ဖူတောက် ကောင်းကင်ဘုံစောင့်ကြည့်ခြင်း အစီအရင်
Vol. 21 Ch. 283
ချန်းလုံသိုင်းပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ ထျန်းလန်အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူပေါင်းများစွာသည် ရှန်ရှန့်ကျုံဂိုဏ်းကို စိတ်ပါဝင်စားခြင်း မရှိတော့ဘဲ ချန်းလုံသိုင်းပြိုင်ပွဲအပေါ်ကိုသာ စောင့်ကြည့်နေခဲ့ကြတော့သည်။ ဤတစ်ကြိမ် ချန်းလုံသိုင်းပြိုင်ပွဲသည် ယခင်ချန်းလုံသိုင်းပြိုင်ပွဲများထက် ပို၍စိတ်လှုပ်ရှားစရာ ကောင်းမှာပဲ ဖြစ်သည်။ ထို့အတွက်ကြောင့် ကျင့်ကြံသူပေါင်း များစွာသည် ကျရောက်လာတော့မယ် သိုင်းပြိုင်ပွဲကြီးကို စောင့်မျှော်နေကြလေသည်။
ဤတစ်ကြိမ်တွင် ကြောက်လန့်ဖွယ်ကောင်းသော မြင်းနက်တစ်ကောင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်!
ရှန်ရှန့်ကျုံဂိုဏ်း၏ မြင့်မားသော ခွန်အားက ကျင့်ကြံသူပေါင်းများစွာကို အံ့အားသင့်စေခဲ့သည်။ ဤတစ်ကြိမ်ချန်းလုံသိုင်းပြိုင်ပွဲသည် ယခင်အကြိမ်သိုင်းပြိုင်ပွဲများထက် ပို၍ပြင်းထန်ပေတော့မည်!
ထျန်းလန်အလယ်ပိုင်းဒေသရှိ အင်အားစုပေါင်းများစွာသည် သူတို့၏ ခွန်အားကို သက်သေပြချင်ကြသည်။ သူတို့ဟာလည်း သန်မာသောအခြေခံအုတ်မြစ်များရှိသည့် ရှေးဟောင်းမျိုးနွယ်စုများဖြစ်သည်။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်း၏ ထိပ်တန်းစွမ်းအားရှင်များလောက် သန်မာခြင်းမရှိသော်လည်း သူတို့၏ လူငယ်မျိုးဆက်များကတော့ ရှေးဟောင်းမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆောင်ကျဥ်းပေးနိုင်၏။
ချန်းဝူမြို့တော်သည် ထျန်းလန်အလယ်ပိုင်းဒေသရှိ အကြီးမားဆုံး မြို့တော် ၁၂ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းမြို့တော်တွင် ချန်းလုံသိုင်းပြိုင်ပွဲက်ို ကျင်းပမှာဖြစ်သည်။
ဤကနေ့တွင် ချန်းဝူမြို့တော်သည် လွန်မင်းစွာ အသက်ဝင်နေခဲ့သည်။ ထျန်းလန်အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူပေါင်းများစွာသည် ချန်းဝူမြို့တော်သို့ အပြေးလာခဲ့ကြသည်။ သူတို့သာနောက်ကျသွားပါက နေရာကောင်းမရတော့မှာကို စိုးရိမ်နေခဲ့ကြသည်။
ချန်းဝူမြို့တော်၏ အပြင်ဘက်တွင် မိုင်တစ်ထောင်နီးပါး အကျယ်အဝန်းရှိသော ဧရာမစင်မြင့်ကြီးတစ်ခုကို တည်ဆောက်ထားသည်။ ၎င်းစင်မြင့်ကြီးပေါ်တွင် သိုင်းပြိုင်ပွဲကြီးကို ကျင်းပမှာဖြစ်သည်။ ချန်းလုံသိုင်းပြိုင်ပွဲကို အလွန်အမင်းအလေးအနက်ထားကြသည်ဖြစ်ရာ အဆိုပါစင်မြင့်ကြီးကိုလည်း အဖိုးတန်သောကျောက်ရိုင်းတုံးများဖြင့် ပြုလုပ်ထားတာဖြစ်သည်။ သန်မာသော တာအိုဘုရင်တစ်ပါးကတောင် ၎င်းစင်မြင့်ကို ခြစ်ရာတစ်ခုထင်စေမှာမဟုတ်ပေ။ ချန်းဝူမြို့တော်အတွင်းရှိ တည်းခိုဆောင်တစ်ခုအတွင်း၌ ထက်မြက်ဟန်ရှိသော ချောမောခန့်ငြားသည့် လူငယ်လေးတစ်ယောက်သည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် ပြတင်းပေါက်မှတဆင့် ပျားပန်းခက်မျှ စည်ကားနေသော မြို့လမ်းမကြီးများကို ငေးစိုက်ကြည့်နေခဲ့သည်။
