နဂါးဧကရာဇ်တောက်ဇွင်း။
Vol. 21 Ch. 284
" အမ်?''
ဖူယွမ်၏စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏အမူအယာများက ပြောင်းလဲသွားခဲ့သည် ။ ဖူတောက် ကောင်းကင်ဘုံစောင့်ကြည့်ခြင်း အစီအရင်၏စွမ်းအားမှာ အလွန်အမင်းကြီးမားပြီး ထျန်းလန်ဒေသတစ်ခုလုံး၏ရှင်သန်နိုင်စွမ်းမှာ သူ့ရှန်ရှန့်ကျုံဂိုဏ်းပေါ် မူတည်နေတယ်ဆိုသောဟောကိန်းကို ထုတ်နိုင်လိမ့်မည်ဟု သူတွေးထင်မထားခဲ့ပေ ။
ဝမ်ဖုန်းသည် ဆန်းကြယ်သောအင်အားစုအကြောင်း ရှင်းရှင်းလင်းလင်းသိထားလေသည် ။ ကြည့်ရတာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးငါးခု၏နောက်ခံအင်အားကို သူအထင်သေးမိခဲ့ပုံပင် ။
ပြောသင့်ပြောထိုက်တာများ ပြောကြားပြီးသည့်နောက်တွင် မျိုးနွယ်စုခေါင်းဆောင် ဖူယွမ်၏အိုမင်းပြီး စူးရှထက်မြက်သောမျက်ဝန်းများသည် ဝမ်ဖုန်းကိုစူးစိုက်ကြည့်နေခဲ့သည် ။ ဝမ်ဖုန်း၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်ကိုတွေ့မြင်လိုက်ရသည့်အခါ သူ၏နှလုံးသားက ရုတ်တရက်လှုပ်ရှားသွားပြီး အလျင်အမြန်ထပ်ပေါင်းပြောဆိုလိုက်သည် ။ " ဂိုဏ်းချုပ်ဝမ်က အဲ့ဒီ့အင်အားစုရဲ့ မူလဇစ်မြစ်အကြောင်းကို သိထားတာလား ။ "
ဤသည်ကိုကြားတော့ ဝမ်ဖုန်းကပြုံးလိုက်ပြီး ဖူယွမ်၏မေးခွန်းကို ပြန်မဖြေခဲ့ပေ ။ ထိုအစားထပ်မံမေးမြန်းလိုက်သည် ။
" ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းကိုရောက်လာခဲ့တာ ကျုပ်တို့နဲ့မဟာမိတ်ဖွဲ့ဖို့မလား ။ အတူတကွမဟာမိတ်ဖွဲ့ပြီး ဆန်းကြယ်တဲ့အင်အားစုကိုတိုက်ခိုက်ဖို့လေ ။ "
ဖူယွမ်ကခေါင်းညိမ့်လိုက်ပြီး ခိုင်မာသောလေသံဖြင့်ပြောဆိုလိုက်သည် ။
" ဟုတ်ပါတယ် ။ ဆန်းကြယ်တဲ့အင်အားစုက ဘယ်လောက်သန်မာသလဲဆိုတာကို ဒီလူအိုကြီးမသိပေမယ့် ရှောင်းမိသားစုမှာထွက်ပေါ်လာခဲ့တဲ့ စွမ်းအားရှင်နှစ်ယောက်ကိုကြည့်ခြင်းအားဖြင့် သူတို့၏အင်အားက အရမ်းကိုသန်မာလိမ့်မယ်လို့တော့ ခန့်မှန်းမိတယ် ။ "
" ထျန်းလန်ဒေသတစ်ခုလုံးမှာ ကြယ်သုံးပွင့်တာအိုနတ်ဘုရားအဆင့်ထက်ကျော်လွန်တဲ့ ပုဂ္ဂိုလ်နှစ်ယောက်စလုံးကို တပြိုင်နက်တည်းစေလွှတ်နိုင်တဲ့ အင်အားစုဆိုတာ မရှိသေးဘူး ။ ကျုပ်တို့အင်မော်တယ်ရှေးဟောင်းမိသားစုကြီးငါးစုကတောင် ဒီလိုမျိုးမတတ်နိုင်ဘူး ။ "
