ကုခေါင်းဆောင်
Vol. 21 Ch. 288
ဝမ်ဖုန်း၏စကားလုံးများသည် မိုးခြိမ်းသံကြီးတစ်ခုအလား မြောက်များစွာသော ရှေးဟောင်းမျိုးနွယ်စုဝင်များ၏ နားစည်များအတွင်း ပဲ့တင်ထပ်သွားခဲ့သည် ။ သူတို့အားလုံးဟာ လွန်မင်းစွာထိတ်လန့်သွားကြပြီး ဝမ်ဖုန်းကိုကြောင်အလျက် စိုက်ကြည့်မိလိုက်ကြသည် ။
သူဘယ်လိုလုပ်ပြောရဲရတာလဲ?
ကုတောက်ကဘယ်သူများလဲ?!
သူဟာ ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုငါးစုအနက် တစ်စုဖြစ်သော ကုမျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်ပြီး ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရား အထွတ်အထိပ်အဆင့်ဖြစ်သည် ။ သူခြေတစ်ချက်ဆောင့်လိုက်ရုံမျှဖြင့် ထျန်းလန်တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်သောဖြစ်တည်မှုကြီးပင် ဖြစ်ပါ၏ ။
ကုခေါင်းဆောင်လို တည်ရှိမှုမျိုးသည် ဘယ်နေရာသွားသွား လူအများ၏ မော်ကြည့်မှုကိုသာခံရမည့် တည်ရှိမှုမျိုးသာဖြစ်သည် ။ ဘယ်သူကမှမလေးမစားမပြုမူရဲကြပေ ။ သာမန်ကျင့်ကြံသူများ လက်လှမ်းမမှီနိုင်သော တာအိုအင်မော်တယ်စွမ်းအားရှင်များကတောင် သူ့အရှေ့တွင် အသက်ဖြောင့်ဖြောင့်မရှုရဲကြပေ။
သို့ပါသော်လည်း ထိုကဲ့သို့သောတည်ရှိမှုကြီးကို ဝမ်ဖုန်းက လူအများရှေ့တွင် အဆင့်မမှီဘူးဟုပြောကြားခဲ့သည်လား ။ ဒါကဘယ်လိုရန်စမှုကြီးပါလိမ့် ။ အခြားသောရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးလေးစုမှ ခေါင်းဆောင်များကတောင် ကုခေါင်းဆောင်ကို ထိုကဲ့သို့ပြောဆိုရန် အဆင့်မမှီကြချေ ။
ဝမ်ဖုန်းက ယခုလေးတင်ကမှ စတင်မြင့်တက်လာခဲ့သော ရှန်ရှန့်ကျုံဂိုဏ်း၏ခေါင်းဆောင်ဖြစ်သည် ။ သူတကယ်ပဲရူးသွားတာလား?
မြောက်များစွာသော ရှေးဟောင်းမျိုးနွယ်စုဝင်များ၏ မူလကရှိနေကြသော ရွှတ်နောက်နောက်အပြုံးများသည် အေးခဲသွားခဲ့သည် ။ ဝမ်ဖုန်း၏စကားလုံးများက ကုခေါင်းဆောင်ကို သိက္ခာချလိုက်ရုံသာမက သူတို့ကိုလည်း သိက္ခာချလိုက်ပေသည် ။ ကုခေါင်းဆောင်လို ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စု၏ ခေါင်းဆောင်တစ်ယောက်ကတောင် အဆင့်မမှီဘူးဆိုရင် ကျန်ရှိနေသေးသောကျင့်ကြံသူများက ပို၍တောင်အဆင့်မမှီဖြစ်သွားကြလိမ့်မည်မဟုတ်ပါလော ။
