← Chapters

အထွတ်အထိပ်သို့ တစ်ဖန်ပြန်၍ရောက်ရှိလာခြင်း

Vol. 50 Ch. 746

အထွတ်အထိပ်သို့ တစ်ဖန်ပြန်၍ရောက်ရှိလာခြင်း

Vol. 50 Ch. 746

ဤမျှကြောက်စရာကောင်းလှသော ရွှေအမြုတေနယ်မြေတစ်ခုကို ဘယ်လိုလူကများ ခုခံနိုင်ပါ့မလဲ။

ကစဉ့်ကလျားသမုဒ္ဒရာက မြင့်တက်လာသည့်ခဏမှာပင်… အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်နေရာအတွင်းရှိ အခြားသော ပြန်ဝင်စားမွန်းစတားရှစ်ယောက်သည် သူတို့၏နှလုံးသားထဲမှာ ကူကယ်ရာမဲ့မှုက လှိုက်၍တက်လာသည်ကို ခံစားလိုက်ရလေသည်။

အဲဒါက အထူးသဖြင့်… ရန်ထူ ၊ ရှုချန် ၊ ကိုယ်တော်ကြွယ်ချမ်းနှင့် အခြားသူများအတွက်ဖြစ်လေသည်။ အစကတော့.. သူတို့သည် ဤတစ်ခေါက် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွင်းမှာ သီယင်းကို ကျော်ဖြတ်ချင်ကြလေသည်။

ဤအခိုက်အတန့်မှသာလျှင် သူတို့နှင့် သီယင်းကြားရှိ ကွာဟချက်က အရမ်းကိုကြီးမားကြောင်း သူတို့ နားလည်သဘောပေါက်သွားကြလေသည်။

‘အဲဒီ အမြုတေနယ်မြေက ပြီးခဲ့တဲ့နှစ်တစ်ရာတုန်းကထက် အများကြီးပိုပြီး သန်မာလာတာ သိသာနေတာပဲ’

‘သီယင်းက ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း သူ့ရဲ့ကျင့်ကြံမှုကို ဖိနှိမ်ထားတဲ့အချိန်မှာ အလဟဿဖြုန်းတီးမနေခဲ့ဘူးပဲ… အဲဒီအစား သူရဲ့ ကစဉ့်ကလျားသမုဒ္ဒရာအပေါ် နားလည်သဘောပေါက်မှုက ပိုပြီးတော့ နက်ရှိုင်းလာတာပဲ’

‘ကျုပ်ကတော့ ကစဉ့်ကလျားအမြုတေဂိုဏ်းကို ကြိုတင်ပြီးတော့ ဂုဏ်ပြုထားပါရစေ’

ကိုယ်တော်ယွမ်ခုန်းက ပြောလိုက်၏။

‘သံသယရှိစရာ မလိုဘူး… သီယင်းက ဒီတခေါက် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာကို သေချာပေါက် ရယူလိမ့်မယ်.. သူက နိုးထဝိညာဉ်အဆင့်ကို တက်လှမ်းပြီးရင်.. ကစဉ့်ကလျားအမြုတေဂိုဏ်းက နောက်ထပ်ပကတိအရှင်တစ်ပါးကို ပိုင်ဆိုင်လာလိမ့်မယ်’

သီယင်း၏ခွန်အားအရ.. သူက နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းပြီးသည်နှင့် အဆင့်တူချင်းမှ လူတိုင်းကို ကျော်ဖြတ်ပြီး ထျန်ဝမ်ကုန်းမြေတိုက်ကြီးမှာ လွှမ်းမိုးခြယ်လှယ်လာနိုင်ဖို့ သေချာသလောက်နီးပါးပင်ဖြစ်လေသည်။

