နတ်ဘုရားများအတွက်
Vol. 21 Ch. 282
ထျန်းလန်အလယ်ပိုင်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် လင်းယွင်ယွမ်ကျဲနှင့် ဂိုဏ်းတူအကိုကြီးနှစ်ယောက်တို့သည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် အောက်ဖက်ရှိ မြူခိုးမြူငွေ့များနှင့် တိမ်စိုင်တိမ်လိပ်များ ဖုံးလွှမ်းထားသော အဆုံးမဲ့တောင်တန်းနယ်မြေကြီးကို ငုံ့ကြည့်နေခဲ့ကြသည်။ သူတို့၏ မျက်ဝန်းများအတွင်း၌ အဆုံးမဲ့မောက်မာခြင်းအရိပ်အငွေများ ထင်ဟပ်လျက်ရှိပေသည်။
"ဂိုဏ်းတူညီငယ်လေး... အခု ချီလုံမျိုးနွယ်စုက အရှုံးပေးဖို့ ကတိပြုထားပြီးပြီ ၊ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၅ စုကလွဲလို့ တခြားရှေးဟောင်းမျိုးနွယ်စုတွေရဲ့ ထက်ဝက်ကျော်က ငါတို့ရဲ့ လက်ထဲမှာပဲ...ဆရာသာ ဒီသတင်းကိုကြားသိရင် အရမ်းကို ကျေနပ်ပျော်ရွှင်သွားမှာ "
ဒုတိယဂိုဏ်းတူအစ်က်ို ကွေ့ဝူသည် လင်းယွင်ယွမ်ကျဲကို စူးစိုက်ကြည့်လိုက်သည်။ သူ့မျက်နှာထက်၌ အပြုံးဖွဖွတစ်ခုဖြစ်ပေါ်လာကာ ကျယ်လောင်သောလေသံဖြင့် အော်ဟစ်ပြောဆိုလိုက်လေသည်။
"ဟုတ်တယ်... ဒီတစ်ကြိမ်မှာ ဂိုဏ်းတူညီငယ်လေးက ထျန်းလန်ဒေသတစ်ခုလုံးကို စစ်တုရင်ခုံတစ်ခုအဖြစ် အသုံးပြုခဲ့ပြီး များစွာသော ရှေးဟောင်းမျိုးနွယ်စုတွေကို စစ်တုရင်ရုပ်အဖြစ် အသုံးချခဲ့တာ... ဒီကစားပွဲက တစ်ကယ့်ကို အံ့အားသင့်စရာပါပဲ" တခြားတစ်ဖက်က ဂိုဏ်းတူအစ်ကို ယုကျုံးကလည်းရယ်မောပြောဆိုလိုက်သည်။
"ဂိုဏ်းတူအစ်ကိုကြီးနှစ်ယောက်ရဲ့ ကူညီပံ့ပိုးမှုလည်းပါတာပေါ့ဗျာ ၊ ဂိုဏ်းတူအစ်ကိုကြီးတွေရဲ့ အကူအညီမပါဘဲ ကျုပ်၊ လင်းယွင်က ဘယ်မှာဒီလောက်ထိ စွမ်းဆောင်နိုင်မှာလဲ" လင်းယွင်ယွမ်ကျဲသည် ပြုံးလိုက်ပီး လက်သီးဆုပ်ဂါရဝပြုကာ ပြောဆိုလိုက်သည်။
လင်းယွင်ယွမ်ကျဲ၏ စကားလုံးများက ယုကျုံးနှင့်ကွေ့ဝူတို့ကို စိတ်ကျေနပ်စွာ ခေါင်းညိမ့်မိလိုက်စေသည်။
"အခု ဂိုဏ်းတူညီနောင်သုံးယောက်ပြန်ရောက်လာရင် ငါတို့ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေကိုပစ်မှတ်ထားရမယ် ၊ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးတွေကိုသာ ဖယ်ရှားပြီးသွားရင် ထျန်းလန်ဒေသတစ်ခုလုံးက ငါတို့ရဲ့လက်ထဲကိုရောက်လာလိမ့်မယ်" ကွေ့ဝူ၏ မျက်လုံးအတွင်းပိုင်း၌ နက်ရှိုင်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာပြီး ပြောဆိုလိုက်သည်။
အစောက လင်းယွင်ယွမ်ကျဲတို့သုံးယောက်သည် ချီလုံမျိုးနွယ်စုကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင်ကို အကြပ်ကိုင်ခဲ့ကာ အညံ့ခံစေခဲ့သည်။ ထို့အတွက်ကြောင့် သူတို့ဟာ ပြင်ပလောက၌ ဖြစ်ပျက်နေသည်များကို မသိရှိခဲ့ကြပေ။
ယခုသူတို့ရောက်ရှိနေသော နေရာသည် ချီလုံမျိုးနွယ်စုတည်ရှိရာရောနှင့် မိုင်တစ်ထောင်အကွာအဝေးရှိ တောင်ထိပ်တစ်ခုပဲဖြစ်သည်။
"ခရက်!..."
