← Chapters

သိုးထိန်းသမ အားချင်း

Vol. 20 Ch. 280

သိုးထိန်းသမ အားချင်း

Vol. 20 Ch. 280

“ဒင်! အားချင်းကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမည်လော?”

စနစ်၏အသံသည် ဝမ်ဖုန်းကို တောင့်ခဲသွားစေခဲ့သည်။ ဝမ်ဖုန်း ထိုပုဂ္ဂိုလ်ကို ကြားသိဖူးပါ၏။ ထိုပုဂ္ဂိုလ်သည် ဓားနတ်ဘုရားပြန်လည်ဝင်စားသည့် မျောက်ဝံဖြူထံမှ ဓားသိုင်းပညာရပ်ကို သင်ယူခဲ့သူဖြစ်သည်။ အဆုံး၌ ထိုပုဂ္ဂိုလ်သည် ဝါးတုတ်ချောင်းဖြင့် မျောက်ဝံဖြူကို အနိုင်ယူနိုင်ခဲ့‌ပြီး စစ်သည်၃၀၀၀နှင့်ညီမျှသည့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဟူ၍ ကျော်ကြားခဲ့သည်။

“စစ်ဆေးမယ်”

ဝမ်ဖုန်းသည် စိတ်ပါဝင်စားမှုဖြင့် မျက်လုံးအရောင်လက်နေခဲ့လျက် တုံ့ဆိုင်းမှုမရှိပြောခဲ့သည်။

“ဒင်! အားချင်း၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်:

အမည်: အားချင်း

ဂုဏ်ပုဒ်: သိုးထိန်းသမ

ကျင့်ကြံမှု: တာ့အိုနတ်ဘုရားနဝမကြယ်အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ: ချင်ယိုးဓားခန္ဓာ (ကျင့်ကြံမှုပြီးနောက် ဓားသိုင်းပညာသည် သာမန်ဖြစ်ပြီး စွမ်းပင်များစွာတိုးတက်သည်)

သွေးမျိုးဆက်: ချင်ယိုးသွေးမျိုးဆက် (ကျင့်ကြံမှုပြီးနောက် သိမြင်နားလည်နိုင်စွမ်းရည် များစွာတိုးတက်သည်)

နိယာမ: ဓားသိုင်း

တာ့အိုစွမ်းရည်များ: ဓားတစ်ချက်ဖြင့်တောင်ကိုပိုင်းဖြတ်ခြင်း၊ အရပ်လေးမျက်နှာခွဲဖြာဓား၊ အရိပ်မဲ့ဓားချက်၊ စောင်းငဲ့ဓားချက်၊ တောင်တန်းမြစ်သွယ်ဖြိုခွင်းဓား၊ ဝိဉာဉ်ဖြိုခွင်းဓားချက်။

ထူးခြားစွမ်းအင်များ: ယွဲ့မိန်းမငယ်ဓား၊ ဓားနတ်ဘုရားဓား။

လက်နက်: ဝါးတုတ်ချောင်း”

စွမ်းရည်ဇယားကိုကြည့်လျက် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်၏။ ဓားနတ်ဘုရား၏ စစ်မှန်သောအမွေဆက်ခံထားရှိသည့် ပုဂ္ဂိုလ်ဟု မဆိုရပေ.. အားချင်းကို ရရှိထားပြီဖြစ်ရာ ဖောင့်ပန်းမှ မလှုပ်ရှားလျှင်သော်မှ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် ထျန်းလန်ဒေသတစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်ပေသည်။

“စနစ် ထီလက်မှတ်အတွက် ဂိုဏ်းအမှတ်သန်း၅၀သုံးမယ်! ရရှိတဲ့ကျင့်ကြံမှုအခြေခံတွေကို ငါသခင်နဲ့ အကြီးအကဲတွေကို ကောင်းချီပေးပါ”

ဝမ်ဖုန်း၏မျက်လုံးအစုံ၌ အလင်းတစ်စဖြတ်ပြေးသွားခဲ့ပြီး တည်ကြည်လေးနက်စွာပြောခဲ့သည်။ ယခုတွင် တာ့အိုနတ်ဘုရားနဝမကြယ်အဆင့် အားချင်းကို ဆင့်ခေါ်ထားပြီးဖြစ်ရာ ထီလက်မှတ်ရယူရန် အဆင်သင့်ဖြစ်လေပြီ။

“ဒင်! အားချင်း၏ကျင့်ကြံမှုအခြေခံ ဆယ်ပုံတစ်ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဒင်!....”

