← Chapters

ကစဉ့်ကလျား သမုဒ္ဒရာ

Vol. 50 Ch. 745

ကစဉ့်ကလျား သမုဒ္ဒရာ

Vol. 50 Ch. 745

ဆူဇီမို၏သွေးကို စားသုံးပြီးနောက် သွေးသောက်သူထံမှ သွေးရောင်အလင်းက ပေါက်ကွဲထွက်လာပြီး အလွန့်အလွန် ကြမ်းကြုတ်ခက်ထန်မှုက ထွက်ပေါ်လာလေသည်။

ဆူဇီမိုသည် တန်ပြန်စီးကြောင်းဖြင့်‌ သူ၏အခြေအနေကို ခိုင်မာစေပြီးနောက် ရှေ့သို့ထိုးတက်ကာ သူ၏ဆေဘာအကွက်ကို ပြောင်းလဲလိုက်လေသည်။ သွေးသောက်သူသည် မာယာများသော ရှုထောင့်ကနေ ရွေ့လျားလာပြီး သီယင်း၏ နံကြားအောက်ပိုင်းသို့ ထိုးသွင်းလိုက်လေသည်။

တချိန်တည်းမှာပင်.. သီယင်းသည် သူ၏အမြင်အာရုံက ဝေဝါးသွားသည်ဟု ခံစားလိုက်ရလေသည်။ မိစ္ဆာဆန်သော အရိပ်တစ်ခုက ရွေ့လျားလာပြီး.. သူ့နားထဲမှာ တစ္ဆေများ၏ ညည်းတွားအော်ဟစ်သံများက တုန်လှုပ်ချောက်ချားဖွယ်ရာ ထွက်ပေါ်လာလေသည်။

အဆူရာဆေဘာ.. ။

အဆူရာဂိုဏ်းကို ထောက်ပံ့ပေးထားသော ဆေဘာနည်းစနစ်ဖြစ်လေသည်။

လက်ရှိကျင့်ကြံသူအများစုသည် သက်ဆိုင်ရာဂိုဏ်းများမှ ပြိုင်စံရှားများဖြစ်ကြပြီး ထိုဆေဘာနည်းစနစ်၏ မူလဇစ်မြစ်ကို ချက်ချင်းပင် မှတ်မိသွားကြလေသည်။

‘အဲဒါက တကယ်ကြီးလား.. အဲဒါက အဆူရာဆေဘာနဲ့ ပုံစံချင်းတူနေတာများလား’

‘ပုံစံချင်းတူစရာလား… အဆူရာဆေဘာရဲ့ ဆေဘာအားကတောင် ထွက်ပေါ်လာပြီးမှတော့ အဲဒါက ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ… သူက အဆူရာဆေဘာရဲ့ အမွေအနှစ်ကို ရရှိထားတာ ရှင်းနေတာပဲ’

ရန်ထူ၏ အမူအရာက ပျက်ယွင်းလာလေသည်။

သူသည် အဆူရာဂိုဏ်း၏ ပြိုင်စံရှားတစ်ယောက်ဖြစ်ပြီး အလောင်းတောင်တန်းနှင့် သွေးပင်လယ်ကို ပေါင်းစပ်နိုင်ခဲ့သော်လည်း.. အဆူရာဆေဘာတွင် သူ၏ကျင့်ကြံမှုက ထိုအဆင့်ထိ မရောက်သေးပေ။

တစ်နည်းအားဖြင့်ပြောရလျှင်.. အဆူရာဆေဘာသည် သူ၏လက်ထဲမှာထက် ဆူဇီမို၏လက်ထဲမှာ ပို၍သန်မာနေလေသည်။

အဆူရာဂိုဏ်း၏ နိုးထဝိညာဉ်သည် သူ၏မျက်ခုံးနှစ်ဖက်ကို တင်းကျပ်စွာ တွန့်ကွေးလိုက်လေသည်။

