← Chapters

ခွန်လွန်တောင်ကိုစိန်ခေါ်ခြင်

Vol. 6 Ch. 83

ခွန်လွန်တောင်ကိုစိန်ခေါ်ခြင်

Vol. 6 Ch. 83

အခန်း (၈၃) ခွန်လွန်တောင်ကိုစိန်ခေါ်ခြင်း

ခွန်လွန်တောင်နှင့် ဝေးကွာသည့်နေရာတစ်ခုတွင်တော့ မှော်ဝင်ယဉ်ပျံကြီးတစ်စီး ပျံသန်းလျှက် ရှိလေသည်။

ထို မှော်ဝင်ယဉ်ပျံကြီးက ခွန်လွန်တောင်ရှိရာသို့ ဦးတည်ပျံသန်းလာနေခြင်း ဖြစ်၏။

ယဉ်ပျံကြီး၏ အတွင်းခန်းထဲတွင် ဆံပင်များဖြူဖွေးနေသည့် အဘိုးအိုတစ်ယောက်နှင့် သက်လတ်ပိုင်းအရွယ် လူရွယ် (၂)ယောက် ထိုင်နေကြသည်။

ထိုသူများထံမှ အင်မော်တယ်တန်ခိုးစွမ်းအားများ ထွက်ပေါ်လျှက် ရှိကြသည်။

"မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲစတင်နေပြီ… ၊ ခွန်လွန်တောင်က အတော်ဆုံးတပည့်တွေ အဲဒီကိုရောက်နေကြပြီ…"

သက်လတ်ပိုင်းလူရွယ် (၂)ယောက်အနက်မှ တစ်ယောက်က စကားပြောလိုက်ခြင်း ဖြစ်သည်။

ထိုသူ၏ အမည်က လီကျီး ဖြစ်၏။

ထိုသူ၏ မျက်ဝန်းများက အနက်ရောင်ဖြစ်ပြီး မဟူရာကဲ့သို့ တောက်ပနေသည်။ မျက်နှာတွင်တော့ မုတ်ဆိတ်မွှေး ၊ ပါးသိုင်းမွှေးများ ထူထပ်စွာ ရှိနေလေသည်။

သူ့ဘေးမှ နောက်ထပ်လူရွယ်တစ်ယောက်က…

"အမှန်ပဲ… ကျုပ်တို့ အချိန်ကောင်းကိုရွေးပြီးလာတာပဲ… ၊ တကယ်တော့… ခွန်လွန်တောင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ထွက်ပေါ်လာရင် ကျုပ်တို့ အချိန်မရွေး ခွန်လွန်တောင်ကို စိန်ခေါ်ခွင့် ရှိတာပဲလေ…"

ထိုလူရွယ်၏ အမည်က နန်ယိ ဖြစ်သည်။

သူက မျက်လုံးများကို မှိတ်ထားရင်း စကားပြောနေခြင်း ဖြစ်၏။

သူ့အတွက် မျက်လုံးကို ဖွင့်ရသည်မှာ အလွန်ခက်ခဲသည့်အလုပ်တစ်ခု ဖြစ်နိုင်သည်။ သို့တည်းမဟုတ်… သူ၏မျက်လုံးကို ဖွင့်လိုက်သည်နှင့် အန္တရယ်တစ်စုံတစ်ခု ဖြစ်ပေါ်လာနိုင်သောကြောင့်လား မပြောတတ်ပေ။

ဆံပင်များဖြူဖွေးနေသည့် အဘိုးအိုက…

"ကျုပ်တို့ နတ်လူသားမျိုးနွယ်စုက ခွန်လွန်တောင်နဲ့ သဘောတူညီချက်တစ်ခု ရှိခဲ့တယ်… ၊ ကျုပ်တို့အနေနဲ့ ခွန်လွန်တောင်က မျိုးဆက်သစ်လူငယ်တွေကို တိုက်ရိုက်စိန်ခေါ်ခွင့်ရှိပေမယ့် ခွန်လွန်တောင် ကျောက်စိမ်းရေကန်နတ်ဘုရားမကိုတော့ တိုက်ရိုက်စိန်ခေါ်ခွင့် မရှိဘူး…"

