ပကတိအရှင်တစ်ပါး၏ တိုက်ခိုက်မှု
Vol. 50 Ch. 750
မဟူရာကုန်းလိပ်သည် ဒေါသပုန်ထနေသော ဒီရေလှိုင်းများကို ပမာမပြုဘဲ သူ၏ကျောထက်ရှိ ပဒုမ္မာရွှေကြာနှင့်အတူ ရေစီးကြောင်းများကို ဆန်၍ ရွေ့လျားလာလေသည်။
နေ့နှင့်ညက အတူတကွ ပေါ်ထွက်လာပြီး လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးကြိုးသံများက တဂျိန်းဂျိန်း မြည်နေလေသည်။ လိပ်နှင့်မြွေ၏ ဦးခေါင်းနှစ်လုံးသည် ကောင်းကင်ထက်သို့ မော့၍ ဟိန်းဟောက်လိုက်ကြ၏။ သူတို့၏ နတ်ဘုရားစွမ်းအားသည် ကောင်းကင်ဘုံကိုးဆင့်တိုင် ခမ်းနားထည်ဝါသော ပုံံစံဖြင့် ထိုးတက်သွားလေသည်။
လေထဲတွင်.. မဟာအမြုတေနယ်မြေနှစ်ခုအကြား ရိုက်ခတ်မှုက ပြင်းထန်စွာ ထွက်ပေါ်လာလေသည်။
‘ဘန်း… ဘန်း… ဘုန်း…’
မနှိုင်းယှဉ်နိုင်အောင် သန်မာသော လေစီးကြောင်းများသည် ရူးသွပ်စွာ ပြေးထွက်လာပြီး လေဟာနယ်ကို တုန်ခါသွားစေလေသည်။ မဟာအမြုတေနယ်မြေနှစ်ခု၏ အလယ်မှ ချစ်ချစ်တောက် ပူလောင်သော အပူလှိုင်းများက တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာလေသည်။
‘ဟာ..’
‘ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ စွမ်းအားတွေလဲ’
တိမ်စိုင်များအထက်ရှိ နိုးထဝိညာဉ်များက တုန်လှုပ်သွားကြလေသည်။
မဟာအမြုတေနယ်မြေနှစ်ခု၏ ရိုက်ခတ်မှုကနေ ထွက်ပေါ်လာသော စွမ်းအားသည် သူတို့အားလုံးကိုပင် ခြိမ်းခြောက်လာနိုင်လေသည်။
လူတိုင်းသည် တုံ့ဆိုင်းခြင်းမရှိ တိုက်ပွဲမြေ အနီးနားကနေ လျင်မြန်စွာ နောက်သို့ဆုတ်ခွာလိုက်ကြလေသည်။
ပကတိအရှင်ဟွင်ယီ ၊ ကိုယ်တော်ယွမ်ခုန်း ၊ ပကတိအရှင်ထျန်မင်းနှင့် အခြားသူများသည် ထိတ်လန့်သွားပြီး ဒေါသပုန်ထလာကြလေသည်။ သူတို့၏အကြည့်များက သုန်မှုန်နေပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့အားလုံးသည် တစ်ယောက်၏မျက်လုံးထဲတွင်တစ်ယောက် သတ်ဖြတ်လိုစိတ်ကို မြင်နေကြရလေသည်။
ဤကောင်လေးက အသက်ရှင်လို့ မရပေ..။
ထိုရွှေအမြုတေနယ်မြေကနေ ထုတ်လွှတ်လိုက်သော စွမ်းအားသည် သူတို့ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိလေသည်။
သီယင်းနေရာမှာ သူတို့ဆိုလျှင်တောင် သူတို့သည် ထိုရွှေအမြုတေနယ်မြေကို ရင်ဆိုင်ခုခံ၍ မထိမခိုက် လွတ်မြောက်နိုင်မည်ဟု အာမမခံနိုင်ပေ။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ လျှို့ဝှက်ချက်များနှင့် ပေါင်းစပ်ထားသော ထိုအမြုတေနယ်မြေသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကိုပင် ပိတ်လှောင်ထားနိုင်လေသည်။ အဲဒါက.. ဓမ္မစွမ်းအားနှင့်ပင် နှိုင်းယှဉ်၍ ရနေပေပြီ။
‘အဲလိုမျိုး ဘယ်တော့မှ မဖြစ်ရဘူး’
သီယင်း၏သွေးချီများက တလိပ်လိပ်တက်လာပြီး သူ၏ရွှေအမြုတေကို ရူးသွပ်စွာ လှည့်ပတ်လိုက်၍ သူ၏အမူအရာက ကြောက်မက်ဖွယ်ရာကောင်းလာလေသည်။