ပကတိအရှင်လောရွှယ်က သုန်မှုန်သော အမူအရာ ရှိနေလေသည်။

သီယင်းသည် နိုးထဝိညာဉ်အဆင့်သို့ မရောက်ခင်မှာပင် သူ၏ ကစဉ့်ကလျားသမုဒ္ဒရာ၏စွမ်းအားသည် နိုးထဝိညာဉ်တစ်ယောက်၏အဆင့်သို့ ရောက်ရှိနေပြီဖြစ်လေသည်။

သီယင်းနှင့် တိုက်ခိုက်ရမည်ဆိုလျှင် မည်သည့်သာမန်နိုးထဝိညာဉ်မဆို အညှာအတာမဲ့စွာ သတ်ဖြတ်ခံရဖို့ အခွင့်များလေသည်။

‘ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့လူလဲ’

ပကတိအရှင်လောရွှယ်က စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။ သူမ၏မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု တစွန်းတစက ပေါ်လာပြီး သူမသည် ကျောက်သားစင်မြင့်ထက်တွင် သီယင်းနှင့် ရင်ဆိုင်တိုက်ခိုက်နေသော အစိမ်းရောင်ပုံရိပ်ကို ငေးကြည့်နေလေသည်။

ပကတိအရှင်ယွီကျွင်းကလည်း သူ၏ခေါင်းကို ညင်သာစွာ ခါလိုက်လေသည်။

သီယင်းက ကစဉ့်ကလျားသမုဒ္ဒရာကို ထုတ်ဖော်လိုက်သည့် ခဏမှာပင်… တိုက်ပွဲ၏ရလဒ်က ဆုံးဖြတ်ပြီးသွားပြီဖြစ်ကြောင်း လက်ရှိနိုးထဝိညာဉ်များ အားလုံးက ရှင်းလင်းစွာ သိလိုက်ကြလေသည်။

သူတို့ မသိသေးသော တစ်ခုတည်းသောအချက်မှာ ဆူဇီမိုက အသက်ရှင်နိုင်ပါ့မလား ဆိုတာပင်။

ထိုကောင်လေးသည် သမိုင်းတစ်လျှောက် ပြန်ဝင်စားမွန်းစတားအဖြစ် ချီးမြှောက်ခံရပြီး အန္တိမအခြေတည်အဆင့်ကို ကျင့်ကြံကာ လူသားဧကရာဇ်ပြီးလျှင် ဒုတိယဖြစ်သည်ဟု ပြောကြလေသည်။

သူသည် တိုက်ပွဲပေါင်းများစွာကို အမှားအယွင်းမရှိ ကျော်ဖြတ်ပြီး ခက်ခက်ခဲခဲနှင့် သူ၏ဂုဏ်ပုဒ်များကို ရရှိခဲ့လေသည်။

သူ့မှာ အသက်ရှင်နိုင်ဖို့အတွက် ကူညီပေးနိုင်သည့် ဝှက်ဖဲတစ်ခု ရှိကောင်းရှိနေနိုင်လေသည်။

ကျောက်သားစင်မြင့်၏အောက်တွင်…

‘ကျွန်မတို့ အဲဒါ ဘယ်လိုလုပ်ကြမလဲ’

မြေခွေးလေးက လင်းရွှမ်ကျီကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်လေသည်။ သူမ၏ ရွှန်းလဲ့နေသော မျက်လုံးများကို မျက်တောင်မခတ်ဘဲ တိုးတိုးပြောလိုက်လေသည်။

‘သူက အန္တရာယ်ရှိလာပြီဆိုရင် ပဟေဠိနန်းတော်က သူ့ကို ကယ်တင်ဖို့အတွက် တကယ်ပဲ ဝင်မပါတော့ဘူးလား’