အဆူရာဆေဘာသည် အဆူရာဂိုဏ်းကို ထောက်ပံ့ပေးထားသော ဆေဘာနည်းစနစ်တစ်ခုဖြစ်ပြီး.. အဲဒါက အပြင်လူများကို သင်ကြားပေးလို့ မရပေ။ ဆူဇီမိုက အဲဒါကို ဘယ်နေရာကနေ သင်ယူလာတာလဲ..။

ဒါ့အပြင်.. အဲဒါကို ကြည့်ခြင်းအားဖြင့် သူက ၎င်း၏အမွေအနှစ်ကို အမှန်တကယ် ရရှိထားတာ သိသာလေသည်။

‘အဆူရာဂိုဏ်းက တော်တော်ကို ရက်ရောတာပဲ.. အဆူရာဆေဘာကိုတောင် အပြင်လူတွေကို သင်ပေးနေပြီ’

ပကတိအရှင်ဟွမ်ယီက အဆူရာဂိုဏ်းမှ ပကတိအရှင်ကို စိုက်ကြည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်လေသည်။

‘ဟီး.. ဟီး.. ဟီး.. ဟီး’

မိုးကြိုးလေပြေနန်းတော်မှ ပကတိအရှင်ထျန်မင်းက ခြောက်ကပ်စွာဖြင့် ရယ်မောလိုက်လေသည်။

‘သူက လူသားတစ်ယောက် ဟုတ်မဟုတ်ဆိုတာတောင် ငါတို့ အခုထိ မသိရသေးဘူး.. သူကသာ မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားမယ်ဆိုရင်.. အဆူရာဂိုဏ်းက သားရဲတွေနဲ့ ပူးပေါင်းကြံစည်တဲ့အတွက် ကျင့်ကြံရေးလောကရဲ့ ရန်ဘက်ဖြစ်လာမှာပဲ’

‘မင်းမေကြီးကို ရန်ဘက်လား’

အဆူရာဂိုဏ်းမှ ပကတိအရှင်သည် သူ့ဂိုဏ်း၏လျှို့ဝှက်ပညာရပ်က ပေါက်ကြားနေသည်ကို တွေ့ရသည့်အတွက် ဒေါသပုန်ထနေခဲ့ပြီးဖြစ်လေသည်။ အင်မော်တယ်ဂိုဏ်းမှ ထိုလူများက သူ့ကို အပြစ်တင်ပြောဆိုနေကြသည်ကို ကြားသောအခါ သူက သည်းမခံနိုင်တော့ဘဲ ဆဲရေးလိုက်လေသည်။

‘ငါတို့ အဲ့အကြောင်းကို နောက်ကျမှ ဆက်ပြောကြတာပေါ့… အားလုံးပဲ တိုက်ပွဲကို ဆက်ကြည့်ရအောင်’

နောက်ဆုံးမှာ.. ပကတိအရှင်ယွီကျွင်းက ဖြတ်ပြောလာပြီး နိုးထဝိညာဉ်အချို့ကြား ငြင်းခုံမှုကို တားဆီးလိုက်လေသည်။

တိုက်ပွဲ၏ဒီရေက တဖြည်းဖြည်းချင်း ပြောင်းလဲလာလေပြီ။

သွေးသောက်သူ ပေါ်ထွက်လာပြီးနောက်.. ဆူဇီမိုသည် ထိပ်တန်းအဆင့် ဆေဘာနည်းစနစ်နှစ်ခုဖြစ်သော အဆူရာဆေဘာနှင့် တည်ငြိမ်ပင်လယ်ကျမ်းကို ပြီးပြည့်စုံစွာ ထုတ်ဖော်လိုက်လေသည်။

အဲဒါက… ကွဲပြားခြားနားသော အင်မော်တယ်နှင့် မိစ္ဆာတာအိုများမှ ဆေဘာနည်းစနစ်နှစ်ခု ဖြစ်သော်လည်း သူတို့အကြားမှာ ပဋိပက္ခဖြစ်သည့်လက္ခဏာ လုံးဝမရှိပေ။