သူက ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနံပါတ်တစ်ဖြစ်လေသည်။
သူက နံပါတ်တစ် ပကတိသက်ရှိတစ်ယောက်ဖြစ်လေသည်။
သူ၏ရွှေအမြုတေနယ်မြေမှာ သူ၏အောင်မြင်မှုသည် လူသားဧကရာဇ်ထက်ပင် ကျော်လွန်နေခဲ့ပြီးလေပြီ။
သူက သမိုင်းထဲမှာ သူ၏နာမည်ကို သေချာပေါက် ချန်ရစ်၍ ထျန်ဝမ်ကုန်းမြေတိုက်ကြီးမှာ လွှမ်းမိုးခြယ်လှယ်ရပေမည်။
သူက ဤနေရာမှာ ရှုံးလို့ မရနိုင်ပေ။
ရှုံးနိမ့်မှုတစ်ခုက သူ၏အတိတ်ကာလမှ ဂုဏ်ကျက်သရေများ အားလုံးကို ချက်ချင်း ပယ်ဖျက်သွားပေလိမ့်မည်။
သူသည် သူ့ရှေ့ရှိ ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူကို နင်းတက်ပြီးမှသာလျှင် သူ၏ဂုဏ်ကျက်သရေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
အစိမ်းရောင်ကြာပန်းက ယိမ်းနွဲ့၍ သန့်စင်ပြီး အပြစ်ကင်းစင်သော အလင်းရောင်ချီများကို ထုတ်လွှတ်ကာ ကစဉ့်ကလျားသမုဒ္ဒရာထဲတွင် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကို တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာစေလေသည်။
‘ဘုန်း..’
အဲဒီမှာ နောက်ထပ် ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာလေသည်။
ချက်ချင်းပင်.. ကြီးမားသည့်အရာကြီးတစ်ခုက လှိုင်းလုံးများကြားကို ဖြတ်၍ ကောင်းကင်နှင့်မြေကြီး၏ စွမ်းပကားနှင့်အတူ ရှေ့သို့ရောက်လာပြီး သီယင်းဆီသို့ ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။
‘ရွှစ်…’
ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းက တောက်ပလာပြီး မဟူရာကုန်းလိပ်၏လမ်းကြောင်းကို တားဆီးလိုက်လေသည်။
‘ဘန်း…’
ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းသည် မဟူရာကုန်းလိပ်နှင့် ရိုက်ခတ်မိသွားကြလေသည်။
ကမ္ဘာက ပြောင်းလဲသွားလေပြီ။
ထိုအခိုက်အတန့်တွင် အရာအားလုံးက အေးခဲရပ်တန့်သွားသည့်အလားပင်။
အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။
အစိမ်းရောင်ကြာပန်းသည် အကောင်းတိုင်းကျန်ရှိနေသေးသည်ဟု ထင်ရသော်လည်း ၎င်း၏အစိမ်းရောင်က ညိုးခြောက်သွားသည့်အလား စိမ်းစိုနေခြင်း မရှိတော့ဘဲ ပကတိမှေးမှိန်သွားလေသည်။
မဟူရာကုန်းလိပ်၏ကျောပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာပြီး ခဏတာ ရပ်တန့်သွားပြီးနောက် ပျက်ပြယ်သွားလေသည်။
အပေါ်ယံမှကြည့်လျှင်တော့.. သီယင်းက အသာရသွားသည့်အလားပင်။
သို့သော်လည်း.. ထိုအခိုက်အတန့်တွင် သူ၏အမူအရာက အလွန်တရာ သုန်မှုန်နေလေသည်။
အဘယ်ကြောင့်ဆိုသော်.. ဆူဇီမို၏ရွှေအမြုတေနယ်မြေက လုံးလုံးလျားလျား ပျက်စီးမသွားသေးသောကြောင့်ပင်။ မဟူရာကုန်းလိပ်က မရှိတော့ပြီဖြစ်သော်လည်း မီးတောက်များကြားကနေ ဖူးပွင့်လာသော ပဒုမ္မာရွှေကြာက ကျန်ရှိနေဆဲဖြစ်လေသည်။
‘ပြိုကွဲစမ်း..’