လင်းရွှမ်ကျီက ခါးသက်စွာဖြင့် ရယ်မောလိုက်၏။

‘ပဟေဠိနန်းတော်က ဘယ်အဖွဲ့အစည်းဘက်ကိုမှ ဘက်လိုက်လို့ မရဘူး.. ဒီလိုအဆင့်တိုက်ပွဲမှာ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်အတွက် ပဟေဠိနန်းတော်က သေချာပေါက် ဝင်ပါမှာ မဟုတ်ဘူး.. ဒါပေမဲ့လို့ ဆူဇီမိုက ကျောက်သားစင်မြင့်ထက်ကနေ အချိန်မီ ခုန်ထွက်နိုင်တာနဲ့ သီယင်းက သူ့ကို ဆက်ပြီးတော့ တိုက်ခိုက်လို့ရမှာ မဟုတ်တော့ဘူး’

မျောက်က မာန်မာနကြီးသော အမူအရာဖြင့် သူ၏ခေါင်းကို အနည်းငယ် မော့ထားပြီး တိုက်ပွဲကွင်းပြင်ကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။

ဆူဇီမိုက အန္တရာယ်ရှိလာပြီဆိုလျှင်.. သူက သေချာပေါက် ဝင်ရောက်မိပေလိမ့်မည်။

သူ၏နှလုံးသားထဲမှာ မည်သည့် စည်းမျဉ်းစည်းကမ်းမှ ရှိမနေပေ။

အလွန်ဆုံး.. လောကတစ်ခုလုံးက သူ့ရှေ့မှာ ပိတ်ရပ်လာမည်ဆိုလျှင်တောင် သူက တိုက်ခိုက်မည်သာဖြစ်လေသည်။

ကျောက်သားစင်မြင့်ထက်ပေါ်တွင်… အရိပ်တစ်ခုက နေရာတစ်ခုလုံးကို လွှမ်းခြုံလာလေသည်။

ကစဉ့်ကလျားသမုဒ္ဒရာ၏ ကြောက်စရာကောင်းသော အော်ရာကို ခံစားမိပြီးနောက်.. ဆူဇီမိုက တုံ့ဆိုင်းမနေရဲတော့ပေ။ သူက သံရှည်တစ်ချက်ဆွဲကာ ဟိန်းဟောက်လိုက်ပြီး သူ၏ရွှေအမြုတေကို လှည့်ပတ်လိုက်၍ သူ့နောက်တွင် အမြုတေနယ်မြေများက ပေါ်လာလေသည်။

‘ဘန်း …. ဘုန်း… ဘုန်း’

ဒေါသူပုန်ထနေသော ရေစီးကြောင်းများနှင့်အတူ လျှပ်စီးများက တဖျတ်ဖျတ်လက်၍ ကောင်းကင်က ပြိုကျလာလေသည်။ ကမ္ဘာဦးနတ်လိပ်က ဆင်းသက်လာလေပြီ။

‘ချက်.. ချက်… ချက်’

တောင်တန်းများသည် အက်ကွဲလာပြီး စီးဆင်းနေ‌သော ချော်ရည်များနှင့်အတူ မီးတောက်များက လျှံထွက်လာလေသည်။ ကမ္ဘာဦးမိုးပျံမြွေနဂါးက ဆင်းသက်လာလေပြီ။

ဆူဇီမိုသည် ကစဉ့်ကလျားသမုဒ္ဒရာကို ရင်ဆိုင်ဖို့အတွက် တချိန်တည်းမှာပင် သူ၏ကမ္ဘာဦးအမြုတေနယ်မြေ နှစ်ခုစလုံးကို ထုတ်ဖော်လိုက်လေသည်။

သို့သော်လည်း.. ကစဉ့်ကလျားသမုဒ္ဒရာနှင့် ရင်ဆိုင်ရချိန်တွင် ကမ္ဘာဦးအမြုတေနယ်မြေ နှစ်ခုစလုံးက ပေါ်လာလာချင်းမှာပင် ဆတ်ခနဲ တုန်ယင်သွားကြလေသည်။ နတ်လိပ်သည် ဝမ်းနည်းဖွယ်ရာ အော်ဟစ်လိုက်ပြီး.. မိုးပျံမြွေနဂါးသည် မြောက်များလှစွာသော ဖိအားအောက်တွင် ရောက်ရှိနေသည့်အလား တရွှီရွှီ တွန်မြည်လိုက်လေသည်။

‘မကောင်းတော့ဘူး’

လင်းရွှမ်ကျီက ထိုသည်ကို မြင်သောအခါ စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။

‘အာ..’