" ဂိုဏ်းတူအကိုကြီး ယဲ့ရွှမ် မျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တွေကို တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့ ကျွန်တော်ကြားထားတယ်။ "
ပြတင်းပေါက်ဘေးတွင် မတ်တပ်ရပ်နေသော ချောမောခန့်ငြားသည့် လူငယ်ကလေးကို အခြားသော လူငယ်လေးတစ်ယောက်က ငေးစိုက်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးနေသော လေသံဖြင့်မေးမြန်းလိုက်သည်။
ထိုလူငယ်၏ အမေးစကားက်ိုသာ ကြားလိုက်ရပါက လူအများဟာ ထိတ်လန့်သွားကြမှာပဲဖြစ်သည်။
ယဲ့ရွှမ်သည် ချီလုံမျိုးနွယ်စုရှိ ထိပ်တန်းပါရမီရှင် သုံးယောက်အနက် တစ်ယောက်အပါအဝင်ဖြစ်ပြီး မြင့်မားသော ကျင့်ကြံမှုရှိလေသည်။ ထျန်းလန်အလယ်ပိုင်းဒေသမှာ သူဟာ ထိပ်တန်းလူငယ်ပါရမီရှင် တစ်ယောက်ပဲဖြစ်လေသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများမှ ထိပ်တန်းပါရမီရှင်များမှ လွဲ၍ ဘယ်သူကမှ သူ့ကို မယှဥ်ပြိုင်နိုင်ကြပေ။
" ဘာလဲ မင်းကြောက်နေတာလား "
ယဲ့ရွှမ် ၏ မျက်လုံးများက လှုပ်ရှားသွားခဲ့ပြီး ထူးမခြားနားစွာ ပြောဆိုလိုက်သည်။
" ရှန်ရှန့်ကျုံဂိုဏ်းက အရမ်းကို စွမ်းအားကြီးပြီး ရှောင်းမျိုးနွယ်စုကိုတောင် လွယ်လွယ်ကူကူဖျက်းစီးခဲ့တာ သူတို့ရဲ့ တပည့်တွေကိုသာ သွားထိရင် ရှန်ရှန့်ကျုံဂိုဏ်း စိတ်ဆိုးသွားမှာကို ကျုပ်စိုးရိမ်..."
ဂိုဏ်းသားငယ်လေးသည် ခေါင်းကိုခါရမ်းလိုက်ပြီး စိုးရိမ်ပူပန်စွာပြောဆိုလိုက်သည်။
အတိတ်တွင် ချန်းလုံသိုင်းပြိုင်ပွဲ၌ လျှို့ဝှက်နယ်မြေအတွက် လူပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့၏ ခွန်အားများကိုတော့ ထိန်းချုပ်ထားခဲ့ကြသည်။ ထို့အတွက်ကြောင့်လူများအလွယ်တကူ သေဆုံးခဲ့ခြင်းမရှိဘဲ ရှုံးနိမ့်သွားခဲ့ခြင်းသာရှိလေသည်။
ချန်းလုံသိုင်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြုင်ကြသူ အားလုံးသည် သက်ဆိုင်ရာ အင်အားစုများ၏ ရတနာများပင်ဖြစ်လေသည်။ ထိုပုဂ္ဂိုလ်များသာ သေဆုံးသွားပါက သူတို့၏ မျိုးနွယ်စုများကလည်း ဒေါသထွက်သွားကြမှာ ဖြစ်သည်။ အမုန်းတရားမရှိပါက ဘယ်သူကမျှ အဆင့်တူသော အင်အားစုကြီးများကို ရန်စချင်ကြမှာ မဟုတ်ပေ။