ဆူဇီမိုက နတ်ဘုရားသက်ရှိတစ်ပါးလို ဆင်းသက်လာပြီး ဟိန်းဟောက်လိုက်လေသည်။ သူက သူ့လက်ထဲရှိ ပဒုမ္မာရွှေကြာနှင့်အတူ ရှေ့သို့တက်လှမ်းသွားပြီး သူ့ရှေ့ရှိ ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းပေါ်သို့ ပစ်တိုက်ချလိုက်လေသည်။
‘ဘုန်း…’
ကြာပန်းနှစ်ခုက တိုက်ခတ်မိသွားပြီး တောက်ပလင်းထိန်သော ဗုဒ္ဓအလင်းရောင်များက ပတ်ဝန်းကျင်တစ်ခွင်ကို ပြည့်လျှမ်းသွားစေလေသည်။
ပဒုမ္မာရွှေကြာ၏ အစစ်အမှန်ပုံစံသည် ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းပင်လျှင်ဖြစ်လေသည်။
သို့သော်လည်း.. ယင်နှင့်ယန်က ရောယှက်၍ လျှပ်စီးနှင့်မိုးကြိုးများက ရောနှောထားလေသည်။
ဒေါသပုန်ထနေသော မီးတောက်များအောက်မှာ သန့်စင်ပြီးနောက် ၎င်းသည် ထာဝရတည်တံ့စေမည့် ပဒုမ္မာရွှေကြာအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့လေသည်။
ရွှေက ဖျက်စီးလို့ မရနိုင်ဘဲ ထာဝရတည်မြဲလေသည်။
‘ချပ်.. ချပ်.. ချပ်’
ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းက ကွဲကြေသွားလေသည်။
သီယင်းသည် ဆတ်ခနဲ လှုပ်သွားပြီး သူ၏မျက်လုံးက မှေးမှိန်သွားကာ သူ၏မျက်နှာက သွေးဆုတ်သွားလေသည်။
ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းသည် မဟာအမြုတေနယ်မြေနှစ်ခုကို ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာပြီး နိုးထဝိညာဉ်များကိုပင် ခြိမ်းခြောက်နိုင်လေသည်။ ထိုအမြုတေနယ်မြေကို ထောက်ပံ့ဖို့အတွက် သီယင်း၏ခန္ဓာကိုယ်မှ စွမ်းအင်မြောက်များစွာကို ပို့လွှတ်ထားရလေသည်။
ယခု.. ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းက ကွဲကြေသွားသောအခါ စွမ်းအားများ၏ တန်ပြန်ကန်အားသည် သီယင်းကို ချက်ချင်းပင် အပြင်းအထန် ဒဏ်ရာရရှိသွားစေလေသည်။
သီယင်းက လဲကျသွားပြီး ချောင်းဆိုးရင်း သွေးများကို ထွေးထုတ်လိုက်ရလေသည်။
‘အား..’
လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။
သီယင်းက ရှုံးနိမ့်သွားလေပြီ။
ကမ္ဘာတုန်ဖွယ် ဤတိုက်ပွဲ၏အဆုံးသတ်က ဤသို့ဖြစ်လာမည်ဟု မည်သူမျှ မျှော်လင့်မထားပေ။
အဲဒါက.. အနိမ့်အမြင့် အတက်အကျများဖြင့် ပြည့်နှက်နေသော တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့လေသည်။ ပြန်ဝင်စားမွန်းစတား နှစ်ယောက်စလုံးသည် မရေမတွက်နိုင်သော နည်းလမ်းများ ၊ စိတ်ဝိညာဉ်တိုက်ကွက်များနှင့် လျှို့ဝှက်ပညာရပ်များကို ထုတ်ဖော်ခဲ့ကြပြီး အဲဒါတွေက ရွှေအမြုတေအဆင့်၏ အသိပညာထက်ကို ကျော်လွန်နေခဲ့လေပြီ။
သူတို့နှစ်ယောက် ထုတ်လွှတ်လိုက်သော ရွှေအမြုတေနယ်မြေများသည် အလွန်တရာ သန်မာလှပြီး လေထဲရှိ နိုးထဝိညာဉ်များပင်လျှင် နောက်သို့ဆုတ်နေရလေသည်။
‘အောမီတောဖော’
ကိုယ်တော်ယင်လူက ရေရွတ်လိုက်၏။
‘လူငယ်မျိုးဆက်တွေက သေချာပေါက် ငါတို့ကို ကျော်တက်သွားပြီပဲ’