ဝမ်ဖုန်းကသိရှိသွားပြီဖြစ်ရာ ဖူယွမ်ကလည်း ဖုံးကွယ်မနေတော့ပေ ။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်နေထိုင်ခဲ့သည့်လူအိုကြီးဖြစ်သည်နှင့်အညီ ဖူယွမ်သည် ရှန်ရှန့်ကျုံဂိုဏ်းနှင့်ညှိနှိုင်းဆောင်ရွက်ရာတွင် လျို့ဝှက်ချက်ထား၍မရကြောင်း သိထားပေသည် ။ သူသာ လှို့ဝှက်ချက်များထားလိုက်ပါက ညှိနှိုင်းဆောင်ရွက်မှုကျရှုံးသွားနိုင်သည် ။
ရှန်ရှန့်ကျုံဂိုဏ်းသည် ကြယ်သုံးပွင့်နှင့်အထက်ရှိသော တာအိုနတ်ဘုရားနှစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည် ။ သူတို့၏ခွန်အားမှာ နားမလည်နိုင်လောက်အောင် မြင့်မားပြီး အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုငါးစုထက်တောင် ပို၍ကြောက်မက်ဖွယ်ကောင်းသေးသည် ။ ထိုအချင်းအရာများကို ဖူတောက်ကောင်းကင်ဘုံစောင့်ကြည့်ခြင်း အစီအရင်မှတစ်ဆင့် ဖူယွမ်တစ်ယောက် သိရှိခဲ့လေသည် ။ ကောင်းကင်ဘုံလျို့ဝှက်ချက်များကို သိရှိလာရပြီးနောက်တွင် ဖူယွမ်သည် တုံ့ဆိုင်းနေခြင်းအလျင်းမရှိတော့ဘဲ ဖူမိသားစု၏စွမ်းအားရှင်များကိုခေါ်ဆောင်လျက် ရှန်ရှန့်ကျုံဂိုဏ်းနှင့်မဟာမိတ်ဖွဲ့ရန် ရောက်လာခဲ့ခြင်းဖြစ်သည် ။
" ဒီဂိုဏ်းချုပ်က အဲ့ဒီ့အင်အားစုရဲ့ မူလဇစ်မြစ်ကိုသိထားတယ် ။ ဒါပေမယ့် ဖူမျိုးနွယ်စုမပါရင်တောင် ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းက အဲ့ဒီ့အင်အားစုကို အလွယ်တကူဖျက်ဆီးလိုက်နိုင်တယ် ။ မျိုးနွယ်စုခေါင်းဆောင်ဖူယွမ်က ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့အကူအညီကို ရယူလိုတယ်ဆိုရင်တော့ တန်းတူမဟာမိတ်ဖွဲ့ဖို့လောက်နဲ့တော့ မလုံလောက်သေးဘူး ။ "
ဝမ်ဖုန်းသည် ဖူယွမ်ကိုစိုက်ကြည့်ပြီး ပေါ့ပါးစွာပြောဆိုလိုက်သည် ။
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ဖူယွမ်၏အနောက်ဘက်ရှိ ဖူမျိုးနွယ်စုအကြီးများ၏ မျက်နှာအမူအယာများဟာ ပျက်ယွင်းသွားခဲ့သည် ။ သူတို့၏ခန္ဓာကိုယ်များမှ ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည် ။ ထျန်းလန်ဒေသတွင် ဖူမျိုးနွယ်စုမှ မဟာမိတ်ဖွဲ့ချင်သည်ဆိုပါက ဘယ်အင်အားစုများကမဆို သောင်းသောင်းဖြဖြ ကြိုဆိုကြမည်သာ။
သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ်ကတော့ အလွန်အမင်းမောက်မာနေခဲ့သည် ။ သူက ဖူမျိုးနွယ်စုကိုတောင် အထင်အမြင်သေးနေသေးသည် ။