ထိုအဘိုးအို၏ အမည်က မြောက်ထျန်း ဖြစ်၏။

သူက အခန်းထဲတွင်ထိုင်နေသူ (၃)ယောက်တွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံး ဖြစ်သည်။

နန်ယိက ပြုံးလိုက်ရင်း…

"အမှန်ပဲ… ဒီတော့… ခွန်လွန်တောင် အဓိကတောင်ထွတ် (၉)ခုက တပည့်တွေကို တစ်ယောက်ချင်းစိန်ခေါ်ပြီးမှ ကျောက်စိမ်းရေကန်နတ်ဘုရားမကို စိန်ခေါ်လို့ရမှာပဲ…"

မြောက်ထျန်းက…

"ဒါပဲလေ… ခွန်လွန်တောင် ပထမတောင်ထွတ်ကနေ နဝမတောင်ထွတ်အထိ နှစ်ပေါင်း (၃၀၀) အောက် ကျင့်ကြံထားတဲ့ ဘယ်တပည့်ကိုမဆို စိန်ခေါ်လို့ရတယ်… ၊ ကျုပ်တို့ ရှုံးသွားတော့လည်း ပြန်ကြရုံရှိတာပေါ့…"

ထိုစဉ်… အခန်းထဲသို့ အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဝင်ရောက်လာသည်။

အဘိုးအိုမြောက်ထျန်းက လူငယ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…

"ဘယ်လိုလဲ... မြောက်ရှိုး… ၊ မင်း ခွန်လွန်တောင်က တပည့်တွေကို စိန်ခေါ်ဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက် ရှိသလား…"

အဖြူရောင်ဝတ်လူငယ် မြောက်ရှိုးက…

"ခွန်လွန်တောင်က အတော်ဆုံးတပည့်တွေ မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲကို မသွားခင်ကဆိုရင်တောင် ကျုပ် နိုင်အောင် တိုက်နိုင်တယ်ဗျ…"

ဟု ပြောလိုက်လေသည်။

မြောက်ရှိုးကိုကြည့်ရသည်မှာ သူ့ကိုယ်သူ အတော်လေး ယုံကြည်ဟန် ရှိလေသည်။

……………

ခွန်လွန်တောင် ၊ နဝမတောင်ထွတ်…

ကျန်းလန်စာအုပ်တစ်အုပ် ဖတ်နေလေသည်။

သူက စာအုပ်ဖတ်လိုက် ၊ ကျင့်ကြံလိုက် ၊ စနစ်တွင်မှတ်ပုံတင်လိုက်ဖြင့် သူ့ကိုယ်သူ တိုးတက်လာစေရန် လုပ်ဆောင်လျှက် ရှိသည်။

စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်နေစေရန်အတွက် ကိုယ့်ကိုယ်ကိုယ် ဓားတစ်လက်လို သွေးနေရန်မှာ အမြဲတမ်း လိုအပ်သည့်ကိစ္စတစ်ခု ဖြစ်သည်။

ယခုဆိုလျှင်… ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားမှာလည်း အတော်လေး ပြီးပြည့်စုံနေပြီ ဖြစ်သည်။ သို့သော်… နောက်ဆုံးအဆင့်ထိ အော်မြင်ရန်က အနည်းငယ် အချိန်ယူရဦးမည် ဖြစ်သည်။

ဤရက်ပိုင်းအတွင်း ကျန်းလန် အနည်းငယ် စိတ်ရှုတ်ထွေးနေခဲ့လေသည်။

နွားရိုင်းကိုးကောင်စွမ်းအားတွင် အဆင့်ပိုမြင့်သည့် အန္တရယ်ကိုးသွယ်စွမ်းအား ရှိလေသည်။

ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားတွင်ရော ထိုသို့အဆင့်ပိုမြင့်သည့် ထိပ်တန်းတန်ခိုးစွမ်းအား (၁)ခု ရှိဦးမည်လားဟု တွေးနေမိခြင်း ဖြစ်သည်။

သို့သော်… ရှိခဲ့လျှင်လည်း လောလောဆယ်တွင် သူ့အနေဖြင့် ရရှိရန် ခက်ခဲဦးမည် ဖြစ်သလို ကျင့်ကြံနိုင်မည်လည်း မဟုတ်သေးပေ။

နွားရိုင်းကိုးကောင်စွမ်းအားထက် အဆင့်မြင့်သည့် ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားဖြစ်သော အန္တရယ်ကိုးသွယ်စွမ်းအားကိုရရှိရန် သူ စနစ်တွင် အချိန် (၁၀)နှစ်တိတိ မှတ်ပုံမတင်ဘဲ မဟာတာအိုမှ လက်ဆောင်များကို စုစည်းထားခဲ့ရသည် မဟုတ်ပါလား။

သို့တိုင်အောင်… အန္တရယ်ကိုးသွယ်စွမ်းအားကို ကျန်းလန် ကျင့်ကြံနိုင်ခဲ့ခြင်း မရှိသေးပေ။

လောလောဆယ်တွင် သူ ကျင့်စဉ် (၂)ခုကိုသာ အဆင့်မြှင့်တင်ထားနိုင်သေးသည်။

ခုနစ်စဉ်ကြယ်ဓား ၊ ကောင်းကင်ကိုးထပ်မီးတောက် ၊ ကောင်းကင်မိုးကြိုးလျှပ်စီး ၊ ဝိညာဉ်စကားမန္တန် အပါအဝင် အခြားမန္တန်များနှင့် ကျင့်စဉ်များကို အဆင့်မြှင့်တင်ရခြင်း မရှိသေးပေ။

အချိန်နှစ်ပေါင်းများစွာအတွင်း သူ သင်ယူခဲ့သည့်အရာ များစွာ ရှိလေသည်။ ထိုအရာများအားလုံးက ဖြည့်စွက် တန်ခိုးစွမ်းအားများ ဖြစ်သည်။

အစီအရင်ပညာကိုလည်း သူ နားလည်အောင် ထပ်မံလေ့လာခဲ့သေးသည်။ သို့သော်… စာအုပ်များစွာ ဖတ်ခဲ့သည့်တိုင် ထိုပညာကို အဆုံးထိတိုင်လေ့လာရန်မှာ မဖြစ်နိုင်သေးပေ။

သူ၏ အချိန်အများစုကလည် ကျင့်ကြံခြင်းကို အဓိကထားပြီး ကုန်ဆုံးခဲ့ရသည် မဟုတ်ပါလား။

ယနေ့တော့…

ကျန်းလန် နဝမတောင်ထွတ် အဓိကခန်းမဆောင်ကို သန့်ရှင်းရေးလုပ်ရန် ထွက်ခွာလာခဲ့သည်။

ထိုအချိန်… ကောင်းကင်ထက်မှ ကျယ်လောင်သည့် ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ရုတ်တရက် ကြားလိုက်ရ၏။

"ဟား..ဟား..ဟား… တာအိုရောင်းရင်း'ဖုန်းယီရှောက်'… မတွေ့ရတာကြာပြီနော်…"

ထိုအသံကြီးကိုကြားလိုက်ရသည်နှင့် ကျန်းလန် အံ့အားသင့်သွားသည်။

သူက ကောင်းကင်ထက်မော့ကြည့်လိုက်သည့်အခါ ခွန်လွန်တောင်သို့ ပျံသန်းလာသည့် မှော်ဝင်ယဉ်ပျံကြီးတစ်စီးကို တွေ့မြင်လိုက်ရသည်။