ပကတိအရှင်ယွီကျင်းက သက်ပြင်းချလိုက်၏။

သီယင်းက ကစဉ့်ကလျားသမုဒ္ဒရာကို ထုတ်ဖော်လိုက်သည့်ခဏမှာ ဆူဇီမိုက နောက်ဆုတ်ဖို့ ရွေးချယ်ပြီး အမြုတေနယ်မြေ၏ ဧရိယာကနေ ရုန်းထွက်နိုင်ခဲ့မည်ဆိုလျှင် သူက အသက်ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်သေးလေသည်။ သို့သော် ယခုအခါမှာတော့…။

ပကတိအရှင်ယွီကျင်းက စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။

‘လူသားမျိုးနွယ်ရဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက်က ဒီတိုင်းပဲ သေသွားရတော့မှာ ဘယ်လောက်တောင် နှမျောစရာကောင်းလိုက်သလဲ’

‘ဟား..ဟား.. ဟား..ဟား’

တိမ်လွှာများအထက်တွင်.. ပကတိအရှင်ဟွမ်ယီ၏ မျက်လုံးများက လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နှက်လာပြီး သူ၏ခေါင်းကို မော့ကာ ရယ်မောလိုက်လေသည်။

‘သူက သူ့အကန့်အသတ်ကို သူ မသိဘူးပဲ.. သူက ကစဉ့်ကလျားသမုဒ္ဒရာကို တိုက်ခိုက်ဖို့ ကြိုးစားချင်နေသေးတာလား’

သီယင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်၍ ကစဉ့်ကလျားသမုဒ္ဒရာက တဝုန်းဝုန်း အော်မြည်လာပြီး ရှေ့သို့ ရူးသွပ်စွာဖြင့် ထိုးတက်ကာ နတ်လိပ်နှင့် မိုးပျံမြွေနဂါး၏ အမြုတေနယ်မြေနှစ်ခုစလုံးကို ချက်ချင်း ဆွဲယူနစ်မြုပ်လိုက်လေသည်။

ကမ္ဘာဦးသက်ရှိနှစ်ကောင်သည် ကစဉ့်ကလျားသမုဒ္ဒရာအတွင်းမှာ ဆက်တိုက်ရုန်းကန်လှုပ်ရှားလိုက်ကြသော်လည်း သူတို့သည် ရုန်းမထွက်နိုင်ဘဲ ပို၍နက်ရှိုင်းစွာ နစ်မြုပ်သွားကြလေသည်။

ကမ္ဘာဦးအမြုတေနယ်မြေများပေါ်ရှိ အရောင်အဝါသည် လျှင်မြန်စွာ မှိန်ကျသွားပြီး သူတို့က အချိန်မရွေး ပျက်ပြယ်တော့မည့်အလားပင်။

‘ပိုးစုန်းကြူးရဲ့ အလင်းမျိုးနဲ့ တောက်ပမှုဂုဏ်ဝါအတွက် လရောင်နဲ့မှ လာယှဉ်ချင်နေတာကိုး’

သီယင်းက ပြိုင်ဘက်ကင်းအရှင်တစ်ပါးကဲ့သို့ အောက်သို့ ငုံ့ကြည့်ပြီး ဝင့်ကြွားစွာဖြင့် ကြေညာလိုက်လေသည်။

‘အန္တိမအခြေတည်အဆင့်လား.. နှစ်ထပ်ကွမ်းအမြုတေနယ်မြေလား.. သူ့ဟာသူ ဘာပဲဖြစ်ဖြစ် ဒီနေ့မှာတော့ အားလုံးက ဟာသတစ်ခုထက် ပိုတော့မှာမဟုတ်ဘူး’