ဝမ်ဖုန်း၏ရန်စခြင်းကိုခံလိုက်ရသောကုတောက်ကတော့ ဒေါသများလွန်ကဲစွာထွက်လာလျက် သူ၏မျက်နှာဟာ ထိန်းချုပ်မရ မဲမှောင်သွားခဲ့သည် ။ သူ့နှုတ်ခမ်းများကတောင် တဆက်ဆက်တုန်ခါနေခဲ့ပြီး သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်နေခဲ့သည် ။ သူကဝမ်ဖုန်းကို အေးစက်စက်မျက်လုံးများဖြင့် မြဲမြံစွာစိုက်ကြည့်လိုက်သည် ။ သတ်ဖြတ်ခြင်းအရှိန်အဝါများသည် စင်မြင့်ကြီးပေါ်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့တာ လူတိုင်း၏ကျောရိုးများကို အေးစိမ့်သွားစေခဲ့သည် ။
လက်ရှိအချိန်တွင်ကုတောက်သည် ဒေါသထွက်နေသောသားရဲကြီးတစ်ကောင်လိုမျိုး ဝမ်ဖုန်းကိုအချိန်မရွေးခုန်အုပ် ကိုက်ဖြတ်ရန် အဆင်သင့်ဖြစ်နေခဲ့သည် ။ သာမန်လူတစ်ယောက်သာဆိုပါက ကုတောက်၏ဒေါသများအောက်တွင် တုန်လှုပ်နေမှာဖြစ်သည် ။ သို့ပါသော်လည်း ဝမ်ဖုန်းကတော့ တည်ငြိမ်နေဆဲပင် ။ သူက မျက်ခုံးပင့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သေးသည် ။
" မင်း သေချင်နေတာပဲ!!!"
ဤအချိန်တွင် ကုတောက်ဟာ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်သည် ။ မကောင်းဆိုးဝါးကြီးတစ်ကောင်၏ ဒေါသများကဲ့သို့သော အရှိန်အဝါများဖြင့် ရောယှက်ထားသော ကြောက်လန့်စရာအသံကြီးသည် ဝမ်ဖုန်းကိုဗဟိုပြုလျက် ကမ္ဘာကြီးအတွင်းသို့ ပျံ့နှံ့သွားခဲ့သည် ။ အဆိုပါအသံကြီးကြောင့် ကမ္ဘာလောကကြီးဟာ တုန်လှုပ်သွားခဲ့ပြီး ကောင်းကင်ဟာမဲမှောင်သွားလေသည် ။
တွေးကြည့်စမ်းပါ ။ သူက ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးတစ်စု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ထျန်းလန်ဒေသတွင် ပြိုင်ဘက်မရှိ ကျော်ကြားသူလည်းဖြစ်သည် ။ သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်ကတောင် ကြယ်ခြောက်ပွင့် တာအိုနတ်ဘုရားအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သည် ။
ကုခေါင်းဆောင်ထံမှ ရုတ်တရက်ထွက်ပေါ်လာသောဒေါသအရှိန်အဝါများကြောင့် စင်မြင့်အပြင်ဘက်၌ စောင့်ကြည့်နေခဲ့ကြသောကျင့်ကြံသူများသည် ထိတ်လန့်သွားကြသည် ။ သိပ်မကြာသေးခင်က သူတို့ဟာ အဆင့်ဇယားကိုသာ အာရုံစိုက်နေခဲ့ကြတာဖြစ်သည် ။ ဒါ့အပြင် စင်မြင့်ကြီးကို အကာအကွယ်အစီအရင်ဖြင့် စီမံထားတာကြောင့် စကားလုံးများကို သဲသဲကွဲကွဲမကြားခဲ့ရပေ ။ ထို့အတွက်ကြောင့် သူတို့ဟာ ဝမ်ဖုန်းက ကုတောက်နှင့် အခြားသောသူများကို လှောင်ပြောင်ခဲ့သည့်ဖြစ်စဉ်ကို မသိလိုက်ကြရပေ ။
" ဘာတွေဖြစ်နေတာလဲ ။ ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုခေါင်းဆောင်ကုက အရမ်းကိုဒေါသထွက်နေပါလား ။ "
