ဓားများအားလုံး စုစည်းခြင်း
Vol. 50 Ch. 739
နောက်ထပ်တိုက်ပွဲမှာ.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ အဆင့် ၁၄ နေရာအတွက် ဖြစ်လေသည်။
ဖက်တီးလေးက ပုံရိပ်ယောင်မိစ္ဆာကျင့်ထုံးဂိုဏ်း၏ ချင်လီနှင့် ရင်ဆိုင်ရပေမည်။
“ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းရဲ့ ကျင့်ကြံရေးနည်းစနစ်တွေက လူတစ်ယောက်ရဲ့ စိတ်အခြေအနေပေါ် သက်ရောက်ခြင်းမှာ မှီခိုထားတာပဲ… သေချာလေး ဂရုစိုက်”
နတ်ဆိုးမကျိက ဖက်တီးလေးကို စေတနာကောင်းဖြင့် သတိပေးလိုက်လေသည်။
ဖက်တီးလေး ၊ နတ်ဆိုးမကျိ ၊ ကျိချန်းရှန် ၊ ရှစ်ကျန့်နှင့် အခြားသူများသည် မတူညီသောဂိုဏ်းများမှ ဖြစ်ကြလေသည်။ တကယ်ဆို.. သူတို့က အင်မော်တယ်နှင့် မိစ္ဆာဟူသော မတူညီသော အဖွဲ့အစည်းများမှပင်ဖြစ်ကြပြီး ပတ်သက်ဆက်နွယ်မှု လုံးဝမရှိကြပေ။
သို့သော်လည်း.. သူတို့အုပ်စုသည် ဆူဇီမိုကို ဗဟိုပြု၍ အတိုင်းအတာတစ်ခုအထိ ရင်းနှီးမှု ရရှိလာကြလေသည်။
“ကျေးဇူးတင်ပါတယ်”
ဖက်တီးလေးက သူ၏ကျေးဇူးတင်မှုကို ပြသလိုက်၏။
ဖက်တီးလေးသည် ကြယ်တာရာနဂါးခံတွင်းသို့ မဝင်ရောက်ခင်က သူ၏ အဝါရောင်ငရဲမြစ်အမြုတေနယ်မြေက ဤအဆင့်ထိ မရောက်သေးပေ။
ထိုအချိန်တုန်းကဆို.. သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးအဆင့်နှစ်ဆယ်အတွင်းသို့ ဝင်ရောက်ဖို့နေနေသာ ထိပ်ဆုံးအဆင့်ငါးဆယ်အတွင်းသို့ ဝင်ရောက်နိုင်ဖို့ပင် ခက်ခဲလေသည်။
သို့သော်.. ယခုအခါမှာတော့ ဖက်တီးလေးသည် အဝါရောင်ငရဲမြစ်ကားချပ်၏ အသိအမှတ်ပြုခြင်း ခံထားရလေသည်။
သူသည် အမြုတေစိတ်ဝိညာဉ်တစ်ခုကို မကျင့်ကြံရသေးသည့်အတွက် ရှေးဟောင်းခေတ်က ထိုဓမ္မလက်နက်၏ စွမ်းအားကို အသုံးမပြုနိုင်သေးသော်လည်း သူ၏အဝါရောင်ငရဲမြစ်က လုံးဝအသွင်ပြောင်းသွားခဲ့ပြီး အရင်ကနှင့် ဘာမှမဆိုင်တော့ပေ။
ကျောက်သားစင်မြင့်ထက်ပေါ်တွင် လူနှစ်ယောက်က မတ်တပ်ရပ်လိုက်ကြ၏။
ချင်လီ၏မျက်လုံးများက တောက်ပနေပြီး ရုတ်တရက်… ကြောက်စရာကောင်းသော ပုံရိပ်များက သူ့နောက်မှာ ပေါ်လာလေသည်။
ရှဲ...
