ဝူမျိုးနွယ် နဂါးလက်သီး
Vol. 21 Ch. 292
ဘုန်း...
ခေါင်းဆောင် သုံးယောက်ဆီမှ ကြောက်မက်ဖွယ် စွမ်းအားကြီးသုံးခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ကြယ်ခြောက်ပွင့်အထွတ်အထိပ် တာအိုနတ်ဘုရားများ၏ စွမ်းအားအရှိန်အဝါများသည် မုန်တိုင်းကြီးအဖြစ်ပြောင်းလဲသွားခဲ့သည်။ အဆိုပါ မုန်တိုင်းကြီး၏ ရိုက်ခတ်မူကြောင့် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည်
တိုက်ရိုက်လွင့်ပျံထွက်သွားကြပြီး ပါးစပ်အပြည့် သွေးတစ်လုတ်အန်ထုတ်လိုက်ကြရသည်။ သူတို့ဟာ မြင်ကွင်းကို ထိတ်လန့်တကြား လှမ်းကြည့်မိလိုက်ကြသည်။
" ပြေးကြ "
" ဘာတွေဖြစ်နေတာလဲ "
အကာအကွယ် ဒိုင်းကာ၏ကာကွယ်ပေးမှု အောက်မှာတောင် အဆိုပါစွမ်းအားကြီးကြောင့် စင်မြင့်အပြင်ဘက်ရှိ စောင့်ကြည့်သူများသည် တိုက်ရိုက်လွင့်စင်ထွက်သွားခဲ့ကြသည်။ သူတို့ဟာ ထိတ်လန့်တုန်လှုပ်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက်စင်မြင့်ရှိရာမှ ဆုတ်ခွာသွားကြတော့သည်။
ချန်းလုံသိုင်းပြိုင်ပွဲမှနေ၍ အင်မော်တယ်ရှေးဟောင်းမျ်ိုးနွယ်စုများနှင့် ရှန်ရှန့်ကျုံဂိုဏ်း၏ တိုက်ပွဲအဖြစ် အသွင်ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ တွေးထင်မထားခဲ့ကြပေ။ သူတို့ဟာ တာအိုနတ်ဘုရားများ၏ တိုက်ပွဲကို တွေ့မြင်လိုကြသော်လည်း မသေချင်ကြသေးပေ။ ကြယ်ခြောက်ပွင့် တာအိုနတ်ဘုရားများ၏ တိုက်ခိုက်မှုသည် အလွန်အမင်းပြင်းထန်လှပြီး ဂရုမစိုက်မိပါက ဘယ်ကမှန်းမသိ အသက်ထွက်သွားနိုင်ပေသည်။
ဤကဲ့သို့သော တိုက်ပွဲမျိုးကို စောင့်ကြည့်ချင်သည်ဆိုပါက အသက်နှင့်ရင်း၍ စောင့်ကြည့်ရမှာပဲဖြစ်သည်။ အကာအကွယ်ဒိုင်းကာသာမရှိပါက စင်မြင့်၏အကာအကွယ်အစီအရင်တစ်ခုထဲက ထိတ်လန့်ဖွယ် တိုက်ပွဲကို တားဆီးနိုင်မှာမဟုတ်ပေ။ စောင့်ကြည့်သူ အားလုံးသေကြရမှာ ဖြစ်သည်။
ဤအချိန်တွင် ရှေးဟောင်းမျိုးနွယ်စုကြီးများမှ စွမ်းအားရှင်များကတောင် စင်မြင့်ပေါ်တွင် မနေရဲကြတော့ဘဲ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားခဲ့ကြကာ အဝေးမှသာ စောင့်ကြည့်နေကြတော့သည်။
သူတို့သည် တိုက်ပွဲမြေပြင်၏ ရိုက်ခတ်မှုခံရမှာကို ကြောက်လန့်နေကြသည်။ သို့ပါသော်လည်း သူတို့က ပွဲကြီးပွဲကောင်းကို အလွတ်မခံနိုင်ကြပေ။ ထို့ကြောင့် သူတို့ဟာ စွမ်းအားလှိုင်းသက်ရောက်မှု အနည်းဆုံးဖြစ်သည့်နေရာသို့ ဆုတ်ခွာသွားပြီး ဆက်လက်စောင့်ကြည့်နေခဲ့ကြသေးသည်။
ဤအချိန်တွင် ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံမှုစွမ်းအားများကို ထုတ်လွှတ်လိုက်ကြပြီး လူတိုင်းကို ဖုံးကာသွားသည့် ကြီးမားသော အကာအရံကြီးတစ်ခုကို အတူတကွပြုလုပ်လိုက်ကြသည်။
မျက်စိတမှိတ်အတွင်းမှာပဲ စင်မြင့်အထက်၌ ဗလာဖြစ်သွားခဲ့သည်။ ဝမ်ဖုန်းတို့အုပ်စု ၊ ဖူမျိုးနွယ်စုနှင့် အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုလေးစုမှ စွမ်းအားရှင်များသာ ကျန်ရစ်ခဲ့တော့သည်။