" ငါလည်းမသိဘူး ။ ဒါပေမယ့် ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုခေါင်းဆောင်ကုရဲ့ စိတ်နေသဘောထားကိုကြည့်ရရင် သူ့ကိုဒေါသထွက်စေခဲ့တဲ့သူက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲဖြစ်လောက်တယ် ။ "
" ဟေ ! ရှန်ရှန့်ကျုံဂိုဏ်းက ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးတွေနဲ့ ယှဉ်ပြိုင်တော့မှာလား ။ ကုမျိုးနွယ်က ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စု ငါးစုထဲက တစ်စုပဲလေ ။ "
ရှိနေကြသောကျင့်ကြံသူများသည် အဆိုပါမြင်ကွင်း၏ဆွဲဆောင်ခြင်းကို ခံလိုက်ကြရပြီး တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ထက်ကိုလှမ်းကြည့်လိုက် မှတ်ချက်ပြုလိုက်ကြသည် ။
စင်မြင့်ထက်ရှိ အခြားသောရှေးဟောင်းမျိုးနွယ်စုကြီးများကလည်း ဤအချိန်တွင်ဝမ်ဖုန်းကို ထိတ်လန့်ခြောက်ခြားစွာ စိုက်ကြည့်နေမိခဲ့ကြသည် ။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ဒေါသကို အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများကလွဲ၍ ထျန်းလန်ဒေသတွင် မည်သူကမှ ရင်ဆိုင်နိုင်မှာမဟုတ်ပေ ။
ဒီရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ်က မိုးကောင်းကင်ထိတိုင်အောင် မာန်မာနထောင်လွှားလွန်းလှသည် ။ သူက ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးကို တိုက်ရိုက်ဒေါသထွက်စေခဲ့သည် ။ သူတကယ့်ကို သေသင့်တယ် !
ရှန်ရှန့်ကျုံဂိုဏ်း၏အကြောင်းကို သေချာစွာသိရှိထားသော ဖူမျိုးနွယ်စုမှလွဲ၍ ကျန်ရှိကြသောရှေးဟောင်းမျိုးနွယ်စုကြီးများအားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်းကို လုံးဝအထင်ကြီးခြင်းမရှိကြပါပေ ။ ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စု၏အမျက်ဒေါသက ထျန်းလန်ဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပေသည် ။
" သေးနုပ်ညံ့ဖျင်းပြီး ဒေါသကြီးလွန်းတယ် ။ " ဝမ်ဖုန်းက ကုတောက်ကိုလှမ်းကြည့်ပြီး ပေါ့ပါးစွာ မှတ်ချက်ပြုလိုက်သည် ။
" ရဲတင်းလိုက်လေ! "
" သေချင်နေတာပဲ! "
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများအားလုံး အုံ့အုံ့ကြွကြွဖြစ်သွားကြသည် ။ ကုမျိုးနွယ်စုခေါင်းဆောင်၏ အနောက်၌ရှိနေကြသော ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စု အကြီးအကဲများ၏ခန္ဓာကိုယ်မှာ ထိတ်လန့်ခြောက်ခြားဖွယ် စွမ်းအားအရှိန်အဝါများထွက်ပေါ်လာပြီး စင်မြင့်ကြီးတစ်ခုလုံးကို ခါယမ်းသွားစေခဲ့သည် ။ အဆိုပါကြောက်လန့်ဖွယ်ဖိအားကြီးများကြောင့် စင်မြင့်ထက်ရှိ လုံလောက်အောင်မသန်မာသော စွမ်းအားရှင်များသည် မသက်မသာခံစားလိုက်ကြရကာ အသက်ရှုကြပ်လုမတတ်ဖြစ်သွားခဲ့သည် ။ သူတို့၏မျက်လုံးများအတွင်း၌ ကြောက်လန့်မှုအရိပ်အယောင်များ ဖြစ်ပေါ်လာလေသည် ။
