← Chapters

အားချင်းရှန်းဝေ

Vol. 21 Ch. 290

အားချင်းရှန်းဝေ

Vol. 21 Ch. 290

"ရှန်ရှန့်ကျုံဂိုဏ်းတော့ သွားပြီ....."

"ရှန်ရှန့်ကျုံဂိုဏ်း ဖျက်စီးခံလိုက်ရရင်တောင် မျိုးနွယ်စုခေါင်းဆောင်ကုက ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်ကိုတောင် ထုတ်သုံးခဲ့တာဆိုတော့ ဂုဏ်ယူသင့်နေပြီ..."

"ဟုတ်တယ်... အခုမှ ထွက်ပေါ်လာတဲ့ အင်အားစုက မျိုးနွယ်စုခေါင်းဆောင် ကုတောက်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားစေခဲ့တာ ၊ ဒါကတစ်ကယ့်ကို အံ့ဖွယ်ပဲ..."

အားချင်းကိုစူးစိုက်ကြည့်နေရင်း မြောက်များစွာသော ကျင့်ကြံသူများသည် ခေါင်းကိုခါယမ်းလိုက်ကာ သက်ပြင်းချလျက် ပြောဆိုလိုက်သည်။ သူတို့၏ မျက်နှာထက်၌ ဂရုဏာသက်မှုများ ရှိနေခဲ့သည်။ ဤအဖြစ်အပျက်များအားလုံးမှာ မာန်မာနမောက်မာလွန်းပြီး ဘယ်လိုပြုမူဆောင်ရွက်ရမလဲမသိသည့် ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ကြောင့်သာဖြစ်ပေသည်။

"ဘုရားရေ...."

"မျိုးနွယ်စု​ခေါင်းဆောင်ကုကိုယ်တိုင် တိုက်ခိုက်လာတာလား..."

"နှစ်ထောင်ပေါင်းများစွာအတွင်းမှာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်ရဲ့ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်မှုကို ငါတွေ့မြင်ခွင့်ရခဲ့ပြီ..."

"ဟုတ်တယ်... ရှန်ရှန့်ကျုံဂိုဏ်းက ဘာလုပ်ခဲ့လို့လဲ... မျိုးနွယ်စုခေါင်းဆောင်ကုတောက်ကို ကြည့်ရတာ အရမ်းဒေါသထွက်နေသလိုပဲ..."

စင်မြင့်အပြင်ဘက်ရှိ ကျင့်ကြံသူများသည် စင်မြင့်ထက်ရှိ တိုက်ပွဲကို လှမ်းကြည့်ရင်း အံ့အားတသင့် ရေရွတ်လိုက်မိကြသည်။ ဤအချိန်တွင် ဘယ်သူကမှ အဆင်ဇယားကို ဂရုစိုက်မနေကြတော့ပေ။

အင်မော်တယ်ရှေးဟောင်းမျိိုးနွယ်စုကြီး၏ ခေါင်းဆောင်သည် လူပုဂ္ဂိုလ်တစ်ယောက်နှင့် ကိုယ်တိုင် ကိုယ်ကျ တိုက်ခိုက်ခဲ့လေသည်။ ထို့အတွက်ကြောင့် ဘယ်သူကမှ အဆင့်ဇယားကို ဂရုမစိုက်အား​​တော့။ ချန်းလုံသိုင်းပြိုင်ပွဲမှာ ကျော်ကြားသော်လည်း သူတို့ဟာ လူငယ်မျိုးဆက်များ၏ တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်ခြင်းတော့ မရှိကြပေ။ အမှတ်တစ်ချို့ကို စိုက်ကြည့်နေရတာနဲ့ စွမ်းအားကြီး နတ်ဘုရားတွေရဲ့ တိုက်ပွဲကို ကြည့်ရတာ ဘယ်ဟာက ပို၍စိတ်ဝင်စားဖွယ်ကောင်းမည်နည်း။

လူအတော်များများဟာ ဖြစ်စဥ်အစအဆုံးကို နားမလည်နိုင်ကြသော်လည်း စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။

ကုတောက်နဲ့ အားချင်းတို့အကြားတိုက်ပွဲကို စောင့်ကြည့်နေကြစဥ်အတွင်း အဆင့်ဇယားရှိနာမည်များ အပြောင်းအလဲ ဖြစ်သွားသည်ကိုတော့ ဘယ်သူကမှ သတိမပြုမိလိုက်ကြပေ။

ဘုံး.....

