နောက်ထပ်အကြံအစည်
Vol. 22 Ch. 300
ဧရာမနန်းတော်ကြီးသည် လေထုအတွင်း ဝဲလွင့်နေခဲ့သည်။ နန်းတော်ကြီး တစ်ခုလုံးမှ အလင်းတန်းများဖြာထွက်လျက်ရှိပြီး အလွန်အမင်းလျှို့ဝှက်ဆန်းပြားလျက်ရှိသည်။ ကုချိုးနှင့် အခြားသောသူများ ဒီနေရာသို့ရောက်မလာစဥ်ကတည်းက လူငယ်ပါရမီရှင်များစွာရောက်လာခဲ့ပြီးလေပြီ။
" အဲတာ ဒဏ္ဍာရီလာလုယက်ခြင်းဘုရင်မဟုတ်လား "
" ဟေ သူတို့ကို ပါရမီရှင်လူငယ်အများကြီးလိုက်လံသတ်ဖြတ်နေတာ မဟုတ်ဘူးလားကွ "
" ပါရမီရှင်အများကြီးရဲ့ လက်ထဲကနေ သူတို့ရှင်သန်နိုင်ခဲ့လား "
" လျှို့ဝှက်နယ်မြေတစ်ခုလုံးရဲ့ လုယက်ဘုရင်ဆိုတဲ့အတိုင်းပါပဲလား!? "
ကုချိုးနှင့် အခြားသောသူများ ရောက်လာသည့်အခါ ရှိနေကြသော လူငယ်ပါရမီရှင်များစွာသည် အုံအုံကြွကြွ ဖြစ်သွားကြသည်။ သူတို့က ကုချိုးတို့ ညီအစ်ကိုနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး တစ်ယောက်တစ်ပေါက် အံ့အားသင့်မှုများဖြင့် ပြောဆိုနေခဲ့ကြကာ မျက်လုံးများအတွင်း၌လည်း အကြောက်တရားများရှိနေခဲ့ကြသည်။ များစွာသောထိပ်တန်း ပါရမီရှင်များသည် တည်ကြည်သော မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။ လုယက်ခြင်းဘုရင်သည် ကျော်ကြားသော အမည်နာမတစ်ခုဖြစ်သည်။ အခုချိန်တွင် အမွေအနှစ်မှာ ထွက်ပေါ်လာပြီဖြစ်ကာ လျှို့ဝှက်နယ်မြေအတွင်းရှိ ထိပ်တန်းပါရမီရှင်များသည် ၎င်းကိုသိရှိခဲ့ကြသည်။ သို့ပါသော်လည်း လုယက်ခြင်းဘုရင်ကို သွားရောက်သတ်ဖြတ်ခဲ့ကြသော ထိပ်တန်းပါရမီရှင်အုပ်စုမှာ ပေါ်ထွက်မလာခဲ့ကြပေ။ ဒါ ဘာကိုဆိုလိုတာလဲ။
သူတို့ မယုံနိုင်ကြသော်လည်း လုယက်ခြင်းဘုရင်နှစ်ပါးက ထိပ်တန်းပါရမီရှင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာအပြင် အခြားသော ရလဒ်မရှိနိုင်ပေ။ အချိန်တစ်ခုထိတိုင်အောင် ရှိနေကြသော ထိပ်တန်းပါရမီရှင်များသည် ကုချိုးနှင့် အခြားသူများကို သတိထားစောင့်ကြည့်နေလိုက်ကြသည်။
အနီးဝန်းကျင်မှ ထိပ်တန်းပါရမီရှင်များ၏ စကားသံကို ကြားလိုက်ရသည့်အခါ ကုချိုးတို့ညီအစ်ကိုနှစ်ယောက်သည် အရမ်းကို ဝမ်းသာပျော်ရွှင်သွားကြသည်။ သူတို့က ဦးခေါင်းကို မြင့်မြင့်မော့လျက် ပတ်ဝန်းကျင်မှ အံ့အားတသင့်အသံများကို နှစ်သက်ကြည်နှုးနေကြသည်။ သေချာပါသည်၊ လုယက်ခြင်းလမ်းစဥ်က မှန်ကန်သော နည်းလမ်းပဲ ဖြစ်တော့သည်။ လုယက်ရတာ တကယ့်ကို အံ့ဖွယ်ပဲ!