အသံက ယဉ်ပျံကြီးထက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုစဉ်မှာပင်… ခွန်လွန်တောင် ပထမတောင်ထွတ်မှ လူတစ်ယောက် ကောင်းကင်ထက် ပျံသန်းထွက်ခွာသွားပြီး ယဉ်ပျံကြီးဆီသို့ ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ ပထမတောင်ထွတ်မှ တောင်သခင် ဖုန်းယီရှောက် ဖြစ်နိုင်လေသည်။

"တစ်ခုခုတော့ ဖြစ်တော့မယ်ထင်တယ်…"

ကျန်းလန် အဖြစ်အပျက်များအားလုံးကို ကြည့်နေရင်း တိတ်တဆိတ်ရေရွတ်လိုက်သည်။

ခွန်လွန်တောင်မှ ပါရမီရှင်အတော်ဆုံးတပည့်များ မှော်ဝင်တိမ်တိုက်တောင်သို့ ထွက်ခွာသွားကြသည်မှာ အချိန် (၁)လခန့် ရှိပြီ ဖြစ်သည်။

ထိုအချိန်ကို ရွေးခြယ်ပြီး တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုသူများက အပျော်သက်သက် လာရောက်လည်ပတ်သူများတော့ မဖြစ်နိုင်ကြပေ။

ခွန်လွန်တောင်မှ အတော်ဆုံးတပည့်များ မရှိသည့်အချိန်ကို ရွေးခြယ်ပြီး အချိန်ကိုက်ရောက်လာကြခြင်းဖြစ်သည် မဟုတ်ပါလား။

ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ပြဿနတော့ စတော့မယ် ထင်တယ်…"

ဟု တွေးလိုက်၏။

ပါရမီရှင်အတော်ဆုံးတပည့်များ မှော်ဝင်တိမ်တိုက်တောင်သို့ ထွက်ခွာသွားကြသည့်နောက် ခွန်လွန်တောင်က အဆပေါင်းများစွာ အားနည်းသွားခဲ့သည်။

ထိုအခွင့်အရေးကို အမိအရယူကာ ပြဿနာရှာမည့်သူများ ရောက်ရှိလာကြပြီ ဖြစ်သည်။

"ဒီပြဿနာက…အတော်ဆုံးတပည့်တွေနဲ့ လာမပတ်သက်ဖို့ပဲ မျှော်လင့်ပါတယ်…"

ကျန်းလန် ရေရွတ်လိုက်သည်။

သူက နဝမတောင်ထွတ်မှ အတော်ဆုံးတပည့်ဖြစ်နေသည် မဟုတ်ပါလား။

လောကတွင် ကျန်းလန် ငြင်းဆန်၍ရသည့် ကိစ္စများ ရှိခဲ့သော်လည်း ငြင်းဆန်မရနိုင်သည့် အချို့ကိစ္စများလည်း ရှိနေလေသည်။

ဤသည်က နဝမတောင်ထွတ်မှ အတော်ဆုံးတပည့်တစ်ယောက် ဖြစ်ရခြင်း၏ တာဝန်ဝတ္တရားများပင် ဖြစ်၏။

ထို့နောက်… ကျန်းလန် နဝမတောင်ထွတ်ခန်းမဆောင်ကို သန့်ရှင်းရေး လုပ်လိုက်သည်။

သန့်ရှင်းရေးလုပ်ပြီးသည်နှင့် မရဏဂူသို့ ပြန်လာခဲ့သည်။

ထို့နောက်… ပြဿနာဖြစ်လာပါက ရင်ဆိုင်ရန် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားလိုက်သည်။ မှော်ဝင်ပစ္စည်းများ ၊ အင်းသင်္ကေတများကိုလည်း အသင့်ပြင်ဆင်ထားလိုက်သည်။

ထို့နောက်… စတင်ကျင့်ကြံရန်အတွက် ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားကို ဖွင့်လှစ်လိုက်သည်။