ဒြပ်စင်ငါးပါးရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်ကို ထုတ်ဖော်လိုက်ပြီးသည့်နောက် ကုတောက်က ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ ရုတ်တရက်ဆိုသလို သူဟာအစီအရင်အတွင်းကို ဝင်ရောက်သွားပြီး အားချင်းကို တိုက်ခိုက်လိုက်သည်။

ဒီအမျိုးသမီးသာ သေဆုံးသွားပါက ရှန်ရှန့်ကျုံဂိုဏ်းတွင် အားကိုးရာရှိတော့မည်မဟုတ်ပေ။ သန်မာသော တာအိုနတ်ဘုရားတစ်ပါး၏ အထောက်အပံ့မရှိပါက ရှန်ရှန့်ကျုံဂိုဏ်းမှာ စက္ကူကျားသာ ဖြစ်သွားပေလိမ့်မည်။

မကောင်းဆိုးဝါးဝိညာဥ်များ၏ တိုက်ခိုက်မှုကို တွေ့ဆုံလိုက်ရသော်လည်း အားချင်း၏ လှပသောမျက်နှာကလေးမှာ တည်ငြိမ်နေသေးဆဲပင်။ သူမဟာ လက်ထဲရှိ ဝါးတုတ်တံကလေးကို လှုပ်ယမ်းလိုက်ပြီး တိုက်ခိုက်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် စွမ်းအားကြီးမားပြီး ထက်မြသော ဓါးစွမ်းအင်တစ်ခုသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ထွက်ပေါ်သွားကာ မကောင်းဆိုးဝါး ဝိညာဥ်များကို ဖျက်စီးလိုက်လေသည်။ ဒြပ်စင်ငါးပါး မကောင်းဆိုးဝါးဝိညာဥ်များသည် ကြယ်မှုန်လေးများအဖြစ် အစီအရင်အတွင်းမှ ပျက်စီးပျောက်ကွယ် သွားကြရသည်။

သို့ပါသော်လည်း မကောင်းဆိုးဝါးဝိညာဥ်များကို အားချင်း သတ်ဖြတ်လိုက်ပြီးနောက် ကုတောက်၏ ပုံရိပ်က ချက်ချင်းကို ထွက်ပေါ်လာခဲ့သည်။ သူဟာ ထောင်ချီသော လူရိပ်များအဖြစ်ပြောင်းလဲသွားခဲ့ပြီး အားချင်းကို တိုက်ခိုက်လိုက်လေသည်။ မျက်စိကျိန်းလောက်သော အလင်းတန်းများ ထုတ်လွှတ်နေသည့် လက်ဖဝါးတစ်ချက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထောင်ချီသော ကိုယ်ပွားများကလည်း တညီတညွတ်တည်း တိုက်ခိုက်လိုက်ကြသည်။ ဤအချိန်တွင် ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်ကြီးအတွင်း၌ မရေမတွက်နိုင်သော လက်ဖဝါးချက်များ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ လက်ဖဝါးချက်များမှာ အထက်အောက် ၊ဘေးဘီဝဲယာ စသဖြင့် အရပ်မျက်နှာ ပေါင်းစုံမှ အားချင်းကို တိုက်ခိုက်လိုက်ကြသည်။ ထွက်ပြေးလွတ်မြောက်နိုင်သည့် အရပ်မျက်နှာဟူ၍ မရှိတော့ပေ။ သာမန်လူတစ်ယောက်သာ ထိုမျှ ကြောက်လန့်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရပါက စိတ်ပျက်အားလျော့သွားမှာသာ ဖြစ်သည်။ ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ စင်မြင့်ထက်ရှိ ကျင့်ကြံသူများ အားလုံး၏ မျက်နှာ၌ အ​ကြောက်တရားများ ဖုံးလွှမ်းသွားခဲ့သည်။ လူအများသည် ကုတောက်၏ တိုက်ခိုက်မှုကို ပထမဦးဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။ ကြောက်လန့်စရာကောင်းလွန်းသော စွမ်းအားကြီးက တွေ့မြင်လိုက်သူ မှန်သမျှကို တုန်ယင်သွားစေခဲ့သည်။ အခြားသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ၄ စုမှ ခေါင်းဆောင်များ၏ အမူအရာများကတောင် လက်ရှိတွင် လေးနက်လာခဲ့ကြသည်။