ညီအစ်ကိုနှစ်ယောက်သည် ကျုံးကျီတို့ အုပ်စုကို မောက်မောက်မာမာ လှမ်းကြည့်လိုက်သည်။ ကြည့်စမ်း ! မင်းတို့ဂိုဏ်းတူအစ်ကိုကြီးတွေရဲ့ ဂုဏ်သရေထွန်းတောက်မှုက်ို ကြည့်လိုက်စမ်းပါ။ ပြီးတော့ မင်းတို့ကိုယ်မင်းတို့လည်း ပြန်ကြည့်လိုက်ပါဦး။ တကယ့်ကို မိုးနဲ့မြေပဲကွ။
ကျုံးကျီ နှင့် အခြားသောသူများ၏ နှုတ်ခမ်းထောင့်များသည် ထပ်မံ၍ တွန့်လိမ်သွားပြန်သည်။ သူတို့ဟာ ခေါင်းလှည့်လိုက်ကြပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ကြသည်။ သူတို့သည် ကုညီနောင်နှင့် အကွာအဝေးတစ်ခု ပိုင်းခြားချင်ပုံပေါ်သည်။ ဂ်ိုဏ်းတူအစ်ကိုကြီး နှစ်ယောက်နှင့်အတူတူ ရပ်တည်ရတာ ရှက်စရာကောင်းလိုက်တာ!
ခရက်
ဤအချိန်မှာပဲ ဧရာမနန်းတော်ကြီး၏ တံခါးသည် ရုတ်တရက် ပွင့်ဟ သွားခဲ့ကာ မြောက်များစွာသော ပါရမီရှင်များ၏ စိတ်အာရုံကို စွဲဆောင်လိုက်သည်။ နန်းတော်ကြီးဆီမှ ရှေးဆန်သော လေထုအငွေ့အသက်များ ထွက်ပေါ်လာခဲ့သော်လည်း ဘယ်သူကမျှ နန်းတော်ကြီးအတွင်းသို့ ဝင်ရောက်ရဲခြင်းမရှိကြပေ။
အဆိုပါ နန်းတော်ကြီးသည် လျှို့ဝှက် ဆန်းပြားရုံသာမက ခန့်မှန်း၍ မရနိုင်ပေ။ အထဲတွင် ဘယ်လိုအန္တရာယ်မျိုးရှိမလဲဆိုတာ ဘယ်သူကမှ မသိကြပေ။ ဒါ့အပြင် အရင်ဦးဆုံးဝင်ရောက်သူဟာ လျှို့ဝှက်နယ်မြေတစ်ခုလုံးရှိ ထိပ်တန်းပါရမီရှင်များ၏ ပစ်မှတ်ထားခြင်းက််ို ခံရမှာ ဖြစ်သည်။ ဘယ်သူကမှ ပစ်မှတ်ထားခြင်း မခံလိုကြပေ။
" ကျုံးကျီ ၊ဂိုဏ်းတူညီငယ်လေးတွေ ငါ့မှာ တောင်းဆိုမှုတစ်ခုရှိတယ် "
ဘယ်သူကမှ နန်းတော်ကြီးထဲကို မဝင်ရောက်ရဲတာကို တွေ့လိုက်ရသောအခါ ကုချိုးသည် မျက်လုံးမှိတ်လိုက်ပြီး ကျုံးကျီ၏ ပုခုံးကိုပုတ်ကာ တီးတိုးပြောဆိုလိုက်သည်။
" ဂိုဏ်းတူ အစ်ကိုကြီး တစ်ခုခုတွေးထားတာ ရှိရင် ကျုပ်ကိုပြောပါ။ "
ကျုံးကျီသည် ခပ်မဲ့မဲ့အပြုံးတစ်ခုနှင့်အတူ ခေါင်းကိုခါရမ်းလိုက်ကာ ပြောဆိုလိုက်သည်။
" မင်းတို့အားလုံးအနားကပ်လာခဲ့က "
ကုချိုး၏ မျက်နှာထက်၌ စိတ်ကျေနပ်သော အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူဟာ ကျုံးကျီ၏ ပုခုံးကိုပုတ်နေရင်းမှ ကျိယိုယန်နှင့် အခြားသောသူများကို လှမ်းကြည့်လိုက်ပြီး လေသံမာမာဖြင့် ခပ်တိုးတိုးပြောဆိုလိုက်သည်။
ဒါကိုမြင်တော့ ကျိယိုယန်နှင့် အခြားသောဖူမျိုးနွယ်စုမှ ပါရမီရှင်များသည် အနားသို့ တိုးကပ်လာကြသည်။
