ဝူတုန်ထျန်း
Vol. 21 Ch. 291
" ဒါက .. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ "
" ဘုရားရေ ၊ ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးရဲ့ခေါင်းဆောင်ကို ရှန်ရှန့်ကျုံဂိုဏ်းက သတ်ပစ်လိုက်တာလား ။ "
" ရှန်ရှန့်ကျုံဂိုဏ်းက အရမ်းကိုကြောက်စရာကောင်းလိုက်တာ ။ "
" အခုချိန်ကစပြီး ထျန်းလန်ဒေသတစ်ခုလုံး ရှန်ရှန့်ကျုံဂိုဏ်းကို လေးစားသင့်ပြီ ။ "
ဤမြင်ကွင်းက ရှိနေကြသောသူများ၏အကြောက်တရားကို လှုံ့ဆော်လိုက်လေသည် ။ ရှေးဟောင်းမျိုးနွယ်စုကြီးများမှစွမ်းအားရှင်များဖြစ်စေ ၊စင်မြင့်အပြင်ဘက်မှ စောင့်ကြည့်နေကြသူများပင်ဖြစ်စေ အားလုံးဟာ ထိတ်လန့်တုန်လှုပ်သွားကြသည် ။
ယင်းမှာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး၏ ခေါင်းဆောင်ဖြစ်သည် ။
ထျန်းလန်ဒေသရှိ အသန်မာဆုံးဖြစ်တည်မှုကြီးငါးခုမှတစ်ခုသည် ရှန်ရှန့်ကျုံဂိုဏ်းစွမ်းအားရှင်၏ အလွယ်တကူသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်လော ။
ဤသည်မှာ စိတ်ကူးယဉ်ဆန်လှသည် ။ မြောက်များစွာသောကျင့်ကြံသူများမှာ မယုံကြည်နိုင်ကြပေ ။
ကြာမြင့်သောအချိန်ကာလမှစတင်၍ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများသည် ထျန်းလန်ဒေသကျင့်ကြံသူများ၏စိတ်နှလုံးထဲ၌ လျို့ဝှက်ဆန်းကြယ်ပြီး စိတ်နှလုံးကြီးမားသောပုဂ္ဂိုလ်များဖြစ်ကြသည် ။ အဆိုပါမျိုးနွယ်စုကြီးများ၏ခေါင်းဆောင်သည်လည်း နတ်ဘုရားကဲ့သို့တည်ရှိမှုများဖြစ်ပြီး ထျန်းလန်ဒေသကျင့်ကြံသူများသည် နှလုံးသားအတွင်းထဲမှနေ၍ နက်နက်ရှိုင်းရှိုင်း လေးစားကြသည် ။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ခေါင်းဆောင် ဆိုသောအဆင့်အတန်းကိုတောင် ထျန်းလန်ဒေသရှိကျင့်ကြံသူပေါင်း ကိုးဆယ်ရာခိုင်နှုန်းကျော်သည် နတ်ဘုရားများအလား လေးစားအားကျနေကြပြီဖြစ်သည် ။
ထိုသူတို့၏ အလွန်သန်မာသောခွန်အားကိုတော့ ပြောဖွယ်မရှိတော့ပေ ။ သို့ပါသော်လည်း ဆယ်မိနစ်ထက် လျော့နည်းသောအချိန်ကာလတွင် ထိုကဲ့သို့သောတည်ရှိမှုကြီးက အသတ်ခံလိုက်ရသည် ။ သူတို့ဘယ်လိုလုပ် မတုန်လှုပ်ဘဲနေမှာလဲ ။ သူတို့ဘယ်လိုလုပ် မကြောက်လန့်ဘဲနေမလဲ ။
" ဒင် ၊ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအားချင်းမှ ကြယ်ခြောက်ပွင့်အထွတ်အထိပ်အဆင့် တာအိုနတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့သည့်အတွက် ဂုဏ်ပြုပါတယ် ။ ဂိုဏ်းအမှတ်သန်းငါးဆယ်နှင့် အန္တိမကျပန်းဆင့်ခေါ်ခွင့်သုံးကြိမ်ကို ဆုချလိုက်သည် ။ "
