← Chapters

ပွထနေပြီ

Vol. 41 Ch. 606

ပွထနေပြီ

Vol. 41 Ch. 606

ရဲ့လင်းချန်၏အသံက ကျယ်လောင်ခြင်း မရှိသည့်အပြင် ရေမျက်နှာပြင်ကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်သော်လည်း ရှင်းမပြနိုင်သော စွမ်းအားတစ်ခုက ပါဝင်နေပြီး လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

‘အဆင့်အတန်းကို လျော့စေတာက အောက်ခြေရဲ့ စကားဝှက်ပဲ၊ မြင့်မြတ်ခြင်းက အဆင့်အတန်းမြင့်မားသူတွေရဲ့ သင်္ချိုင်းစာပဲ’

ပထမ စာသားတစ်ခုတည်းနှင့်တင် လူတိုင်းအား မိုးခြိမ်းသံကဲ့သို့ တုန်လှုပ်သွားစေပြီး တိတ်ဆိတ် ငြိမ်သက်သွား စေသည်။ ထိုအခိုက်အတန့်တွင် ဆူညံသံများ ပျောက်ကွယ်သွားပြီး သူတို့အားလုံး ရဲ့လင်းချန်အား ကြည့်နေ ကြသည်။

*ဒါ ကဗျာတစ်ပုဒ်ပဲ၊ ခေတ်သစ် ကဗျာ*

*ရဲ့နတ်ဘုရားက ကဗျာ ဖန်တီးတတ်တာလား*

လူတိုင်း မှင်တက် အံ့အားသင့်နေကြသည်။

ရဲ့လင်းချန်သည် ခေတ်သစ် ကဗျာတစ်ပုဒ်ကို အသုံးပြုပြီး အင်တာဗျူးသူ၏ မေးခွန်းများကို ဖြေခဲ့ပြီး ထိုကဗျာ ခေါင်းစဉ်အား အဖြေဟု ခေါ်ဝေါ်ခဲ့သည်။

ရဲ့လင်းချန်သည် ဤနေရာတစ်ခုလုံး၏ ဇာတ်လိုက် ဖြစ်နေလေသည်။ ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များ တောင်မှ ဆဲဆိုခြင်းများ ရပ်တန့်သွားပြီး သူ ပြောမည့်စကားကို ကြားချင်နေကြသည်။

ကျောက်လျန့်ရင်က လှမ်းကြည့်နေသည်။ ချန်ရှောင်ယန်သည်လည်း ထိုနည်းတူပင်။

ကောင်းမွန်သော သီချင်းနှင့် ပြောင်မြောင်သော ဟာသ ဇာတ်လမ်းတိုကို အလျင်အမြန် ဖန်တီးနိုင်ခြင်းတို့ကို စဉ်းစားကြည့်လျင် ရဲ့လင်းချန်၏ စာပေ အရည်အချင်းကို ရှင်းရှင်းလင်းလင်း မြင်နေပေသည်။

ခေါင်းဆောင်များ၊ စူပါစတားများ၊ သတင်းထောက်များနှင့် တပ်ကြပ်ကောင်းတို့ ရဲအဖွဲ့တို့အားလုံး ရဲ့လင်းချန်အား ဝိုင်းကြည့်နေသည်။

‘သူတို့က နှစ်ငါးထောင်က ရုပ်ပုံတွေပဲ၊ သူတို့က နောင်အနာဂတ်ရဲ့ ဂရုတစိုက် ကြည့်ရမယ့် မျက်လုံးတွေပဲ’ ဟူသော နောက်ဆုံး စာသား ပြီးဆုံးသွားချိန်တွင် လူတိုင်း သတိပြန်ဝင်မလာသေးချေ။

ခေတ်သစ် ကဗျာများက ခေတ်သစ် ကဗျာဟု ကျော်ကြားနေခြင်းမှာ ၎င်းတို့က ရှုပ်ထွေးခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာသားတစ်ကြောင်းတည်းမှနေ၍ ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို နားလည်ရန် လွယ်ကူ လေသည်။