မြောက်များလှစွာသော သက်ရှိများသည် ခြစ်ခြစ်တောက် ပူလောင်နေသော သံတိုင်များပေါ်တွင် ချည်နှောင်ထားခံရပြီး တရှဲရှဲ မြည်၍ သူတို့၏အသားများက လောင်ကျွမ်းကာ မီခိုးများက ထွက်လာလေသည်။ သူတို့က အဆက်မပြတ် ရုန်းကန်လှုပ်ရှား၍ အော်ဟစ်မြည်တမ်းနေကြလေသည်။
အခြားတစ်ဖက်တွင်တော့.. လေထုထဲမှာ ဧရာမကျောက်ကြိတ်စက်ကြီးတစ်ခုက ပေါ်လာလေသည်။
သန်းနှင့်ချီသော သက်ရှိများသည် ထိုကျောက်ကြိတ်စက်ကြီးထဲသို့ ဆွဲယူသွင်းခြင်း ခံလိုက်ရပြီး.. အဲဒါက တဖြည်းဖြည်း လည်ပတ်၍ သူတို့၏အသွေးအသားနှင့် အရိုးများကို ကြိတ်ချေကာ မသတီစရာ သွေးများက မြေပြင်ပေါ်သို့ စီးကျလာလေသည်။
သက်ရှိများ၏ အသွေးအသားများက ကြိတ်ချေခံလိုက်ရသော်လည်း သူတို့၏အသိစိတ်များက ရှိနေကြသေးလေသည်။
နောက်ခဏ၌… ပြန့်ကျဲသွားသော အသွေးအသားများက သက်ရှိအဖြစ် ပြန်လည်စုစည်းသွားပြီး တူညီသော ဖြစ်စဉ်ဖြင့် ကျောက်ကြိတ်စက်ကြီးထဲသို့ တစ်ဖန်ဆွဲယူသွင်းခြင်း ခံလိုက်ရလေသည်။
သူတို့က တူညီသော နာကျင်မှုကို အဆုံးမသတ်နိုင်အောင် ထပ်တလဲလဲ ခံစားနေရလေသည်။
ဆက်တိုက်ပြန်ဝင်စားခြင်းဖြစ်စဉ်က ထပ်တလဲလဲ ဖြစ်ပွားနေပြီး တူညီသော သံသရာက ထပ်ခါထပ်ခါ လည်ပတ်နေလေသည်။
များစွာသော ကျင့်ကြံသူများသည် ကျောရိုးတလျှောက် ချမ်းစိမ့်လာပြီး ထိုပုံရိပ်များကို ကြည့်ကာ သူတို့က စိတ်ဒဏ်ရာများပင် ရရှိလာကြလေသည်။
ရှေးဟောင်းအမြုတေနယ်မြေ အကန့်အသတ်မဲ့ငရဲ…
ငရဲမှ ပုံရိပ်များသည် ချင်လီ၏နောက်တွင် အနိဠာရုံဆန်ဆန်ဖြင့် ပေါ်ထွက်လာလေသည်။
“အဝါရောင် ငရဲမြစ်”
ဖက်တီးလေးက သုန်မှုန်နေသော အမူအရာဖြင့် ရှေ့သို့ လက်ညိုးထိုးလိုက်လေသည်။
တလိမ့်လိမ့် စီးဆင်းနေသော အဝါရောင်ငရဲမြစ်တစ်စင်းက သူ့နောက်မှာပေါ်လာပြီး.. အလောင်းများနှင့် ဝိညာဉ်များက ထိုအထဲမှာ လွင့်မျောကာ ရုန်းကန်နေကြလေသည်။
အဝါရောင်ငရဲမြစ်က တဟုန်ထိုး စီးဆင်းလာပြီး ချင်လီ၏နောက်ရှိ အကန့်အသတ်မဲ့ငရဲကို တိုက်ရိုက်ဆွဲယူသွင်းလိုက်လေသည်။
အကန့်အသတ်မဲ့ငရဲထဲရှိ သက်ရှိများစွာသည် အဝါရောင်ငရဲမြစ်ထဲသို့ ဝင်ရောက်ပြီးနောက် စစ်မှန်သော စိတ်သက်သာရာရမှုကို ရရှိခံစားလာကြလေသည်။ သူတို့က ထပ်တလဲလဲ ညှင်းပန်းနှိပ်စက်ခြင်းကို ထပ်မံခံစားရခြင်း မရှိတော့ပေ။
