← Chapters

ဝှက်ဖဲအစစ်အမှန်

Vol. 50 Ch. 747

ဝှက်ဖဲအစစ်အမှန်

Vol. 50 Ch. 747

ကျောက်သားစင်မြင့်ထက်တွင် ပုံရိပ်နှစ်ခုက လွန်ဆွဲ၍ ရပ်နေကြလေသည်။

ကြီးကျယ်ခမ်းနားသော ရွှေအမြုတေနယ်မြေနှစ်ခုက ထပ်တလဲလဲ ရိုက်ခတ်လိုက်ကြပြီး တဖျတ်ဖျတ်တလက်လက် အလင်းရောင်များက ထွက်ပေါ်လာလေသည်။

ကျယ်လောင်သော ဟိန်းဟောက်သံများကလည်း နေရာအနှံ့ ထွက်ပေါ်နေလေသည်။

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် ထိုမဟာအမြုတေနယ်မြေနှစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ခမ်းခြောက်ကုန်ကြလေသည်။

"အထွတ်အမြတ်တောကောင်.. မဟူရာကုန်းလိပ်... သူက လူသားဧကရာဇ်ရဲ့ အမြုတေနယ်မြေနဲ့ ရင်ဆိုင်နိုင်တဲ့ ရွှေအမြုတေနယ်မြေ အသစ်တစ်ခုကိုတောင် ဖန်တီးလိုက်နိင်တယ်ဆိုတော့ အဲ့ဒီတစ်ချက် တည်းကတင် ကျင့်ကြံရေးလောကမှာ သမိုင်းမှတ်ကျောက်တင်ခံရမယ့် တစ်စုံတစ်ရာဘဲ.."

"ကြည့်ရတာတော့ ကိစ္စရဲ့ အဆုံးအဖြတ်က သူတို့ရဲ့ သွေးချီ၊ သက်လုံးအားနဲ့ စိတ်ဝိညာဥ်စွမ်းရည်တွေရဲ့ တောင့်ခံနိုင်မှုအပေါ်မှာဘဲ မူတည်တော့မယ်ထင်တယ်..."

ကျောက်သားစင်မြင့်ထက်တွင် သူတို့နှစ်ယောက်သည် မတုန်မလှုပ်နှင့် ရင်ဆိုင်နေကြလေသည်။

မည်သူကမှ စိတ်ကို လျှောမချရဲပေ။

ဆူဇီမို၏ စိတ်ဝိညာဥ်စွမ်းအင်က မလုံလောက်ဘူးဆိုလျှင် ကစဉ့်ကလျားသမုဒ္ဒရာသည် မဟူရာကုန်းလိပ်ကို ချက်ချင်းပင် ဆွဲယူနှစ်မြှုပ်လိုက်မည်ဖြစ်ပြီး သူ့ကိုပါ ရေအနက်ပိုင်းထဲသို့ ဆွဲယူသွင်းကာ သူ၏ အသက်ကို အဆုံးသတ်သွားစေမည် ဖြစ်လေသည်။

သီယင်း၏ စိတ်ဝိညာဥ်စွမ်းအင်က အားနည်းသွားလျှင်လည်း မဟူရာကုန်းလိပ်သည် ကစဥ့်ကလျားသမုဒ္ဒရာကို ဆုတ်ဖြဲပြီး သူ့ကို သေသည့်တိုင်အောင် နင်းချေပစ်လိုက်မည် ဖြစ်လေသည်။

လူနှစ်ယောက်၏ ရွှေအမြုတေများက ရူးသွပ်စွာ လည်ပတ်နေပြီး စိတ်ဝိညာဥ်စွမ်းအင်များကို အဆက်မပြတ် ပို့လွှတ်ပေးနေသည်။

မဟာရွှေအမြုတေနယ်မြေနှစ်ခုသည် ပို၍ပင် ပြင်းထန်စွာ ရိုက်ခတ်လာကြလေသည်။

ကျောက်ဖြင့်ပြုလုပ်ထားသော ကျောက်သားစင်မြင့်သည် ပြင်းထန်စွာ တကျွီကျွီမြည်လာပြီး လူတိုင်း၏ ရှေ့မှောက်မှာပင် ပြိုကျ ပျက်စီးသွားလေသည်။

မဟာအမြုတေနယ်မြေနှစ်ခု၏ ရိုက်ခတ်မှုသည် ကျောက်သားစင်မြင့်တစ်ခုလုံးကိုပင် ဖျက်စီးပစ်လ်ုက်လေသည်။ သဲနှင့် ကျောက်ခဲများက လွင့်ပျံလာပြီး ဖုန်များက တထောင်းထောင်းထသွားလေသည်။