“ဒင်! သခင်နဲ့ အကြီးအကဲများကို ရရှိသည့်ကျင့်ကြံမှုအခြေခံများအားလုံး ကောင်းချီးပေးပြီးပါပြီ”

“ဒင်! တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ရောက်ရှိခြင်းအတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“မှတ်ချက်: စနစ်ကန့်သတ်ချက်များကြောင့် ထီလက်မှတ်မှရရှိသည့် ကျင့်ကြံမှုအခြေခံများကို သခင်နဲ့ တာ့အိုအင်မော်တယ်အဆင့်အကြီးအကဲတွေကိုပဲ အဆင့်မြှင့်တင်ပေးနိုင်ပါတယ်။ ကန့်သတ်ချက်ကို ချိုးဖျက်လိုလျှင် စနစ်ကို စနစ်အဆင့်၈သို့ အဆင့်မြှင့်တင်နိုင်ပါတယ်”

စိတ်တွင်းမှအသံကြောင့် ဝမ်ဖုန်းမှာ အံ့ဩထိတ်လန့်သွားရ၍ ပင်လယ်ထဲတွင် အသက်ရှူနေရသည့်အလား မည်သည့်အရာကိုမျှ ကြိုတင်မမှန်းဆနိုင်ဘဲ ဖြစ်သွားရ‌သည်။

ဝမ်ဖုန်းသည် ခန္ဓာကိုယ်တွင်းစွမ်းအင်ကို ဂရုတစိုက်ခံစားကြည့်၍ စိတ်ကျေနပ်စွာ ခေါင်းညိတ်၏။ တကယ့်ကို တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်ရဲ့ စွမ်းအင်ပါပဲ!

ဟမ်!

ထိုအခိုက်တွင် ခန်းမအတွင်းလေဟာပြင်မှာ တုန်ခါသွားလေရာ ဝမ်ဖုန်း မော့ကြည့်လိုက်သည်။ ဝမ်ဖုန်း၏အကြည့်အောက်၌ပင် ပုံရိပ်တစ်ခုသည် လေဟာပြင်အက်ကွဲကြောင်းမှ ထွက်ပေါ်လာခဲ့ပြီး ခန်းမထဲတွင် လှပစွာရပ်တန့်၏။

ထိုပုံရိပ်မှာ အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည့် မျက်နှာဝိုင်းဝိုင်း၊ ကြည်လင်လတ်ဆတ်သော အသားအရေဖြင့် သွယ်လျသော နတ်သမီးတစ်ပါးကဲ့သို့သော မိန်းကလေးတစ်ဦးဖြစ်သည်။

“အားချင်း ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်”

သာယာနာပျော်ဖွယ်သော အသံလေးသည် နူးညံ့စွာဖြင့် နှစ်လိုဖွယ်ရှိလှသည်။ ၎င်းအသံလေးသည် ချောက်ကမ်းပါးနက်အတွင်းမှ တေးသီငှက်ဝါလေးအလား၊ လေလွင့်စွန်လေတံခွန်ငယ်အလား၊ ဇာမဏီငှက်ငယ်၏ ကျည်ကျည်ကျာကျာအသံလေးအလား မြူးကြွမှုနှင့်အတူ နူးညံ့ညင်သာမှုလည်း စီးဝင်နေပေသည်။ နွဲ့လျနူးညံ့ပြီး နှစ်လိုဖွယ်ဖြင့်တက်ကြွသည်။ အာရုံစူးစိုက်နားထောင်ပါလျှင် ကျယ်ပြောသည့်ကောင်းကင်ယံ၊ တည်ငြိမ်သည့်တိမ်လွှာများ၊ ဆိတ်ငြိမ်သည့်ပင်လယ်ပြင်နှင့် သေးနုပ်ညီညာသော လှိုင်းဂယက်ငယ်များကဲ့သို့ ခံစားမိစေပြီး လူ၏စိတ်ခံစားချက်ကို ဖွင့်လှစ်ငြိမ်းအေးစေသည်မှာ ရပ်တန့်နိုင်စွမ်းမရှိချေ။