ဤ တစ်ကြိမ်တွင် မျိုးနွယ်စုခေါင်းဆောင်ကုတောက်အပြင် ကုမျိုးနွယ်စုအကြီးအကဲနှစ်ယောက်လည်း ချန်းလုံသိုင်းပြိုင်ပွဲသို့ တက်ရောက်လေသည် ။ အဆိုပါအကြီးအကဲနှစ်ယောက်စလုံးသည် ကြယ်သုံးပွင့်တာအိုနတ်ဘုရားအဆင့်ကို ရောက်ရှိခဲ့ပြီးဖြစ်သည် ။ သူတို့ဟာ ကုမျိုးနွယ်စု၏ အစစ်အမှန်အကြီးအကဲများပင် ဖြစ်တော့သည် ။ ဒါ့အပြင် တာအိုအင်မော်တယ်အဆင့်ကို ရောက်ရှိနေခဲ့ကြသော အကြီးအကဲများစွာလည်း လိုက်ပါလာခဲ့ကြသေးသည် ။ ထိုကဲ့သို့သောစွမ်းအားမျိုးက သာမန်ရှေးဟောင်းမျိုးနွယ်စုတစ်စုကို ကျိန်းသေပေါက်တုန်လှုပ်သွားစေမှာဖြစ်သော်လည်း ဝမ်ဖုန်းကတော့ လုံးဝကို တည်ငြိမ်နေသေးဆဲပင် ။
ဤအချိန်တွင် ကုတောက်သည် ပြန်လည်၍တည်ငြိမ်သွားခဲ့သည် ။ သူသည် ဝမ်ဖုန်းကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး သူ့နောက်ဘက်ရှိအကြီးအကဲနှစ်ယောက်ကို လှုပ်ရှားခွင့်မပြုခဲ့ပေ ။ သူက အရမ်းကိုဒေါသထွက်နေခဲ့သော်လည်း ဆင်ခြင်တုံတရားတော့ ပျောက်ဆုံးမသွားသေးပေ ။ ရှန်ရှန့်ကျုံဂိုဏ်းသည် ကြယ်လေးပွင့်တာအိုနတ်ဘုရားတစ်ပါးကိုတောင် သတ်ဖြတ်ခဲ့လေသည် ။ ထို့အတွက်ကြောင့် ကုမျိုးနွယ်အကြီးအကဲနှစ်ယောက်လှုပ်ရှားသည့်အခါ ထိခိုက်ဆုံးရှုံးမှုများကိုသာ တွေ့ကြုံရမှာဖြစ်သည် ။
စင်မြင့်ထက်ရှိ ဒေါသအရှိန်အဝါများမှာ သန်မာသည်ထက်ပိုမိုသန်မာလာခဲ့ပြီး စင်မြင့်ကြီးတစ်ခုလုံးအထက်၌ လေးလံသောဖိအားများ ရစ်သိုင်းလွှမ်းခြုံလျက်ရှိသည် ။ ၎င်းမှာ တန်ထောင်ချီလေးလံသောတောင်ကြီးတစ်တောင်က လေထုကိုဖိနှိပ်ထားသည့်အလားပင် ။
ဝမ်ဖုန်း၏ကျင့်ကြံဆင့်ကို အတိအကျသိရှိရခြင်းမရှိသော်လည်း ဝမ်ဖုန်းမှာ တာအိုနတ်ဘုရားအဆင့်ကိုမရောက်ရှိသေးကြောင်း ကုတောက်တစ်ယောက် ခံစားမိလေသည် ။ ဂုဏ်သရေရှိကြယ်ခြောက်ပွင့်တာအိုနတ်ဘုရားတစ်ပါးအနေဖြင့် ဝမ်ဖုန်းကိုရင်ဆိုင်တိုက်ခိုက်ရမှာ သနားစဖွယ်တော့ကောင်းသားပဲ ။ သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ခွန်အားမှာ သူကိုယ်တိုင်လှုပ်ရှားဆောင်ရွက်ရန် ထိုက်တန်ပေသည် ။
ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ့လိုကြယ်ခြောက်ပွင့်တာအိုနတ်ဘုရားတစ်ပါး၏ အမျက်ဒေါသကို ခံနိုင်ရည်ရှိရဲ့လားဆိုတာ သူသိချင်မိသည် ။
ဘုန်း !