သို့သော်… ပန်းချီကားကို ဖွင့်လိုက်သည်နှင့် ကျောက်စိမ်းရေကန်နံဘေးတွင် ခွေခွေလေးလဲလျောင်းနေသည့် လုန်ယွိကို တွေ့လိုက်ရသည်။

ကျန်းလန်က…

"သူ… နေမကောင်း ဖြစ်နေတာလား… ဘာများဖြစ်လို့လဲ…"

ထိုသို့တော့ ဟုတ်ဟန်မတူပေ။ နဂါးများက မည်သို့နေမကောင်းဖြစ်ပါမည်နည်း။

သေရည်ဆိုင်မှ ကလေးငယ်ပြောပြသည့် စကာများကို ကျန်းလန် သတိရသွားသည်။

"နဂါးတွေမှာ ထူးခြားတဲ့ လက္ခဏာတွေရှိတယ်… ၊ နဂါးတွေ ကျင့်ကြံခြင်းအဆင့် လျှင်လျှင်မြန်မြန် မြင့်တက်လာပြီး ကြီးထွားမှုမြန်လာလေလေ အားလည်းနည်းလာလေပဲ… ၊ ဒါကြောင့်မို့လို့ နဂါးမျိုးနွယ်ထဲက အရည်အချင်းမြင့်မားတဲ့ လူသားတွေက သူတို့ကို ကာကွယ်ပေးလေ့ရှိကြတယ်…"

ဟု ကလေးငယ်က ပြောခဲ့ဖူးသည် မဟုတ်ပါလား။

ကျန်းလန်က ပန်းချီကားထဲမှ လုန်ယွိကို ကြည့်နေရင်း…

"ကြည့်ရတာ ကျင့်ကြံခြင်းအဆင့် အရမ်းလျှင်လျှင်မြန်မြန် မြင့်တက်လာလို့ သူ အားနည်းသွားတာဖြစ်ရမယ်…"

ဟု တွေးလိုက်သည်။

လုန်ယွိ ကျောက်စိမ်းရေကန်တွင်နေထိုင်သည်မှာ အချိန်အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်း အရှိန်အဟုန်လျှင်မြန်မှုက ကျန်းလန်ထက် နောက်ကျမည် မဟုတ်ပေ။

ထို့ကြောင့်… ပါရမီရှင်တစ်ယောက်ဖြစ်သည့် လုန်ယွိနေဖြင့် နဂါးမျိုးနွယ်များထဲတွင် ကျင့်ကြံခြင်းအလျှင်မြန်ဆုံး နဂါးတစ်ကောင် ဖြစ်လာပေလိမ့်မည်။

ကျန်းလန် ခေါင်းတစ်ချက်ခါရမ်းလိုက်ပြီး လုန်ယွိအကြောင်း မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်… စတင်ကျင့်ကြံခြင်း ပြုလုပ်လိုက်သည်။

(၃)ရက်အကြာတွင်တော့… ဆရာဖြစ်သူက စာတစ်စောင်ပို့ကာ ကျန်းလန်ကို လှမ်းခေါ်လိုက်လေသည်။ ဤသို့ဖြစ်လာမည်ဟု ကျန်းလန် သိနေပြီးသား ဖြစ်၏။

မည်သည့်ကိစ္စများဖြစ်ပျက်သည်ကို သေသေချာချာ မသိရှိသော်လည်း ရှောင်လွှဲမရသည့် ပြဿနာတစ်ခုနှင့် ကြုံတွေ့ရပြီဖြစ်ကြောင်း ကျန်းလန် နားလည်လိုက်သည်။

သူ့မှာ ပြဿနာမဖြစ်ချင်သောကြောင့် မှော်ဝင်တိမ်တိုက်တောင်သို့ပင် လိုက်ပါမသွားခဲ့ပေ။

သို့သော်… ယခုတော့ ပြဿနာက ခြေထောက်ပေါက်ကာ သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပေတော့မည်။