ဝမ်ဖုန်း၏အမြင်အရ ရှန်ရှန့်ကျုံဂိုဏ်း၏ အမျိုးသမီးများအားလုံးအနက် အားချင်း၏အသံသည် သူ၏ဇနီးသည်‌လေးယဲ့မုချင်တစ်ဦးမှအပ အခြားသောအမျိုးသမီးများအားလုံးထက် ပိုမိုသာယာ‌ပေသည်။

“အရမ်းယဉ်ကျေးဖို့မလိုပါဘူး”

ဝမ်ဖုန်း ခပ်ဟဟပြုံးရယ်၍ လက်ကိုဆန့်ထုတ်လျက် ထူမတ်ပေးလိုက်သည်။

“အားချင်း စုန့်ချယ်နဲ့တခြားသူ‌တွေနဲ့အတူ ဂိုဏ်းတပည့်တွေကို သင်ကြားပေးလိုက်ပါ”

ဝမ်ဖုန်း အားချင်းကို နူးညံ့စွာပြောလိုက်သည်။

အားချင်းသည် ယွဲ့တိုင်းပြည်၏စစ်သည်များကို သင်ကြားပေးခဲ့ဖူး၏။ သူ၏သင်ကြားမှုဖြင့် ယွဲ့တိုင်းပြည်ကို များစွာတိုးတက်စေခဲ့သည်။ အားချင်း၏သင်ကြားမှုစွမ်းရည်သည် စိုးစဉ်းမျှ အားနည်းခြင်းမရှိပေ။ အားချင်းမှ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များကို သင်ကြားပေးခြင်းဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း ပို၍အင်အားကြီးမားခိုင်မာလာနိုင်၏။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!”

အားချင်းသည် ဝမ်ဖုန်းကို ဂါရဝပြုပြီးနောက် ခန်းမထဲမှ ထွက်သွားခဲ့သည်။

“စန်ဖုန်း ခန်းမကြီးထဲကိုလာခဲ့ပါ”

အားချင်း ခန်းမထဲမှ ထွက်သွားပြီးနောက် ဝမ်ဖုန်းသည် ကျန်းစန်ဖုန်းရှိရာခန်းမသို့ အသံပို့ဆောင်လိုက်သည်။

အခန်းထဲတွင် တရားထိုင်နေသော ကျန်းစန်ဖုန်းသည် ရုတ်ချည်းမျက်လုံးပွင့်လာခဲ့ပြီး တုံ့ဆိုင်းမှုမရှိ ဂိုဏ်းချုပ်ခန်းမထဲသို့ ရောက်ရှိလာ၏။ အထက်ထိုင်ခုံရှိ ဝမ်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဂါရဝပြုလိုက်သည်။

“စန်ဖုန်း ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်”

မဟာနတ်ဆိုးရွှမ်ရှ မရှိသောကြောင့် ရှန်ရှန့်ကျုံဂိုဏ်း၏ အရေးကိစ္စအားလုံးကို လက်လွှဲပေးအပ်ခြင်းခံထားရသော ဝူတန်ဂိုဏ်းကို တည်ထောင်ခဲ့ဖူးသူဖြစ်သည့် ကျန်းစန်ဖုန်းသည် ဂိုဏ်းအရေးကိစ္စများကို စီမံခန့်ခွဲရာတွင် သူ၏ကိုယ်ပိုင်နည်းလမ်းများ ရှိပေသည်။ တင်းကြပ်မှုနှင့်အတူ နူးညံ့မှုလည်း တည်ရှိ၏။ ဝမ်ဖုန်း၏မျှော်လင့်ချက်များအတိုင်းသာ စီစဉ်ဆောင်ရွက်ခြင်းမဟုတ်ဘဲ စနစ်တကျဖြင့်စီမံခန့်ခွဲ‌ပေသည်။