‘အာ…ဆူဇီမိုက ကစဉ့်ကလျားသမုဒ္ဒရာထဲမှာ နစ်မြုပ်သွားပြီ.. သူက ပြန်ထွက်မလာနိုင်တော့ဘူး.. သူ့ရဲ့ အမြုတေနယ်မြေနှစ်ခုက ကြေမွပျက်စီးတာနဲ့ သူကလည်း သေရမှာပဲ’

‘ဖြစ်ပျက်နေတာတွေကို ကြည့်ပြီး အကဲဖြတ်ရမယ်ဆိုရင်တော့.. သူက သိပ်ကြာကြာခံနိုင်တော့မှာ မဟုတ်ဘူး’

လူအုပ်ကြီးက အသည်းအသန် ဆွေးနွေးလိုက်ကြလေသည်။

မျောက်က သူ၏လက်သီးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ထားပြီး သူ၏မျက်လုံးများထဲရှိ သွေးနီရောင်အလင်းက တောက်ပလာလေသည်။ သူ၏သားမွှေးများက ထောင်ထလာပြီး သူ၏ နှာခေါင်းနှင့်ပါးစပ်များမှ လျှံထွက်လာသော သားရဲဆီများက သိပ်သည်းသည်ထက် သိပ်သည်းလာလေသည်။

သို့သော်… ဆူဇီမိုသည် ကစဉ့်ကလျားသမုဒ္ဒရာအတွင်းတွင် ရောက်ရှိနေသော်လည်း.. လူတိုင်း စဉ်းစားတွေးတောထားသလို သူ၏မျက်လုံးများထဲမှာ စိုးထိတ်မှုနှင့် ကြောက်လန့်မှု တစွန်းတစမျှ ရှိမနေပေ။ ထိုအစား.. သူ၏မျက်လုံးများက ရေကဲ့သို့ ကြည်လင်နေဆဲဖြစ်လေသည်။

‘ပေါင်းစည်းစမ်း’

ဆူဇီမို၏ ရွှေအမြုတေနယ်မြေက ခွန်အားအပြည့်ဖြင့် လည်ပတ်လာပြီး သူ၏လက်ဝါးနှစ်ဖက်ကို သူ၏ရင်ဘတ်ရှေ့မှာ ဖြည်းဖြည်းချင်း ယှက်ဖြာလိုက်လေသည်။

ထိုသို့ သူ ပြုလုပ်နေစဉ်မှာပင်.. သူ့နောက်ရှိ မဟာအမြုတေနယ်မြေနှစ်ခုသည် ဖြည်းဖြည်းချင်း ထိတွေ့သွားပြီး နောက်ဆုံးမှာ အတူတကွ ပေါင်းစပ်သွားကြလေသည်။

တစ်ခုက မီးဖြစ်ပြီး အခြားတစ်ခုက ရေဖြစ်လေသည်။

တစ်ခုက တည်ငြိမ်စွမ်းအားဖြစ်ပြီး နောက်တစ်ခုက လှုပ်ရှားစွမ်းအားဖြစ်လေသည်။

ကမ္ဘာဦးသက်ရှိနှစ်ကောင်က တစ်ခုတည်းအဖြစ် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားကြလေသည်။

မြွေနှင့်လိပ်သည် ပတ်နွယ်ယှက်လိမ်သွားပြီး.. မဟူရာကုန်းလိပ်က ဆင်းသက်လာလေသည်။

တုန်လှုပ်ချောက်ခြားဖွယ်ရာ အော်ရာတစ်ခုက ဖြန့်ကျက်သွားပြီး လက်ရှိကျင့်ကြံသူများ မွေးမြူထားသော စိတ်ဝိညာဉ်တောကောင်များ အားလုံးပေါ်သို့ သက်ရောက်သွားလေသည်။

ဧရာမ မဟူရာကုန်းလိပ်ကြီး၏ ပုံရိပ်က ပေါ်လာသည့်ခဏမှာပင် သူတို့အားလုံးက ကြက်သီးမွေးညင်းများ ထပြီး ဒူးထောက်ချင်စိတ်များ ပေါက်လာကြလေသည်။