" ဒီအရှင်က မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ သူတို့ကို သွားခွင့်ပြုလိုက်ပါ။ ကုမျိုးနွယ်စုခေါင်းဆောင်ကို မင်းသတ်ဖြတ်ပြီးပြီပဲ။ အရမ်းကြီးမောက်မာမနေနဲ့။ ထျန်းလန်ဒေသက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေရဲ့ နယ်မြေပဲ။ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးရအောင် တွန်းအားမပေးစမ်းနဲ့။ "
ဝူတုန်ထျန်းသည် မျက်မှောင်ခမ်ဖွဖွကြုတ်လိုက်ပြီး ဝမ်ဖုန်းကို အေးတိအေးစက် စိုက်ကြည့်လျက် ပြောဆိုလိုက်သည်။
အခြေအနေများက ဤမျှထိ ဆိုးရွားသွားလိမ့်မည်ဟု သူကိုယ်တိုင်တောင် တွေးထင်မထားခဲ့ပေ။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို ဖိနှိပ်ချင်ရုံမျှသာ ဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်းက အရမ်းခေါင်းမာနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အဲဒီဂိုဏ်းက ကုမျိုးနွယ်စုခေါင်းဆောင်ကုတောက်ကိုတောင် သတ်ဖြတ်ရဲသေးသည်။
ဖြစ်နိုင်ပါက ဝူတုန်ထျန်းတို့ အုပ်စုသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ဤအခြေအနေတွင် ထိပ်တိုက်မတွေ့ဆုံလိုကြပေ။ ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားမှာ လုံးဝကို အားမနည်းပေ။ အထူးသဖြင့် အားချင်းသည် ကြောက်လန့်ဖွယ်ကောင်းသော ခွန်အားကို ထုတ်ဖော်ပြသခဲ့လေသည်။ ၎င်းက ရှိနေကြသောသူများကို ပိုမို၍ ထိတ်လန့်သွားစေခဲ့သည်။ သူတို့ဟာ ရှန်ရှန့်ကျုံဂိုဏ်းနှင့် အတူတကွ ထိခိုက်ဆုံးရှုံးမှုများကို မခံစားလိုကြပေ။
ဝမ်ဖုန်းကသာ ကုမျိုးနွယ်စုမှ အကြီးအကဲများကို သတ်ဖြတ်ချင်သည် ဆိုပါက သူတို့သည်လည်း ရှန်ရှန့်ကျုံဂိုဏ်းကို ထိပ်တိုက်တွေ့ဆုံရတော့မှာပဲဖြစ်သည်။ ယခုလေးတင် သူတို့သည် ကုမျိုးနွယ်စုအကြီးအကဲများကို ကယ်တင်လိုသည်ဟု ပြောဆိုခဲ့သည်။ ဒါကိုတောင်မှ အားချင်းက သတ်ဖြတ်ရဲလျှင် သူတို့ရဲ့ မျက်နှာကို ဘယ်နား သွားထားရမတုန်း။
ဤသတင်းသာ ပျံ့နှံ့သွားပါက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ကျော်ကြားမှုမှာ ကျဆင်းသွားရပေလိမ့်မည်။ လူရယ်စရာ ပြက်လုံးတစ်ခုလည်းဖြစ်သွားရပေလိမ့်မည်။ ဤသည်ကား ရှေးဟောင်းမျိုနွယ်စု ခေါင်းဆောင်များအတွက်တော့ လက်မခံနိုင်သော အရာပဲဖြစ်သည်။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သူတို့ဟာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရမည်သာ ဖြစ်သည်။
" ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းကို ရန်စလာတာက သူတို့အမှားပဲမဟုတ်ဘူးလား။ မင်းတို့က တားဆီးချင်တယ်ဆိုရင်လည်း မင်းတို့ကို အတူတူသတ်ဖြတ်ပေးရတာပေါ့။ အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုတစ်စုလေးကို ငါက မျက်နှာသာပေးရဦးမှာလား။ မင်းတို့က ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးနိုင်မယ် ထင်နေတာလား။ တကယ့်ကို ရယ်စရာပဲ။ "