“ချက်… ချက်… ချက်”
အကန့်အသတ်မဲ့ငရဲက အက်ကွဲသံများထွက်၍ ပြိုကျတော့မည့်ဆဲဆဲသို့ ဖြစ်လာလေသည်။
ချင်လီ၏အမူအရာက ကြောက်လန့်တကြား ဖြူလျော့လာပြီး သူက ဝှစ်ခနဲ နောက်သို့ခုန်ဆုတ်ကာ ကျောက်သားစင်မြင့်ထက်ကနေ အချိန်မီ ရုန်းထွက်နိုင်ခဲ့လေသည်။
“အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဖက်တီးလေးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ၏ရွှေအမြုတေနယ်မြေကို ပြန်လည်ရုတ်သိမ်းကာ လက်သီးနှစ်ဖက်ကို ဆုပ်၍ တောက်ပစွာ သွားဖြီးပြလိုက်လေသည်။
သူတို့ပြီးနောက်… အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် တိုက်ပွဲလေးပွဲသာ ကျန်ရှိလေတော့သည်။
နောက်ထပ်တိုက်ပွဲမှာ ဓားကျင့်ကြံသူများကြားက တိုက်ပွဲဖြစ်လေသည်။
ဓားဂိုဏ်းမှာ ရွှေအမြုတေအဆင့် နံပါတ်(၁) တပည့်တစ်ယောက်အနေနှင့် ဟန်ချိုးယွီက သူ့ဂိုဏ်း၏ ဂုဏ်ကျက်သရေကို သေချာပေါက် ခုခံကာကွယ်ရပေမည်။
သူက.. အခြားသောဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းမှ ဓားကျင့်ကြံသူတစ်ယောက်ကို ရှုံးနိမ့်သွားလျှင် ဓားဂိုဏ်း၏ ဂုဏ်သတင်းကျော်စောမှုအပေါ် သေချာပေါက် သက်ရောက်မှုရှိပေလိမ့်မည်။
အဲဒါက.. သူ ရှုံးလို့မရသော တိုက်ပွဲတစ်ပွဲ ဖြစ်လေသည်။
ဟန်ချိုးယွီသည် သူ ရှုံးနိမ့်မှာမဟုတ်ဘူး ဆိုတာကိုလည်း ယုံကြည်ထားလေသည်။
ဓားဂိုဏ်း၏ ရှေးဟောင်းအမြုတေနယ်မြေ ရင်သပ်ရှုမောဓားချီက ထိုလူ၏ ကောင်းကင်လွှမ်းခြုံဓားများကို ရှုံးနိမ့်စရာအကြောင်း မရှိပေ။
သူတို့နှစ်ယောက်က ကျောက်သားစင်မြင့်ထက်မှာ မတ်တပ်ရပ်လိုက်ကြလေသည်။
သူတို့နှစ်ယောက်၏တိုက်ခိုက်မှု မစတင်ခင်မှာပင် ဓားဂိုဏ်း၏ပကတိအရှင်က ပြောလိုက်လေသည်။
“မင်းက ဓားဂိုဏ်းကို ဝင်ရောက်ချင်တဲ့ဆန္ဒရှိလား”
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာသည် အားကျငေးမောစွာဖြင့် ကြည့်လိုက်ကြ၏။
တူကူကျန့်သည် ဟန်ချိုးယွီနှင့် မတိုက်ခိုက်ခင်မှာပင် အင်မော်တယ်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော ဓားဂိုဏ်း၏ အသိအမှတ်ပြုခြင်းကို ရရှိသွားခဲ့လေပြီ။
ဓားဂိုဏ်းက ဤကမ္ဘာပေါ်ရှိ ဓားကျင့်ကြံသူများအားလုံးအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်လေသည်။