မြောက်များစွာသော လက်ဖဝါးချက်ကြီးများသည် တစ်ချိန်တည်းတွင် အားချင်းကို တိုက်ခိုက်လိုက်ကြသည်။ ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်ကြီးတစ်ခုလုံးသည် တုန်ယင်လာခဲ့ပြီး အလင်းတန်းကြီးငါးခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါအလင်းတန်းကြီးက အားချင်း၏ ဦးခေါင်းအထက်၌ ပေါင်းဆုံသွားကြပြီး ဧရာမတောင်ကြီးတစ်တောင်၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့ကာ အားချင်းကို ဖိနှိပ်ထားခဲ့သည်။

ဤသည်မှာ ကြယ်ခုနှစ်ပွင့်တာအိုနတ်ဘုရားများကိုတောင် ထိတ်လန့်သွားစေရန် လုံလောက်သော်လည်း အားချင်း၏အမူအရာကတော့ အနည်းငယ်တောင် ပြောင်းလဲခြင်းမရှိခဲ့ပေ။ သူမဟာ လက်ထဲရှိ ဝါးတုတ်တံကို ထပ်ဖန်တစ်ခါ ဝှေ့ယမ်းလိုက်လေရာ မရေမတွက်နိုင်သော ဓါးချီများသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်ထွက်ပေါ်သွားခဲ့သည်။ ဒဏ္ဍာရီများထဲမှ ရာထောင်ချီသော ဓါးစွမ်းအင်များ ထွက်ပေါ်လာသကဲ့သို့ အေးစက်သောဓါးချီများသည် မယှဥ်သာနိုင်လောက်သော အမြန်နှုန်းဖြင့် ပြေးထွက်သွားခဲ့သည်။

ဤကဲ့သို့သော ခမ်းနားကြီးကျယ်သည့်ဓါးကွက်ကို အမျိုးသမီးတစ်ယောက်က ထုတ်ဖော်ခဲ့သည်ကို ယုံကြည်ရန် ခက်ခဲနေပေသည်။

ဘုံး....

လူအများ၏ အကြည့်များအောက်တွင် မြောက်များစွာသော ဓါးချီများသည် မြောက်များစွာသော လက်ဖဝါးချက်ကြီးများနှင့် တွေ့ဆုံမိသွားကြသည်။ လေထုအတွင်း၌ လှိုင်းထန်သွားခဲ့လေသည်။ လေထုဟာ ကြီးမားသော စွမ်းအားများကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ တစ်စစီ ကွဲအက်သွားခဲ့ရသည်။

လက်ဖဝါးချက်ကြီးများကို ဖျက်စီးလိုက်ပြီးနောက် ဓါးချီက ပျောက်ကွယ်သွားခြင်းမရှိဘဲ အတူတကွ ပေါင်းစည်းသွားခဲ့ကာ ကြီးမားသော ဧရာမဓါးအလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဆိုပါ ဓါးအလင်းတန်းကြီး ထွက်ပေါ်လာသည်နှင့်တပြိုင်နက် တုန်လှုပ်ခြောက်ခြားဖွယ်ရာ အရှိန်အဝါကြီးတစ်ခုလည်း မွေးဖွားလာခဲ့သည်။ ၎င်းဓါးအလင်းတန်းကြီးသည် ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်မှ ပုံဖော်ဖြစ်ပေါ်လာသော ဧရာမတောင်ကြီးကို ဖျက်စီးလိုက်၏။

"ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အသက်ရှုချိန်အနည်းငယ်အတွင်း ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲကြီးက ကုတောက်ကို အေးခဲသွားစေပြီး တုန်ယင်သွားစေခဲ့သည်။ စတင်ဖွဲ့စည်းလာခဲ့သော ဧရာမဓါးအလင်တန်းကြီးသည် အပြည့်အဝအသက်ဝင်ခြင်းမရှိသော်လည်း ထက်မြသော အရှိန်အဝါများက သူ၏အရေပြားများကိုတောင် ဆုတ်ပြဲလာစေခဲ့သည်။ သေစေနိုင်သော ကပ်ဘေးတစ်ခုကို နှလုံးသားအတွင်းမှ ခံစားလိုက်ရလေသည်။

ဤအချိန်တွင် ကုတောက်၏ နှဖူးထက်မှ ချွေးအေးများ ထွက်လာခဲ့ပြီး လူတစ်ကိုယ်လုံးဟာ အကြောက်တရားများဖြင့် တုန်ယင်နေခဲ့သည်။ သူတစ်ကယ့်ကို နားမလညနိုင်တော့ပေ။ အမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ် ထိတ်လန့်စရာတိုက်ကွက်ကြီးကို ဖန်တီးနိုင်ရတာလဲ။ ဤသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် သူလေ့လာခဲ့ရသော စွမ်းအားအထက်ဆုံး ဝှက်ဖဲဖြစ်သည်။ အဆိုပါစွမ်းအားအထက်ဆုံးတိုက်ကွက်ကို ကြယ်ခုနှစ်ပွင့် တာအိုနတ်ဘုရားများကတောင်မှ မကိုင်တွယ်နိုင်ခဲ့ကြပေ။ အခုချိန်မှာတော့ မိန်းမတစ်ယောက်က အလွယ်တကူဖျက်စီးလိုက်တယ်တဲ့လား။

ဤသည်က ကုတောက်၏ ယုံကြည်ချက်များကို တစ်စစီ ပျက်စီးသွားစေခဲ့သည်။

"ဟာ.....!"

စင်မြင့်ထက်ရှိ များစွာသော ကျင့်ကြံသူများသည် ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ထိတ်လန့်အေးခဲသွားကြသည်။ သူတို့ဟာ သက်ပြင်းရှိုက်လိုက်ကြပြီး သူတို့၏ မျက်စိသူငယ်အိမ်များဟာ ပြူးကျယ်နေခဲ့ကြပြီး တိုက်ပွဲမြေပြင်ကို ဗလာမျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ခေါင်းဆောင်များကတောင် ထိတ်လန့်တုန်လှုပ်နေကြလေသည်။ ဤအချိန်တွင် တည်ငြိမ်နေကြသူဟူ၍ ဝမ်ဖုန်းနှင့် ဖူမျိုးနွယ်စုမှ လူများသာ ရှိတော့၏။

ဟွမ်....

ရုတ်တရက်ဆိုသလို ဧရာမဓါးအလင်းတန်းကြီးသည် တုန်ခါလာခဲ့သည်။ ဓါးဟိန်းသံတစ်သံသည် စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ဓါးအလင်းတန်းကြီးနှင့် ထိပ်တိုက်တွေ့ဆုံနေရသော ကုမျိုးနွယ်စုခေါင်းဆောင် ကုတောက်သည် အဆိုပါဓါးဟိန်းသံကြောင့် ထိတ်လန့်ခြောက်ခြားသွားခဲ့သည်။ သူ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ဓါးအလင်းတန်းကြီးဟာ အလွန်မြန်ဆန်သောနှုန်းဖြင့် လေဟာနယ်ကို ဖြတ်သန်း၍ ရောက်ရှိလာခဲ့လေသည်။