သို့ပါသော်လည်း ယခုတော့ ချီလုံမျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်း တပည့်များကို သတ်ဖြတ်ချင်နေခဲ့သည်။ လက်ရှိ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သတင်းက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ငါးစုထက်တောင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ငါးစုကတောင် ရှေးဟောင်းမျိုးနွယ်စုကြီးတစ်ခုကို ဖျက်စီးပစ်ခဲ့ဖူးခြင်း မရှိပေ။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းကတော့ လုပ်ပစ်ခဲ့သည်။ ကြောက်စရာ မကောင်းဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
" မစိုးရိမ်ပါနဲ့၊ ငါတို့ချီလုံမျိုးနွယ်စုတင် မကဘူး အခြားရှေးဟောင်းမျိုးနွယ်စုကြီးတွေကလည်း လှုပ်ရှားကြမှာ။ ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လောက်ပဲ သန်မာသန်မာ ရှေးဟောင်းမျိုးနွယ်စုကြီးတွေ အကုန်လုံးက်ိုတော့ တပြိုင်နက်တည်း ခုခံနိုင်မှာ မဟုတ်ပါဘူး။ "
" ဒီထျန်းလန်ဒေသက ရှေးဟောင်းမျိုးနွယ်စုကြီးတွေရဲ့ ကမ္ဘာပဲလေ။ ရှန်ရှန့်ကျုံဂိုဏ်း ထွက်ပေါ်လာပြီးကတည်းက စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့ပြီး မောက်မောက်မာမာပြုမူခဲ့တယ်။ ဒီရှန်ရှန့်ကျုံဂိုဏ်းကို ရှေးဟောင်းမျိုးနွယ်စုတွေရဲ့ ခွန်အား အကြောင်းသင်ပြပေးရမယ်။ "
ယဲ့ရွှမ် က လက်ကိုခါရမ်းလိုက်ပြီး ပြောဆိုလိုက်သည်။
ချီလုံမျိုးနွယ်စု ထိပ်တန်းပါရမီရှင်သုံးယောက်အနက်တစ်ယောက်ဖြစ်သောကြောင့် ယဲ့ရွှမ်သည် အခြားသော ပါရမီရှင်များထက် အခြေအနေကို ပိုမိုသိရှိလေသည်။ အခြားသော ရှေးဟောင်းမျိုးနွယ်စုကြီးများလည်းပါဝင်လှုပ်ရှားမည်ဖြစ်ရာ သူကလုံးဝကို ကြောက်လန့်မနေပါပေ။ စည်းမျဥ်းစည်းကမ်းများဆိုသည်ကား အများအပေါ်တော့ သက်ရောက်မှု မရှိနိုင်ပါပေ။ ရှန်ရှန့်ကျုံဂိုဏ်းက ဒေါသထွက်နေရင်တောင်မှ သည်းခံကြရမည်သာ....
မြောက်များစွာသော ရှေးဟောင်းမျ်ိုးနွယ်စုကြီးများကသာ အင်အားပူပေါင်းလိုက်ပါက ရှန်ရှန့်ကျုံဂိုဏ်းကတောင် ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။
ရှောင်းမျိုးနွယ်စုသည် ထျန်းလန်အလယ်ပိုင်းဒေသရှိ ရှေးဟောင်းမျိုးနွယ်စုကြီးများအနက် တစ်စုအပါအဝင်ဖြစ်သော်လည်း အားအနည်းဆုံး ရှေးဟောင်းမျိုးနွယ်စုသာ ။ သူတို့ ချီလုံမျိုးနွယ်စုနှင့် လုံးဝရင်ဆိုင်နိုင်စွမ်းမရှိပါပေ။
ဤအချိန်အတောအတွင်းတွင် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သတင်းကို ထပ်ကာထပ်ကာ ကြားရခြင်းကြောင့် ယဲ့ရွှမ်၏ နားများတောင် ထုံကျင်လာခဲ့ချေပြီ ။ ချီလုံမျိုးနွယ်စု၏ မောက်မာသောပါရမီရှင် တစ်ယောက်ဖြစ်သည်နှင့်အညီ သူကသာ ရှန်ရှန့်ကျုံဂိုဏ်း အပေါ် နင်းချေနိုင်ခွင့်ရှိပါက အခွင့်အရေးကို အဘယ်မှာ လက်လွှတ်ခံနိုင်မည်နည်း။
လက်ရှိထျန်းလန်ဒေသတွင် ရှန်ရှန့်ကျုံဂိုဏ်း၏ အမည်နာမက အကျော်ကြားဆုံး ဖြစ်နေခဲ့သည်။ သူကသာ ရှန်ရှန့်ကျုံဂိုဏ်းမှ ဂိုဏ်းသားများကို သတ်နိုင်ခဲ့ပါက သူသည်လည်း ထျန်းလျန်ဒေသရှိ ထိပ်ဆုံးပါရမီရှင်တစ်ယောက် ဖြစ်လာမှာပဲဖြစ်သည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ပါရမီရှင်များကတောင် ကျော်ကြားမှုအရာတွင် သူ့ကိုယှဥ်နိုင်တော့မှာ မဟုတ်ပေ။