၎င်းတို့သည် ရှေးခေတ် ကဗျာနှင့် ဂန္ထဝင် တရုတ်စာပေများကဲ့သို့ မလျှို့ဝှက်ချေ။

မျက်စိရှေ့မှ မြင်ကွင်းက ရဲ့လင်းချန်အား အလွန် စိတ်ပျက်စေခဲ့သဖြင့် အဖြေကို သူ ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောပြီးနောက် ရဲ့လင်းချန်၏ အကြည့်က နက်နဲလာသည်။ သူသည် အဆုံးမဲ့သော ညကောင်းကင်ယံအား ဝန်းရံထားသည့် တောက်ပသော လမင်းနှင့် ကြယ်တို့အား ငေးကြည့်နေ၏။

ထိုမိန်းကလေးများသည် သူတို့၏ ငယ်ရွယ်မှု အထွတ်အထိပ် အချိန်သို့ ရောက်ရှိနေပြီး မိခင်မြေ၏ ရတနာများ ဖြစ်သည်။ သို့သော် သူတို့သည် သူတို့အား အထင်သေး၍ စက်ဆုပ်သော ကိုရီးယားနိုင်ငံမှ စူပါစတားကို ရူးသွပ်နေ ကြသည်။ ထိုအခိုက်တွင် သတင်းထောက်များသည်လည်း သူတို့ အလုပ်၏ စည်းမျဉ်းကျင့်ဝတ်များကို ဥပေက္ခာ ပြုကာ လူစိတ်ဝင်စားရန်အတွက် အဖြူကို အမဲကို လုပ်ချင်နေကြသည်။

လွတ်လပ်စွာ ပြောဆိုနိုင်သော ခေတ်၌ လူတိုင်းသည် မယုံနိုင်လောက်အောင် တုံးအနေကြဆဲပင်။

ဆုံးရှုံးခြင်း၊ ဝမ်းနည်းခြင်းနှင့် ဒေါသစိတ်တို့က နောက်ဆုံး၌ တည်ငြိမ်ခြင်းသို့ ကူးပြောင်းလာသည်။

အဖြေသည် သူ၏ အတွေးစိတ်ကူးများကို ထုတ်ဖော်ထားသော ကဗျာပင်။

အသက်အရွယ် ကြီးရင့်သော အနုပညာရှင်များ ငြိမ်ကျသွားပြီး လူအုပ်ထဲမှ သက်ကြီးပိုင်းများစွာလည်း ပင့်သက်ရှိုက် နေကြသည်။ ထိုသို့သော ကဗျာတစ်ပုဒ်အား သူ့ကဲ့သို့ လူငယ်တစ်ယောက်က ရေးနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်နိုင် ဖြစ်နေလေသည်။

Gala နွေဦးပွဲတော်၏ တာဝန်ရှိသူသည် အရှက်ရသလို ခံစားနေရပြီး အစောင့်များက ခေါင်းကို ငုံ့ထားကြသည်။

သတင်းထောက်များ စကားမပြောတော့ဘဲ ဘယ်သူမှ မေးခွန်း ထပ်မမေးတော့ချေ။

ထိုကဗျာတစ်ပုဒ်တည်းကတင် လူအုပ်အား ငြိမ်ကျသွားစေခဲ့သည်။ လူတိုင်း မွန်းကျပ်သလို ခံစားနေရပြီး ပြောစရာ စကားမဲ့နေကာ ရဲ့လင်းချန်၏ ကဗျာက သူတို့အတွေးထဲ၌ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။

*ရဲ့လင်းချန်က ကင်ဟျွန်းမင်ကို ဘာလို့ ရန်လုပ်တာလဲ*

*ဒီသတင်းထောက်တွေက အကြောင်းရင်းကို သတိမထားမိတာလား၊ ဒီအမာခံ ပရိသတ်တွေက ဘာလို့ မမြင်နိုင် ရတာလဲ*

သူတို့သည် မသေချာ မရေရာဟန် ဆောင်နေကြခြင်းသာ ဖြစ်သည်။

အခြားသူများသည် လှောင်ရယ်ခဲ့ပြီး ရဲ့လင်းချန်အား ဘာမှမဟုတ်သော ပြဿနာလေးအတွက်နှင့် သူ့ကိုယ်သူ ပြဿနာ များစွာ ရှာနေသော အရူးဟု ထင်ခဲ့ကြသည်။ အကြမ်းဖက်ခြင်းက ပြဿနာကို ဖြေရှင်းသည့် နည်းလမ်း မဟုတ်ချေ။