ဤအချိန်မှာပဲ စနစ်၏အေးစက်စက်အသံက ဝမ်ဖုန်း၏စိတ်အတွင်း ထွက်ပေါ်လာခဲ့သည် ။ ဝမ်ဖုန်းမှာ ထိုအသံကို လျစ်လျူရှုလိုက်လေသည် ။ သူက လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်လာပြီး စင်မြင့်ထက်ရှိရှေးဟောင်းကျင့်ကြံသူများကို ဝေ့ဝဲကြည့်ရှုလိုက်သည် ။ ဤအချိန်တွင် ရှေးဟောင်းမျိုးနွယ်စုများမှကျင့်ကြံသူများသည် တုန်လှုပ်နေကြပြီဖြစ်သည် ။ သူတို့သည်ခေါင်းများကိုငုံ့ထားကြကာ ဝမ်ဖုန်းကိုမော်မကြည့်ရဲကြပေ ။
ကုမျိုးနွယ်စုမှအကြီးအကဲများသည် အနောက်ဘက်သို့ခြေလှမ်းအနည်းငယ်တောင် ဆုတ်ခွာသွားကြပြီး သူတို့မျက်လုံးများ၌ အကြောက်တရားများဖြင့် ပြည့်နှက်နေသည် ။ သူတို့သည် ဒေါသထွက်နေကြသော်လည်း သူတို့၏ခေါင်းဆောင်ကတောင် အားချင်းကိုမတားဆီးနိုင်ခဲ့ပေ ။ သူတို့ဘယ်လိုလုပ် မကြောက်လန့်ဘဲနေရမည်နည်း ။
ယခင်က အမောက်မာဆုံးဖြစ်နေခဲ့သော ဇာမဏီမျိုးနွယ်စု၏ခေါင်းဆောင်သည် လက်ရှိအချိန်တွင် ရှေးဟောင်းကျင့်ကြံသူများ၏နောက်၌ တိတ်တဆိတ်ပုန်းအောင်းနေခဲ့သည် ။ သူသည် ဝမ်ဖုန်းကိုဒေါသထွက်သွားစေမှာစိုးတာကြောင့် သူ၏တည်ရှိမှုကို အနိမ့်ပါးဆုံးဖြစ်အောင် နှိမ့်ချထားခဲ့သည် ။
" သတ်ပစ်လိုက် ။ "
ဝမ်ဖုန်းသည် ထိတ်လန့်နေသော ကုမျိုးနွယ်စုကိုလှမ်းကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ အသာအယာပြောဆိုလိုက်သည် ။
မူလက ကုချိုးတို့ညီအစ်ကိုနှစ်ယောက်အတွက်၊ သူတို့ရှန်ရှန့်ကျုံဂိုဏ်းသည် ကုမျိုးနွယ်စုနှင့် အနှေးနှင့်အမြန် ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်သည် ။ အခုအခြေအနေများမှာ သူ့ဘက်သို့ပါလာခဲ့ပြီဖြစ်ရာ ဝမ်ဖုန်းမှာသဘာဝကျစွာပဲ စိတ်နှလုံးပျော့ပြောင်းနေမှာမဟုတ်ပေ ။
အားချင်းသည် ကုမျိုးနွယ်စုမှအကြီးအကဲများကိုလှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ အရှေ့ဘက်သို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းသွားခဲ့သည် ။ သူမကအလွန်အမင်းလှပသော်လည်း မည်သူကမှသူမ၏အလှအပကို မခံစားနိုင်ကြပေ ။
အားချင်း၏ခြေလှမ်းတိုင်းက ကုမျိုးနွယ်စုမှအကြီးအကဲများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည် ။ အားချင်း၏မျက်နှာလေးမှာ အချိုးအစားကျလှပသော်လည်း ကုမျိုးနွယ်စု၏အကြီးအကဲများ၏အမြင်၌ သူမကလမ်းလျှောက်လာနေသော သေမင်းတစ်ပါးအလားပင် ။
သူတို့သည် ထွက်ပြေးချင်နေခဲ့ကြသော်လည်း ခန္ဓာကိုယ်များမှာ တုန်လှုပ်နေကြပြီး မလှုပ်ရှားနိုင်ကြပေ ။ ဒါ့အပြင် သူတို့၏ခေါင်းဆောင်ကို အားချင်းကသတ်ဖြတ်ခဲ့သည်ဖြစ်ရာ ထွက်ပြေးချင်ရင်တောင် ထွက်ပြေးနိုင်မှာမဟုတ်ကြပေ ။