မည်သည့်နိုးထဝိညာဉ်မှ စကားမပြောကြပေ။
သူတို့ထဲမှ အချို့သည် စောစောက မဟာရွှေအမြုတေနယ်မြေနှစ်ခု၏ ရိုက်ခတ်မှုကို မေ့ဖျောက်လို့မရနိုင် ဖြစ်နေကြ၏။ သူတို့ထဲမှ အချို့သည် စိတ်ခံစားချက်များ မြင့်တက်နေကြပြီး အခြားသူများကတော့ သူတို့၏ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်ကြ၏။
သူတို့ထဲမှ အချို့သည် ထိန်းချုပ်လို့ မရသော သတ်ဖြတ်လိုစိတ်များနှင့်အတူ သူတို့၏မျက်လုံးများက တောက်ပလာလေသည်။
ပကတိအရှင်ဟွမ်ယီနှင့် အခြားသူများသည် သုန်မှုန်နေသော အမူအရာများ ရှိနေကြပြီး သူတို့က အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
‘ဒီကောင်လေးက ဒီလောက်ကြောက်စရာကောင်းတဲ့ အမြုတေနယ်မြေတစ်ခုကို ထုတ်ဖော်ပြီး ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့ရတယ်… အခုလောက်ဆို သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်က ခမ်းခြောက်နေလောက်ပြီ.. သူ့ရဲ့ ရွှေအမြုတေနယ်မြေကလည်း မကြာခင် ပျက်ပြယ်တော့မယ်’
‘အားလုံးပဲ အခုချိန်က အဲဒီကောင်လေးကို သတ်ဖြတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ.. ငါတို့ ဆက်ပြီးစောင့်နေလို့ မရတော့ဘူး’
‘အမှန်ပဲ.. သူ့ရဲ့ ပါရမီအလားအလာနဲ့ဆို သူက ဒီထက်ပိုပြီး ကြီးထွားလာရင် ကိစ္စတွေက ပိုပိုဆိုးလာတော့မယ်’
‘သူ့ကို သတ်ပြီးရင်တော့ ငါက ခရမ်းရောင်မိုးကြိုးကျမ်းကို လိုချင်တယ်… ဘာပဲပြောပြော အဲ့ဒါက မိုးကြိုးလေပြေနန်းတော်က ပိုင်ဆိုင်ခဲ့တဲ့အရာပဲ… ငါက တခြားရတနာ ဘာကိုမှ မလိုချင်ဘူး’
‘ငါကတော့ သူ့ရဲ့ နတ်ဖီးနစ်အရိုးကို လိုချင်တယ်’
‘တော်လောက်ပြီ… သူ့ကိုသတ်ပြီးမှပဲ ပစ္စည်းတွေကို ဘယ်လိုခွဲဝေယူကြမလဲ ငါတို့ ဆွေးနွေးကြမယ်… အခုချိန်က အဲဒါကို ငြင်းခုံနေရမယ့်အချိန် မဟုတ်ဘူး’
သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များက ကူးလူးယှက်ဖြာသွားပြီး ပကတိအရှင်ဟွမ်ယီနှင့် အခြားသူများက တိတ်တဆိတ် ဆွေးနွေးလိုက်ကြလေသည်။
ထိုအချိန်မှာပင်.. သူ၏ ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းက ကြေမွသွားပြီဖြစ်တာကြောင့် သီယင်းသည် ပြုတ်ကျလာလေသည်။ ဆူဇီမိုက ပဒုမ္မာရွှေကြာကို ကိုင်ဆွဲပြီး အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့်အတူ အနောက်ကနေ လိုက်ပါလာလေသည်။
ပကတိအရှင်ဟွမ်ယီသည် ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ခုရှိနေပြီး သူက ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။ သူက ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ပေ။
သီယင်းက သေလို့မရပေ။
သူက ဤတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့လျှင်တောင် သူက အနှိုင်းမဲ့မွန်းစတားတစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ပါရမီအရှိဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။
