အံ့သြစရာမြေးငယ်
Vol. 6 Ch. 82
အခန်း (၈၂) အံ့သြစရာမြေးငယ်
"ကဲ… ဘာသိချင်သေးလဲ… ကိုကြီး…"
ကလေးငယ်က မေးလိုက်သည်။
ကျန်းလန် ခေါင်းခါရမ်းပြလိုက်၏။
သူ့တွင် နောက်ထပ်သိချင်သည့် အကြောင်းအရာ မရှိတော့ပေ။
"ကိုကြီး… ကိုကြီးမှာ နဂါးမျိုးနွယ်ထဲက အသိရှိလို့လား…"
ကလေးငယ်ကိုကြည့်ရသည်မှာ လူများနှင့်သိပ်စကားပြောရလေ့မရှိသဖြင့် ထွက်ခွာမသွားသေးဘဲ စကားဆက်ပြောချင်ဟန် ရှိသေးသည်။
ကျန်းလန်က…
"အင်း… ထင်ရတာပဲ…"
သူနှင့် လုန်ယွိတွေ့ဆုံဖူးပြီး အတူတကွ အလုပ်လုပ်ခဲ့ကြသည်။ သို့သော်… အခြားပတ်သက်မှုတော့ မရှိခဲ့ပေ။
ကလေးငယ်က…
"နဂါးတွေမှာ ထူးခြားတဲ့ လက္ခဏာတွေရှိတယ်… ၊ နဂါးတွေ ကျင့်ကြံခြင်းအဆင့် လျှင်လျှင်မြန်မြန် မြင့်တက်လာပြီး ကြီးထွားမှုမြန်လာလေလေ အားလည်းနည်းလာလေပဲ… ၊ ဒါကြောင့်မို့လို့ နဂါးမျိုးနွယ်ထဲက အရည်အချင်းမြင့်မားတဲ့ လူသားတွေက သူတို့ကို ကာကွယ်ပေးလေ့ရှိကြတယ်… ၊ နဂါးတွေအရွယ်ရောက်လာမှပဲ ကာကွယ်တာကို ရပ်လိုက်ကြတယ်…"
ကလေးငယ်က စကားဆက်ပြောချင်နေသေးသည်။
သို့သော်… သူ စကားဆက်မပြောနိုင်ခင် ကျန်းလန်က ဖြတ်ပြောလိုက်၏။
"ကောင်တာပေါ်က သေရည်အိုး ကျကွဲတော့မယ်…"
"ဟမ်…"
ကလေးငယ် ရုတ်တရက် အံ့အားသင့်သွားပြီး ကောင်တာဆီသို့ ချက်ချင်း ပြေးသွားလေသည်။
ပြုတ်ကျလာသည့် သေရည်အိုးကို ကလေးငယ် ဆီးပြီး ဖမ်းလိုက်သည်။ ကျန်းလန်ကတော့ ကလေးငယ်ကို ကြည့်နေခဲ့လေသည်။
ထို့နောက်တွင်တော့… သေရည်ဆိုင်ပိုင်ရှင် အဘိုးအိုပြန်လာမည့်အချိန်ကို ကျန်းလန် စိတ်ရှည်စွာဖြင့် စောင့်နေခဲ့သည်။
သို့သော်… ကလေးငယ် သူ့ကိုဧည့်ခံထားသည့် မြေပဲများနှင့် လက်ဖက်ရည်ကြမ်းကိုတော့ မစားသောက်ခဲ့ပေ။ ကလေးငယ်ပြောသည့်စကားများနှင့်ပတ်သက်၍လည်း သူ့စိတ်ထဲ အများကြီးတွေးတောမနေတော့ပေ။
ကျန်းလန် မျက်လုံးကိုမှိတ်လိုက်ပြီး စိတ်ကိုအေးဆေးတည်ငြိမ်အောင် ထားလိုက်သည်။
ကလေးငယ်က ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။ ကျန်းလန် မျက်လုံးများ မှိတ်လိုက်သည်နှင့် ကလေးငယ်ကလည်း မျက်လုံးများကို လိုက်မှိတ်လိုက်သည်။
