ရှေးဟောင်းတာအို သတ်ဖြတ်ခြင်းအစီအရင်!
Vol. 21 Ch. 289
အန္တရာယ်တစ်စုံတစ်ရာမရှိတော့သည့်အတွက် ကျင့်ကြံသူပေါင်းများစွာသည် ကမ္ဘာမြေတုန်ဟိီးလောက်သည့် တိုက်ပွဲကြီးကို စိတ်ပါဝင်စားစွာ စောင့်ကြည့်လိုက်ကြသည်။ အထူးသဖြင့် လင်းယွင်ယွမ်ကျဲကို အညံ့ခံထားသည့် ဇာမဏီမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုကြီးများသည် လက်ရှိတွင် လှောင်ပြုံးပြုံးလျက် တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးတစ်စု၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် ကုတောက်သည် သူစတင် မတိုက်ခိုက်တော့သည်မှာ အဘယ်လောက်ကြာမြင့်ပြီ ဖြစ်ကြောင်းကို သူကိုယ်တိုင်တောင် မသိတော့ပေ။ ဤအချိန်တွင် ကုတောက်ထုတ်လွှတ်လိုက်သော စွမ်းအားများက များစွာသော ရှေးဟောင်းမျိုးနွယ်စုများ၏ ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ကြယ်လေးပွင့်တာအိုနတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့ဖူးသည့် ရှန်ရှန့်ကျုံဂိုဏ်းကို ယခုအချိန်တွင် ဘယ်သူကမှ အာရုံမထားကြတော့ပေ။
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၅ စုသည် ထျန်းလန်ဒေသတွင် နှစ်ကာလအကြာညောင်းဆုံး မျိုးနွယ်စုကြီးများသာဖြစ်သည်။ သူတို့၏ခွန်အားမှာ မခန့်မှန်းနိုင်လောက်အောင် မြင််မားပြီး သူတို့၏ ဂုဏ်သတင်းကလည်း ထျန်းလန်ဒေသအတွင်း နေထိုင်သူများ၏ နှလုံးအိမ်အတွင်း မြဲမြံစွာ တံဆိပ်ခတ်နှိပ်ပြီး ဖြစ်ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းကတော့ သိပ်မကြာသေခင်းကမှ ပေါ်ထွက်လာခဲ့သော အင်အားစုအသစ်ဖြစ်လေသည်။
ကုတောက်၏ ထိတ်လန့်ဖွယ်ရာ ဧရာမလက်ဖဝါးချက်ကြီးကို ရင်ဆိုင်လိုက်ရသော်လည်း ဝမ်ဖုန်းဟာ မတ်တပ်ထရပ်ခြင်းတောင်မရှိခဲ့ပေ။ သူဟာ ကုလားထိုင်ပေါ်တွင် စိတ်အေးလက်အေးထိုင်နေခဲ့ပြီး မထီမဲ့မြင်ပြုံးလိုက်လေသည်။
ထိုကဲ့သို့သော မြင် ကွင်းက လူအားလုံးကိုထိတ်လန့်သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပဲသူတို့ဟာ ဝမ်ဖုန်း၏ သတ္တိကို လေးစာလာကြရသည်။ သူက တစ်ကယ်ကို မောက်မာပါပေတယ်။ ကြောက်လန့်ဖွယ်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတာတောင် တည်ငြိမ်နေသေးတယ်။ သူ့က်ို ရူးနှမ်းတယ်လို့ပဲ ပြောရမလား ၊ အကြောင်းအကျိုး မသိတတ်သူလို့ပဲ ပြောရမလားမသိတော့ပေ။
ကြောက်လန့်ဖွယ် လက်ဖဝါးချက်ကြီး.သက်ဆင်းတော့မည့်အချိန်တွင် ဝမ်ဖုန်း၏ အနောက်၌ မတ်တပ်ရပ်နေခဲ့သော အားချင်းသည် ဝမ်ဖုန်း၏ ညွှန်ကြား ချက်များမပါဝင်ဘဲ မတ်တက်ထရပ်လိုက်သည်။ သူမဟာ ကောင်းကင်ယံက ဧရာမလက်ဖဝါးကြီးကို မော်ကြည့်လိုက်လေသည်။