" အခု ထိပ်တန်းပါရမီရှင်တွေအများကြီးက အမွေအနှစ်ကို လိုချင်နေကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ အရင်မသွားရဲကြဘူး။ ဒိီလိုဆိုမှတော့ ဒီကအကိုကြီးပဲ လှုပ်ရှားရတော့မှာပေါ့။ ဖူရွှယ်ကန်း မင်းက ဖူမျိုးနွယ်စုရဲ့ တပည့်တွေကို ဦးဆောင်ပြီး စကြာဝဠာအဆောင်လက်ဖွဲ့အစီအရင်ကို နောက်ထပ်တစ်ခါ ခင်းကျင်းမယ်။ ဂိုဏ်းတူညီငယ် ကျုံးကျီ တို့ကတော့ သူတို့အတွက် အချိန်ဆွဲပေးရမယ်။ "
ကုချိုးသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး သူ၏အစီအစဥ်ကို ထုတ်ဖော်ပြလိုက်သည်။
" အကိုကြီးတို့ကျတော့ရော? "
ကျုံးကျီက ကုချိုးကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။
" ဂိုဏ်းတူအစ်ကိုကြီးဖြစ်တဲ့ ငါတို့က အန္တရာယ်အကြီးမားဆုံးအရာကို ရင်ဆိုင်တော့မှာပေါ့ကွာ။ ငါ့ရဲ့အကိုကြီး ကုကန်းချိုးနဲ့ ငါက ပိုလို့တောင် အန္တရာယ်ကြီးသေးတယ်။ ငါတို့က လျှို့ဝှက်အမွေအနှစ်ကို သွားရှာကြမယ်။ ဒီနန်းတော်ကြီးရဲ့ အခြေအနေက ဘာမှန်းမသိရသေးဘူး။ အန္တရာယ်တွေကလည်း ခန့်မှန်းလို့မရဘူး။ "
" ငါတို့ကို ဂိုဏ်းတူအကိုကြီးတွေလို့ ဘာလို့ခေါ်တာလဲ။ ငါတို့က အခက်အခဲဆုံးနဲ့ အကြမ်းတန်းဆုံးတာဝန်တွေကို လုပ်ဆောင်ရမှာမို့လို့ပဲ။ ငါတို့လုပ်ရမှာနဲ့ယှဥ်ရင် အဲဒီရူးကြောင်ကြောင် ထိပ်တန်းပါရမီရှင်တွေနဲ့ ရင်ဆိုင်ရတာက လွယ်ပါတယ်ကွာ။ "
ကုချိုးသည် သက်ပြင်းချလိုက်ပြီး ခေါင်းကိုခါရမ်းကာ ပြောဆိုလိုက်သည်။ သူဟာ ကြီးကျယ်သော စွန့်လွှတ်မှုကို ပြုလုပ်နေသည့်အလားပင်။
ကုချိုး၏ စကားကို ကြားလိုက်ရသည့်အခါ ကျုံးကျီနှင့် အခြားသောသူများ၏ အမူအရာများသည် ပျက်ယွင်းသွားကြသည်။ သူတို့ဟာ ထိုအရူးညီအစ်ကိုနှစ်ယောက်၏ အရှက်မဲ့မှုကို အထင်သေးခဲ့ကြသည်။
ရာကျော်သော ထိပ်တန်းပါရမီရှင်များ၊ အနည်းဆုံး တာအိုဧကရာဇ်အဆင့်ရှိသော ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရတာက လွယ်ကူတယ်တဲ့လား။ အမွေအနှစ်နန်းတော်ကြီးအတွင်းရှိ အန္တရာယ်မှာ ဘာမှန်းမသိသော်လည်း ကျုံးကျီတို့ ရင်ဆိုင်ရမည့် အန္တရာယ်ကတောင် ကြီးမားနေပြီ ဖြစ်သည်။