လင်းယွင်ယွမ်ကျဲက တစ်စုံတစ်ခုကို ပြောဆိုတော့မည့်အချိန်တွင် သူတို့အရှေ့ဖက်ရှိ လေထုမှာ ရုတ်ချည်းတုန်ခါသွားခဲ့သည်။ ထိုကဲ့သို့သော အပြောင်း အလဲက လင်းယွင်ယွမ်ကျဲတို့သုံးယောက်၏ အမူ အရာများကို အနည်းငယ်ပြောင်းလဲသွားစေခဲ့သည်။ သူတို့၏မျက်လုံးများဟာ အေးစက်သွားကြပြီး တုန်ခါနေသော လေထုတစ်နေရာကို စူးစိုက်ကြည့်မိလိုက်ကြသည်။
သူတို့သုံးယောက်၏ အကြည့်များအောက်တွင် သွေးနီရောင် ချပ်ဝတ်တန်ဆာများကိုဝတ်ဆင်ထားသော မြောက်များစွာသော ပုံရိပ်များသည် လေထုထဲမှာ ထွက်ပေါ်လာခဲ့ကြသည်။
"ဒါက..."
အဆိုပါပုံရိပ်များကို တွေ့မြင်လိုက်ကြရသည့်အခါ လင်းယွင်ယွမ်ကျဲတို့သုံးယောက်၏ အမူအရာများဟာ ပြောင်းလဲသွားကြသည်။ သူတို့၏ မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများ ရှိနေခဲ့ကြသည်။ နဂါးဧကရာဇ်၏ အယုံကြည်ရဆုံး တပည့်များဖြစ်သည်နှင့်အညီ အဆိုပါပုံရိပ်များက ဘာကိုဆိုလိုကြောင်း.သူတို့သိထားကြလေသည်။ ၎င်းတို့မှာ ဆရာဖုံးကွယ်ထားခဲ့သော အင်အားစုကြီးပင်!
ဘာတွေဖြစ်ကုန်တာလဲ? ဆရာက ဒီလောက်စွမ်းအားကြီးတဲ့အင်အားကိုတောင် ထုတ်ဖော်အသုံးပြုလိုက်တာလား?။
"သခင်လေးသုံးယောက်ကို တွေ့ဆုံပါတယ်"
ထိုလူရိပ်များထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့က လင်းယွင်ယွမ်ကျဲတို့သုံးယောက်ကို လေးလေးစားစားဂါရဝပြုလိုက်ကြသည်။
"ဘာတွေဖြစ်နေတာလဲ?.. ဆရာက မင်းတို့ကို ထွက်လာဖို့အမိန့်ပေးလိုက်တာလာ?" ယုကျုံးသည် လေးနက်နေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
နဂါးဧကရာဇ်တာအိုရှင်နောက်ကို အချိန်ကြာမြင့်စွာ လိုက်ပါခဲ့သည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်နှင့်အညီ ယုကျုံးသည် ဤသွေးနဂါးအစောင့်အရှောက်များမှာ အင်မော်တယ်နက်နဲမှုစွမ်းအားရှင်များနှင့်ရင်ဆိုင်ရန် ဆရာပျိုးထောင်ပေးခဲ့သော အင်အားစုများဖြစ်ကြောင်း သိထားလေသည်။
ယုကျုံးနှင့်အခြားသူများကို ထိတ်လန့်သွားစေခဲ့သည်က သူတို့က သွေးနဂါးအစောင့်အရှောက်များကို မျက်မြင်ဒိဌတွေ့မြင်လိုက်ရလေသည်။ ဒါ့အပြင် လေထုထဲပုံးကွယ်နေသော ရာချီသည့် ကြောက်မက်ဖွယ်အရှိန်အဝါများကိုလည်း သူတို့ခံစားမိလိုက်ကြသည်။ သွေးနဂါးအစောင့်အရှောက်များအကုန်လုံး ထွက်ပေါ်လာတာတောင် ဖြစ်နိုင်ပေသည်။
"တတိယမြောက်သားတော် ၊ စတုတ္ထမြောက်သားတော်နဲ့ ပဥ္စမမြောက်သားတော်တို့ သေဆုံးကုန်ကြပါပြီ ၊ ဧကရာဇ်က ကျုပ်ကို ဒီလာခိုင်းပြီး ကျန်ရစ်နေသေးတဲ့ သားတော်တွေကို ကူညီခိုင်းခဲ့တာပါ ၊ ဒါ့အပြင် သေဆုံးသွားတဲ့ သာတော်တွေအတွက်ရော လက်စားချေပေးဖို့ပေါ့''
ယုကျုံး၏ အမေးစကားကို ကြားလိုက်ရသည့်အခါ သွေးနဂါးအစောင့်အရှောက်တစ်ယောက်သည် လျှင်မြန်စွာ ပြောဆိုလိုက်သည်။
"ဘာ....!"
"ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သွေးနဂါးအစောင့်အရှောက်၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် လင်းယွင်ယွမ်ကျဲတို့၏ မျက်စိ သူငယ်အိမ်များသည် တုန်ခါသွားခဲ့ကြပြီး မယုံကြည်နိုင်စွာ မေးမြန်းလိုက်ကြသည်။
"ဂိုဏ်းတူအစ်ကိုကြီး တောက်ဖုန်းတို့က ရှန်ရှန့်ကျုံဂိုဏ်းကို သွားရောက်ဖျက်စီးတာမဟုတ်လား.. သူတို့ဘယ်လိုလုပ် သေဆုံးသွားရတာလဲ?" လင်းယွင်ယွမ်ကျဲက ထိတ်လန့်အသွားဆုံးဖြစ်သည်။ သူ၏ပုံရိပ်မှာ ရုတ်ချည်းရွေ့လားသွားပြီး သွေးနဂါးအစောင့်အရှောက်၏ ပုခုံးကိုဖျစ်ညစ်လိုက်ကာ ဒေါသတကြီးမေးမြန်းလိုက်သည်။
လက်ရှိအချိန်တွင် လင်းယွင်ယွမ်ကျဲဟာ အစောကကဲ့သို့ တည်ငြိမ်မနေတော့ပေ။ သူက ဒေါသအကြီးအကျယ်ထွက်နေခဲ့သည်။ ဂိုဏ်းတူအစ်ကိုကြီး သုံးယောက်ဟာ သူ၏အမိန့်ကိုနာခံ၍ ထွက်ခွာသွားကြခြင်းဖြစ်သည်။ ယခုသူတို့အားလုံး သေဆုံးကုန်ပြီဖြစ်ရာ ဆရာသခင်ကို အဘယ်သို့သော နည်းလမ်းဖြင့် ပြန်လည်ရှင်းပြရတော့မည်နည်း။
ဒါ့အပြင် သူဟာအချက်အလက်များကို သေသေ ချာချာ စဥ်းစားဆုံးဖြတ်ပြီးသားဖြစ်သည်။ ဂိုဏ်းတူအစ်ကိုကြီးသုံးယောက်၏ ခွန်အားဖြင့်ဆိုပါက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ စွမ်းအားရှင်များ မလှုပ်ရှားသေးသရွေ့ ဘယ်သူကမှ သူတို့ကို ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်မှာမဟုတ်ပေ။
"သခင်လေးတို့ကို လာရှာတဲ့လမ်းမှာပဲ စတုတ္ထမြောက်သားတော်နဲ့ ပဥ္စမမြောက်သားတော်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်ဆိုတဲ့သတင်းကို ကျုပ်တို့ရလိုက်တာပဲ ၊ အခု ဒီသတင်းက ထျန်းလန်အလယ်ပိုင်းဒေသတစ်ခုလုံးမှာ ပျံ့နှံ့နေပြီ ၊ ဒီသတင်းကြောင့်ဘဲ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂုဏ်သိက္ခာကလည်း အလွန်အမင်းတိုးတက်လာခဲ့ရတယ်... မြောက်များစွာသော ရှေးဟောင်းမျိုးနွယ်စုကြီးတွေတောင် ထိတ်လန့်သွားကြတာ..."
သွေးနဂါးအစောင့်အရှောက်သည် လင်းယွင်ယွမ်ကျဲကို စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
"ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?.. ရှန်ရှန့်ကျုံဂိုဏ်းမှာ ဒီလိုစွမ်းအားမျိုး ဘယ်လိုလုပ် ပိုင်ဆိုင်ထားနိုင်မှာလဲ?"