" ဂိုဏ်းချုပ်ဝမ် ရပ်လိုက်ကြရအောင် ။ "
ထိုအချိန်မှာပဲ ရှန်းယုမျိုးနွယ် ၊ ဝူမျိုးနွယ် ၊ ကျိမျိုးနွယ်အစရှိသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုမှခေါင်းဆောင်သုံးယောက်သည် ရှေ့ထွက်လာကြပြီး ကုမျိုးနွယ်စုအကြီးအကဲများ၏ရှေ့၌ပိတ်ရပ်လာကြကာ ဝမ်ဖုန်းကိုပြောလိုက်သည် ။
အားချင်းက အလွန်လျင်မြန်စွာလှုပ်ရှားခဲ့ပြီး သူတို့ကလည်း မတုန့်ပြန်နိုင်ခဲ့၍မဟုတ်ရင် ကုတောက်သတ်ဖြတ်ခံလိုက်ရမှာကို သူတို့ စောင့်ကြည့်နေခဲ့ကြမှာမဟုတ်ပေ ။
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုငါးစုအကြားတွင် ပဋိပက္ခများရှိကြသော်လည်း သူတို့ဟာ အနည်းနှင့်အများဆိုသလို ဆက်စပ်နေခဲ့ကြတာပဲဖြစ်သည် ။ အထူးသဖြင့် ရှန်ရှန့်ကျုံဂိုဏ်းပေါ်ထားရှိသော သူတို့၏သဘောထားများမှာ တူညီနေခဲ့သည် ။ ရှန်ရှန့်ကျုံဂိုဏ်းကို တိတ်တဆိတ်အညံ့ခံခဲ့သော ဖူမျိုးနွယ်စုမှလွဲ၍ အခြားသောအင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးလေးစုသည် အတူတကွရပ်တည်နေခဲ့ကြခြင်းဖြစ်သည် ။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း၏မြင့်တက်မှုကို မမြင်ချင်ကြသလို သူတို့၏ဂုဏ်သိက္ခာများကိုလည်း ထိပါးမခံလိုကြပေ ။
အစက သူတို့သည် ကုမျိုးနွယ်စုခေါင်းဆောင်မှာ ရှန်ရှန့်ကျုံဂိုဏ်းကို ဖိနှိပ်နိုင်လိမ့်မည်ဟု တွေးထင်မိခဲ့သည် ။ သို့ပါသော်လည်း ကုမျိုးနွယ်စုခေါင်းဆောင် အသက်ဆုံးရုံးသွားရလိမ့်မည်ဟုတော့ သူတို့တွေးထင်မထားခဲ့ကြပေ ။ သည့်အတွက်ကြောင့်ပဲ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကို ပို၍သတိထားလာကြသည် ။ ထိုသို့သတိထားလာသည်နှင့်အမျှ ရှန်ရှန့်ကျုံဂိုဏ်းကို ပို၍ဖိနှိပ်ချင်လာကြသည် ။
ကုမျိုးနွယ်စုခေါင်းဆောင် သေဆုံးသွားသော်လည်း ကုမျိုးနွယ်စု၏အမွေအနှစ်များဆက်လက်တည်ရှိနေကြောင်းကို သူတို့သိထားကြသည် ။ အမွေအနှစ်များတည်ရှိနေသ၍ ရှေးဟောင်းမျိုးနွယ်စုကြီးကလည်း ပျက်စီးသွားမှာမဟုတ်ပါပေ ။ ကျန်ရစ်နေကြသော ကုမျိုးနွယ်၏အကြီးအကဲများသည် ဒီကနေ့ ကုမျိုးနွယ်စုကြီး၏ထောက်တိုင်ပဲဖြစ်တော့သည် ။
ထိုအကြီးအကဲများသေဆုံးသွားသည်နှင့်တပြိုင်နက် ရှေးဟောင်းကုမျိုးနွယ်ကြီးတစ်ခုလုံးကလည်း ပျက်စီးသွားမှာပဲဖြစ်သည် ။ ကုမျိုးနွယ်ပျက်စီးသွားပါက ကျန်အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးသုံးစု အတူတကွစုပေါင်းကြရင်တောင် ရှန်ရှန့်ကျုံဂိုဏ်းကို ဖိနှိပ်နိုင်တော့မှာမဟုတ်ပေ ။