ကျင့်ကြံရေးလောကရှိ ဓားတာအို၏ မရေမတွက်နိုင်သော နည်းစနစ်များနှင့် လျှို့ဝှက်ပညာရပ်များကို ဓားဂိုဏ်းက သမိုင်းတလျှောက် စုစည်းထားခဲ့လေသည်။ အဲဒါက.. အလွန်တရာ ကြွယ်ဝသော အသိပညာများဖြစ်လေသည်။
ဓားဂိုဏ်းသည် ဓားကျင့်ကြံသူတိုင်း ရောက်ရှိနိုင်ဖို့ အိပ်မက်မက်နေရသော နေရာတစ်ခုဖြစ်လေသည်။
ကျောက်သားစင်မြင့်ပေါ်တွင် တူကူကျန့်က ဓားဂိုဏ်း၏ဖိတ်ခေါ်ချက်ကို ရရှိပြီးနောက်.. ခါတိုင်းလိုပင် အမူအရာကင်းမဲ့နေကာ သူ့ခေါင်းကို ညင်သာစွာ ခါပြလိုက်လေသည်။
လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာလေသည်။
ဓားဂိုဏ်းက ငြင်းပယ်ခံလိုက်ရလေပြီ။
တူကူကျန့်သည် ဓားဂိုဏ်း၏ဖိတ်ခေါ်မှုကို တွေဝေခြင်းမရှိ ငြင်းပယ်ခဲ့လေသည်။
“ကောင်လေး.. ငါ မင်းကို သတိပေးလိုက်မယ်.. မင်းက ဓားရဲ့ အစစ်အမှန်တာအိုကို ဓားဂိုဏ်းမှာပဲ နားလည်သဘောပေါက်နိုင်လိမ့်မယ်”
ဓားဂိုဏ်း၏ပကတိအရှင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ခဏမျှစဉ်းစားကာ ဆက်ပြောလိုက်လေသည်။
“မင်းအနေနဲ့ လက်ရှိအခြေအနေထိ ရောက်ရှိလာဖို့က လွယ်မှာမဟုတ်ဘူး.. မင်းက ဓားတာအိုမှာ အတော်လေးကောင်းမွန်တဲ့ အလားအလာရှိနေလို့ ငါက မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးလိုက်မယ်”
တူကူကျန့်က သူ့လက်ထဲရှိဓားကို ငေးကြည့်နေပြီး သူ့ခေါင်းကို ထပ်မံခါပြလိုက်လေသည်။
အဲဒီမှာ.. ကမ္ဘာပေါ်တွင် သူ့လက်ထဲရှိ ဓားမှလွဲပြီး သူ့အတွက် တခြားဘာမှ မရှိသည့်အလားပင်။
သူက မည်သည့်ဂိုဏ်းကိုမှ မယုံကြည်ပေ။ သူ၏ကလန်ကိုတောင် သူမယုံပေ။
သူယုံကြည်သော တစ်ခုတည်းသောအရာမှာ သူ့လက်ထဲရှိ ဓားသာဖြစ်လေသည်။
တူကူကျန့်၏ အော်ရာက ပတ်ဝန်းကျင်ရှိ မည်သူနှင့်မဆို အံကိုက်ခြင်း မရှိဘဲ သူ့ထံမှ ဖော်မပြတတ်သော အထီးကျန်မှုက ဖြာထွက်နေလသည်။
သူက တကယ့်ကို ကြောက်စရာကောင်းသော ဓားကျင့်ကြံသူအမျိုးအစား ဖြစ်လေသည်။
သူ၏အတွေးများက ကျစ်လစ်ခိုင်မာပြီး မည်သည့်အရာကမှ သူ့ကို စိတ်အာရုံပျက်ယွင်းအောင် မလုပ်နိုင်ပေ။
ဓားဂိုဏ်းမှ ပကတိအရှင်က အမူအရာကင်းမဲ့နေပြီး သူက ဘာကိုမှ ထပ်မပြောတော့ပေ။
တိုက်ပွဲက စတင်ခဲ့လေပြီ။
“ဇီ…ဇီ..”