“ချန်းလုံသိုင်းပြိုင်ပွဲက ဘယ်တော့စမှာလဲ?”

ဝမ်ဖုန်းမှ လက်ကိုဝှေ့ယမ်းလျက် မေးမြန်း၏။

“ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ နောက်ဆယ်ရက်အကြာမှာ ချန်းလုံသိုင်းပြိုင်ပွဲ စတင်ပါမယ်”

ဝမ်ဖုန်း ခေါင်းညိတ်လိုက်ပြီး ဆက်လက်မေးမြန်း၏။

“ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေရဲ့ လက်ရှိအခြေအနေကရော ဘယ်လိုရှိလဲ?”

ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရှိအင်အားသည် ထျန်းလန်အလယ်ပိုင်းဒေသ၏ အများစုသောအင်အားစုများထက် သာလွန်သော်ငြား တပည့်များ၏အဆင့်သည်တော့ ရှန်ရှန့်ကျုံဂိုဏ်းသည် ဆိုးရွားနေဆဲဖြစ်သည်။ ဂိုဏ်း၏မြင့်တက်မှုအရှိန်မှာ မြန်ဆန်လွန်းသောကြောင့် ဂိုဏ်းတပည့်များမှာ လိုက်မမီနိုင်တော့ချေ။ သူ၏ဂိုဏ်းကိုမြင့်တက်စေသည့်အရှိန်နှုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းကို အင်အားကြီးမားစေသော်ငြား အခြေခံအုတ်မြစ်မှာမူ ယိုယွင်းနေခဲ့ရ၏။

ထို့ကြောင့် ချန်းလုံသိုင်းပြိုင်ပွဲတွင် ပါဝင်ရန်လိုအပ်ပေသည်။ ၎င်းမှာ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ၏ စွမ်းရည်ကို သွေးပေးရန်အတွက်သာ ဖြစ်ပါ၏။ တိုက်ခိုက်မှုအတွေ့အကြုံဖြင့်သာ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအနေဖြင့် အမှန်တကယ် တိုးတက်လာနိုင်ပေမည်။ ထိုရှေးဟောင်းမျိုးနွယ်စုမှ ကျင့်ကြံသူများသည်တော့ အရည်အသွေးကောင်းမွန်သည့် ဓားသွေးကျောက်များသာ ဖြစ်ပါ၏။

“ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ ဂိုဏ်းတပည့်တွေရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကောင်းမွန်ပါတယ်။ တပည့်တွေအားလုံးထဲမှာ ထျန်းလန်မြောက်ပိုင်းဒေသမှာ လက်ခံထားရှိခဲ့တဲ့တပည့်တွေက တာ့အိုဘုရင်အဆင့်ကို ရောက်ရှိပါပြီ။ သူတို့ထဲက ဂိုဏ်းတပည့်တစ်ရာ‌ခန့်က တာ့အိုဘုရင်အဆင့်ကို ရောက်ရှိနေတာပါ”

ကျန်းစန်ဖုန်းမှ အလျင်အမြန် ချီးမွမ်းပြောဆို၏။

ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဝမ်ဖုန်း၏ ရွေးချယ်မှု မမှားယွင်းခဲ့ပါချေ။ စုန့်ချယ်နှင့်နဉ်းတောက်ချီ၏ လမ်းညွှန်ပြသမှုပြီးနောက်တွင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် အားကောင်းစွာတိုးတက်လာခဲ့သည်။ ထျန်းလန်အလယ်ပိုင်းဒေသမှ ရှေးဟောင်းအင်အားစုများ၏ တပည့်များနှင့် နှိုင်းယှဉ်ချိန်တွင် များစွာသာလွန်မှု မရှိမည်ကိုတော့ ‌စိုးရွံ့မိရပေသည်။

“ကျုံးကျီ၊ ပိုင်ဟုန်၊ ကုချိုး၊ ကုကန်းချိုးနဲ့ ကျိယို့ယန်တို့ရဲ့ အခြေအနေရောဘယ်လိုလဲ?”