ဖူမျိုးနွယ်စုအကြီးအကဲများက ဝမ်ဖုန်းကို အော်ဟစ်ဆူပူတော့မည့်အချိန်တွင် ဖူယွမ်က လက်ဆန့်ထုတ်ကာ တားဆီးလိုက်သည် ။ သူက ဝမ်ဖုန်းကိုစူးစိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောလေသံဖြင့် မေးမြန်းလိုက်သည် ။
" ဂိုဏ်းချုပ်ဝမ်က အဲ့ဒီ့အင်အားစုရဲ့ မူလဇစ်မြစ်အကြောင်း ပြောပြပေးနိုင်မလား ။ "
ဝမ်ဖုန်းသည် တစ်ခဏကြာအောင်တွေးတောလိုက်လေသည် ။ သူက နဂါးဧကရာဇ်တောက်ဇွင်း၏ခွန်အားကိုအသုံးပြု၍ ဖူမျိုးနွယ်စုကိုခြောက်လှန့်ပြီး အညံ့ခံလာစေရင် ကောင်းပေစွဟု တွေးမိလိုက်သည် ။
" ဒီထူးဆန်းတဲ့အင်အားစုကို နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေသူတစ်ယောက်က လင်းယွင်ဘုံလောကက လင်းယွင်ယွမ်ကျဲပဲ ။ ပြီးတော့ သူ့ရဲ့မြောက်မြားများစွာသော ဂိုဏ်းတူအစ်ကိုကြီးတွေအပြင် ဆရာသခင်ဖြစ်တဲ့ နဂါးဧကရာဇ်တောက်ဇွင်းလည်း ပါဝင်နေသေးတယ် ။ '
" ဘာ ! "
" လင်းယွင်ယွမ်ကျဲ ဟုတ်လား ။ ပြီးတော့ နဂါးဧကရာဇ်တောက်ဇွင်း ! ?။ "
ဝမ်ဖုန်း၏စကားကြားလိုက်ရသည့်အခါ ဖူယွမ်နှင့်ဖူမျိုးနွယ်စုအကြီးများအားလုံး၏ အမူအယာများသည် ပြောင်းလဲသွားခဲ့ကာ အံ့အားတသင့် ရေရွတ်လိုက်မိသည် ။ ဤထူးဆန်းသောအင်အားစုကြီး၏နောက်ကွယ်တွင် ဘုံလောကအရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့တွေးထင်မထားခဲ့ပေ ။
၎င်းမှာ ဘုံလောကတစ်ခု၏အထွတ်အထိပ်တည်ရှိမှု ယွမ်ကျဲတစ်ပါးဖြစ်သည် ။ လင်းယွင်ဘုံလောကသည် ထျန်းလန်ဘုံလောက၏ ဆယ်ပုံတစ်ပုံမျှလောက်တောင်မရှိပေ ။ သို့သော်လည်း ယွမ်ကျဲဆိုသော အထွတ်အထိပ်တည်ရှိမှုကိုတော့ဖြင့် အထင်သေး၍မရနိုင်ပါ ။ ဒါ့အပြင် လင်းယွင်ယွမ်ကျဲ၏ဂိုဏ်းတူအစ်ကိုကြီးများအပြင် ဆရာသခင်လည်း ပါဝင်နေသေးသည် ။
ဘယ်လိုပုဂ္ဂိုလ်မျိုးကများ ဘုံလောကတစ်ခုရဲ့ အရှင်သခင် ဖြစ်လာနိုင်သနည်း ။ ထိုသို့ဖြစ်လာနိုင်ရန်လည်း မည်မျှလောက်အထိ ကြိုးပမ်းခဲ့ရသနည်း ။
ဤအချိန်တွင် ဖူမျိုးနွယ်စုခေါင်းဆောင် ဖူယွမ်သာမက ဖူမျိုးနွယ်အကြီးအကဲများအားလုံး၏ အမူအယာများကလည်း လေးလံနေကြသည် ။ ဖူယွမ်ကဝမ်ဖုန်းကိုမော့ကြည့်ကာ မေးမြန်းလိုက်သည် ။
" နဂါးဧကရာဇ်တောက်ဇွင်းက ဘယ်သူလဲဆိုတာ ဂိုဏ်းချုပ်ဝမ်သိပါသလား ။ သူ၏ကျင့်ကြံဆင့်က ဘယ်လောက်မြင့်လဲ။ "