သူက ကျန်းလန်၏ စိတ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
သူသာ ကျန်းလန်၏ စိတ်ထဲသို့ဝင်နိုင်မည်ဆိုလျှင် ဆက်လက်ကျင့်ကြံနေစရာ မလိုတော့ပေ။ ဤသည်က သူ့အဘိုးမှာကြားထားသည့် ကိစ္စဖြစ်သည်။
ထို့နောက်… ကလေးငယ်၏ စိတ်အာရုံထဲတွင် တံခါးတစ်ချပ်ပေါ်လာသည်။
ထိုတံခါးကို ဖွင့်နိုင်လျှင် ဒီအစ်ကိုကြီး၏ စိတ်အာရုံထဲသို့ဝင်ရောက်နိုင်မည် ဖြစ်သည်။
"လွယ်တော့ လွယ်မယ်ထင်တာပဲ…"
ကလေးငယ်တွေးလိုက်သည်။
ထို့နောက်… ကလေးငယ်က တံခါးရှေ့သို့သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
"ယား… လုပ်ထား…"
သို့သော်… ကလေးငယ်က တံခါးကို အားစိုက်တွန်းနေသည့်တိုင် တံခါးက မပွင့်နိုင်ဖြစ်နေသည်။
ကလေးငယ်က လက်နှစ်ဖက်ဖြင့် အားစိုက်ကာ တွန်းလိုက်သည်။ မည်သည့်အရာမှ ဖြစ်မလာပေ။
ကလေးငယ်က တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။
"ဘန်း…"
"ဘန်း…"
"ဘန်း…"
တံခါးက လှုပ်ပင်မလှုပ်ပေ။
နောက်ဆုံးတော့ ကလေးငယ် လက်လျှော့လိုက်သည်။
"အေးလေ… ဒီအစ်ကိုကြီးက ကျင့်ကြံနေတာ နှစ်ပေါင်း (၁၀၀)လောက်ရှိပြီ… ၊ ငါက နှစ်လေးနည်းနည်းလောက်ပဲ ကျင့်ကြံရသေးတာ… ၊ တံခါးကို တွန်းမဖွင့်နိုင်တာ ပုံမှန်ပါပဲ… ၊ နောက်တစ်ခါ သူရောက်လာမှ ငါ ထပ်လုပ်ကြည့်မယ် … ၊ အဲဒီအချိန်ဆိုပိုပြီးလွယ်ကူလာမှာပဲ…"
ကလေးငယ် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ထိုအချိန်… ကလေးငယ်၏ ပခုံးထက်သို့ လက်တစ်ဖက်ကျရောက်လာလေသည်။
ရုတ်တရက် လန့်သွားပြီး ကလေးငယ် ထ ခုန်လိုက်သည်။
"အဘိုး…"
ကလေးငယ် လှည့်ကြည့်လိုက်သည့်အခါ သူ့အဘိုးကို တွေ့လိုက်ရသည်။
အဘိုးအိုက ကောင်တာနောက်တွင် ရပ်နေပြီး မြေးဖြစ်သူကို ကြည့်နေလေသည်။
ယနေ့… သေရည်အိုး အဘယ့်ကြောင့် ပြုတ်မကျရပါသနည်းဟု အဘိုးအိုအံ့သြနေခဲ့သည်။
သို့သော်… ဆိုင်ထောင့်တွင်ထိုင်နေသည့် ကျန်းလန်ကို တွေ့ရသည့်အခါ အခြေအနေကို နားလည်သွားသည်။ သေရည်အိုးပြုတ်ကျမည်ကို ကျန်းလန်က မြေးငယ်ကို သတိပေးလိုက်ခြင်းပင် မဟုတ်ပါလား။
အဘိုးအိုက…
"သေရည်အဆင်သင့်ရပြီ… ၊ သွား … လက်ဆောင်ပေးဖို့ သွားပြင်ဆင်ချည်…"