ကျန်းလန် ချက်ချင်းပင် ဆရာဖြစ်သူနေထိုင်ရာ နဝမတောင်တောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။

မော့ကျန်းသုန့်က သူ့ကို စောင့်မျှော်နေသည်ကို တွေ့လိုက်ရသည်။

"ဆရာ…"

ကျန်းလန်က ဆရာဖြစ်သူကို ဂါရဝပြု နှုတ်ဆက်လိုက်သည်။

ယနေ့ ရာသီဥတုက အလွန်သာယာလေသည်။ လေပြေလေးကတိုက်ခတ်နေပြီး ကျန်းလန်၏ စိတ်များကို လန်းဆန်းသွားစေသည်။

ဤသို့သော ရာသီဥတုမျိုးကို ကျန်းလန် သဘောကျလေသည်။

သို့သော်… ယခုတော့ သာယာသည့်ရာသီဥတုကို ခံစာနေရန် အချိန်မရှိပေ။ ဆရာဖြစ်သူပြောမည့်စကားများကို သေသေချာချာ နားထောင်ရန် လိုအပ်သည် မဟုတ်ပါလား။

မော့ကျန်းသုန့်က…

"အလယ်ပိုင်လွင်ပြင်ဒေသက နတ်လူသားမျိုးနွယ်စုတွေ ခွန်လွန်တောင်ကို ရောက်လာကြတယ်…"

မော့ကျန်းသုန့်က ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ပြီး ဖြည်းညင်းသည့်လေသံဖြင့်…

"နတ်လူသားမျိုးနွယ်စုတွေက တောင်းဆိုမှုတစ်ခု ပြုလုပ်တယ်… ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ကျောက်စိမ်းရေကန် နတ်ဘုရားမကို စိန်ခေါ်ချင်တာပဲ…"

ကျန်းလန်က ဆရာဖြစ်သူ၏စကားကို ဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေသည်။

ဆရာ့စကားမဆုံးသေးကြောင်း သူ သိရှိလေသည်။

"ခွန်လွန်တောင်က ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတာ သူတို့ စိန်ခေါ်ချင်တိုင်း စိန်ခေါ်လို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူး… ၊ ဒါကြောင့် သူတို့က ယှဉ်ပြိုင်ပွဲတစ်ခုလုပ်ဖို့ တောင်းဆိုကြတယ်… ၊ သူတို့က ခွန်လွန်တောင်ရဲ့ အဓိကတောင်ထွတ် (၉)ခုက အတော်ဆုံးတပည့် တစ်ယောက်ချင်းစီကို စိန်ခေါ်လိမ့်မယ်… ၊ တောင်ထွတ် (၉)ခုက အတော်ဆုံးတပည့် (၉)ယောက်ကို အနိုင်ရသွားပြီဆိုရင်တော့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို ဆက်ပြီး စိန်ခေါ်လိမ့်မယ်… ၊ ရှုံးသွားရင်တော့ သူတို့ ပြန်သွားကြလိမ့်မယ်…"

မော့ကျန်းသုန့်က ခေတ္တနားပြီးမှ စကားဆက်ပြောသည်။

"ဒီသဘောတူညီချက်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခွန်လွန်ဂိုဏ်းချုပ်နဲ့ နတ်လူသားမျိုးနွယ်စုတွေ သဘောတူညီမှု ပြုလုပ်ထားတဲ့ စည်းကမ်းတစ်ခုပဲ… ၊ ဂိုဏ်းချုပ်ကလည်း လောလောဆယ်မှာ တံခါးပိတ်ကျင့်ကြံနေတယ်… ၊ ဒါကြောင့် တောင်သခင် (၉)ပါးက သူတို့ အခုလိုလာပြီးစိန်ခေါ်တာကို ငြင်းဆန်လို့ မရဘူး ဖြစ်နေတယ်…"

All Chapters