လူတိုင်းကြောင်အနေစဥ်တွင် အားချင်းဟာ သူမလက်ထဲရှိ ဝါးတုတ်ချောင်းကလေးကို ဝှေ့ယမ်းလိုက်လေသည်။ ဓါးအလင်းတန်းတစ်ခုသည် မိုးကောင်းကင်ဆီသို့ ရုတ်ချည်းပျံတက်သွားခဲ့သည်။ စင်မြင့်ကြီးတစ်ခုလုံးကို မျက်စိကျိန်းလောက်အောင် တောက်ပသော ဓါးအလင်းတန်းကြီးက ဖုံးကွယ်သွားခဲ့သည်။ မူလက မဲမှောင်နေသော ကောင်းကင်ယံကြီးသည် လက်ရှိအချိန်တွင် တလက်လက်တောက်ပလာခဲ့လေသည်။
တစ်ခဏအတွင်း၌ တလက်လက်တောက်ပနေသော ထက်မြတ်သည့် ဓါးအလင်းတန်းကြီးသည် ဧရာမလက်ဖဝါးကြီးကို တစ်စစီ ဆုတ်ဖြဲလိုက်လေသည်။ ၎င်းမှာ ဝါးတုတ်တံလေးတစ်ချောင်းဖြင့် ထုတ်ဖော်လိုက်သော ဓါးအလင်းတန်းဖြစ်သော်လည်း ပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်ပြသခဲ့လေသည်။
ဂုဏ်သရေကြီးကြီးမြတ်လှသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး၏ ခေါင်းဆောင်၊ ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရား အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်၏ တိုက်ခိုက်မှုကို အဆိုပါ ဓါးချက်က လွယ်လင့်တကူ ဖျက်စီးလိုက်လေသည်။ ဤကဲ့သို့သော မြင်ကွင်းက ရှိနေကြသည့် လူများကို ထိတ်လန့်သွားစေခဲ့သည်။ မြောက်များစွာသော ရှေးဟောင်းမျိုးနွယ်စုကြီးများမှ အကြီးအကဲများသည် မယုံနိုင်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်လိုက်ကြသည်။ ထို့နောက်မှ သူတို့ဟာ ဝါးတုတ်တံလေးကို ကိုင်ဆောင်လျက်မြဲမြံစွာ မတ်တပ်ရပ်နေသော အားချင်းကို မှင်သေသေ စိုက်ကြည့်မိလိုက်ကြသည်။
ဇာမဏီမျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ မျက်နှာထက်၌ ဖြစ်ပေါ်နေခဲ့သော မောက် မာသော အပြုံးများဟာလည်း အေးခဲရပ်တန့်သွားခဲ့ရသည်။ ယင်းမှာ ကြယ်ခြောက်ပွင့် တာအိုနတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုဖြစ်၏။ သာမန်တိုက်ခိုက်မှုဆိုလျှင်တောင်မှ လူသာမန်များခုခံနိုင်သည့် အရာမျိုး မဟုတ်ပါပေ။ စောနက ထုတ်ဖော်ခဲ့သည့်တိုက်ခိုက်မှုကို ကြယ်ငါးပွင့်တာအိုနတ်ဘုရားတစ်ပါးကတောင် ခုခံရဲမည်မဟုတ်ချေ။
သို့ပါသော်လည်း ထိုအမျိုးသမီးကတော့ လွယ်ကူစွာဖြင့် ခုခံချေပခဲ့လေသည်။ သူမရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်တောင် မြင့်နေခဲ့တာလဲ။
ကုတောက်၏ အမူအရာများမှာလည်း ချက်ချင်းကို ပြောင်းလဲသွားခဲ့သည်။ သူ၏ မျက်ဝန်းများမှာ အားချင်းကို မြဲမြံစွာစိုက်ကြည့်နေခဲ့သည်။ အစောက တိုက်ခိုက်မှုတွင် သူဟာခွန်အားကုန် အသုံးပြုခဲ့ခြင်းမရှိသော်လည်း ၎င်းတိုက်ကွက်ကို သာမန်လူများကတော့ ခုခံန်ိုင်မည်မဟုတ်ပါပေ။ သို့ပေသိ ဒီအမျိုးသမီးကတော့ လွယ်ကူစွာ ဖျက်စီးနိုင်ခဲ့လေသည်။ သူမ၏ ကျင့်ကြံဆင့်မှာ ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရား၊ သို့တည်းမဟုတ် သူ့ကဲ့သို့ပင် ကြယ်ခြောက်ပွင့်အထွတ်အထိပ် တာအိုနတ်ဘုရား ဖြစ်နေနိုင်သည်။