ကျင့်ကြံသူများအားလုံးသည် ကပျာကယာနောက်သို့ ခုန်ဆုတ်လိုက်ကြသည့်အတွက် လူအုပ်ကြီးက ဖရိုဖရဲ ဖြစ်သွားကြလေသည်။

သူတို့သည် ထိုအမြုတေနယ်မြေနှစ်ခု၏ ဆွဲယူသွင်းခြင်းခံရလျှင် ရန်ထူနှင့် ရှုချန်တို့လို ပြိုင်စံရှားများပင်လျှင် သွေးမြူများအဖြစ်သို့ ချက်ချင်းပေါက်ကွဲသွားပေလိမ့်မည်။

တိမ်စိုင်များထက်တွင်....

ပကတိအရှင်ယွီကျွင်းသည် မတ်တက်ထရပ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်လေသည်။

"အားလုံးဘဲ....သူတို့နှစ်ယောက်က လူသားမျိုးနွယ်အတွက် တစ်ကယ့်ကိုရှားရှားပါးပါး ပြိုင်စံရှားတွေဘဲ သူတို့ထဲက တစ်ယောက်ယောက်သေဆုံးခြင်းက ကျုပ်တို့ လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ် သေချာပေါက် ဖြစ်မှာဘဲ..."

"သူတို့နှစ်ယောက်က ကျောက်သားစင်မြင့်တောင် ကြေမွသွားတဲ့အထိ တိုက်ခိုက်ခဲ့ကြပြီးပြီဆိုတော့ အဲ့ဒါကို သရေအဖြစ် သတ်မှတ်လိုက်ရအောင်..."

ကိုယ်တော်ယင်လူက လက်နှစ်ဖက်ကို ချိတ်ပြီး ခေါင်းညိတ်လိုက်လေသည်။

"အဲ့ဒါ မဆိုးဘူး..."

ပကတိအရှင် လောရွှယ်ကလည်း ခေါင်းညိတ်လိုက်လေသည်။

"ကျွန်မလည်း သဘောတူတယ်..."

"သရေတဲ့လား...."

ပကတိအရှင်ဟွင်ယီက လှောင်ရယ်လ်ိုက်လေသည်။

"ယွီကျွင်း... ပဟေဠိနန်းတော်က ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းက ဘက်မလိုက်ဘဲ သမာသမတ်ကျလို့မရဘူးလား... သူတို့ရဲ့တိုက်ပွဲက အခုထိတောင် အဆုံးမသတ်သေးဘူး.. မင်းက သရေလို့ပြောနေပြီ အဲ့ဒါက.. ဟာသဘဲ"

"ဟွင်ယီ... ငါက ဘက်လိုက်မှုမရှိဘဲနဲ့ စေတနာနဲ့ အကြံပေးနေတယ်ဆိုတာကို နားလည်ပေးစမ်းပါ..."

ပကတိအရှင် ယွီကျွင်းက လေးနက်စွာ ဆက်ပြောလိုက်၏။

"ဒီအခြေအနေမှာဆို တိုက်ပွဲရဲ့ ရလဒ်ကို ဘယ်သူမှ မသိနိုင်တော့ဘူး... အဲ့ဒါက သူတို့ရဲ့ သက်လုံးအားနဲ့ စိတ်ဝိညာဥ်စွမ်းအင် ပြင်းထန်အား အပေါ်မှာဘဲ မူတည်နေပြီ ၊ ဒီတိုင်းသာ ဆက်သွားလို့ရှိရင် သူတို့နှစ်ယောက်လုံးက အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသွားနိုင်တယ်..."

"အဲ့ဒါ.. အမှန်ဘဲ အဲ့လိုမျိုး နှစ်ဦးနှစ်ဖက် အကျိုးယုတ်နိုင်တဲ့ ရလဒ်ကို ကစဉ့်ကလျား အမြုတေဂိုဏ်းကလည်း လိုချင်မှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်..."

ပကတိအရှင်လောရွှယ်က အေးစက်စွာ ပြောလိုက်၏။

"ဟားဟားဟားဟား..."