သွေးနဂါးအစောင့်အရှောက်၏ စကားကိုကြားလိုက်ရသည့်အခါ လင်းယွင်ယွမ်ကျဲဟာ ထိုသူ့ကိုလွှတ်ပေးလိုက်ပြီး သူ၏ခန္ဓာကိုယ်ဟာ အနောက်ကို ဒယိမ်းဒယိုင် ဖြစ်သွားခဲ့သည်။ သူမျက်နှာ၌ မယုံကြည်နိုင်မှုများ ရှိနေခဲ့သည်။
သူဟာ အဆိုပါရှန်ရှန့်ကျုံဂိုဏ်းကို လက်ဝါးတစ်ဖက်ဖြင့် ဖျက်စီးနိုင်လုနီးပါးဖြစ်ခဲ့သည်။ အခုအချိန်မှာတော့ ထိုဂိုဏ်းက ဤမျှလောက်ပမဏထိ တိုးတက်လာသည်တဲ့လား။ သူ့ရဲ့ဂိုဏ်းတူအစ်ကိုကြီးသုံးယောက်ကိုတောင် သတ်လိုက်တာတဲ့လား။ သွေးနဂါးအစောင့်အရှောက်များသည် စတုတ္ထမြောက်နှင့် ပဥ္စမမြောက်ညီနောင်တို့၏ သေဆုံးခြင်းကိုသာ စုံစမ်းရရှိခဲ့သော်လည်း လင်းယွင်ယွမ်ကျဲတို့တတွေသည် ရှန်ရှန့်ကျုံဂိုဏ်းက တတိယမြောက်ဂိုဏ်းတူအစ်ကိုကိုလည်း သတ်ဖြတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်းသိထားလိုက်လေသည်။
"ဂိုဏ်းတူညီငယ်လေး... စိတ်အေးအေးထားပါ ငါတို့လည်း ဂိုဏ်းတူအစ်ကိုကြီးသုံးယောက်ရဲ့ သေဆုံးခြင်းကို မတွေ့မမြင်ချင်ကြဘူးလေ ၊ ဒါပေမယ့်လည်း ဖြစ်သွားပြီးမှတော့ ဘာတတ်နိုင်မှာလဲ...သူတို့တွေရဲ့ သေဆုံးခြင်းအတွက် ငါတို့တွေ လက်စားချေပေးရုံပဲ ရှိတော့တာပေါ့" ယုကျုံးသည် နှလုံးသားအတွင်းရှိ ဒေါသတရားများကို ဖိနှိပ်လိုက်ပြီး လင်းယွင်ယွမ်ကျဲကို ပြောဆိုလိုက်သည်။
သူ၏စကားလုံးများဟာ မိုးချိန်းသံကြီးအလား လင်းယွင်ယွမ်ကျဲ၏ နားစည်အတွင်း၌ ပဲ့တင်ထပ်သွားကာ သူ့ကိုပြန်၍ သတိလည်လာစေခဲ့သည်။ သူ့မျက်လုံးများအတွင်း၌ သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်လာခဲ့ကာ အံကိုတင်းတင်းကြိတ်လျက် ပြောဆိုလိုက်သည်။
"ဟုတ်တယ်... ဂိုဏ်းတူအစ်ကိုကြီးသုံးယောက်အတွက် ကျုပ်ပြန်ပြီး လက်စားချေပေးရမယ် ၊ ရှန်ရှန့်ကျုံဂိုဏ်းကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်မယ်"
"မင်းတို့... ရှန်ရှန့်ကျုံဂိုဏ်းအကြောင်း တခြားသတင်းတွေ ဘာကြားသေးလဲ?" လင်းယွင်ယွမ်ကျဲသည် သွေးနဂါးအစောင့်အရှောက်များကို ဝေ့ဝဲကြည့်ကာ ပြောဆိုလိုက်သည်။
"ကျုပ်ဒီကို လာခဲ့တာက ဧကရာဇ်ရဲ့အမိန့်အရ သားတော်တွေကို ရှာဖွေဖို့ပါပဲ ၊ စတုတ္ထမြောက်သားတော်နဲ့ ပဥ္စမမြောက်သားတော်တို့ သေဆုံးခြင်းသတင်းကိုတောင် လမ်းခရီးမှာ မတော်တဆ ကြားခဲ့ရတာပါ.."