ယဲ့ရွှမ်၏ စကားများကို ကြားလိုက်ရသည့်အခါ ချီလုံမျ်ိုးနွယ်စု၏ ပါရမီရှင်လေးသည် နောက်ဆုံးမှာ စိတ်သက်သာရာရသွားခဲ့သည်။ မြောက်များစွာသော ရှေးဟောင်းမျ်ိုးနွယ်စုကြီးများ အတူတကွလှုပ်ရှားကြမည်ဆိုပါက သူတို့စိုးရိမ်နေစရာမဆိုတော့ပေ။
ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမထဲတွင် ဝမ်ဖုန်းသည် အောက်ဖက်ရှိလူများကို အံ့အားတသင့် စူးစိုက်ကြည့်နေခဲ့သည်။ သူမျက်လုံးများအတွင်း စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များဖြစ်ပေါ်လာကာ ပြောဆိုလိုက်သည်။
" မျိုးနွယ်စုခေါင်းဆောင် ဖူယွမ်က ကျုပ်တို့ ရှန်ရှန့်ကျုံဂိုဏ်းက်ို ဘာကြောင့် ရောက်လာရတာလဲမသ်ိဘူး။ "
ခန်းမကြီးထဲတွင် စုန့်ချယ်၊ နဥ်းတောက်ချီတို့အပြင် အခြားသောသူတစ်စုလည်း ရှိနေခဲ့သည်။ သူတို့ဟာရှေးဟောင်းတာအိုဝတ်ရုံများကို ဝတ်ဆင်ထားခဲ့ကြပြီး ထိုလူများကြားတွင် ဖူမျိုးနွယ်စု၏ အကြီးအကဲ ဖူမေလည်း ပါဝင်နေခဲ့သည်။ ထိုလူအုပ်စုကို ဦးဆောင်လာခဲ့သူမှာ ထျန်းလန်အလယ်ပိုင်းဒေသရှိ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ငါးစုအနက် တစ်စုအပါအဝင်ဖြစ်သော ဖူမျိုးနွယ်စု၏ ခေါင်းဆောင်ဖူယွမ်ပဲဖြစ်သည်။
" မိုးလောက်ထိတောင် ဂုဏ်သတင်းကြီးမားနေတဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဒီလောက်တောင် ငယ်ရွယ်နေလိမ်မယ့်လို့ကျုပ်ထင်မထားခဲ့ဘူး။ ဒီလူအိုကြီးတော့ အရှက်ရမိပါတယ်လေ။ "
ဖူယွမ်သည် အရပ်ရှည်သော အမျိုးသားတစ်ယောက်ဖြစ်လေသည်။ ရှေးဟောင်းတာအိုဝတ်ရုံသည် သူ၏ ခန္ဓာကိုယ်ကို ဖုံးကာထားခဲ့သော်လည်း ပိန်ပါးသောမျက်နှာကိုတော့ ဖုံးကွယ်နိုင်ခဲ့ခြင်းမရှိပေ။ နှစ်ပေါင်းများစွာကြာမြင့်စွာ နေထိုင်ခဲ့သည့်အလျောက် သူ့မျက်လုံးအနက်ပိုင်းအတွင်း၌ ဉာဏ်ပညာရှိမှု အရိပ်အယောင်များ ရှိနေခဲ့သည်။ သူဟာ ဝမ်ဖုန်းကို လေးလေးနက်နက်စိုက်ကြည့်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ သူ၏ အသံဟာ ခြောက်သွေ့အက်ကွဲနေခဲ့သည်။
" ခေါင်းဆောင် ဖူယွမ်ကတော့ မြှောက်ပင့်လွန်းနေပါပြီ။ "
ဝမ်ဖုန်းက ပြုံးလိုက်ကာ လက်သီးဆုပ်ဂါရဝပြုလိုက်သည်။
" ကျုပ်ဒီတစ်ခေါက် ရှန်ရှန့်ကျုံဂိုဏ်းကို လာခဲ့ရတာက ဂိုဏ်းချုပ်ဝမ်နဲ့ ဆွေးနွေးစရာရှိလို့ပါပဲ။ "
ဖူယွမ်သည် ဝမ်ဖုန်းကို လေးနက်သော အကြည့်များဖြင့်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
" အို?.. မျိုးနွယ်စုခေါင်းဆောင်ဖူယွမ် ကျေးဇူးပြုပြီး ပြောပါလေ။ "