ဤသည်က ကုတောက်ကို မယုံကြည်နိုင်ဖြစ်သွားစေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းဟာ မကြာသေးခင်ကမှ ထွက်ပေါ်လာခဲ့သော အင်အားစုတစ်စုဖြစ်လေသည်။ သူတို့မှာ ဒီလောက်ထိတ်လန့်စရာ စွမ်းအားရှင်တစ်ယောက် ရှိနေတာလား။
ကုတောက်၏မျက်နှာမှာ ပို၍ပို၍ တည်ငြိမ်လာခဲ့သည်။ သို့ပါသော်လည်း သူက ကြောက်လန့်နေခြင်းတော့ မရှိပေ။ မည်သို့ပင်ဆိုသည်ဖြစ်စေ သူဟာ အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကြီးတစ်စုရဲ့ ခေါင်း ဆောင်ပဲဖြစ်သည်။ ဒီဖြစ်ရပ်လေးဖြင့်တော့ လက်မြှောက် အရှုံးမပေးနိုင်ပါပေ။ တစ်ချိန်တည်းမှာပဲ ရှန်ရှန့်ကျုံဂိုဏ်းက်ို ဖျက်စီးလိုသော သူ၏ အကြံ အစည်မှာလည်း ပို၍ပို၍ ကြီးမားလာခဲ့ရသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် အင်မော်တယ်ရှေးဟောင်းမျိိုးနွယ်စုကြီးများကဲ့သို့ အမွေအနှစ် ခိုင်မာခြင်းမရှိသော်လည်း ထိုဂိုဏ်းမှ စွမ်းအားရှင်များက လုံးဝကို အားမနည်းကြပေ။ သူတို့ကို အချိန်သာထပ်မံ၍ ပေးအပ်လိုက်ပါ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ကြီး ၅ စုကိုတောင် ဖြတ်ကျော်သွားမည်လား။
ကုတောင်က လျှို့ဝှက်စွာ စဥ်းစားဆုံးဖြတ်နေသည့်အချိန်တွင် ဖူမျိုးနွယ်စု၏ ခေါင်းဆောင် ဖူယွမ်နှင့် ဖူမျိုးနွယ် အကြီးအကဲများအားလုံးက ပို၍တောင် ထိတ်လန့်သွားခဲ့ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းတွင် ထိုက်ရွှမ် ဒဏ္ဍာရီလာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သာ ရှိတယ်လို့ သူတို့က တွေးထင်ထားခဲ့ကြတာဖြစ်သည်။ ဒီလိုစွမ်းအားရှင်မျိုး ထပ်မံရှိနေလိမ့်ဦးမည်ဟုတော့ မတွေးမိခဲ့ကြချေ။
ဤသည်က ဖူယွမ်နှင့် ဖူမျိုးနွယ်စုအကြီးအကဲများကို စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိစေသည်။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းက်ို အညံ့ခံခဲ့လေသည်။ သေချာပါပြီ။ ရှန်ရှန့်ကျုံဂိုဏ်း ပြသလိုက်သော ခွန်အားများဖြင့်ဆိုလျှင် ထျန်းလန်ဒေသဟာ ရှန်ရှန့်ကျုံဂိုဏ်း အတွက်သာဖြစ်ပေသည်။ ၎င်းမှာ ရှန်ရှန့်ကျုံဂိုဏ်း ကြီးစိုးရာနယ်မြေသာ ဖြစ်လာပေလိမ့်မည်။
အခြားသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၃ စုမှ စွမ်းအားရှင်များ၏ အမူအရာများကတော့ ရှုပ်ထွေးသွားကြသည်။ သူတို့က ကုတောက်လိုမျိုး ရှန်ရှန့်ကျုံဂိုဏ်းကို ဖိနှပ်ချင်ကြလေသည်။ ဒီလိုမှမဟုတ်လျှင် ရှန်ရှန့်ကျုံဂိုဏ်းဟာ အနာဂတ်မှာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများကိုတောင် ခြောက်လှန့်လာနိုင်သည်။