ကျုံးကျီနှင့် အခြားသောသူများသည် တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး သက်ပြင်းဖွဖွချလိုက်ကြသည်။ ဒါက သူတို့လုပ်နိုင်တာ အကုန်ပါပဲလေ။ ဒီလိုမှမဟုတ်ရင် ဘယ်သူကမှ ဘာကိုမှ ပြုလုပ်နိုင်မှာ မဟုတ်တော့ချေ။ ထို့အတွက်ကြောင့် သူတို့ဟာ ဒီအစီအစဥ်အတိုင်းသာ ပြုလုပ်ရပေလိမ့်မည်။ ဖူရွှယ်ကန်းနှင့် အခြားသောသူများသာ စကြာဝဠာ အဆောင်လက်ဖွဲ့ အစီအရင်ကို ခင်းကျင်းပြီးပါက သူတို့အားလုံးလုံခြုံသွားကြလိမ့်မည်။ ဖူရွှယ်ကန်းတို့အုပ်စု အစီအရင် ခင်းကျင်းနေစဥ်ကာလအတွင်း၌သာ ကြီးမားသောအန္တရာယ်ကို ရင်ဆိုင်ရမှာဖြစ်သည်။
" အကိုကြီးတို့ သွားပါ။ ကျုပ်ဒီမှာ စောင့်နေသရွေ့ ဘယ်သူကမျှ နန်းတော်ကြီးထဲကို မဝင်နိုင်စေရဘူး။"
ကျုံးကျီသည် ကုချိုးတို့ညီအစ်ကိုနှစ်ယောက်ကို စိုက်ကြည့်ပြီး ခိုင်မြဲစွာပြောဆိုလိုက်သည်။
ညီအစ်ကိုကောင်းပဲ။ တကယ့်ကို တော်ပါပေတယ်။
နောက်တစ်ကြိမ် ငါတို့ လုယက်တဲ့အခါမင်းတို့ကိုလည်း ခေါ်သွားပေးပါ့မယ်လေ။
ကုချိုးတို့ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြကာ သူတို့မျက်နှာထက်၌ ပျော်ရွှင်မှုများဖြစ်ပေါ်လာကြသည်။ သူတို့က စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ကြသည်။
" ဖွတ်ကျားတစ်အုပ်စုပဲ။ အမွေအနှစ်က မင်းတို့ရှေ့မှာရှိနေတာတောင် ဘယ်သူကမှ မသွားရဲကြဘူး။ ရယ်စရာကောင်းလိုက်တာ။ "
" ထားလိုက်ပါတော့၊ ငါတို့လုယက်ခြင်းဘုရင်နှစ်ပါးကပဲ ဦးဆောင်ပေးပါ့မယ်လေ။ "
ကျုံးကျီနှင့် အခြားသောသူများ၏ လက်ခံမှုကို သိရှိလိုက်ရသည့်အခါ ကုချိုးတို့ညီအစ်ကိုနှစ်ယောက်သည် တုံ့ဆိုင်းမနေတော့ပေ။ သူတို့၏ ခန္ဓာကိုယ်များက ဖျက်ကနဲ ပျောက်ကွယ်သွားကြပြီး ဧရာမနန်းတော်ကြီး၏ တံခါးဝရှိရာသို့ ပျံသန်းသွားလေသည်။
ကောင်းပေစွ။ ဒီညီအစ်ကိုနှစ်ယောက်က သူတို့ကိုရန်စလိုက်တာလား။
လူအားလုံးဟာ ပြောစရာစကားကင်းမဲ့သွားကြကာ ဒေါသအမျက်ချောင်းချောင်းထွက်လာကြသည်။
ကျုံးကျီသည် စတင်မလှုပ်ရှားရသေးမှီ များစွာသော လူငယ်ပါရမီရှင်များကို လှမ်းကြည့်လိုက်ပြီး ဖူရွှယ်ကန်းတို့ အုပ်စုအား အစီအစဥ်ကို ရှင်းပြလိုက်သည်။
ဖူရွှယ်ကန်းတို့အုပ်စုကလည်း လျစ်လျူရှု့မထားရဲကြပေ။ သူတို့၏ ပုံရိပ်များပျောက်ကွယ်သွားခဲ့ကြကာ စကြာဝဠာအဆောင်လက်ဖွဲ့အစီအရင်ကိုခင်းကျင်းလိုက်ကြသည်။
" သတ်ကြ "
" အမွေအနှစ်ကို သူတို့ရမသွားစေနဲ့ "
" သေစမ်း။ မင်းတို့ကများ ငါ့ကို လှောင်ပြောင်ရဲတယ်ပေါ့လေ။ ဒီညီအစ်ကို နှစ်ယောက်ကို ဘေးဒုက္ခဆိုတာဘာလဲ ပြလိုက်ကြရအောင်။ "