အဲဒါက.. သူတို့၏ဝိညာဉ်များနှင့် မျိုးဆက်သွေးများ၏ အနက်ပိုင်းထဲမှာ ရောက်လာသော ဖိအားဖြစ်လေသည်။

ကမ္ဘာဦးနတ်လိပ်သည် အထွတ်အမြတ်တောကောင်ထဲမှ တစ်ကောင်ဖြစ်ပြီး သားရဲတောကောင်များအားလုံး၏ ဘိုးဘေးဘီဘင်ဖြစ်လေသည်။

‘ဟမ့်’

လက်ရှိနိုးထဝိညာဉ် ၁၇ယောက်ကလည်း အံ့အားသင့်သွားကြလေသည်။

‘ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အော်ရာလဲ’

‘ဒီကောင်လေးက သူ့အိတ်ကပ်ထဲမှာ ဝှက်ဖဲတွေ ရှိနေသေးတာပဲ’

‘အဲဒီ အမြုတေနယ်မြေရဲ့ စွမ်းအားက ရွှေအမြုတေအဆင့်ကို ကျော်လွန်ပြီးတော့ နိုးထဝိညာဉ်အဆင့်ကိုတောင် ရောက်နေပြီ’

လက်ရှိနိုးထဝိညာဉ်များသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်ထဲမှာ တုန်လှုပ်သွားကြလေသည်။

အဲဒါက ဘာကိုဆိုလိုတာပါလဲ..။

ကျောက်သားစင်မြင့်ထက်တွင် ရင်ဆိုင်တိုက်ခိုက်နေကြသော ရွှေအမြုတေနှစ်ယောက်စလုံးသည် အဆင့်ကြီးတစ်ဆင့်လုံးကို ကျော်၍ နိုးထဝိညာဉ်များကိုပင် သတ်ဖြတ်နိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြလေသည်။

လူအုပ်ကြီးထဲမှ အံ့အားသင့်၍ တုန်လှုပ်သွားသော အသံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။

အစက ဆုံးဖြတ်ပြီးသွားသည်ဟု ထင်ရသော ရလဒ်သည် နောက်တဖန်ပြန်၍ အထွတ်အထိပ်သို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြပေ။

မှုန်ရီမှိုင်းဝေ၍ ကစဉ့်ကလျားဖြစ်နေသော သမုဒ္ဒရာ၏မျက်နှာပြင်ထက်တွင် ဧရာမသားရဲတောကောင်ကြီးတစ်ကောင်က ပေါ်လာလေသည်။ ၎င်း၏ကျောပြင်က စကြဝဠာ၏လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားသည်ဟု ထင်ရသော အလွန်တရာနက်နဲဆန်းကြယ်သည့် အင်းကွက်များ ၊ ကျောက်စာများဖြင့် ခတ်နှိပ်ထားလေသည်။

မဟူရာကုန်းလိပ်သည် သူ၏ခေါင်းကို မော့ပြီး သူ၏ခြေလက်များဖြင့် သမုဒ္ဒရာထက်မှာ ရွေ့လျားလာလေသည်။ ၎င်းက ထပ်မံ၍ နစ်မြုပ်ခြင်း မရှိတော့ပေ။

ကစဉ့်ကလျားသမုဒ္ဒရာကတောင် ထိုအထွတ်အမြတ်တောကောင်ကို ဆွဲယူနစ်မြုပ်နိုင်ခြင်း မရှိတော့ပေ။

ဒဏ္ဍာရီအရဆို.. အထွတ်အမြတ်တောကောင် လေးကောင်သည် ကမ္ဘာလောက မဖြစ်တည်ခင် ကစဉ့်ကလျားထဲမှာ မွေးဖွားလာခဲ့ကြခြင်း ဖြစ်လေသည်။