တစ်ခဏ၌.. အဲဒါက သမာသမတ်ကျ၍ ဒေါသပုန်ထသော ဒီရေများလို ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် ရှေ့သို့ တလိမ့်လိမ့် တက်လာလေသည်။

နောက်ခဏ၌.. အဲဒီမှာ ငရဲမှ အရိုးဖြူများက ဆိုးယုတ်သော အော်ရာတစ်ခုနှင့်အတူ ထွက်ပေါ်လာလေသည်။

သူတို့၏လှုပ်ရှားမှုများက သဘာဝကျပြီး စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နှက်နေလေသည်။

ဆူဇီမိုသည် သူ၏သားရဲအစွမ်းအစများကို အသုံးမပြုနိုင်သော်လည်း.. သူ့မှာ အင်မော်တယ်နှင့် မိစ္ဆာတာအိုများ၏ ထိပ်တန်းအဆင့် ဆေဘာနည်းစနစ်နှစ်ခု ရှိနေလေသည်။

ဆေဘာ၏ ကျွမ်းကျင်မှုမှာဆိုလျှင်.. အဆင့်တူချင်း၌ မည်သည့်ကျင့်ကြံသူကမှ သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

သွေးသောက်သူကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော သတ်ဖြတ်ခြင်းလက်နက်တစ်ခုနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ခွန်အားက ပိုလို့တောင် ကြောက်စရာကောင်းလာလေသည်။

ဆူဇီမိုသည် သူ၏ဆေဘာအားကို ထုတ်ဖော်ပြီး ရှေ့သို့တက်ကာ သီယင်းကို အပြည့်အဝ ဖိနှိပ်လိုက်လေသည်။

သီယင်းသည် ခုခံနေရုံသာ တတ်နိုင်လေသည်။ ဒါ့အပြင်.. သူသည် အသည်းအသန်ခုခံနေရင်း သနားစရာကောင်းသော အခြေအနေတွင် ရောက်ရှိနေသည့်ပုံ ပေါ်လာလေသည်။

သူ၏ အဆုံးစွန်အေးခဲရိုက်တုတ်များနှင့်အတူ သီယင်း၏ကိုယ်ခံအားနှင့် မျိုးဆက်သွေးစွမ်းအားသည် ဆူဇီမိုအောက် သေချာပေါက် မနိမ့်ကျပေ။ သို့သော်လည်း.. အလောင်းတောင်တန်းသွေးပင်လယ် ၊ အဆူရာအရိုးဖြူများနှင့်‌ ဆိုးယုတ်တစ္ဆေများက သူ့ကို ဝန်းရံနေပြီး ဆွဲယူနှစ်မြုပ်လိုက်လေသည်။

ဆူနာမီတစ်ခု၏ ကျယ်လောင်သောအသံက သူ့ဘေးပတ်လည်မှာ ထွက်ပေါ်လာပြီး သူ၏စိတ်ကို ယောက်ယက်ခတ်သွားစေလေသည်။

ထိုဆေဘာနည်းစနစ်က ကျင့်ကြံသူတစ်ယောက်၏စိတ်ကို ကိုင်လှုပ်နိုင်လေသည်။

အဲဒါက.. ပြတ်သားမှု အားနည်းသော ကျင့်ကြံသူတစ်ယောက်သာ ဖြစ်မည်ဆိုလျှင် သူက သေချာပေါက် ဟာကွက်တစ်ခုကို ထုတ်ဖော်မိ၍ ဆူဇီမို၏ခုတ်ပိုင်းခြင်းကို ခံရပေလိမ့်မည်။

သီယင်းသည် နောက်သို့ ဆက်တိုက်ဆုတ်နေရပြီး သူ၏ လကြတ်မျက်လုံးက တဖျတ်ဖျတ် လက်နေလေသည်။ သူက သူ၏စိတ်ကို ရှင်းထားပြီး ရိုက်တုတ်နှစ်လက်ကို ဝှေ့ယမ်းကာ သူ့ဘေးပတ်လည်တွင် ရေခဲတံတိုင်းများကို ဖန်တီးလိုက်လေသည်။