ဆူဇီမိုကို သတ်နိုင်သည်နှင့်အမျှ သီယင်းသည် နံပါတ်တစ် ပကတိသက်ရှိဟူသော သူ၏နေရာကို ပြန်လည်ရယူနိုင်ပေလိမ့်မည်။
ပကတိအရှင်ဟွမ်ယီ၏ နဖူးအလယ်က တောက်ပသွားပြီး သူ၏ဝတ်ရုံက တဖျပ်ဖျပ် လှုပ်ခါသွားလေသည်။
ဓမ္မစွမ်းအားများက ရုန်းကြွလာပြီး ဧရာမဓါးရှည်တစ်လက်ကို လေထဲမှာ ဆင့်ခေါ်လိုက်၏။ အဲဒါက အလွန်တရာ ထက်ရှပြီး အေးစိမ့်နေလေသည်။
နောက်ခဏမှာပင်.. ဆူဇီမို၏ဦးခေါင်းထက်၌ ဧရာမဓားတစ်လက်က ပေါ်လာပြီး သူ့အပေါ်သို့ ရက်ရက်စက်စက် ထိုးစိုက်ကျလာလေသည်။
နေရာတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
ဖြစ်ပေါ်လာသော ထိုတိုက်ခိုက်မှုက အရမ်းကို ရုတ်တရက်ဆန်လွန်းလေသည်။
ဤတိုက်ပွဲတွင် နိုးထဝိညာဉ်တစ်ယောက်က ဝင်ပါလာလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားပေ။
ဒါ့အပြင်.. သူက သတိပေးခြင်းမရှိ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။
အဲဒါက ချောင်းမြောင်းလုပ်ကြံခြင်းနှင့် ပို၍တူနေလေသည်။
‘မင်း ဘယ်လိုတောင် ရဲတင်းတာလဲ’
ပကတိအရှင်ယွီကျွင်း၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူက ဟိန်းဟောက်၍ ချက်ချင်းတိုက်ခိုက်လိုက်လေသည်။
သို့သော်လည်း.. သူ၏တုံ့ပြန်မှုက အနည်းငယ် နောက်ကျသွားပြီဖြစ်လေသည်။
‘သွားပြီကွာ.. သွားပြီ’
ထိုသည်ကို မြင်သောအခါ လင်းရွှမ်ကျီက စိတ်ထဲကနေ အံ့အားတသင့် ရေရွတ်လိုက်၏။
ဘေးက ကြည့်နေသူများပင် အဲဒါကို မတုံ့ပြန်နိုင်လျှင်.. တိုက်ပွဲမြေမှာ သီယင်းအပေါ် စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ အာရုံစိုက်ထားသော ဆူဇီမိုက ထိုသတ်ဖြတ်ကွက်ကို ဘယ်လိုရှောင်နိုင်ပါမည်နည်း။
ဒါ့အပြင်.. သီယင်းနှင့် အကြိတ်အနယ်တိုက်ခိုက်ပြီးနောက် ဆူဇီမို၏စိတ်ဝိညာဉ်စွမ်းအင်က ကုန်ခမ်းတော့မည်မှာ သိသာလေသည်။
နိုးထဝိညာဉ်တစ်ယောက်က ချောင်းမြောင်းလုပ်ကြံလာလျှင် ရွှေအမြုတေတစ်ယောက်က သေချာပေါက် ပျက်သုဉ်းရပေတော့မည်။
များစွာသော ကျင့်ကြံသူများသည် ဆူဇီမို၏အလောင်းကိုပင် မြင်ယောင်လာကြလေသည်။
မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် သီယင်းကို အမှီလိုက်ဖမ်းနေသော ဆူဇီမိုသည် တစ်ခုခုကို အာရုံခံမိလိုက်သည့်အလား သူ့ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်လေသည်။ ဖျတ်ခနဲဆို သူက သူ့လက်ထဲရှိ ပဒုမ္မာရွှေကြာကို သူ့ဦးခေါင်းထက်သို့ ပင့်မြှောက်လိုက်၏။
‘ခွမ်း..’
ပဒုမ္မာရွှေကြာကို သူ့ဦးခေါင်းထက်သို့ မြှောက်တင်လိုက်ပြီးသည့် ခဏမှာပင် ဧရာမဓားတစ်လက်က ထိုးဆင်းလာပြီး ပဒုမ္မာရွှေကြာကို ရိုက်ခတ်လိုက်လေသည်။ ကျယ်လောင်သော သတ္တုရိုက်ခတ်သံနှင့်အတူ မီးပွားများက လွင့်စင်ထွက်လာလေသည်။
******