ထို့အတွက်ကြောင့် သူတို့ဟာ ကုမျိုးနွယ်စုအကြီးအကဲများ သတ်ဖြတ်ခံလိုက်ရမည့် ဖြစ်စဉ်ကို ရပ်ကြည့်မနေနိုင်ခဲ့ကြချေ ။
အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကြီးမှခေါင်းဆောင်များ ရှေ့ထွက်လာကြပြီး အားချင်းကို တားဆီးလိုက်သည်ကိုတွေ့မြင်လိုက်ရသည့်အခါ မြောက်များစွာသောရှေးဟောင်းအင်မော်တယ် မျိုးနွယ်စုမှကျင့်ကြံသူများသည် စိတ်သက်သာရာရသွားကြသည် ။ အားချင်းသယ်ဆောင်လာသောဖိအားများမှာ အလွန်အမင်းလေးလံတာကြောင့် သူတို့ဟာ အသက်ရှုမဝတောင် ဖြစ်နေခဲ့ကြသည် ။
ယခုအချိန်တွင် ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးသုံးစုမှခေါင်းဆောင်များ ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားလာပြီဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းမှာ ရပ်တန့်သင့်လေပြီ ။ ထိုသို့မဟုတ်ပါက ရှန်ရှန့်ကျုံဂိုဏ်းသည် တချိန်တည်းမှာပဲ ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးလေးခုနှင့် ရန်ညှိုးဖွဲ့မိသွားမှာပဲဖြစ်သည် ။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးလေးစုသာ အင်အားများကိုအတူတကွပူးပေါင်းလိုက်ပါက မည်သူကများတားဆီးနိုင်ဦးမှာလဲ ။ ဝမ်ဖုန်းက အရမ်းတော့မရူးမိုက်လောက်ပါဘူး ။ ဟုတ်တယ်မလား ။
" သတ်လိုက် ! "
ဝမ်ဖုန်းသည် ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးသုံးစု၏ ခေါင်းဆောင်များကို လှမ်းကြည့်လိုက်ပြီး ချက်ချင်းပြောဆိုလိုက်သည် ။
ဝမ်ဖုန်း၏စကား ဆုံးသွားသည့်အခါ ရှိနေကြသောလူအများ၏ မျက်စိသူငယ်အိမ်များသည် တုန်လှုပ်သွားကြပြီး ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးသွားကြသည် ။ ဝမ်ဖုန်း၏သတ္တိမှာ မိုးထိအောင်မြင့်မားနေလိမ့်မည်ဟု သူတို့တွေးထင်မထားခဲ့ပေ ။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးသုံးစု၏ ခေါင်းဆောင်များကို လစ်လျူရှု၍ ကုမျိုးနွယ်စုအကြီးအကဲများကို သတ်ဖြတ်ပစ်ဦးမယ်တဲ့လား ။
အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကြီးလေးစုပူးပေါင်းပြီး ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်လာမှာကို သူမကြောက်ဘူးလား ။
အားချင်း၏ခွန်အားမှာ လူတိုင်းကိုထိတ်လန့်စေခဲ့သော်လည်း ရှန်ရှန့်ကျုံဂိုဏ်းက ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုကြီးလေးစုနှင့် ထိပ်ဆိုက်ရင်ဆိုင်လိမ့်မည်ဟုတော့ မည်သူကမှ တွေးထင်မထားကြပေ ။