အဘိုးအိုက ပြောလိုက်သည်။
"အခုသွား…"
ကလေးငယ် ချက်ချင်းပင် ဆိုင်အနောက်ဘက်သို့ ပြေးလွှားထွက်ခွာသွားတော့သည်။
ထို့နောက်… အဘိုးအိုက ဆိုင်ထောင့်တစ်နေရာတွင်ထိုုင်နေသည့် ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများက ချီးကျူးမှု အရိပ်အယောင်များဖြင့် ပြည့်နက်နေ၏။
"ဒီကလေးက တစ်နေ့တခြား ပိုပြီးတော်လာတယ်… ၊ မော့ကျန်းသုန့်တော့ ပျော်နေတော့မှာပဲ…"
အဘိုးအို ရေရွတ်လိုက်၏။
ကျန်းလန်က ပုံမှန်အတိုင်း မျက်လုံးများကို မှေးမှိတ်ထားသည်။
သို့သော်… သေရည်ဆိုင်ရှင်အဘိုးအိုက သူ၏ စိတ်အာရုံထဲသို့ ရုတ်တရက် ဝင်ရောက်လာလေသည်။
အဘိုးအိုက သေရည်အကောင်းစားရပြီဆိုသည့်သဘောဖြင့် သေရည်အိုးကို လှုပ်ရမ်းကာ အချက်ပြနေသည်ကို ကျန်းလန် တွေ့မြင်လိုက်ရသည်။
ကျန်းလန် ရုတ်တရက် လန့်နိုးသွားသည်။
သူ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်နှင့် ကောင်တာတွင်စောင့်နေသည့် အဘိုးအိုကို တွေ့မြင်လိုက်ရသည်။
ကျန်းလန် အံ့သြတုန်လှုပ်သွားသည်။
"အံ့သြစရာပဲ…"
အရင်တစ်ကြိမ်တုန်းကလည်း သူ့စိတ်အာရုံအတွင်းသို့ အဘိုးအို ဝင်ရောက်လာသည်။ ယခုလည်း ထိုသို့ပင် ဖြစ်သည်။
(၁၀)နှစ်ကြာ သေရည်ရစ်မူးပြီးသည့်နောက် ကျန်းလန်၏ စိတ်စွမ်းအားက ယခင်ကထက် များစွာ ပိုမိုအားကောင်းလာသည်။
သို့သော်… အဘိုးအိုကတော့ သူ့စိတ်အာရုံထဲသို့ ဝင်လာနိုင်စမြဲပင်ဖြစ်သည်။
"ဒီ အဘိုးကြီးက ဘယ်လောက်ထိတောင် စွမ်းအားကြီးနေတာလဲ…"
ကျန်းလန်တွေးလိုက်သည်။
သို့သော်… အဖြေကို သူကိုယ်တိုင်လည်း မသိရှိပေ။
ခွန်လွန်တောင်ခြေတွင် သေရည်ဆိုင်ဖွင့်ထားသည့်တိုင် အဘိုးအို၏ သေရည်ဆိုင်တွင် ပြဿနာဖြစ်သည်ဟု တစ်ခါမှ မကြားခဲ့ဖူးပေ။
အဘိုးအိုက အနည်းငယ်ဆင်းရဲဟန်ရှိပြီး မြေးငယ်တစ်ယောက်လည်း ရှိနေလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက ရိုးရှင်းသူတစ်ယောက်မဟုတ်သည်မှာ ထင်ရှားသည်။
"မင်း မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲကို လိုက်မသွားဘူးလား…"
အဘိုးကြီးက ကျန်းလန်အနားလျှောက်လာပြီး မေးလိုက်သည်။