သွေးနဂါးအစောင့်အရှောက်က ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်သည်။
"ဒါပေမယ့် ကျုပ်တခြားသတင်းတစ်ခုကိုတော့ ကြားလာသေးတယ်"
"ဘာသတင်းလဲ?..."
လင်းယွင်ယွမ်ကျဲ၏မျက်လုံးများက လှုပ်ရှားသွားပြီး မေးမြန်းလိုက်သည်။
"လာမယ့်ရက်အနည်းငယ်အတွင်းမှာ ချန်းလုံသိုင်းပြိုင်ပွဲ စတင်လိမ့်မယ် ၊ ရှန်ရှန်ကျုံဂိုဏ်းကလည်း ချန်းလုံသိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ တပည့်တွေကို ခေါ်လာလိမ့်မယ်"
သွေးနဂါးအစောင့်အရှောက်၏ စကားကိုကြားလိုက်ရသည့်အခါ လင်းယွင်ယွမ်ကျဲ၏ မျက်လုံးများအတွင်း၌ ရက်စက်မှုအရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။ သူက ချန်းလုံသိုင်းပြိုင်ပွဲအကြောင်းကို သိရှိထားပေသည်။ ရှန်ရှန့်ကျုံဂိုဏ်းက ချန်းလုံသိုင်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ရာ သူတို့ကိုသေခြင်းထက်ဆိုးသော ဘဝကို ခံစားခိုင်းလိုက်ရမည်။
"ဒုတိယဂိုဏ်းတူအစ်ကိုကြီး.... အစ်ကိုကြီးသွားပြီး လက်အောက်ခံရှေးဟောင်းမျိုးနွယ်စုတွေကို အသိပေးလိုက်ပါ... သူတို့ရဲ့ တပည့်တွေကို ပြိုင်ပွဲမှာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတွေကို သတ်ဖြတ်ခိုင်းလိုက်ပါ ၊ ရှန်ရှန့်ကျုံဂိုဏ်းကလူတွေကို သူတို့ရဲ့တပည့်တွေ မျက်စိရှေ့သတ်ဖြတ်ခံနေရတာကို ကျုပ်မြင်စေချင်တယ်"
လင်းယွင်ယွမ်ကျဲထံမှ အဆုံးအစမဲ့ သတ်ဖြတ်ခြင်း အရိပ်အငွေ့များ ပေါက်ကွဲထွက်လာပြီး ရက်စက်စွာ ပြောဆိုလိုက်သည်။ သူ၏နီရဲနေသော မျက်ဝန်းများက အလွန်အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းနေပေသည်။
"ကောင်းပြီ"
ကွေ့ဝူက ခေါင်းညိမ့်လိုက်သည်။ သူ၏ပုံရိပ်မှာ ရုတ်ချည်းပျောက်ကွယ်သွားလေတော့သည်။
"ဂိုဏ်းတူအစ်ကိုကြီး နောက်တစ်ဆင့်အနေနဲ့ ကျုပ်တို့ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေကို ပစ်မှတ်ထားဖို့မလိုသေးပါဘူး ၊ သွေးနဂါးအစောင့်အရှောက်တွေကို စေလွှတ်ပြီး ရှန်ရှန့်ကျုံဂိုဏ််းကို ချန်းလုံသိုင်းပြိုင်ပွဲမှာ ဖျက်စီးခိုင်းလိုက်မယ်... ဒီလိုဆိုရင် အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကြီးတွေလည်း ကျုပ်တို့ရဲ့စွမ်းအားကို တွေ့မြင်လာပြီး အညံ့ခံတော့မှာပေါ့" လင်းယွင်ယွမ်ကျဲသည် ကျန်ရှိနေသေးသော ယုကျုံးကို စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
"ကောင်းပြီ... သွေးနဂါးအစောင့်အရှောက်တွေက ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးပစ်လိုက်ရင်တော့ တခြားရှေးဟောင်းမျိုးနွယ်စုကြီးတွေလည်း အညံ့မခံဘဲ နေရဲတော့မှာ မဟုတ်လောက်ဘူး" ယုကျုံးက ခေါင်းညိမ့်လိုက်ပြီး သူ့မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြစ်ပေါ်လာပြီး အေးစက်စွာ ပြောဆိုလိုက်လေသည်။
သွေးနဂါးအစောင့်အရှောက်များသည် ရာချီသော စွမ်းအားကြီးပုဂ္ဂိုလ်များပဲ ဖြစ်သည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများကတောင် သွေးနဂါးအစောင့်အရှောက်များကိုရင်ဆိုင်နိုင်မှာမဟုတ်ပေ။