" ကြယ်ကိုးပွင့် တာအိုနတ်ဘုရား အထွတ်အထိပ်အဆင့် ။ ထျန်းလန်ဒေသကိုအုပ်စိုးချင်တာက သူကျင့်ကြံထားတဲ့ တာအိုလမ်းစဉ်ကို ပြီးပြည့်စုံအောင်ပြုလုပ်ပြီး အင်မော်တယ်(နတ်မင်း) အဖြစ်ကို ကူးပြောင်းဖို့ပဲ ။ "
ဝမ်ဖုန်းက ပြုံးလိုက်ပြီး ပြောဆိုလိုက်သည် ။
" ဟူး ! "
ဝမ်ဖုန်း၏စကား ဆုံးသွားသည့်အခါ မျိုးနွယ်စုခေါင်းဆောင်ဖူယွမ်သည် လေးလံစွာ သက်ပြင်းချလိုက်မိသည် ။ သူ့မျက်လုံးများအတွင်း၌ အကြောက်တရားများရှိနေခဲ့သည် ။ ဖူမျိုးနွယ်စု၏အကြီးအကဲများဟာ ပို၍တောင်ထိတ်လန့်နေကြပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့ကြသည် ။ သူတို့၏မျက်လုံးများမှာ ပြူးကျယ်နေကြလေသည် ။
ကြယ်ကိုးပွင့်တာအိုနတ်ဘုရား အထွတ်အထိပ်အဆင့် ၊ ထိုကဲ့သို့သောတည်ရှိမှုကြီး ထျန်းလန်အလယ်ပိုင်းဒေသတွင် ထွက်ပေါ်မလာခဲ့သည်မှာ နှစ်ကာလပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ ။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုငါးစုတွင်တောင် ထိုကဲ့သို့သောစွမ်းအားရှင်မျိုး ပိုင်ဆိုင်မထားပါပေ ။
နဂါးဧကရာဇ်တောက်ဇွင်း၏ ကျင့်ကြံဆင့်တစ်ခုတည်းကတောင် အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများကို ထိတ်လန့်စေခဲ့ပြီးဖြစ်သည် ။ လင်းယွင်ယွမ်ကျဲနှင့် သူ့တပည့်များလည်းပါဝင်နေသည်ဆိုပါက ပြောဖွယ်ရာမရှိတော့....။ နဂါးဧကရာဇ်တောက်ဇွင်းက အင်အားမည်မျှ လျို့ဝှက်စွာပြုစု စုဆောင်းထားကြောင်း မည်သူကသိနိုင်မည်နည်း ။
ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတစ်ပါး လျို့ဝှက်စွာပျိုးထောင်ထားသောအင်အားစု၏ခွန်အား ဘယ်လောက်ရှိလိမ့်မည်ကို မည်သူကမှတွေးဆ၍မရနိုင်ပေ ။
ဂုဏ်သတင်းကြီးမားသော ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည်နှင့်အညီ ဝမ်ဖုန်းက မဟုတ်မမှန်သတင်းစကားများ လီဆယ်ပြောမည်မဟုတ်ကြောင်းကို ဖူယွမ်တို့တတွေ သိရှိထားကြသည် ။ ဒါ့အပြင် ဖူတောက် ကောင်းကင်ဘုံစောင့်ကြည့်ရေးအစီအရင်မှ တွေ့မြင်ခဲ့ရသော နမိတ်စကားများနှင့်လည်း ကိုက်ညီမှုရှိပေသည် ။
" ဂိုဏ်းချုပ်ဝမ်က နဂါးဧကရာဇ်တောက်ဇွင်းကို ရင်ဆိုင်နိုင်မယ်ဆိုတာ သေချာရဲ့လား ။ "
အချိန်အတော်ကြာမှသာ ကြောက်လန့်မှုမှပြန်လည်နိုးထလာခဲ့ပြီးနောက် ဖူယွမ်ကမေးမြန်းလ်ိုက်သည် ။