ရဲ့လင်းချန်ကရော ထိုအချက်ကို မသိဘဲ နေပါ့မလား။ ရဲ့လင်းချန်က တုံးအသလား။

ထိုသို့ လုပ်ခြင်း၏ အကျိုးဆက်ကို သူ မသိဘဲ နေပါ့မလား။ သူ သေချာပေါက် သိပါ၏။

ထိုအရာအားလုံးက သူတို့နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် သူတို့လူမျိုး၏ ဂုဏ်အတွက်ပင်တည်း။

သို့သော် ထိုလူများအားလုံးသည် မသိချင်ယောင်ဆောင်နေခဲ့ပြီး စည်းမျဉ်းကျင့်ဝတ်များထက် သူတို့ကိုယ်သူတို့ ရှေ့တန်းတင်ကြသည်။ သူတို့ ထင်မြင်သကဲ့သို့ ဝေဖန်ပြစ်တင်ပြီး သူတို့၏ ယုံကြည်မှုကို လျစ်လျူရှုခဲ့ကြသည်။

သူတို့သည် ရဲ့လင်းချန်၏ အဖြေထဲမှ ပထမ စာသားထဲရှိ လူများ ဖြစ်ကြပေသည်။ ‘အဆင့်အတန်းကို လျော့စေတာက အောက်ခြေရဲ့ စကားဝှက်ပဲ၊ မြင့်မြတ်ခြင်းက အဆင့်အတန်းမြင့်မားသူတွေရဲ့ သင်္ချိုင်းစာပဲ’

ရဲ့လင်းချန်သည် ယနေ့ အဖြစ်အပျက်အား မသိကျိုးကျွန် မပြုနိုင်ချေ။

၎င်းသည် နွေဦးပွဲတော် ဖြစ်ပြီး တရုတ်နိုင်ငံအတွက် အားလပ်ရက် တစ်ရက် ဖြစ်သည်။ တရုတ်လူမျိုးများ အကျင့် ပျက်ပြားနေသည့် မြင်ကွင်းက ရင်နာစရာ ကောင်းလှပေသည်။

ရဲ့လင်းချန် ဖြည်းဖြည်းချင်း ထွက်လာလိုက်သည်။

လူတိုင်း ငြိမ်သက်နေဆဲ ဖြစ်ကာ သူ ထွက်သွားသည်ကို ငြိမ်၍ ကြည့်နေကြသည်။

“သွားရအောင်”

ရဲ့လင်းချန်သည် တပ်ကြပ်ကောင်းထံ လျှောက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း”

တပ်ကြပ်ကောင်းက ရဲ့လင်းချန်အား ကြောင်၍ ကြည့်နေသည်။

“ငါ လူတစ်ယောက်ကို ရန်လုပ်ခဲ့တယ်၊ အဲ့ဒါကြောင့် ရဲစခန်းကို သွားပြီး ဖြောင့်ချက်ပေးတာက လုပ်သင့်တဲ့ အရာပဲလေ”

ရဲ့လင်းချန်သည် အေးအေးဆေးဆေး ပြောနေပြီး ရဲစခန်းကိုသွားခြင်းက အိမ်ကို ပြန်သကဲ့သို့ သက်တောင့်သက်သာ ရှိသည့် လေသံဖြင့် ပြောနေသည်။

တကယ်တမ်းတွင်လည်း သူ့အတွက် အိမ်သို့ ပြန်ခြင်းနှင့် မခြားပေ။ အဘယ်ကြောင့်ဆိုသော် သူသည် စောင့်ကြပ်သူ တစ်ဦး ဖြစ်သောကြောင့်ပင်။

“အင်း … ကားထဲဝင်ပါ”

တပ်ကြပ်ကောင်းက ရဲ့လင်းချန်အား ရဲကားပေါ်သို့ ခေါ်လိုက်သည်။

ထိုအခိုက်တွင် အခြားသော ရဲသားများက ကင်ဟျွန်းမင်နားသို့ ဝိုင်းသွားပြီး အေးစက်စွာ ပြောလိုက်သည်။