အားချင်းသည် တုန့်ဆိုင်းမနေပဲ ကုမျိုးနွယ်စုရှိရာကို ဆက်လက်လျောက်လှမ်းသွားခဲ့သည် ။ သူမခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သူမ၏ခန္ဓာကိုယ်မှ ပိုမိုသိပ်သည်းသော သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်လာခဲ့သည် ။ အေးစက်စက်လေထုသည် လူတိုင်း၏နှလုံးအိမ်များကို တုန်ခါသွားစေခဲ့သည် ။
" ဂိုဏ်းချုပ်ဝမ် ၊ မင်း ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ပေးသင့်တယ်လေ ။ မင်းရဲ့ရှန်ရှန့်ကျုံဂိုဏ်းက အစွမ်းထက်ပေမယ့် ငါတို့အင်မော်တယ်ရှေးေဟာင်းမျိုးနွယ်စု လေးစုပူးပေါင်းလိုက်ရင် မင်းလည်း တားဆီးနိုင်တော့မှာမဟုတ်ဘူး ။ အမှားအယွင်း မလုပ်မိပါစေနဲ့ ။ "
ခေါင်းဆောင်သုံးယောက်သည် မျက်မှောင်ကြုံ့မိသွားကြသည် ။ ဝူမျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သော ဝူတုန်ထျန်းသည် ဝမ်ဖုန်းကိုလှမ်းကြည့်လိုက်ပြီး အေးစက်စွာပြောဆိုလိုက်သည် ။
ဝမ်ဖုန်းက သူတို့ကိုမျက်နှာသာမပေးခဲ့သည့်အတွက် ဝူတုန်ထျန်းနှင့်အခြားသောသူများသည် အရမ်းကိုဒေါသထွက်နေကြသည် ။ အားချင်း၏ခွန်အားကို ကြောက်လန့်နေ၍သာမဟုတ်ပါက သူတို့က ဝမ်ဖုန်းကို သင်ခန်းစာကောင်းကောင်း ပေးလိုက်ပြီးပြီဖြစ်သည် ။
" မင်းကြောင့်နဲ့လား ။ ရယ်စရာကောင်းလိုက်တာ ။ "
ဝမ်ဖုန်းသည် လှောင်ပြောင်ပြောဆိုလိုက်သည် ။
အစကသူသည် အခွင့်အခါကောင်းကိုစောင့်ပြီးမှ ရှေးဟောင်းမျိုးနွယ်စုကြီးများကို ရင်ဆ်ိုင်လိုခဲ့သည် ။ သူသည် ရှေးဟောင်းမျိုးနွယ်စုကြီးများက သူတို့ကိုယ်တိုင် ခုန်ထွက်လာလိမ့်မည်ဟုတော့ တွေးထင်မထားခဲ့ပေ ။ ဒီလိုဆိုမှတော့ အကုန်လုံးကိုတစ်ပေါင်းတည်း သင်ခန်းစာပေးလိုက်တာပေါ့ ။
" မင်း သေချင်နေတာလား ။ "
ဝူတုန်ထျန်းနှင့် အခြားသောရှေးဟောင်းအင်မော်တယ် မျိုးနွယ်စုကြီးသုံးခုမှခေါင်းဆောင်များသည် ဝမ်ဖုန်း၏သဘောထားကိုတွေ့မြင်လိုက်ရသည့်အခါ အလွန်အမင်းဒေါသထွက်လာကြသည် ။ ဤအချိန်တွင်သူတို့က ကုတောက်၏ခံစားချက်ကို နားလည်လိုက်ကြသည် ။ သူတို့၏အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများသည် မရေမတွက်နိုင်လောက်အောင်ကြာမြင့်သော နောက်ခံအင်အားရှိကြသည် ။ သူတို့ကလည်း ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရားအဆင့်ကို ရောက်ရှိနေပြီးခဲ့ကြသော မကောင်းဆိုးဝါးအိုကြီးများ ဖြစ်ကြသည် ။ ဝမ်ဖုန်းလို လူမမယ်ကလေးတစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခံနေရသည်တဲ့လား ။
သူတို့သည် ဤကဲ့သို့သော အရှက်ရမှုမျိုးကို သည်းမခံနိုင်ကြပေ ။ သူတို့ဟာ ဒေါသအမျက်ချောင်းချောင်း ထွက်လာကြလေသည် ။