ဖူယွမ်၏စကားဆုံးသွားသည့်အခါ ဖူမျိုးနွယ်စုအကြီးအကဲများအားလုံးက ဝမ်ဖုန်းကိုစူးစိုက်ကြည့်လိုက်ကြသည် ။ သူတို့၏မျက်လုံးများအတွင်း၌ သိလိုစိတ်နှင့် မျှော်လင့်ချက်များ ရှိနေခဲ့ကြသည် ။ ရှန်ရှန့်ကျုံဂိုဏ်းသည် ကြယ်သုံးပွင့်နှင့်အထက်ရှိသော တာအိုနတ်ဘုရားနှစ်ပါးကို သတ်ဖြတ်ခဲ့လေသည် ။ သူတို့ဖူမျိုးနွယ်စုကလည်းအဆိုပါသတ်ဖြတ်မှုမျိုးကို ပြုလုပ်နိုင်သည် ။ သို့ပါသော်လည်း ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတစ်ပါး၏ခွန်အားကိုတော့ ဖူမျိုးနွယ်စုမှာ ရင်ဆိုင်နိုင်စွမ်းမရှိပေ။
" ဒါက သဘာဝပါပဲလေ ။ နဂါးဧကရာဇ်တောက်ဇွင်းဆိုရင်တောင် ရှန်ရှန့်ကျုံဂိုဏ်းကိုထိပါးရင် ဖျက်ဆီးပစ်ရမှာပဲ ။ "
" တစ်ခါက ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဘိုးဘေးတစ်ယောက်က ပြောခဲ့ဖူးတယ် ။ နေ့အလင်းရောင်ကတောင် သူ့မျက်စိအလင်းရောင်ထက် မသာလွန်နိုင် ။ အကြင်နေရာသည် သူ၏စိတ်နှလုံးကို မမြှုပ်နှံ့နိုင် ။ သူ၏ဓားချက်အောက်တွင် မြောက်များစွာသောနတ်ဘုရားများနှင့်နတ်ဆိုးများ တုန်လှုပ်ကြရမည်တဲ့ ။ "
" ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းက ဟိုးယခင်ရှန်ရှန့်ကျုံဂိုဏ်းရဲ့ခွန်အား တစ်သန်းပုံတစ်ပုံကိုတောင် ပြန်လည်မစုစည်းနိုင်သေးဘူးဆိုပေမယ့် နဂါးဧကရာဇ်တောက်ဇွင်း ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်သေးပါဘူး ။ "
" မာနကြီးသောပုံရိပ်တစ်ခု ၊ သတ်ဖြတ်ခြင်းရဲ့လက်နှစ်ချောင်း ၊ သုံးပေရှည်သောဓားတစ်လက် ၊ အရပ်လေးမျက်နှာ၌ ပြိုင်ဘက်ကင်းခြင်း ၊ သက်ဆင်းလာသောလက်ငါးချောင်း ၊ ဘုံလောက တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်ပြီး ကောင်းကင်ယံရှိဧကရာဇ်ခုနှစ်ပါး နဲ့ တစ္ဆေရှစ်ပါးကို ငိုကြွေးစေခြင်း ။ ဒါက ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းပဲ! ။
ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမအတွင်း၌ ဝမ်ဖုန်း၏လေသံက ပဲ့တင်ထပ်မြည်ဟည်းလာခဲ့သည် ။ ဖူယွမ်နှင့်ဖူမျိုးနွယ်စုအကြီးအကဲများအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ဝမ်ဖုန်းကိုကြောင်အနေသောအမူအယာဖြင့် လှည့်ကြည့်လာလေသည် ။
စုန့်ချယ်နှင့်အခြားသောသူများကတောင် ကြောင်အသွားကြသည် ။ ဂိုဏ်းချုပ် ၊ ချဲ့ကားလွန်းမနေဘူးလားဟင် ?