"မင်း... ဒီလောက်မောက်မာနေတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူးလေ ၊ မင်းမှာ ဒီလိုမျိုး အားကိုးရာရှိနေတာကိုး... ဒါပေမယ့် မိန်းမတစ်ယောက်ကတော့ ဒီအကြီးအကဲကို တားဆီးနိုင်မှာ မဟုတ်ဘူး " လူတိုင်း ထိတ်လန့်တွေဝေနေကြစဥ်မှာ ကုတောက်က ထပ်မံစကားဆိုလိုက်လေသည်။ သူဟာ ပြုံးလိုက်ပြီး သူ၏ အထင်အမြင်သေးသောအသံက စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုသို့ ပြောလိုက်ပြီးနောက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်နှင့် မြေပြင်ကြားရှိနေသော ဆန်းကြယ်သောချီစွမ်းအင်များသည် အလင်တန်းကြီးငါးတန်းအသွင် ပြောင်းလဲသွားခဲ့ပြီး အားချင်းကို ပိတ်လှောင်လိုက်လေသည်။ အဆိုပါ အလင်းတန်းကြီးများမှ ထုတ်လွှတ်နေသော ခြောက်ခြားဖွယ် စွမ်းအားအရှိန်အဝါများသည် လေထုတစ်ခုလုံးကို ယိမ်းခါသွားစေခဲ့သည်။
ပတ်ဝန်းကျင်ရှိ လေထုဟာ ချက်ချင်း ပြိုကွဲပျက်စီးသွားပြီး အက်ကွဲရာများ ဖြစ်ပေါ်လာခဲ့သည်။အဆုံးအစမဲ့သော စွမ်းအားမုန်တိုင်းကြီးတစ်ခုသည် စင်မြင့်တစ်ခွင် ဖြတ်သန်းတိုက်ခတ်သွားလေသည်။ စင်မြင့်ကြီးတစ်ခုလုံးဟာ အဆက်မပြတ်ယိမ်းထိုးလာခဲ့လေသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ၄ စုမှ ခေါင်းဆောင်များ စုပေါင်းကာကွယ်ထား၍သာမဟုတ်ပါက စင်မြင့်ကြီးဟာ ကြောက်လန့်ဖွယ်ဖိအားကြီး၏ အောက်တွင် ပြိုကျပျက်စီးသွားလောက်သည် ။ အဆိုပါ ဖိအားကြီးဟာ ရှိနေကြသော.ကျင့်ကြံသူပေါင်းများစွာကို သေဆုံးနိုင်သည်အထိတောင် စွမ်းအားကြီးမားလှပေသည်။
"ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်"
ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ကျင်ကြံသူပေါင်းများစွာသည် ရုတ်တရက် အံ့အားတသင့်ရေရွတ်လိုက်မိကြသည်။ သူတို့၏ ခန္ဒာကိုယ်များမှာ အကြောက်တရားကြောင့် တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ သူတို့ရဲ့ ထိတ်လန့်နေသော မျက်ဝန်းများကလည်း အလင်းတန်းကြီးငါးတန်းကို စူးစိုက်ကြည့်နေကြသည်။
ဒြပ်စင်ငါးပါး ရှေးဟောင်းတာအို သတ်ဖြတ်ခြင်းအစီအရင်သည် မျိုးနွယ်စုခေါင်းဆောင် ကုတောက်၏ ကိုယ်ပိုင်တိုက်ကွက် ဖြစ်သည်။ လူအများဟာ ၎င်းတိုက်ကွက်အကြောင်းကို ကြားသာကြားဖူးကြပြီး မမြင်ဖူးကြပေ။ ဤကနေ့တွင်တော့ ကံကောင်းထောက်မစွာ တွေ့မြင်ရလိမ့်မည်ဟု သူတို့တွေးထင်မထားခဲ့ကြပေ။ ပို၍အရေးကြီးသည်က ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားရှင်နှင့် ရင်ဆိုင်ရသည့်အခါ ကုတောက်သည် သူ၏အကျော်ကြားဆုံးတိုက်ကွက်ကို ချက်ချင်းပဲ ထုတ်ဖော်ပြသခဲ့လေသည်။ ၎င်းမှာ ကုတောက်တစ်ယောက် ရှန်ရှန့်ကျုံဂိုဏ်းကို မည်မျှလောက် ကြောက်လန့်နေကြောင်းက်ို ဖော်ပြနေပေသည်။