ဝူတုန်ထျန်း၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်နှာ၌ လှောင်ပြုံးများဖြစ်ပေါ်လာခဲ့သည်။ သူကလက်ကို ဝေ့ရမ်းလိုက်ပြီး အားချင်းကို လှုပ်ရှားဖို့အချက်ပြလိုက်သည်။
" သေချင်နေတာပဲ "
ဝမ်ဖုန်း၏ စကားများက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု သုံးစုမှ ခေါင်းဆောင်များကို သည်းမခံနိုင်ဖြစ်သွားစေခဲ့သည်။
သူတို့ကအရမ်းကို ဒေါသထွက်လာကြပြီး ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါများထုတ်လွှတ်လာကြသည်။ ၎င်းအဆုံးမဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါများမှာ ဝမ်ဖုန်းနှင့်အခြားသူများကို တိုက်ရိုက်ဖုံးလွှမ်းသွားစေခဲ့သည်။ သို့ပါသော်လည်း အဆိုပါအရှိန်အဝါများမှာ အားချင်း၏ ဖယ်ရှားခြင်းကို ခံလိုက်ရသည်။ ထိုအတွက်ကြောင့် ဝူတုန်ထျန်းနှင့် အခြားသောသူများသည် အားချင်းကို စူးစိုက်ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများက ပိုမိုလေးနက်လာခဲ့သည်။ ဝူတုန်ထျန်းတို့ သုံးယောက်သည် အားချင်း၏ ပတ်ပတ်လည်၌ ဝိုင်းရံလိုက်ကြသည်။ အားချင်းသည် ကုမျိုးနွယ်စုခေါင်းဆောင်ကိုတောင် သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ ဘယ်သူကမျှ အထင်မသေးရဲကြပေ။ ခမ်လှမ်းလှမ်းတစ်နေရာတွင် ဖူယွမ်နှင့် ဖူမျိုးနွယ်စုမှ အကြီးအကဲများသည် အဆိုပါမြင်ကွင်းကို အပြုံးများဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ ချန်းလုံသိုင်းပြိုင်တွင် ထိုကဲ့သို့သော အဖြစ်အပျက်များ ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့တွေးထင်မထားခဲ့ပေ။ နဂါးဧကရာဇ်တောင်ဇွင်း စတင်မလှုပ်ရှားခင်မှာပဲ ရှန်ရှန့်ကျုံဂိုဏ်းနှင့် အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကြီးများ စတင်တိုက်ခိုက်တော့မည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကိုသာ သိရှိမထားပါက ဖူယွမ်သည် တိုက်ပွဲရပ်ဖို့ပြောဆိုမှာပဲ ဖြစ်သည်။ နဂါးဧကရာဇ်တောင်ဇွင်းက အမှောင်ထဲမှ စောင့်ကြည့်နေသည်လေ။ သို့ပါသော်လည်း လက်ရှိတွင် ဖူယွမ်နှင့် ဖူမျိုးနွယ်စုအကြီးအကဲများသည် တိုက်ပွဲကို စိတ်ပါဝင်စားစွာ စောင့်ကြည့်နေကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းတွင် ထိုက်ရွှမ် ဒဏ္ဍာရီလာ အဆင့်စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် ရှိရာ နဂါးဧကရာဇ်တောင်ဇွင်းနှင့် သူအဖွဲ့များရောက်လာလျှင်တောင် ရှန်ရှန့်ကျုံဂိုဏ်း၏ ပြိုင်ဘက်ဖြစ်နိုင်တော့မှာ မဟုတ်ချေ။
ဒါဆို သူတို့ ဘာကိုများစိုးရိမ်နေရဦးမလဲ။ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲ အားချင်းရဲ့ခွန်အားကိုပဲ ကြည့်စမ်းပါဦး။ ဘယ်လောက်တောင် သန်မာလိုက်သလဲ!?