“သူ့ကို ခေါ်လာခဲ့”

“@@@$$$”

ကင်ဟျွန်းမင်၏ အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး ရဲအား ဒေါသတကြီး လက်ညှိုးထိုးနေသည်။

“@@@$$$”

“ငါတို့က နစ်နာသူတွေလေ၊ ဥပဒေက ဘယ်မှာလဲ၊ မင်းက ငါတို့ကို ဘာကိစ္စနဲ့ ဖမ်းတာလဲ”

သက်တော်စောင့်ထဲမှ တစ်ယောက်က မေးလိုက်သည်။

သူတို့ ရဲ့လင်းချန်ကို ကြောက်ရွံ့သော်လည်း အခြားသူများကို သူတို့ ကြောက်ရွံ့လိမ့်မည်ဟု မဆိုလိုပါ။ သူတို့ ရဲများနှင့် ရင်ဆိုင်ရတော့ရော ဘာအရေးနည်း။ သူတို့တွင် ဂုဏ်ရှိပြီး သူတို့ကို တွေ့သည့် လူတိုင်းအား သူတို့အား အလေးစားဆုံး ဆက်ဆံကြရသည်။

“မင်းတို့ ဒီမှာ ရန်ဖြစ်ဖို့ လူစုခဲ့ပြီးတော့ အနှောင့်အယှက် ဖြစ်စေခဲ့တယ်၊ သူတို့ကို ခေါ်လာခဲ့”

“ငါတို့ ရန်လုပ်ခံရတာလေ”

“မင်းတို့ ပြန်မချခဲ့ဘူးလား၊ မင်းတို့ဘက်မှာ လူတောင် ပိုများသေးတယ်၊ ဘာပဲဖြစ်ဖြစ် မင်းတို့ ဖြောင့်ချက်ပေးဖို့ ရဲစခန်းကို လိုက်ခဲ့ရမှာပဲ၊ ငါတို့အလုပ်ကို ပူးပေါင်းပေးပါ”

ကားထဲ မဝင်ခင်အထိ ကင်ဟျွန်းမင်က ဆဲဆိုနေဆဲဖြစ်ကာ အလွန် ဒေါသထွက်နေ၏။

“ရဲ့နတ်ဘုရား”

လူတိုင်း သတိပြန်ဝင်လာပြီး ရဲ့လင်းချန်အား စိုးရိမ်တကြီး ကြည့်လာကြသည်။

“ကင်ဟျွန်းမင်ရဲ့ သက်တော်စောင့်က အရင် မိန်းကလေးကို တွန်းလိုက်တာ၊ ပြီးတော့ သူတို့က ရဲ့နတ်ဘုရားကို ဝိုင်းပြီး စတိုက်ခိုက်ဖို့ လုပ်ခဲ့တာပါ”

“ဟုတ်တယ်၊ မင်းတို့ ဘာလို့ ရဲ့နတ်ဘုရားကို‌ ခေါ်သွားတာလဲ”

“ရဲ့နတ်ဘုရားက ကိုယ့်ကိုယ်ကိုယ် ခုခံတာ လွန်သွားတာကို ငါ သက်သေခံပေးနိုင်တယ်”

ရဲ့လင်းချန်၏ မတရားခံရခြင်းကြောင့် ဆူညံမှုများ ဖြစ်လာသည်။

တပ်ကြပ်ကောင်းက ချက်ချင်း ရှင်းပြလိုက်သည်။

“ငါတို့ ဘယ်သူ့ကိုမှ မဖမ်းဘူး၊ သူက စုံစမ်းမှုကို ကူညီဖို့ ငါတို့နဲ့ ရဲစခန်းကို လိုက်လာရုံလေးပါ၊ အားလုံး စိတ်မပူပါနဲ့”

“အားလုံး အိမ်ပြန်ကြပါ၊ ငါ့ကို မစိုးရိမ်နဲ့”