‘ချွမ်… ချွမ်…’

သွေးသောက်သူနှင့်‌ အဆုံးစွန်အေးခဲရိုက်တုတ်တို့ ထိတွေ့ပြီးနောက် သတ္တုချင်းထိခိုက်သံများက ဆက်တိုက်ထွက်ပေါ်လာကာ မီးပွားများက စင်ထွက်လာလေသည်။

ကျောက်သားစင်မြင့်ထက်ပေါ်တွင်.. ပြန်ဝင်စားမွန်းစတားနှစ်ယောက်သည် ကမ္ဘာတုန်လောက်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြလေသည်။

သူတို့နှစ်ယောက် တိုက်ခိုက်နေစဉ်အတွင်း.. ထွက်ပေါ်လာသော စိတ်ဝိညာဉ်တိုက်ကွက်များ ၊ လျှို့ဝှက်ပညာရပ်များနှင့် မရေမတွက်နိုင်သော တိုက်ခိုက်ရည်ကျွမ်းကျင်မှုများသည် အောက်ကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများကို မျက်စိပွင့် နားပွင့် ဖြစ်သွားစေပြီး သူတို့အတွက် အကျိုးအမြတ်ရရှိလာလေသည်။

ဖက်တီးလေးနှင့် အခြားသူများသည် တင်းကျပ်သော အမူအရာများဖြင့် မမှိတ်မသုန် စောင့်ကြည့်နေကြပြီး တစ်ချိန်လုံး စိုးထိတ်နေကြလေသည်။

ဆူဇီမိုသည် လောလောဆယ်မှာ အသာရနေသည် ထင်ရသော်လည်း.. ရလဒ်က မဆုံးဖြတ်နိုင်သေးပေ။

အဲဒါသည်.. သီယင်း၏ခွန်အားနှင့် ကြောက်စရာကောင်းမှုက အကန့်အသတ်သို့ မရောက်ရှိသေးသောကြောင့် ဖြစ်လေသည်။

‘ဆူဇီမိုက တကယ်ပဲ သီယင်းကို ဒီအခြေအနေထိ ဖိအားပေးလာနိုင်ခဲ့တယ်ဆိုတော့..’

‘ကိစ္စတွေကို ကြည့်ရတာတော့.. သူက တကယ်ပဲ သီယင်းကို ကျော်လွှားနိုင်တော့မယ်ထင်တယ်.. သူက ဒဏ္ဍာရီတစ်ခုကို ချိုးဖျက် ၊ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို ရယူပြီး နံပါတ်တစ် ပကတိသက်ရှိတစ်ယောက် ဖြစ်လာတော့မယ်ထင်တယ်’

ကျောက်သားစင်မြင့်ပေါ်တွင် ဆူဇီမို၏တိုက်ခိုက်မှုများသည် ပို၍ပြင်းထန်လာပြီး သူ၏ဆေဘာအားက တင်းကျပ်လာကာ… သီယင်းအတွက် ရှောင်ရှားနိုင်သော နေရာလွတ်က တဖြည်းဖြည်း ကျဉ်းမြောင်းလာလေသည်။

သီယင်း၏မျက်လုံးများက ဒေါသမီးဖြင့် ဝင်းဝင်းတောက်လာလေသည်။

အစကတော့.. သူသည် ဆူဇီမိုကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်ဟု တွေးထားလေသည်။

ယခုတော.. ထိုသူက သူ့ကို ဤအခြေအနေထိ ဖိအားပေးလာပြီဆိုတော့.. ။

‘အား…’

သီယင်းသည် ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုကို ထုတ်ဖော်လိုက်လေသည်။ သူ့ဘေးပတ်လည်ရှိ လေဟာနယ်က တုန်ခါသွားပြီး ကျောက်သားစင်မြင့်က တကျွီကျွီ မြည်လာလေသည်။