ကမ္ဘာပေါ်တွင် အရီရဆုံးဟာသကို ကြားလိုက်ရသည့်အလား ပကတိအရှင်ဟွင်ယီက အော်ပြောလိုက်၏။

"နှစ်ဦးနှစ်ဖက် အကျိုးယုတ်နိုင်တဲ့ ရလဒ်တဲ့လား... အဲ့ဒါက အရယ်ရဆုံး ဟာသဘဲ ၊ အဲ့ဒီဘယ်ကဘယ်လို ပေါ်ထွက်လာမှန်းမသိတဲ့ ကောင်လေးက ကစဉ့်ကလျား အမြုတေဂိုဏ်းရဲ့ အမွေအနှစ်တပည့်နဲ့ ယှဥ်ဖို့ ထိုက်တန်ရဲ့လား..."

"ကျောက်သားစင်မြင့်က ကြေမွပျက်စီးသွားတာကလည်း ကောင်းတာဘဲလို့ ငါထင်တယ်..."

ပကတိအရှင်ဟွင်ယီက မတ်တက်ရပ်ပြီး သတ်ဖြတ်လိုသော အော်ရာတစ်ခုနှင့် အေးစက်စွာ ကြေညာလိုက်လေသည်။

"အဲ့လိုဆိုမှတော့.... တိုက်ပွဲရဲ့ ကန့်သတ်မြေက မရှိတော့ဘူး... အဲ့ဒီကောင်လေးက ထွက်ပြေးချင်ရင်တောင် ထွက်ပြေးလို့မရတော့ဘူး... သူတို့က သေသည့်တိုင်အောင် တိုက်ခိုက်ကြလိမ့်မယ်"

ထိုစကားကို ကြားသောအခါ ပကတိအရှင်ယွီကျွင်း၏ မျက်ရစ်က တဆတ်ဆတ်လှုပ်သွားလေသည်။ ပကတိအရှင် ဟွင်ယီက သီယင်းအပေါ် ပကတိယုံကြည်မှုဖြင့် ထိုစကားကို ပြောလိုက်ခြင်း ဖြစ်လေသည်။ သူက မျက်စိမှိတ်ပစ်ယုံခြင်းထက် အခြားတစ်စုံတစ်ရာပေါ်မှာ မှီခိုနေခြင်း ဖြစ်ပုံရ​လေသည်။

သီယင်းရဲ့ အိတ်ကပ်ထဲမှာ နောက်ထပ်ဝှက်ဖဲတစ်ခု ရှိနေသေးတာများလား...။

ထိုဖြစ်နိုင်ချေအတွေးက ပကတိအရှင်ယွီကျွင်းကို ကျောရိုးထဲချမ်းစိမ့်သွားစေလေသည်။

အခြားသော နိုးထဝိညာဥ် ၁၆ ယောက်၏ မျက်လုံးများကလည်း တောက်ပသွားလေသည်။ ပကတိအရှင်ဟွင်ယီက တစ်ခုခုကို သွယ်ဝိုက်ပြောနေခြင်းဖြစ်ကြောင်း သူတို့အားလုံး နားလည်သဘောပေါက်ကြလေသည်။

ကိုယ်တော်ယွမ်ခုန်းက ပြုံးစစနှင့် မေးလိုက်လေသည်။

"တာအိုရောင်းရင်း ဟွင်ယီ... သီယင်းမှာ ကျုပ်တို့မမြင်ရသေးတဲ့ တစ်စုံတစ်ရာ ရှိနေသေးတာများလား..."

"ဟီးဟီး..."

ပကတိအရှင်ဟွင်ယီက ဒီတိုင်းပြန်မဖြေဘဲ ရယ်မောလိုက်လေသည်။ သူက မင်သေသေဖြင့် ပြောလိုက်လေသည်။

"ဒီနေ့... ဒီမှာရှိနေကြတဲ့ ကျင့်ကြံသူတွေက လူသားဧကရာဇ်နဲ့ ရင်ဘောင်တန်းနိုင်တဲ့.. မဟုတ်သေးဘူး လူသားဧကရာဇ်ထက်​တောင် သာလွန်နိုင်တဲ့.. ပြန်ဝင်စား မွန်းစတားတစ်ယောက် မွေးဖွားလာတာကို ​မျက်မြင်ကိုယ်တွေ့ခွင့်ရဖို့ ကံကောင်းကြတယ်... "

လက်ရှိကျင့်ကြံသူများအားလုံးသည် ပကတိအရှင်ဟွင်ယီ၏ သုံးသပ်ချက်မှာ တုန်လှုပ်သွားကြလေသည်။