တချိန်တည်းနီးပါးမှာပင်.. တူကူကျန့်နှင့် ဟန်ချိုးယွီသည် တပြိုင်တည်းလိုလို တိုက်ခိုက်လိုက်ကြပြီး ပြိုင်ဘက်ကင်းဓားအလင်းနှစ်ခုက လေထဲမှာ ဖြတ်သန်းသွားလေသည်။
သူတို့က အလွန်တရာမြန်ဆန်စွာဖြင့် ချက်ချင်းပျောက်ကွယ်သွားကြလေသည်။
ထို့နောက်.. ချက်ချင်းဆိုသလိုပင် သွေးရောင်နှစ်ခုက ဖြာလက်လာလေသည်။
သူတို့နှစ်ယောက်စလုံးက တချိန်တည်းမှာပင် ဒဏ်ရာများ ရရှိသွားကြလေပြီ။
အဲဒါက အရမ်းကို မြန်လွန်းလေသည်။
များစွာသော ကျင့်ကြံသူများသည် တုံ့ပြန်ချိန်တောင် မရလိုက်ပေ။
ဓားအလင်းတန်းနှစ်ခုက သွေဖယ်သွားသည့် ခဏမှာပင်.. သူတို့သည် တစ်ဘက်ကိုတစ်ဘက် ထိခိုက်လိုက်ကြပြီး ဒဏ်ရာများ ရရှိသွားကြလေပြီ။
ဟန်ချိုးယွီသည် ညာဘက်ခြေထောက်မှာ ထိထားပြီး တူကူကျန့်က ဘယ်ဘက်လက်မှာ ထိသွားလေသည်။
သူတို့နှစ်ယောက်စလုံး၏ ဒဏ်ရာများက အလွန်တရာနက်ရှိုင်းပြီး သူတို့၏ဝတ်ရုံများက သွေးများဖြင့် ချက်ချင်းနီစွေးသွားလေသည်။
သူတို့၏ဒဏ်ရာများမှာ အလွန်တရာသန်မာသော ဓားချီများပင် ပါဝင်နေလေသည်။
ထိုသို့ဖြင့်.. ထိုဓားချီများကို ကုန်စင်အောင် ဖယ်ထုတ်ပြီးမှသာ သူတို့၏ဒဏ်ရာများက ပြန်လည်သက်သာလာနိုင်ပေလိမ့်မည်။
သို့သော်လည်း.. စိတ်အာရုံတစ်ချက် ပျက်ယွင်း၍ မရသော ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲတွင် သူတို့က ထိုသို့လုပ်ဖို့ အခွင့်အရေးရှိမည် မဟုတ်ပေ။
ဓားကျင့်ကြံသူများသည် ကြောက်စရာအကောင်းဆုံး သတ်ဖြတ်စွမ်းအားများကို ပိုင်ဆိုင်ထားကြလေသည်။
သူတို့က စိတ်အာရုံတစ်ချက် ပျက်ယွင်းသွားသည်နှင့် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်လေသည်။
သူတို့နှစ်ယောက်သည် တချိန်တည်းမှာပင် ထပ်မံတိုက်ခိုက်လိုက်ကြလေသည်။
“ချွမ်.. ချွမ်..”
သူတို့၏ဓားများက လေထဲမှာ ထပ်တလဲလဲ ရိုက်ခတ်မိသွားပြီး သတ္တုချင်း ထိခိုက်သံများ ထွက်ပေါ်လာကာ မီးပွားများက အဘက်ဘက်သို့ လွင့်စင်ထွက်လာလေသည်။
သူတို့၏ပုံရိပ်များက ယှက်ဖြာသွားပြီး သုံးစက္ကန့်ကြာပြီးမှသာ ပြန်လည်ခွဲခွာလိုက်ကြလေသည်။
လူအုပ်ကြီးထဲမှ တုန်လှုပ်၍ အံ့အားသင့်သံများကို ကြားလိုက်ရလေသည်။
သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာက ပေါ်ပေါက်လာခဲ့လေပြီ။
အချို့က နက်ရှိုင်းပြီး.. အချို့က အပေါ်ယံမျှသာ ဖြစ်လေသည်။
တကယ်ဆို.. သူတို့နှစ်ယောက်စလုံး၏ အသားများအောက်မှ အရိုးဖြူဖြူများက ထွက်ပေါ်လာပြီး သူတို့၏အရိုးများကပင် လှီးဖြတ်ခံရလုနီးပါး ဖြစ်လေသည်။
တူကူကျန့်က ဟန်ချိုးယွီ၏ဓားကို မခုခံနိုင်ခဲ့ပေ။
သို့သော်.. ဟန်ချိုးယွီကလည်း တူကူကျန့်၏ ကြမ်းကြုတ်ခက်ထန်မှုကို မခုခံနိုင်ခဲ့ပေ။
သူတို့နှစ်ယောက်စလုံးက စိုရွှဲနေပြီး သူတို့၏သွေးချီများက ခမ်းခြောက်လာလေသည်။