ထိုအော်ရာ၏ ဖိနှိပ်မှုအောက်တွင်.. အစက ဆူဇီမို၏ အဆက်မပြတ် ကျရောက်စေသော ဆေဘာအားက ပျက်ပြယ်လာလေသည်။ အဲဒါက ထိုအော်ရာကို ခုခံနိုင်ခြင်း မရှိပေ။

‘အား…’

လူအုပ်ကြီးထဲမှ အံ့အားတသင့် အော်ဟစ်သံများက ထွက်ပေါ်လာလေသည်။

များစွာသော ကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ကြက်သီးမွေးညင်းများ ထလာသည်ကို ခံစားရလေသည်။

အဲဒါက ရွှေအမြုတေနယ်မြေတစ်ခု၏ အော်ရာဖြစ်လေသည်။

လူသားဧကရာဇ်၏ ဒဏ္ဍာရီလာ အမြုတေနယ်မြေက.. နောက်ဆုံးမှာတော့ ပေါ်ထွက်လာခဲ့လေပြီ။

သီယင်း၏နောက်တွင် သမုဒ္ဒရာတစ်စင်းက ပေါ်လာပြီး အမှောင်ထုနှင့် အလင်းများ၏အထက်မှာ စီးမျောနေလေသည်။ အဲဒါက ကပြောင်းကပြန်ဆန်နေပြီး မှုန်ရီမှိုင်းဝေကာ ပြင်းထန်ကြမ်းကြုတ်စွာဖြင့် တဝုန်းဝုန်း မြည်နေလေသည်။

အလင်း ၊ အမှောင်ထု ၊ လေ ၊ မီး သို့မဟုတ် မိုးကြိုးများသည် သမုဒ္ဒရာဆီသို့ ချဉ်းကပ်လာသည်နှင့် ပကတိဝါးမျိုခြင်းကို ခံရ‌ပြီး ပျောက်ကွယ်သွားပေလိမ့်မည်။

ထိုကစဉ့်ကလျားသမုဒ္ဒရာထဲတွင်.. တည်ဆောက်မှုပုံသဏ္ဍာန် နေရာလွတ်တစ်ခုက ရှိမနေနိုင်ပေ။

အချိန်ကာလက.. ထိုကစဉ့်ကလျားသမုဒ္ဒရာထဲမှာ ရောနှောသွားပုံရလေသည်။

လူသားဧကရာဇ်၏ အမြုတေနယ်မြေ ကစဉ့်ကလျားသမုဒ္ဒရာ…။

များစွာသော ကျင့်ကြံသူများသည် အဲဒါကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက်.. သူတို့၏ မနောဝိညာဉ်က ကစဉ့်ကလျားသမုဒ္ဒရာထဲသို့ ဆွဲယူသွင်းခြင်း ခံနေရသည်ကို တွေ့ရှိလိုက်ရလေသည်။ သူတို့အားလုံး၏ အသိစိတ်က ဝေဝါးလာပြီး သူတို့၏အမူအရာများက ငေးငိုင်လာလေသည်။

‘ဘုန်း..’

ကျင့်ကြံသူတစ်ယောက်သည် တောင့်တင်းစွာဖြင့် ရှေ့သို့လဲကျသွားပြီး သူ၏ကိုယ်တွင်းမှ အသက်ဓာတ်က ထွက်ခွာသွားလေသည်။

သူက သေလေပြီ…။

ကစဉ့်ကလျားသမုဒ္ဒရာသည် ကောင်းကင်နှင့်မြေကြီးကို စုစည်းပြီး ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို ဝါးမျိုကာ ကစဉ့်ကလျားအဖြစ်သို့ ပြောင်းလဲပေးနိုင်လေသည်။

‘ဂရုစိုက်ကြ.. အဲဒါကို သိပ်ပြီးတော့ ကြာကြာမကြည့်ကြနဲ့’