နှစ်ပေါင်းမရေမတွက်နိူင်အောင် အသက်ရှင်နေထိုင်ခဲ့သော မကောင်းဆိုးဝါးအိုကြီး ကုတောက်သည် လုံးဝကို အားနည်းခြင်းမရှိပါပေ။ သူဟာ ထိတ်လန့်တုန်လှုပ်နေခဲ့သော်လည်း အမှန်ကန်ဆုံးလုပ်ရပ်ကို လုပ်ဆောင်ခဲ့လေသည်။ သူသည် ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်ကို ဖျက်စီးလိုက်ပြီး ၎င်းအစီအရင်မှ ထွက်ပေါ်လာသော စွမ်းအားများကို သူ့​လက်ဝါးအတွင်း၌ စုစည်းလိုက်ကာ တိုက်ခိုက်လိုက်လေသည်။

တိုက်ခိုက်ခြင်းကသာ အကောင်းမွန်ဆုံး ခုခံခြင်းဖြစ်သည်!

ကုတောက်သည် မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ပြီးသူဖြစ်သည်။ သူဟာ ခုခံကာကွယ်မနေခဲ့ဘဲ အသန်မာဆုံးတိုက်ကွက်ကိုပြန်ထုတ်လွှတ်ခဲ့ လေသည်။ သို့ပါသော်လည်း ကြယ်ကိုးပွင့်တာအိုနတ်ဘုရား ဖြစ်သော အားချင်း၏ ရှေ့မှောက်တွင် သူဘယ်လိုလုပ်ခုခံနိုင်မည်နည်း?

ထုတ်လွတ်လိုက်သော ဧရာမလက်ဖဝါးကြီးသည် ဧရာမဓါးအလင်းတန်းကြီး၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။ ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ထျန်းလန်ဒေသ၌ မင်းမူအုပ်စိုးခဲ့သော ရှေးဟောင်းမျိုးနွယ်စုခေါင်းဆောင် ကုတောက်သည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူဟာချက်ချင်း ပျံသန်း၍ ထွက်ပြေးလေတော့သည်။ သူဟာ စင်မြင့်ထက်ရှိ ရှေးဟောင်းမျိုးနွယ်စုများမှ ကျင့်ကြံသူများ၏ ရှုမြင်ပုံကိုတောင် ထည့်တွက်နိုင်ခြင်းမရှိတော့ပေ။ သူ၏ပုံရိပ်မှာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး စင်မြင့်အပြင်ဖက်သို့ ပြေးထွက်သွားခဲ့သည်။

သို့ပါသော်လည်း သူဘယ်လောက်မြန်ဆန်သည် ဖြစ်ပါ​စေ အားချင်း၏ ဓါးလောက်တော့ မြန်ဆန်နိုင်ပါမည်လော?

လူတိုင်းသည် အလင်းတန်းကြီးတစ်ခု ဖြတ်သန်းသွားသည်ကို တွေ့မြင်လိုက်ကြရပြီး တောက်ပလွန်းသော အလင်းကြောင့် မျက်စိကို ဖိပိတ်လိုက်ကြရလေသည်။ မျက်ဝန်းများကို နောက်တစ်ကြိမ်ဖွင့်ဟလိုက်သည့်အချိန်တွင် လူသူအားလုံး ထိတ်လန့်သွားကြရလေသည်။

ရှေးဟောင်းမျိုးနွယ်စုကြီး၏ ခေါင်းဆောင်ဖြစ်သော ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရား စွမ်းအားရှင်ကြီးသည် လေထုအလယ်၌ ဓါးအလင်းတန်းကြီး ထိုးစိုက်ခြင်းကို ခံလိုက်ရလေသည်။

ကမ္ဘာလောကကြီးတစ်ခုလုံးဟာ ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်သွားကုန်၏။

All Chapters