" လုယက်ခြင်းရဲ့ဘုရင်တဲ့လား။ မင်းတို့ကို အပိုင်းပိုင်းအစစဖြတ်တောက်ပစ်မယ်။ "
ဤအချိန်မှာပဲ ရှိနေကြသော ထိပ်တန်းပါရမီရှင်များသည် တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြကာ ဒေါသတကြီးဟစ်ကြွေးလျက် စွမ်းအားအရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က ကုချိုးတို့ညီအစ်ကို နှစ်ယောက်ဘက်ကို လိုက်ပါသွားကြလေသည်။ ဒါကို တွေ့တော့ ကျုံးကျီတို့ သုံးယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တုံ့ဆိုင်းခြင်းမရှိဘဲ တာအိုဧကရာဇ် အလယ်အလတ်အဆင့်ရှိသော ကျင့်ကြံမှု စွမ်းအားကို ထုတ်ဖော်လိုက်လေသည်။ သူတို့၏ ခမ်းနားကြီးကျယ်သော စွမ်းအင်များက အရပ်လေးမျက်နှာကို ပျံ့နှံ့သွားသည်။
စွမ်းအားကြီးသော တိုက်ကွက်များသည် ရုတ်တရက်ထွက်ပေါ်လာပြီး ထိပ်တန်းပါရမီရှင်ပေါင်းများစွာကို ထိခတ်မိသွားသည်။ ခမ်းနားကြီးကျယ်သော စွမ်းအားအရှိန်အဝါများက လေထုတစ်ခုလုံးက်ို တုန်ယင်လာစေခဲ့သည်။
" ရယ်စရာပဲ ၊ တာအိုဧကရာဇ် အလယ်အလတ်အဆင့်သုံးယောက်က ငါတို့ကို တားဆီးချင်တာလား။ "
ကျုံးကျီတို့ သုံးယောက်၏ ပိတ်ပင်တားဆီးမှုကို တွေ့မြင်လိုက်ရသည့်အခါ များစွာသော ထိတ်တန်းပါရမီရှင်များသည် လှောင်ပြောင်လိုက်ကြသည်။ သူတို့ဟာလည်း တိုက်ကွက်များက်ို ထုတ်ဖော်လိုက်ကြပြီး ကျုံးကျီ တို့သုံးယောက်ကို နေရာမှာတင် သတ်ဖြတ်ရန် ပြုလုပ်လိုက်ကြသည်။ သူတို့ဘက်၌ ရာကျော်သော ထိပ်တန်းပါရမီရှင်များ ရှိနေကြသည်။ ဘယ်သူကများ သူတို့ကို တားန်ိုင်မလဲ။
သို့ပါသော်လည်း ကျုံးကျီတို့ သုံးယောက်သည် နောက်ဆုတ်သွားခြင်းမရှိခဲ့ပေ။ ထိုအစားသူတို့သည် ပိုမိုတိုက်ပွဲဝင်စိတ်များန်ိုးကြွားလာကာ သူတို့၏ အရှိန်အဝါများက မိုးကောင်းကင်ထိတိုင် မြှောက်တက် သွားခဲ့ကြသည်။ သူတို့ခန္ဓာကိုယ်အတွင်းရှိ
စွမ်းအားများမှာ အဆက်မပြတ်လှုပ်ရှားနေခဲ့သည်။
" မဟူရာဓား ခုတ်ပိုင်းချက် "
" နှင်းမြူဓားချက် "
" ထိုက်ရွှမ်နဝဓား "
ကျုံးကျီတို့သုံးယောက်သည် တုံ့ဆိုင်းနေခြင်းမရှိကြပဲ သူတို့၏ အသန်မာဆုံးတိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ ထိတ်လန့်ခြောက်ခြားဖွယ်ရာကောင်းသော အနက်ရောင်ဓားကြီး ၊ ရေခဲတမျှအေးစက်နေသော အဖြူရောင်ဓားကြီးနှင့် ၊ မိုးကောင်းကင်မှ ထုတ်ဖော်လိုက်သော ထိုက်ရွှမ်ဓားကြီးတို့သည် လေထုအတွင်းထွက်ပေါ်လာခဲ့သည်။ မျက်တောက်တခတ်အတွင်းမှာပဲ အဆိုပါတိုက်ကွက်များသည် ထိပ်တန်းပါရမီရှင်များရှိရာ အုပ်စုဘက်ကို အလွန်လျင်မြန်သော နှုန်းထားဖြင့်ပြေးဝင်သွားသည်။
