသောအခါ ထိုဓားရှည်၏အလွန့်အလွန်ထက်ရှသော ဓားသွားကြောင့် မိုင်ထောင်ချီအကွာအဝေးရှိ လေဟာပြင်ထိတိုင် စုတ်ပြဲသွားရပေသည်။
ဤသည်မှာ နဂါးဧကရာဇ်တောက်ဇွင်းမှ သူ၏တပည့်များအတွက် ပြင်ဆင်ထားရစ်သည့် လက်ပြန်ရိုက်ချက်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင် ငါးပုံတစ်ပုံပါဝင်သည့် တိုက်ကွက်တစ်ချက်ဖြစ်၏။
စွမ်းအင်ငါးပုံတစ်ပုံဟူသည် အထင်မြင်သေးနိုင်သော ပမာဏမဟုတ်ချေ။ တာ့အိုနတ်ဘုရားနဝမကြယ်အထွတ်အထိပ်အဆင့်၏ စွမ်းအင်ငါးပုံတစ်ပုံဖြစ်၏။ တာ့အိုနတ်ဘုရားအဌမအဆင့်ကျင့်ကြံသူလျှင်သော်မှ ခံနိုင်ရည်ရှိရန် မဖြစ်နိုင်လောက်ပေ။ ချက်ချင်းအသတ်ခံလိုက်ရနိုင်၏။
ဤဓားရောင်ခြည်မှ ထုတ်လွှတ်သောအင်အားသည် အလွန်တရာကြီးမားသည်မှာ ဟုတ်တန်ရာသည်။ ထိုထက်ရှသည့်ဓားသွားသည် အဝေးမှကြည့်ရှုသူများကိုပင် ဝိဉာဉ်ဆုတ်ဖြဲခံနေရသည်ကဲ့သို့သော အဆုံးမဲ့နာကျင်မှုကို ပေးစွမ်းနိုင်လေသည်။
သူတို့သည် ထိန်လန့်တကြားဖြင့် နောက်သို့ဆုတ်ခွာလိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ထုံထိုင်းသည်အထိ ထိတ်လန့်နေခဲ့လေပြီ။ ယနေ့တစ်နေ့စာ အဖြစ်အပျက်သည် သူတို့၏သက်တမ်းတစ်လျှောက် ကြုံတွေ့ခဲ့ဖူးသည့်အရာအားလုံးထက် ပိုမိုထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်၏။