ဒြပ်စင်ငါးပါး ရှေးဟောင်းတာအို သတ်ဖြတ်ခြင်းအစီအရင်သည် ကုတောက်တစ်ယောက် ရှေးဟောင်းအပျက်အစီး လွင်ပြင်တစ်ခုမှ ရရှိလာခဲ့သော အစီအရင်တစ်ခုဖြစ်သည်။ နှစ်ပေါင်းမရေမတွက်အောင် လေ့လာသုံးသပ်ပြီးမှ ကုတောက်ဟာ အဆိုပါအစီအရင်က်ို အပြည့်အဝ နားလည်နိုင်ခဲ့လေသည်။ ၎င်းဟာ ဒြပ်စင်ငါးပါးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အကြွင်းမဲ့သတ်ဖြတ်ခြင်းအစီအရင်လည်း ဖြစ်ပေသည်။ ထိုအစီအရင်ကြောင့်ပင် ကုတောက်၏ ဂုဏ်သတင်းဟာ ပိုမိုကျော်ကြားလာခဲ့ရသည်။
ဘုန်း.....
လူတိုင်းထိတ်လန့် တုန်လှုပ်နေကြစဥ်တွင် ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်သည် အားချင်းကိုအပြည့်အဝ ဖုံးလွှမ်းသွားခဲ့သည်။ ရွှေ ၊ သစ်သား ၊ ရေ ၊ မီးနှင့် မြေကြီးဆိုသော ဒြပ်စင်ငါးပါးတို့သည် သတ်ဖြတ်ခြင်း အစီအရင်ပုံစံတစ်ခုအဖြစ် အပြည့်အဝ အသက်သွင်းပြောင်းလဲသွားကြသည်။ ယင်းနောက် ပုံရိပ်ယောင်များသည် အားချင်းရှိရာဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။
အဆိုပါပုံရိပ်ယောင်များသည် တစ်ချိန်တစ်ခါက ကုတောက်သတ်ဖြတ်ခဲ့သော လူများသာ ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဥ်များကို မကောင်းဆိုးဝါး ဝိညာဥ်များအဖြစ် ပြောင်းလဲပြီး ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်၌ မြှုပ်နှံထားခဲ့သည်။
ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်ကို လေ့ကျင့်ပြီးနောက် ကုတောက်သည် ဘိုးဘေးများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။ ကြယ်ခုနှစ်ပွင့်အထွတ်အထိပ် တာအိုနတ်ဘုရားအဆင့်ဖြစ်သော ဘိုးဘေးများကတောင် သူ၏တိုက်ကွက်ကြောင့် ထိတ်လန့်သွားခဲ့ရသည်။ သူဟာအဆုံးမှာ ဘိုးဘေးများကို အနိုင်မတိုက်ခိုက်နိုင်ခဲ့သော်လည်း ဘိုးဘေးများ၏ ပြောစကားအရ ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်ကို ကြယ်ခုနှစ်ပွင့် တာအိုနတ်ဘုရားအဆင့်အောက်တွင် ရင်ဆိုင်နိုင်မည့်သူမရှိပေ။
ထိုတိုက်ကွက်ကြောင့်ပဲ ကုမျိုးနွယ်စုခေါင်းဆောင် ကုတောက်သည် ပို၍ပို၍ မောက်မာလာခဲ့သည်။ သူဟာ အခြားသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ခေါင်းဆောင်များကိုတောင် မျက်လုံးထဲ ထည့်သွင်းခြင်းမရှိတော့ပေ။ ဤတိုက်ကွက်ဖြင့် ဆိုပါက သူ၏တိုက်ပွဲဝင်စွမ်းအားမှာ အခြားသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်များထက် အပြတ်အသတ် သာလွန်နေခဲ့လေပြီ။