" ညီငယ်လေး မင်းဘာသာသွားပြီး အမွေအနှစ်ကို ရှာဖွေလိုက်ပါ။ အကိုကြီးက ဂိုဏ်းတူညီလေးတွေကို ကူညီလိုက်ဦးမယ်။ "
နန်းတော်ဂိတ်တံခါးနားကို ရောက်လာသောအခါ ကုကန်းချိုးသည် အနောက်ကို လှည့်ကြည့်လိုက်ပြီး ကုချိုးကို ပြောဆိုလိုက်သည်။
ကုချိုးက လည်ပြန်လှည့်ကြည့်ကာ တခဏကြာ တုံ့ဆိုင်းသွားပြီးမှ ပြောဆိုလိုက်သည်။
" အစ်ကိုကြီး ကျုပ်တို့ညီအစ်ကိုနှစ်ယောက်က လူမှုရေးကိစ္စတွေမှာ ပါဝင်ပတ်သတ်ခြင်းမရှိခဲ့ကြဘူး။ အဲဒီ ဂိုဏ်းတူညီငယ်လေးတွေက ကျုပ်တို့ဂုဏ်သရေကြီးမြတ်ဟန် ဆောင်ခဲ့တာကို ဝင်ရောက်နှောက်ယှက်ခဲ့တယ်။ ဒါပေမယ့်လည်း သူတို့က ဂိုဏ်းတူညီငယ်လေးတွေပဲလေ။ သူတို့ကို ဘာမှဖြစ်ခွင့်မပေးနိုင်ဘူး။ တကယ်လို့ အကိုကြီးတို့သာ မခုခံနိုင်ဘူးဆိုရင် အဲဒီလူတွေကို နန်းတော်အတွင်း ဝင်ခွင့်ပေးလိုက်ပါ။ "
" ဒီလိုဆိုရင် မင်းက နန်းတော်ကြီးထဲမှာ တစ်ယောက်ထဲရှိနေမယ့် ရှန်ရှန့်ကျုံဂိုဏ်းသားပဲ။ ထိပ်တန်းပါရမီရှင်များအများကြီးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် မင်းရဲ့ ရလဒ်က... "
ကုကန်းချိုးသည် ကုချိုးကိုကြည့်ကာ သက်ပြင်းပြင်းပြင်းရှုလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
" ညီငယ်လေး မစိုးရိမ်ပါနဲ့။ ဂိုဏ်းတူညီငယ်လေးတွေက နည်းနည်းအားနည်းတော့ သူတို့အားလုံးကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီအစ်ကိုကြီးသာ လှုပ်ရှားလိုက်လျှင် ရန်သူတွေအားလုံး ဒူးထောက်ကြရလိမ့်မယ်။ အစ်ကိုကြီးက လုယက်ခြင်းရဲ့ ဘုရင်ပဲလေ။ "
" ဟုတ်တာပေါ့၊ အစ်ကိုကြီးက ကျုပ် ကုချိုးရဲ့ အစ်ကိုကြီးပါပဲလေ။ ကျုပ် ကုချိုးကလည်း အရမ်းကိုသန်မာနေမှတော့ အစ်ကိုကြီးကလည်း ပ်ိုပြီးတော့တောင် သန်မာနေမှာပေါ့။ ဒီနေရာမှာ အစ်ကိုကြီးရဲ့ ပြိုင်ဘက်မရှိနိုင်ဘူး။ "
ကုချိုးသည် သွားဖြီးပြုံးကာ ပြောဆိုလိုက်သည်။
ညီအစ်ကိုနှစ်ယောက်သည် နန်းတော်ကြီးအရှေ့၌ လမ်းခွဲလ်ိုက်ကြကာ တုံ့ဆိုင်းခြင်းမရှိ ဆက်လက်ထွက်ခွာသွားကြသည်။ တစ်ယောက်သည်ကား နန်းတော်ကြီးအတွင်းဘက် ဦးတည်သွားခြင်းဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ထိပ်တန်းပါရမီရှင်များ ရှိလာဘက်သို့သာတည်း။