စကားပြောရင်း ကျန်းလန်၏လက်ထဲသို့ သေရည်အိုးကို ထည့်ပေးလိုက်သည်။
ကျန်းလန်က အဘိုးအိုကို ဝိညာဉ်ကျောက်တုံးများ ကမ်းပေးလိုက်ရင်း…
"နောက်တစ်ခေါက်မှပဲ သွားတော့မယ်…"
ကျန်းလန်က ပိုက်ဆံချမ်းသာသူလည်းမဟုတ်သလို ဆင်းရဲသူလည်းမဟုတ်ပေ။
အမှန်တော့… ဘာမှ သုံးစရာမရှိသည့်အတွက်သာ ဝိညာဉ်ကျောက်တုံးများ စုမိနေခြင်း ဖြစ်သည်။ အခြားတပည့်များဆိုလျှင်တော့ မှော်ဝင်ပစ္စည်းများဝယ်ယူရန်အတွက် ဝိညာဉ်ကျောက်တုံးများ အသုံးပြုရမည် ဖြစ်သည်။
သို့သော်… သူကတော့ နဝမတောင်ထွတ်မှ တစ်ဦးတည်းသောဖြစ်လေရာ သူ့အတွက် ရင်းမြစ်ပစ္စည်းများ ၊ မှော်ဝင်ပစ္စည်းများ ရှားပါးခြင်း မရှိပေ။
ကျန်းလန်လိုချင်တာမှန်သမျှ အကုန်ရသည်ပင် ဖြစ်သည်။
ဆရာဖြစ်သူကလည်း သူ့ကို ကောင်းမွန်စွာ ဆက်ဆံလေသည်။
သူက ကျန်းလန်ကို ကောင်းမွန်စွာသင်ကြားပေးပြီး မသိသည့်အရာများကို လမ်းညွှန်ပြသပေးလေ့ရှိသည်။
ဆီလျော်သည်ဟု ယူဆရသည့် ကျန်းလန်၏ ဆုံးဖြတ်ချက်များကိုလည်း အမြဲတမ်း သဘောတူ လက်ခံတတ်သူ ဖြစ်သည်။
ထို့ကြောင့်… ကျန်းလန်က သူ့အပေါ် ကောင်းမွန်သည့် ဆရာဖြစ်သူအတွက် သေရည်တစ်အိုးဖြင့် ဂါရဝပြုချင်ရုံသာ ဖြစ်သည်။
ထိုစဉ်… ကလေးငယ်က မြေပဲတစ်ထုပ်နှင့်အတူ ပြန်ထွက်လာသည်။
သူ့ကို မြေပဲများ လက်ဆောင်ပေးရသည့်အကြောင်းရင်းကို ကျန်းလန် ထုတ်ဖော်မေးမြန်းမိခြင်း မရှိပေ။ သို့သော်… သူ့စိတ်ထဲ အမြဲတမ်း စဉ်းစားနေမိသည်။
ကျန်းလန် ဆိုင်ထဲမှ ထွက်ခွာသွားပြီးနောက် အဘိုးအိုက ဘေးမှ ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး…
"မင်း သူ့ကို ဝိညာဉ်ကျောက်တုံးနဲ့ စမ်းသပ်ဖို့ မေ့သွားတယ်… ဟုတ်တယ်မလား…"
လူငယ်လေးက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိဟန်ဖြင့်…
"မမေ့ပါဘူး အဘိုးရ… သူက ပါရမီရှင်မဟုတ်ဘူး… သာမန်ပဲ ဆိုတာ သိလိုက်ရတယ်… ၊ ဒီတော့ အဘိုးနဲ့ပြောထားတဲ့ကိစ္စကို သဘောတူတယ်…"
ဟု ပြောလိုက်၏။
အဘိုးအိုက ကလေးငယ်ကိုကြည့်ပြီး ပြုံးနေလေသည်။
သူ့မြေးကိုကြည့်ရသည်မှာ ယခုတစ်ကြိမ်မှာတော့ ထူးခြားသည့် ရည်မှန်းချက်တစ်ခု ချမှတ်လိုက်နိုင်ဟန် ရှိသည်။