ဝမ်ဖုန်း၏မျက်လုံးများ၌ အလင်းတစ်စဖြတ်ပြေးသွားလျက် မေးလိုက်သည်။

ဝမ်ဖုန်းသည် ထိုငါးဦးကို အထူးတလည် ဂရုတစိုက်ရှိ၏။ စုန့်ချယ်နှင့်နဉ်းတောက်ချီတို့အပြင် အခြားသောအကြီးအကဲများသည်လည်း ထိုတပည့်ငါးဦးကို ကိုယ်တိုင်သင်ကြားကြသည်။ ဝမ်ဖုန်းသည် ထိုငါးဦးအပေါ် မြင့်မားသည့်မျှော်မှန်းချက်ရှိပြီး လီချင်းနှင့်အခြားသူများပြီးနောက် လက်ရွေးစင်တပည့်များဖြစ်သည်။

“ဂိုဏ်းချုပ်ကို ပြန်လည်ဖြေကြားပါတယ်။ လက်ရှိမှာ သူတို့ငါးယောက်လုံးဟာ တာ့အိုဧကရာဇ်အဆင့်ကို ရောက်ရှိနေကြပြီး သူတို့ရဲ့ တိုက်ခိုက်ချေမှုန်းစွမ်းရည်က တာ့အိုဧကရာဇ်အထွတ်အထိပ်အဆင့်နဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။ ထျန်းလန်အလယ်ပိုင်းဒေသရဲ့ ထောင်လွှားတဲ့ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်နိုင်တာထက်ပိုပါတယ်”

ကျန်းစန်ဖုန်းမှ လက်နှစ်ဖက်ထပ်လျက် ပြော၏။ သူ၏မျက်နှာအမူအရာသည်လည်း နူးညံ့သည့်အရောင်အသွေးတစ်မျိုး ထင်ဟပ်နေခဲ့သည်။ ဤဂိုဏ်းတပည့်ငါးဦးသည် လက်ရှိထျန်းလန်အလယ်ပိုင်းဒေသ ရှန်ရှန့်ကျုံဂိုဏ်း၏ မျိုးဆက်ငယ်တွင် စံအမှတ်ထားရာတပည့်များအဖြစ် သတ်မှတ်နိုင်ပေသည်။

ထျန်းလန်အလယ်ပိုင်းဒေသ၏ ထိပ်တန်းကျင့်ကြံသူများသည် များသောအားဖြင့် တာ့အိုဧကရာဇ်အဆင့်များ ဖြစ်ကြသည်။ ထိုကျင့်ကြံသူများသည် ရှေးဟောင်းအင်အားစုများမှ လေ့ကျင့်ပေးထားခြင်းဖြစ်ရာ ထိုသို့သော ကျင့်ကြံမှုရှိနေသည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။ သူတို့ရှာဖွေထားကြသူများမှာ ပါရမီရှင်များဖြစ်ကြပြီး မကောင်းဆိုးဝါးစိတ်ဝိဉာဉ်ရှိကြ၏။ ထို့ပြင် ရှေးဟောင်းကျင့်ကြံမှုရင်းမြစ် ပမာဏများစွာကို အသုံးပြုကျင့်ကြံကြလေရာ သူတို့၏ကျင့်ကြံမှုရလဒ်မှာ သာမန်မျိုးဆက်သစ်များထက် ပိုမိုသာလွန်ပေသည်။

All Chapters