ပတ်ပတ်လည်ဝိုင်းရံလိုက်ပြီးသည့်နောက် ဝူတုန်ထျန်းတို့သုံးယောက်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ စွမ်းအားများထုတ်လွှတ်လိုက်ကြသည်။ ခမ်းနားကြီးကျယ်သော ချီစွမ်းအင်များသည် သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ကြပြီး ထိတ်လန့်ဖွယ်အလင်းတန်းကြီး သုံးတန်းသည် ကောင်းကင်ယံရှိ တိမ်စိုင်များကိုတောင် ဖြိုခွင်းသွားခဲ့သည်။ အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ ပုရွတ်ဆိတ်များကဲ့သို့ ခံစားလိုက်ကြရလေသည်။
အဝေးမှ စောင့်ကြည့်နေတာတောင် သူတို့၏ စိတ်နှလုံးများမှာ တုန်ယင်သွားခဲ့ရသည်။
ဝေါင်း
ဝူတုန်ထျန်း၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံတစ်သံထွက်ပေါ်လာခဲ့ပြီး မှုန်ဝါးဝါးရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားခဲ့သည်။ ယင်းရွှေရောင်အလင်းတန်းများသည် နဂါးတစ်ကောင်၏ အရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ဝူတုန်ထျန်း၏ ခန္ဓာကိုယ်အပေါ်၌ ရပ်တန့်လိုက်လေသည်။ လက်ရှိတွင် ဝူတုန်ထျန်းသည် နဂါးဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေကာ သူ၏စွမ်းအားများက ဝန်းကျင်တစ်ခွင်ကို တုန်ခါစေခဲ့သည်။
ဝူမျိုးနွယ်စုသည် ရှေးဟောင်းသိုင်းပညာရပ်များကို အမွေဆက်ခံထားသော အင်မော်တယ်မျ်ိုးနွယ်စုကြီး တစ်စုဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရပ်များကို ပိုင်ဆိုင်လေသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးငါးစုတွင် ဝူမျိုးနွယ်စုနှင့် ဖူမျိုးနွယ်စုတို့က အလွန်ထူးခြားသော နောက်ခံများရှိကြပြီး သူတို့၏ အဆင့်အတန်းက အခြားမျိုးနွယ်စုသုံးစုထက် ပိုမိုသာလွန်လေသည်။
ဝူမျိုးနွယ်စု၏ တိုက်ခိုက်ရေးစွမ်းအင်မှာ အလွန်အင်မတန်ထိတ်လန့်ဖွယ်ကောင်းလေသည်။ ရှေးယခင်အချိန်ကတည်းက ဝူမျိုးနွယ်စုသည် ကိုယ်ပိုင်ကျင့်ကြံရေးလမ်းစဥ်ကို ထွင်းဖောက်နိုင်ခဲ့သည်ဖြစ်ပြီး သူတို့၏ အမွေအနှစ်ကလည်း တောင့်တင်းခိုင်မာလှသည်။ ဒါ့အပြင် ယခုခေတ်ကြီးတွင် သိုင်းပညာရပ်များ ဆုတ်ရုတ်လာလေရာ လူအများစုမှာ သိုင်းပညာလှုပ်ရှားမှုများကို နားမလည်နိုင်ကြတော့ပေ။ ထို့အတွက်ကြောင့် ဝူမျိုးနွယ်စု၏ တိုက်ကွက်များကို လူအများက ရင်းနှီးခြင်းမရှိကြချေ။
ဥပမာအားဖြင့် ဝူတုန်ထျန်း ယခုထုတ်ဖော်လိုက်သော တိုက်ကွက်မှာ ဝူမျိုးနွယ် နဂါးလက်သီးသိုင်း တိုက်ကွက်ပဲဖြစ်သည်။ ၎င်းမှာ ဝူမျိုးနွယ်စု၏ ဒဏ္ဍာရီလာသိုင်းပညာရပ်သုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်တော့သည်။
အုန်း..
ဝူတုန်ထျန်းသည် သိုင်းကွက်ပုံစံခင်းကျင်းလိုက်ပြီး လက်သီးတစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အထက်၌ ပျံဝဲနေခဲ့သော နဂါးအရိပ်သည် ချက်ချင်းဆိုသလို ဝူတုန်ထျန်း၏ လှုပ်ရှားမှု အနောက် လိုက်ပါသွားခဲ့ပြီး ဝူတုန်ထျန်း၏ လက်မောင်းကို တွဲနှောင်ရစ်ပတ်လိုက်လေသည်။ နဂါး၏ ဦးခေါင်းမှာ ဝူတုန်ထျန်း၏ လက်သီးအပေါ်၌ ရစ်ခွေလိုက်လေသည်။ ထိတ်လန့်ခြောက်ခြားစရာကောင်းသော နဂါးတစ်ကောင်၏ အရှိန်အဝါသည် ကမ္ဘာလောကကြီးတစ်ခွင်၌ ထွက်ပေါ်လာခဲ့သည်။
အဆိုပါ နဂါးအရှိန်အဝါနှင့် လက်သီးချက် ထွက်ပေါ်လာသည့်အခါ ဝူတုန်ထျန်းပတ်ပတ်လည်ရှိ လေဟာပြင်မှာ ယိမ်းထိုးသွားခဲ့ရသည်။ ဤအချိန်တွင် ဝူတုန်ထျန်းသည် အမှောင်ထုထဲမှ ဆင်းသက်လာခဲ့သော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေကာ အလွန်အမင်းမြင့်မြတ်သော အသွင်သဏ္ဍာန်ကိုဆောင်နေ၏။