ထိုအချိန်မှာပင် ကျောက်သားစင်မြင့်ထက်တွင် ဖုန်မှုန်နှင့် မီးခိုးများက ပျက်ပြယ်သွားပြီး ပုံရိပ်နှစ်ခုက တစ်ဖန်ပြန်လည်ထွက်ပေါ်လာလေသည်။ သူတို့က မျှခြေမှာ လွန်ဆွဲနေကြဆဲ ဖြစ်လေသည်။

ဆူဇီမိုက တည်ငြိမ်သော အမူအရာတစ်ခုနှင့် မဟူရာကုန်လိပ်ပေါ်မှာ မတ်တပ်ရပ်နေလေသည်။ သီယင်း၏ မျက်လုံးများက လှောင်ပြောင်သရော်လိုမှု တစ်စွန်းတစ်စကို သယ်ဆောင်ထားပြီး သူက သရော်ပြုံး ပြုံးလိုက်လေသည်။ သူက များစွာသာလွန်သည့်အလား မောက်မာစွာဖြင့် ဆူဇီမိုကို ကြည့်လိုက်လေသည်။

နောက်ဆုံးမှာတော့ သီယင်းက စကားပြောလိုက်လေသည်။

"ဆူဇီမို... အသင်္ချေနယ်​မြေတောင်ထွတ်ပေါ်မှတုန်းက အဲ့ဒါက မင်းရဲ့ မရဏဂိတ်တံခါးလို့ ငါကဘာ့ကြောင့်ပြောခဲ့တာလဲ.. မင်းသ်ိလား"

အောက်ဖက်ရှိ ကျင့်ကြံသူများအားလုံးသည် ကြီးမားစွာ တုန်လှုပ်သွားကြလေသည်။ ဤကဲ့သို့ စိတ်အာရုံ ပျက်ယွင်း၍မရသော အကြိတ်အနယ်တိုက်ပွဲတွင် သီယင်းသည် စကားပြောဖို့ အာရုံကို ခွဲဝေပေးနိုင်ဦးမည်ဟု မည်သူမှ ထင်မထားကြပေ။

သီယင်းက ဆက်ပြောလိုက်၏။

"ငါကမင်းကို ထိုက်တန်တဲ့လူတစ်ယောက်လို ဘယ်တုန်းကမှ မသတ်မှတ်ခဲ့တာ ဘာ့ကြောင့်လည်း.. မင်းသိလား"

ဆူဇီမိုကပြန်မ​ဖြေဘဲ တိတ်တဆိတ်ဖြင့်သာ သီယင်းကို ကြည့်နေလေသည်။

သီယင်းက ဝံ့ကြွားသောအမူအရာဖြင့် သူ့ခေါင်းကိုမော့ပြီး သူ့ဘာသာသူ ပြန်ဖြေလိုက်၏။

"အဲ့ဒါက ဘာလို့လဲဆိုတော့... ငါတို့အကြားကွာဟ ချက်က အရမ်းကိုကြီးမားလွန်းလို့ဘဲ... အဲ့ဒီကွာဟ ချက်က မင်းတောင် ခံစားမိမှာမဟုတ်ဘူး..."

"အဲ့ငနဲက ဘာတွေအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ "

မျောက်က အံကိုကြိတ်ပြီး သူ၏မျက်လုံးထဲမှာ သွေးနီရောင်အလင်းက တဖျတ်ဖျတ်လက်လာလေသည်။

ဖက်တီးလေးနှင့် အခြားသူများကလည်း သူတို့၏ခေါင်းကို ခါယမ်းလိုက်ကြ၏။

အခြားသောကျင့်ကြံသူများ အားလုံးသည်လည်း တွေဝေရှုပ်ထွေးသွားကြလေသည်။

"ငါ့အိတ်ကပ်ထဲမှရှိတဲ့ ဝှက်ဖဲက ဘာလဲဆိုတာ မင်းက သိမှာ မဟုတ်ဘူး..."

သီယင်းက ညင်သာစွာပြုံး၍ ဆက်ပြောလိုက်လေသည်။

"ငါက... အဲ့ဒီဝှက်ဖဲကို တစ်ခါမှ မထုတ်ဖော်ခဲ့ဖူးဘူး... ဘာလို့လဲဆိုတော့ ငါကအဲ့ဒါနဲ့ နိုးထဝိညာဥ်တွေကို သတ်ဖြတ်ဖို့ ရည်ရွယ်ထားတာမို့လို့ဘဲ.. မင်းက ငါရဲ့ အဲ့ဒီဝှက်ဖဲနဲ့ ပထမဆုံးသေရမယ့်သူဖြစ်လို့ ကံကောင်းတယ်လို့တောင် ပြောလို့ရသေးတယ်.."

လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

လူတိုင်း၏ မျက်လုံးများထဲတွင် အဆုံးမဲ့သော တုန်လှုပ်မှုများက ပြည့်နှက်လာလေသည်။

သီယင်း၏ အိတ်ကပ်ထဲမှာ အခြားတစ်စုံတစ်ရာ ရှိနေသေးလေသည်။

တစ်ကယ်ဆို သူ၏လှုပ်ရှားကွက်က သူ့ထက် အဆင့်ကြီး တစ်ခုလုံးမြင့်မားသော နိုးထဝိညာဥ်များကိုတောင် သတ်ဖြတ်နိုင်သည်ဟု ဆိုလေသည်။

ချက်ချင်းပင် ဖက်တီးလေး၏ နဖူးမှ ချွေးများက စီးကျလာပြီး သူက ထပ်တလဲလဲ ရေရွတ်လိုက်၏။

"ကျုပ်တို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ... ကျုပ်တို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ...""

အခြားတစ်ဖက်တွင် လင်းချွမ်ကျီသည် စောစောကကဲ့သို့ စိုးရိမ်ထိတ်လန့်မနေတော့ပေ။ သူကအနည်းငယ်မျက်မှောင်ကြုတ်၍ ဆူဇီမိုကို ကြည့်ပြီး ရေရွတ်လိုက်၏။

"ထူးဆန်းတယ်...."

တိုက်ပွဲ၏ အပြင်ဖက်တွင်ရှိသော သူပင်လျှင် သီယင်း၏စကားကို ကြားသောအခါ တုန်လှုပ်ရလေသည်။

သို့သော်လည်း တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ပက်သက်နေသော ဆူဇီမိုသည် အလွန်တရာ တည်ငြိမ်နေပြီး အံ့အားသင့်ပုံမရပေ။

သီယင်းသည် မလှမ်းမကမ်းရှိ ဆူဇီမိုကို စိုက်ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်၏။ သူက လက်တစ်ဖက်ကို ညင်သာစွာ ဆန့်ထုတ်လိုက်ပြီး မျက်ခုံးပင့်ပြလိုက်၏။

"ဆူဇီမို... ဒီမှာတစ်ချက်ကြည့်လိုက် အဲ့ဒါ ဘာလဲလို့..."

ချက်ချင်းပင် လူတိုင်း၏အကြည့်က သီယင်း၏ လက်ဝါးဆီသို့ ရောက်သွားကြ၏။

သူ့လက်ဝါး၏ အလယ်တွင် သေးငယ်သော အစိမ်းရောင်ကြာပန်းတစ်ခုက တဖြည်းဖြည်းဖူးပွင့်လာလေသည်။ အဲ့ဒါက ကျောက်စိမ်းကဲ့သို့ သန့်ရှင်းသန့်ပြန့်၍ ကမ္ဘာတစ်ခုလုံးရှိ အရာရာတိုင်းကို သန့်စင်နိုင်သည့်အလား လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခုကို ထုတ်ပေးနေလေသည်။

"အာ....."

"ဒါက... "

"ဖြစ်နိုင်ပါ့မလား... အဲ့ဒါက ဗုဒ္ဓကျောင်းတော်တွေက..."

လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာပြီး မည်သူမျှ ဆက်လက်မပြောဆိုရဲတော့ပေ။

တိမ်စိုင်များထက်တွင် နိုးထဝိညာဥ် ၁၇ ယောက်သည်လည်း ထိုသည်ကိုမြင်သောအခါ တုန်လှုပ်သွားကြလေသည်။ သူတို့၏ ဦးရေပြားများက ရိုးတိုးရွတ ဖြစ်လာပြီး သူတို့၏ ခေါင်းမွေးများက ထောင်ထလာလေသည်။

ကိုယ်တော်ယွမ်ခုန်း၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်လေသည်။

"ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်း..."

ထိုစကားလုံး လေးလုံး ထွက်ပေါ်လာချိန်တွင် ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာလေသည်။

သီယင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

"နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို ကျင့်ကြံထားတာ မင်းတစ်​ယောက်ပဲ ရှိတယ်လို့ မင်းက ထင်လို့လား..."

လူတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

ကျင့်ကြံသူများအားလုံးသည် မမြင်ရသော လက်တစ်စုံက သူတို့၏ လည်ပင်းများကို မွန်းကြပ်စရာပုံစံဖြင့် ဖျစ်ညှစ်ထားသလို ခံစားလိုက်ရလေသည်။

All Chapters