ဝမ်ဖုန်း၏ မျက်လုံးများအတွင်း အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ကာ သူ၏ခါးကို မတ်လိုက်ပြီး တည်ကြည်စွာ ပြောဆိုလိုက်သည်။
" ဂိုဏ်းချုပ်ဝမ်လည်း ထျန်းလန်ဒေသထဲက အပြောင်းအလဲတွေကို သတိထားမိမှာပေါ့။ ဟုတ်တယ်မလား။ အထူးသဖြင့် ရှောင်းမိသားစုမှာ ထွက်ပေါ်လာခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူနှစ်ယောက်လေ။ သူတို့က အရမ်းကို စွမ်းအားကြီးကြပေမယ့် အရင်ကသူတို့အကြောင်း ဘယ်သူမှ မသိကြဘူး။ သူတို့ရဲ့ မူလဇစ်မြစ်တွေကိုလည်း မစုံစမ်းနိုင်ခဲ့ဘူး။ ဒါအပြင် လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးတဲ့ အင်အားစုကြီးတစ်ခုက ထျန်းလန်ဒေသကို တဖြည်းဖြည်း စိမ့်ဝင်လာတာကို ကျုပ်သတိထားမိနေတယ်။ "
ဖူယွမ်က ဝမ်ဖုန်း၏ မျက်စိကို စေ့စေ့စ်ိုက်ကြည့်လိုက်ပြီး
ပြောဆိုလိုက်သည်။
" ဖူတောက် ကောင်းကင်ဘုံစောင့်ကြည့်ခြင်း အစီအရင်ကတစ်ဆင့်လား ?"
ဝမ်ဖုန်း၏ မျက်လုံးများမှာ လှုပ်ရှားသွားခဲ့ပြီး စိတ်ပါဝင်စားစွာပြောဆိုလိုက်သည်။ ဖူယွမ်ပြောဆိုနေသည့်အကြောင်းကို သူသိထားသော်လည်း သူက ဖူတောက်ကောင်းကင်ဘုံ စောင့်ကြည့်ခြင်းအစီအရင်အကြောင်းကို
ပို၍ စိတ်ဝင်စားနေပေသည်။
" ကျုပ်တို့ ဖူမျိုးနွယ်စုက အဆောင်လက်ဖွဲ့ပညာကို ကျင့်ကြံကြတယ်လေ။ ပြီးတော့ ကျုပ်တို့ရဲ့ ခွန်အားတွေကို အဆောင်လက်ဖွဲ့သန့်စင်ခြင်းနဲ့ တိုးမြှင့်ကြတယ်။ ဖူတောက်ကောင်းကင်ဘုံစောင့်ကြည့်ခြင်း အစီအရင်က မြောက်များစွာသော အဆောင်လက်ဖွဲ့တွေနဲ့ စီရင်ပြုလုပ်ထားတဲ့ အကြီးမားဆုံး အစီအရင်ကြီးတစ်ခုပဲ။ အဲဒါက မိုးကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထောက်လှမ်းသိရှိစေနိုင်တယ်။ "
ဖူယွမ်က ရှင်းပြလိုက်သည်။
" အို.. ဖူမျိုးနွယ်စုက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးတစ်စုအဖြစ် ထိုက်တန်ပါတယ်လေ။ တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ။ ဒါပေမယ့်လည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်စုအကြောင်းကို သတိထားမိလိုက်တာတောင် မျိုးနွယ်စုခေါင်းဆောင်ဖူယွမ်က ဘာလို့အခြားအင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ တိုင်ပင်မဆွေးနွေးဘဲ ကျုပ်တို့ ရှန်ရှန့်ကျုံဂိုဏ်းဆီ ရောက်လာရတာလဲ။ "
ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
" ဘာဖြစ်လို့လဲဆိုတော့ ဒီလူအိုကြီးက လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုအကြောင်းကို ဖူတောက်ကောင်းကင်ဘုံအစီအရင်ကနေ စုံစမ်းနိုင်ခဲ့တယ်လေ။ အဲဒီအင်အားစုကြီးက ထျန်းလန်ဒေသတစ်ခုလုံးကိုတောင် အမှောင်ထုအတွင်း ဆွဲခေါ်သွားနိုင်တယ်။ နောက်ဆုံးသော မျှော်လင့်ရာက ရှန်ရှန့်ကျုံဂိုဏ်းပါပဲ။ "
ဖူယွမ်က ထိမ်ချန်နေခြင်းမရှ်ိဘဲ ပြောဆိုလိုက်သည်။