ဤအကြောင်းကိုတွေးတောလိုက်ပြီးသည့်နောက် ခေါင်းဆောင်ကု၏ခန္ဓာကိုယ်သည် ဆက်လက်တုံ့ဆိုင်းနေခြင်းမရှိတော့ပေ ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ ရှည်လျားသောသက်တံ့ကြီးတစ်ခုအလား ကောင်းကက်ယံထက်ဆီသို့ မြောက်တက်သွားခဲ့သည် ။ သူ့ပတ်ပတ်လည်ရှိလေထုသည် ပကတိမျက်စိဖြင့်မြင်နိုင်သည်အထိ အက်ကွဲလာလေသည် ။ ပိုမို၍ထိတ်လန့်စရာကောင်းသည်က လေထုဟာ မျိုးနွယ်စုခေါင်းဆောင်ကုတောက်၏ ပတ်ပတ်လည်၌သာ အက်ကွဲနေခဲ့ပြီး အခြားသောနေရာများကို အကျိုးသက်ရောက်ခြင်းမရှိခဲ့ပေ ။ ထိုကဲ့သို့သောထိန်းချုပ်န်ိုင်မှုက ရှိနေကြသည့်သန်မာသောစွမ်းအားရှင်အားလုံးကို ခြောက်ခြားတုန်လှုပ်သွားစေခဲ့သည် ။
ရှေးဟောင်းကုမျိုးနွယ်စုရဲ့ခေါင်းဆောင်ဆိုတဲ့အတိုင်းပါပဲ ။ သူကတကယ့်ကို ထိတ်လန့်စရာကောင်းလွန်းတယ်!
ကုတောက်သည် တာအိုလက်နက်များကို အသုံးပြုခဲ့ခြင်းမရှိခဲ့ပေ ။ သူ၏အမြင်အာရုံတွင် ရှန်ရှန့်ကျုံဂိုဏ်း၏အသန်မာဆုံးပုဂ္ဂိုလ်သည် ကြယ်လေးပွင့်တာအိုနတ်ဘုရားအထွတ်အထိပ်အဆင့်ကို သတ်ဖြတ်ခဲ့သည်ဖြစ်ရာ ထိုသူက ကြယ်ငါးပွင့်တာအိုနတ်ဘုရားဖြစ်နိုင်ချေရှိလေသည် ။ ထိုသူကပိုမိုသန်မာမည်ဆိုရင်တောင် အများဆုံးမှ ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရားအဆင့်သာဖြစ်နိုင်လေသည် ။ ထိုကဲ့သို့သောကျင့်ကြံဆင့်ကို သူက ကောင်းမွန်စွာ အမှုန့်ချေနိုင်လေသည် ။
သူသည် သာမန်ကြယ်ခြောက်ပွင့် တာအိုနတ်ဘုရားတစ်ပါးမဟုတ်ပါပေ ။ ရှေးဟောင်းကုမျိုးနွယ်စုကြီး၏ခေါင်းဆောင်ဖြစ်သည့်အလျောက် သူသည် အနက်နဲဆုံးသောအမွေခံတာအိုကျင့်စဉ်များနှင့် မျိုးနွယ်စုတစ်စုလုံးမှ အကောင်းဆုံးကျင့်စဉ်များကိုသာ ကျင့်ကြံခဲ့ရလေသည် ။ သူ၏တိုက်ပွဲဝင်ခွန်အားမှာ ကြယ်ခုနှစ်ပွင့်တာအိုနတ်ဘုရားတစ်ပါးနှင့် နှိုင်းဆရန်လုံလောက်ပေသည် ။
ကြယ်ခုနှစ်ပွင့်တာအိုနတ်ဘုရားတစ်ပါးနှင့်နှိုင်းယှဉ်ရန်လုံလောက်သောသူက ရှန်ရှန့်ကျုံဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့သည် ။ ထိုကဲ့သို့သောအပြုအမူကတောင် ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဂုဏ်ယူဖို့ကောင်းနေလေပြီ ။
" ကောင်လေး ၊ အောင်မြင်မှုတစ်ချို့ရတာနဲ့ မင်းကိုယ်မင်းတော်လှပြီလို့မထင်နဲ့ ။ မင်းကဒီထျန်းလန်ဒေသရဲ့သူရဲကောင်းတွေကို မျက်စိထဲထည့်မထားဘူးပဲ ။ ဒီအရှင်သခင်က စစ်မှန်တဲ့စွမ်းအားဆိုတာက ဘာလဲဆိုတာကို ဒီကနေ့မှာမင်းကိုပြပေးမယ်!''