ရေက ငါးတစ်ကောင်ကို ဘယ်လိုလုပ် နှစ်မြှုပ်နိုင်ပါ့မလဲ..။

ဆူဇီမိုသည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်၍ မဟူရာကုန်းလိပ်၏ကျောပေါ်မှာ ရပ်နေလေသည်။ သူ၏အစိမ်းရောင်ဝတ်ရုံစက တဖျပ်ဖျပ် လွင့်နေပြီး သူ၏အနက်ရောင်ဆံပင်များက ကခုန်နေကာ နက်ရှိုင်း၍ လွှမ်းမိုးခြယ်လှယ်နိုင်သော အကြည့်ဖြင့် ရှေ့သို့ လှမ်းကြည့်နေလေသည်။

သူသည် ထိုအထွတ်အမြတ်တောကောင်ကို ယဉ်ပါးစေ၍ သူ၏ရည်ရွယ်ချက်ကို ထမ်းဆောင်ဖို့အတွက် တည်ရှိလာစေသည့်အလား.. မဟူရာကုန်းလိပ်၏ကျောပေါ်မှာ သူ၏ပုံရိပ်က ရပ်နေလေသည်။

ထိုမြင်ကွင်းက တုန်လှုပ်စရာကောင်းလွန်းပြီး များစွာသော ကျင့်ကြံသူများ၏ နှလုံးသားထဲမှာ စွဲထင်သွားလေသည်။

‘ဟမ့်’

သီယင်းသည် သူ၏အကြည့်ကို မှေးကျဉ်းလိုက်ပြီး သူ၏ရွှေအမြုတေကို ရူးသွပ်စွာ လှည့်ပတ်လိုက်လေသည်။

ကစဉ့်ကလျားသမုဒ္ဒရာအတွင်းတွင်.. လှိုင်းလုံးများက ဒေါသပုန် ထလာလေသည်။

ကစဉ့်ကလျားသမုဒ္ဒရာထဲရှိ ရေများသည် သာမန်နှင့် များစွာဝေးကွာလေသည်။ သူတို့က ထူးခြားမှု မရှိဟု ထင်ရသော်လည်း ၎င်း၏ရေစက်များ ၊ လှိုင်းလုံးများက မည်သည့်ရွှေအမြုတေကိုမဆို သတ်ဖြတ်နိုင်စွမ်းရှိလေသည်။ မဟူရာကုန်းလိပ်သည် သူ၏အစွမ်းကုန်ကို ထုတ်၍ ရေစီးကြောင်းများကို ဆန်တက်လာပြီး သူ၏ကျောခွံက လျှို့ဝှက်ဆန်းကြယ်သော အလင်းများဖြင့် တောက်ပလာကာ ဝင်ရောက်လာသော လှိုင်းလုံးများကို တွန်းဖယ်ထုတ်နေလေသည်။

၎င်း၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးက ဒေါသပုန်ထနေသော ဒီရေများ ကြားထဲတွင် နိမ့်လိုက် မြင့်လိုက် ဖြစ်နေလေသည်။

ပုံရိပ်တစ်ခုက မယိမ်းယိုင်သော အမူအရာဖြင့် ၎င်း၏ကျောပေါ်မှာ တချိန်လုံး မတ်တပ်ရပ်နေလေသည်။

ယခုဆို.. သူတို့နှစ်ယောက်စလုံးက မျှချေမှာ ရှိနေကြလေသည်။

ကစဉ့်ကလျားသမုဒ္ဒရာက အချိန်တိုအတွင်းမှာ မဟူရာကုန်းလိပ်ကို ဆွဲယူနှစ်မြုပ်နိုင်ဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း.. မဟူရာကုန်းလိပ်ကလည်း ကစဉ့်ကလျားသမုဒ္ဒရာ၏ နယ်ပယ်ထဲကနေ ရုန်းထွက်နိုင်ဖို့ မဖြစ်နိုင်သေးပေ။

******

All Chapters