…………
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာလေသည်။
သို့သော်… နဝမတောင်ထွတ်အစွန်းသို့ ရောက်သည့်အခါ ဆရာဖြစ်သူကို မတွေ့ရပြန်ပေ။
ကျန်းလန်က သေရည်နှင့်မြေပဲထုပ်ကို သူ ထားနေကျနေရာတွင် ထားလိုက်သည်။ သူ လက်ဆောင်ပေးထားခြင်းဖြစ်ကြောင်း ဆရာ သိရှိပေလိမ့်မည်။
ထို့နောက်… သူ မရဏဂူသို့ ကျင့်ကြံရန် ပြန်လာခဲ့လေသည်။
သူက မရှိမှုအာကာသအဆင့်နှင့် ကျင့်သားရရန် ဆက်လက်ကျင့်ကြံရမည် ဖြစ်သည်။
ထို့နောက်… နွားရိုင်းကိုးကောင်စွမ်းအားကို အောင်မြင်အောင် ကျင့်ကြံပြီး အန္တရယ်ကိုးသွယ်စွမ်းအားကို ဆက်လက်လေ့လာရမည် ဖြစ်သည်။
အန္တရယ်ကိုးသွယ်စွမ်းအားက နာမည်ကြားသည်နှင့်ပင် နွားရိုင်းကိုးကောင်စွမ်းအားထက် များစွာ ကြောက်မက်ဖွယ်ရာကောင်းနေသည်မှာ ထင်ရှားသည်။
ထိုစွမ်းအားက သူ့ကို စိတ်ပျက်အောင် မလုပ်ပါစေနှင့်ဟုတော့ ကျန်းလန် မျှော်လင့်မိသည်။
သူက နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအားကို အတော်လေး သဘောကျသည် မဟုတ်ပါလား။ ထိုစွမ်းအားဖြင့်ဆိုလျှင် လက်သီးတစ်ချက်တည်းဖြင့် ရန်သူကို သတ်ဖြတ်ပစ်နိုင်လေသည်။
တစ်ချက်တည်းဖြင့် ရန်သူ အသက်ပျောက်သွားလေ့ရှိသဖြင့် နွားရိုင်းကိုးကောင်စွမ်းအားဖြင့်ဆိုလျှင် အခြားတန်ခိုးစွမ်းအားများနှင့် ဂါထာမန္တန်များပင် အသုံးပြုရန် မလိုအပ်ပေ။
ဤမျှကောင်းမွန်သည့် စွမ်းအားကို ပိုင်ဆိုင်ထားမှတော့ အဘယ့်ကြောင့် ရန်သူကို အခွင့်အရေးပေးနေတော့မည်လဲ…။
အတန်ကြာ ကျင့်ကြံပြီးနောက်… ကျန်းလန်က စာအနည်းငယ် ဖတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့အနေဖြင့် ကျင့်ကြံခြင်းအပြင် အခြားဗဟုသုတများလည်း သိရှိရန် လိုအပ်သည် မဟုတ်ပါလား။
သူ စာဖတ်နေသည့်အချိန်တွင် စနစ်တွင်လည်း အဆက်မပြတ် မှတ်ပုံတင်နေခဲ့သည်။
လွန်ခဲ့သည့်အချိန်က ရရှိထားသည့် ပြဒါးဆေးများက မူလဝိညာဉ်အဆင့်တွင် အသုံးပြုရန်အတွက် ရရှိထားသည့် ပြဒါးဆေးများ ဖြစ်သည်။
ယခုတော့… မရှိမှုအာကာသအဆင့်တွင် အသုံးပြုရန် ပြဒါးဆေးများရရှိရန်အတွက် အဆက်မပြတ်မှတ်ပုံတင်ရမည် ဖြစ်လေသည်။