ဤအတိုင်းသာ ဆက်သွားနေလျှင် သူတို့ထဲမှ အနိုင်ရရှိသူတစ်ယောက် ထွက်ပေါ်လာဖို့ နောက်ထပ် စက္ကန့်အနည်းငယ်သာ ကြာပေတော့မည်။
“ရင်သပ်ရှုမော ဓားချီ”
ဟန်ချိုးယွီက ဓားဂိုဏ်း၏ အမွေအနှစ်အမြုတေနယ်မြေကို ထုတ်ဖော်လိုက်ပြီး သူ့နောက်တွင် ဓားချီတစ်အုပ်စုက သိပ်သည်းစွာ စုဝေးလာလေသည်။
အဲဒါက အလွန်တရာ ထက်ရှပြီး တူကူကျန့်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။
တချိန်တည်းမှာပင် ဟန်ချိုးယွီသည် သူ၏လျှာကို ညင်သာစွာ ကိုက်ပြီး သွေးအဆီအနှစ်စီးကြောင်းတစ်ခုကို ဓားချီများပေါ်သို့ ထွေးထုတ်လိုက်လေသည်။
သူ့အမြုတေနယ်မြေ၏စွမ်းအားက သိပ်သည်းပြင်းထန်လာလေသည်။
ချက်ချင်းပင်.. ဟန်ချိုးယွီ၏အမူအရာက အလွန်တရာ ဖြူလျော့သွားလေသည်။
အဲဒါက ဓားဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြစ်ပြီး ထိုသွေးအဆီအနှစ်စီးကြောင်းက သူ၏ အဆီအနှစ်ချီကို များစွာကုန်ခမ်းစေလေသည်။
အဲဒါက သူ မလိုအပ်ဘဲ ထုတ်သုံးမည်မဟုတ်သော လှုပ်ရှားကွက်ပင်ဖြစ်လေသည်။
ရင်သပ်ရှုမောဓားချီအလင်းတန်းများက လေဟာနယ်တစ်ခုလုံးကို လှီးဖြတ်ပစ်လိုက်လေသည်။
တူကူကျန့်က သူ၏ ကောင်းကင်လွှမ်းခြုံဓားကို ထုတ်ဖော်လိုက်စဉ်မှာပင် အဲဒါက ရင်သပ်ရှုမောဓားချီများ၏ ဇကာပေါက်အဖြစ် ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ချက်ချင်းကြေမွသွားလေသည်။
“အမ်.. သူက ထွက်မသွားသေးဘူးလား”
များစွာသော ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လိုက်ကြ၏။
တူကူကျန့်၏ ရွှေအမြုတေနယ်မြေက ပျက်ပြယ်သွားပြီဖြစ်တာကြောင့် သူက ဆက်လက်တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
သူက ကျောက်သားစင်မြင့်ပေါ်မှာ ဆက်လက်ကြန့်ကြာနေလျှင် ရင်သပ်ရှုမောဓားချီများက သူ့ကို အညှာအတာမဲ့စွာ နုတ်နုတ်စင်းပစ်ပေလိမ့်မည်။
တူကူကျန့်၏ မျက်လုံးများထဲမှာ စိုးရိမ်ထိတ်လန့်ခြင်း သို့မဟုတ် နောက်ဆုတ်လိုစိတ် တစွန်းတစမျှ ရှိမနေပေ။ သူက ဝင်ရောက်လာသော ဓားချီများကို ရင်ဆိုင်လိုက်၏။ သူက သေခြင်း ရှင်ခြင်း အခိုက်အတန့်မှာပင် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရပြီး သူ့ဘေးပတ်လည်ရှိ အော်ရာက စတင်၍ အသွင်ပြောင်းလာလေသည်။
တူကူကျန့်ဆီသို့ ပြေးဝင်လာသော ရင်သပ်ရှုမောဓားချီများသည် စတင်၍ လေးကန်လာလေသည်။
ဟန်ချိုးယွီက ထိတ်လန့်မှုဖြင့် မျက်လုံးပြူးသွားပြီး ဒေါသူပုန်ထလာလေသည်။
သူ၏ ရွှေအမြုတေနယ်မြေက သူ၏ထိန်းချုပ်မှုအောက်မှာ ရှိမနေတော့ပေ။
အားလုံး၏အကြည့်အောက်မှာပင်… ဓားချီများသည် တူကူကျန့်၏ နှိမ်နင်းခြင်းကို ခံလိုက်ရသည့်အလား သူ့ရှေ့မှာ ပြုတ်ကျလာလေသည်။
ဓားဂိုဏ်းမှ ပကတိအရှင်က တုန်လှုပ်စွာဖြင့် အော်လိုက်လေသည်။
“ဓားများအားလုံး စုစည်းခြင်း…”
*****