ရဲ့လင်းချန်က သက်တောင့်သက်သာ ပြုံးလိုက်သည်။

ရဲ့လင်းချန်၊ ကင်ဟျွန်းမင်နှင့် အခြားသူများကို ခေါ်သွားပြီးနောက် အားလုံး အဆုံးသတ်သွားပြီး လူအုပ်ကြီးက တဖြည်းဖြည်း လူစုကွဲသွားလေသည်။

သို့သော် သက်ရောက်မှုက ကြီးမားပြီး နိုင်ငံအနှံ့ ဆူညံသွားစေသည်။

ဤသို့သော အချိန်အခါ၌ လူတိုင်းသည် Gala နွေဦးပွဲတော်၊ ၎င်း၏ အစီအစဉ်များနှင့် ၎င်းမှ ကြယ်ပွင့်များအကြောင်း ပြောနေကြသည်။ တီဗွီ၌ဖြစ်စေ၊ မီဒီယာ၌ ဖြစ်စေ၊ အင်တာနက်ပေါ်၌ ဖြစ်စေ အားလုံး အတူတူပင်။

သို့သော် ဤနှစ်၌ အစည်အလာက ကျိုးပျက်သွားသည်။ Gala နွေဦးပွဲတော်၏ ထုတ်လွှင့်မှုအပြီး၌ လူတိုင်း၏ ပါးစပ်ဖျားမှ အကြောင်းအရာမှ ကိုယ်ထိလက်ရောက် ကျူးလွန်မှု အဖြစ်အပျက်ပင်တည်း။

ညဆယ့်နှစ်နာရီသည် လူတိုင်း ရေတွက်ပြီးနောက် နှစ်သစ်ကို အော်ဟစ်ကြိုဆိုကြသည့် အချိန် ဖြစ်သည်။ သို့သော် အင်တာပေါ်၌ သတင်းတစ်ပုဒ်က တောမီးသဖွယ် ပျံ့နှံ့နေချိန်က လူတိုင်း အိပ်ရာဝင်ရန် ပြင်နေချိန် ဖြစ်လေသည်။ ၎င်းသည် မြေပြိုခြင်းနှင့် ဆူနာမီကဲ့သို့ လူတိုင်း၏ အိပ်ချင်စိတ်ကို လွင့်ပြယ်သွားစေခဲ့သည်။

“လခွမ်း၊ လခွမ်း၊ လခွမ်း”

“လခွမ်း၊ ရဲ့နတ်ဘုရားက ကင်ဟျွန်းမင်ကို ရိုက်လိုက်တာလား”

“ဘုရားရေ ဒီပုံထဲက ဝက်ခေါင်းနဲ့လူက ကင်ဟျွန်းမင်ဆိုတာ သေချာလား”

“ဒီကင်ဟျွန်းမင်က တကယ့် ကင်ဟျွန်းမင်ဆိုတာကို သက်သေ ပြပေးပါ၊ ဒီလူက သူ့အဝတ်အစားတွေက လွဲရင် ဘာမှ မတူဘူး”

“သူ ဆိုးဆိုးရွားရွား ရန်လုပ်ခံရတာပဲ၊ သူ့အမေတောင်မှ သူ့ကို မှတ်မိမှာ မဟုတ်ဘူး”

“ဟားဟားဟား ကောင်းတယ်ဟေ့၊ ဒီမိန်းမလိုကောင်ကို ငါ စိတ်တိုနေတာ ကြာပြီ၊ ရဲ့နတ်ဘုရား အသက်ရှည်ပါစေ”

“သောက်ကျိုးနည်း၊ ဒီလို အရိုက်ခံရပြီးတော့ သူ အဆင်ပြေရဲ့လား၊ ရဲ့နတ်ဘုရားက တော်တော် သတ္တိ ကောင်းတာပဲ”

“ဒါ သတင်းအမှားလား၊ အဖြစ်အပျက် တစ်ခုလုံးကို တစ်ယောက်ယောက် မျှဝေနိုင်မလား”

“အပေါ်ကလူ၊ မင်းသတင်းက တော်တော် နောက်ကျနေပြီ၊ ဝေ့ပေါ်၊ Douyin၊ Toutiao၊ WeChat Moments နဲ့ အခြား စကားဝိုင်းတွေမှာ အားလုံး ပွထနေပြီ”

…

All Chapters