" မျိုးနွယ်စုခေါင်းဆောင်ဖူယွမ်ကသာ ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ကာကွယ်မှုကိုလိုချင်တယ်ဆိုရင် ဒီဂိုဏ်းချုပ်ကိုစိတ်ကျေနပ်စေမယ့် တန်ဖိုးတစ်ခုကိုတော့ ပေးဆပ်ရမယ် ။ " ဝမ်ဖုန်းသည် ဖူယွမ်နှင့်အခြားသူများကိုဝေ့ဝဲကြည့်လိုက်ပြီး ကျယ်လောင်သောလေသံဖြင့် ပြောဆိုလ်ိုက်သည် ။
" ဘာ .. ဘာတန်ကြေးလဲ ။" ခေါင်းဆောင်ဖူယွမ်သည် ကြောင်အနေရာမှသတိပြန်လည်လာပြီး ဝမ်ဖုန်းကိုလှည့်ကြည့်လျက် မေးမြန်းလိုက်သည် ။
" ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်လိုက်ပါ ။ " ဝမ်ဖုန်း၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ပြီး ပြောဆိုလိုက်သည် ။
" ဘာ ! "
ဝမ်ဖုန်း၏စကားများက ဖူယွမ်နှင့်ဖူမျိုးနွယ်စုအကြီးအကဲများကို ထိတ်လန့်သွားစေခဲ့သည် ။ သူတို့အားလုံးဟာ မျက်လုံးများပြူးကျယ်နေကြပြီး ဝမ်ဖုန်းကိုမယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ကြသည် ။ သူတို့၏မျက်နှာအမူအယာများက မင်းအိမ်မက်မက်နေတာလားဟု ပြောနေခဲ့သယောင် ။
" ကောင်းပြီလေ ။ ခင်ဗျားတို့ရဲ့ဖူမျိုးနွယ်ကသာ ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတစ်ပါးကို ရင်ဆိုင်နိုင်တယ်ဆိုရင် ဒီဂိုဏ်းချုပ်ကလည်း ပြောစရာမလိုတော့ပါဘူး ။ အို . ဒါနဲ့ ဒီဂိုဏ်းချုပ်ပြောဖို့မေ့သွားသေးတယ် ။ နဂါးဧကရာဇ်တောက်ဇွင်းက တာအိုနတ်ဘုရားအဆင့် ကျင့်ကြံသူပေါင်းများစွာကိုလည်း ပျိုးထောင်ပေးထားသေးတယ်နော် ။ ခင်ဗျားတို့ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးငါးစုကတောင် တားဆီးနိုင်မှာမဟုတ်ဘူး ။ "
" ထျန်းလန်ဒေသတစ်ခုလုံးမှာ ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းကသာ ဖူမျိုးနွယ်စုကို ကယ်တင်နိုင်တယ် ။ ခေါင်းဆောင်ဖူယွမ် မယုံကြည်ဘူးဆိုရင်တော့ ထွက်သွားလိုက်ပါ ။ အခွင့်အရေးကတော့ ဒီနေ့တစ်နေ့ထဲပဲနော် ။ "
ဝမ်ဖုန်းသည် ဖူယွမ်နှင့်ဖူမျိုးနွယ်စုအကြီးအကံများကို ဆွေးနွေးညှိနှိုင်းရန် အခွင့်အရေးတစ်ခုတောင်မပေးခဲ့ပါဘဲ စကားလုံးတစ်သီတစ်သန်းကြီး ထုတ်ဖော်ပြောဆိုလိုက်လေသည် ။
ဝမ်ဖုန်း၏စကားများကိုကြားလိုက်ရသည့်အခါ ဖူယွမ်နှင့် ဖူမျိုးနွယ်စုအကြီးအကဲများ၏မျက်နှာအမူအယာများက အရုပ်ဆိုးအကျည်းတန်သွားကြသည် ။ သိသာစွာဖြင့်ပင် သူတို့ဟာ ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတစ်ပါးဖြစ်သော နဂါးဧကရာဇ်တောက်ဇွင်းကိုတားဆီးနိုင်ခြင်းမရှိကြပါချေ ။ ဝမ်ဖုန်းပြောခဲ့သလိုမျိုး နဂါးဧကရာဇ်တောက်ဇွင်းက တာအိုအင်မော်တယ်အဆင့်စွမ်းအားရှင်များကို တိတ်တဆိတ်ပျိုးထောင်ပေးခဲ့သည်ဆိုပါက ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးငါးစုလုံး ပူးပေါင်းကာကွယ်လျှင်တောင် ထိုသူ့ကိုတားဆီးနိုင်မည်မဟုတ်ချေ ။