ကုတောက်သည် အေးစက်စက်စွာနှာမှုတ်လိုက်သည့်အခါ ဆန်းကြယ်သောချီစွမ်းအင်များ သူ့ခန္ဓာကိုယ်အပေါ်သို့ လွှမ်းခြုံသွားလေသည် ။ သူက ခြေတစ်ချက်ဆောင့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်က လေထုထဲတွင် ပို၍တောင်မြောက်တက်သွားခဲ့သည် ။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဆန်းကြယ်သောချီစွမ်းအင်များသည် ပေရာပေါင်းများစွာကျယ်ဝန်းသော ဧရာမလက်ဖဝါးကြီးအသွင် ပြောင်းလဲသွားခဲ့ပြီး ဝမ်ဖုန်းတို့အုပ်စုရှိရာကို သက်ဆင်းသွားခဲ့သည် ။ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဧရာမလက်ဖဝါးကြီးသည် မိုးကောင်းကင်မှ သက်ဆင်းလာခဲ့သည် ။ ၎င်းမှာဝမ်ဖုန်းတို့တတွေကို ဖိသတ်ချေမွပစ်တော့မည့်အလားပင် ။
ဧရာမလက်ဖဝါးကြီးမွေးဖွားလာခြင်းနှင့်အတူ ၎င်းသွားရာလမ်းတစ်လျောက်ရှိလေထုဟာ ရုတ်တရက်ကိုပေါက်ကွဲသွားခဲ့လေသည် ။ ထိတ်လန့်ခြောက်ခြားစရာကောင်းသော လေဟာပြင်မုန်တိုင်းတစ်ခုသည် စင်မြင့်တစ်ခွင်ပျံနှံ့သွားခဲ့ကာ ရှိရှိသမျှလူတိုင်းကို တုန်လှုပ်သွားစေခဲ့သည် ။ ဤသည်မှာ ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရားတစ်ပါး က်ိုယ်တ်ိုင်ကိုယ်ကျ တိုက်ခိုက်လိုက်ခြင်းသာတည်း။ အဆိုပါတိုက်ကွက်က သူတို့ကိုဦးတည်တိုက်ခိုက်ခြင်းမဟုတ်သော်လည်း ၎င်းတိုက်ကွက်မှ လွင့်စင်ထွက်လာသောစွမ်းအင်အကြွင်းအကျန်များကတောင် ကျန်ရှိနေသောစွမ်းအားရှင်များ၏ကိုးဆယ်ရာခိုင်နှုန်းကို နာကျင်ခံစားရစေရန်လုံလောက်ပေသည် ။
ကံကောင်းထောက်မစွာဖြင့် ကျန်ရှိနေသေးသောရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုလေးစုမှခေါင်းဆောင်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ချက်ချင်းလှုပ်ရှားလိုက်ကြသည် ။ သူတို့သည် လက်များကိုပူးကပ်လိုက်ကြပြီး စင်မြင့်ပေါ်ရှိလူများအားလုံးက်ိုကာကွယ်ရန် ကြီးမားသောအကာအရံဒိုင်းကာကြီးကို ဖန်တီးလိုက်ကြသည် ။ ၎င်းဒိုင်းကာကြီးသည် မျိုးနွယ်စုခေါင်းဆောင်ကုတောက်ထံမှထွက်ပေါ်လာသော စွမ်းအင်အကြွင်းအကျန်များကို ခုခံကာကွယ်ပေးလိုက်၏။