ထိုအမြုတေနယ်မြေက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာကို လင်းရွှမ်ကျီက သိထားပြီး ဖက်တီးလေးနှင့် အခြားသူများကို အလောတကြီး သတိပေးလိုက်၏။

အောက်ဘက်ရှိ ကျင့်ကြံသူများအတွက် ကိစ္စက ထိုသို့ဆိုလျှင် ကစဉ့်ကလျားသမုဒ္ဒရာ၏ ရှေ့တည့်တည့် တိုက်ပွဲမြေ၏အလယ်မှာ ရပ်နေသော ဆူဇီမိုအပေါ် ကျရောက်လာမည့် ဖိအားကို စဉ်းစားကြည့်ဖို့တောင် ခက်ခဲလေသည်။

သွေးသောက်သူသည် ရွှံ့ညွန်ထဲတွင် နစ်မြုပ်သွားသည့်အလား.. ကစဉ့်ကလျားသမုဒ္ဒရာနှင့်အတွေ့တွင် ရှေ့ဆက်မတက်နိုင်တော့ပေ။

အစက.. ၎င်း၏ ကြမ်းကြုတ်ခက်ထန်၍ တဇီဇီ မြည်နေသော ဓားသွားသည် ချက်ချင်းငြိမ်သက်သွားလေသည်။

တဖြည်းဖြည်းနှင့်.. ဆေဘာပေါ်ရှိ စိတ်ဝိညာဉ်အလင်း ခြောက်ခုကလည်း မှိန်ကျလာလေသည်။

ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ၏သူငယ်အိမ်နှစ်ဖက်က တင်းကျပ်လာလေသည်။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ…။

သွေးသောက်သူကို ကစဉ့်ကလျားသမုဒ္ဒရာထဲသို့ ပစ်ချလိုက်မည်ဆိုလျှင်.. ထိုမူလစိတ်ဝိညာဉ်လက်နက်က အပြင်းအထန်ပျက်စီးသွားဖို့ သိပ်ကြာလိုက်မည် မဟုတ်ပေ။ အဲဒါက.. ပြန်လည်ပြုပြင်ဖို့တောင် ရကောင်းချင်မှ ရကောင်းတော့ပေမည်။

အဲဒါသည်.. သမိုင်းတလျှောက် လွှမ်းမိုးခြယ်လှယ်ခဲ့သော လူသားဧကရာဇ်၏ အမြုတေနယ်မြေဖြစ်လေသည်။

ကစဉ့်ကလျားသမုဒ္ဒရာနှင့် ရင်ဆိုင်ရချိန်တွင် သူ၏အဆီအနှစ်သွေး ၊ စိတ်ဝိညာဉ်စွမ်းအင်နှင့် ထို့နောက်.. သူ၏အသက်ဓာတ်နှင့် ဝိညာဉ်ကတောင် သူ၏ခန္ဓာကိုယ်ထဲက အတင်းအဓမ္မ ဆွဲနှုတ်ယူခြင်း ခံနေရသည့်အလား.. မွန်းကျပ်ဖွယ်ရာလှိုင်းများကို ဆူဇီမိုက ခံစားလိုက်ရလေသည်။

ခဏတာ ထိတွေ့မိချိန်မှာပင်.. ဆူဇီမို၏အသက်ဓာတ်က သိသိသာသာ ခမ်းခြောက်လာသည်ကို ခံစားလိုက်ရလေသည်။

သီယင်း၏မျက်လုံးများက လှောင်ပြောင်လိုရိပ်ဖြင့် တောက်ပနေပြီး.. သူက လက်တစ်ဖက်ကို မြှောက်ကာ ရှေ့သို့ညွှန်လိုက်လေသည်။

သူ့နောက်ရှိ ကစဉ့်ကလျားသမုဒ္ဒရာက ရှေ့သို့ ရွေ့လျားသွားပြီး ဆူဇီမိုကို လွှမ်းခြုံလိုက်လေသည်။

All Chapters