မိတ်ဆွေဟောင်းများ တဒင်္ဂတွေ့ဆုံရခြင်း။
Vol. 22 Ch. 303
လမ်းစဉ်ကိုးခုသည် အဆုံးစွန်သောကန့်သတ်ချက်ဖြစ်ပြီး လမ်းစဉ်၁၀ခုကတော့ အံ့ချီးဖွယ်ရာဖြစ်၏။
ရှေးယခင်အချိန်မှစ၍ လူအနည်းစုကသာ ကန့်သတ်ချက်များကိုဖြတ်ကျော်၍ အံ့ချီးဖွယ်ရာများကို လုပ်ဆောင်နိုင်ခဲ့ကြသည်။ ထိုအဆင့်သို့ရောက်အောင်ပြုလုပ်နိုင်ပါက သူတို့ကို အံ့ချီးဖွယ်ရာပါရမီရှင်များဟု ခေါ်ဆိုရမည်ဖြစ်သည်။
နတ်ဆိုးနတ်ဘုရားသည် ကုချိုးကိုလှမ်းကြည့်လိုက်ပြီး ထိုကောင်ငယ်လေး၏ ကံကောင်းပုံအကြောင်းကို လျှို့ဝှက်စွာမတွေးတောပဲ မနေနိုင်တော့ချေ။သူ့တွင်သာ ထိုကဲ့သို့ကံကောင်းမှုမျိုးရှိနေပါက သူ၏အောင်မြင်မှုများမှာလည်း ဤမျှလောက်နှင့် ရပ်တန့်နေမှာမဟုတ်ပေ။
ပို၍ကြောက်လန့်ဖွယ်ကောင်းသည်က ဒီရူးကြောင်ကြောင်တပည့်လေး ပေါင်းစည်းထားသောနတ်ဆိုးလမ်းစဉ်ဆယ်ခုမှာ သာမန်မဟုတ်ကြောင်း နတ်ဆိုးနတ်ဘုရားကသိရှိထားသည်။ ၎င်းတို့မှာ အစစ်အမှန်လမ်းစဉ်များသာ ဖြစ်သည်။
နတ်ဆိုးဆယ်ပါးလမ်းစဉ်များသည် ပြီးပြည့်စုံခြင်းမရှိသေးဘဲ နတ်ဆိုးနတ်ဘုရား၏ ချိတ်ပိတ်ခြင်းကို ခံထားရသည်။ ကုချိုး၏ကျင့်ကြံမှုမြင့်တက်လာသည်နှင့်အမျှ နတ်ဆိုးဆယ်ပါးလမ်းစဉ်များသည်လည်း တဖြည်းဖြည်းနှင့်ချိပ်စည်းပျက်ပြယ်လာမည်ဖြစ်ပြီး ကုချိုးအား နတ်ဆိုးဆယ်ပါးလမ်းစဉ်ကို ပိုမိုသဘောပေါက်နားလည်လာအောင် ကူညီပေးမှာသာဖြစ်၏။ ဒါကသာ သူ၏အစစ်အမှန်အမွေအနှစ်ပဲဖြစ်လေတော့သည်။
သို့ပါသော်လည်း ဒီကောင်ငယ်လေး၏ ရည်မှန်းချက်များကတော့ အနည်းငယ်အားပျော့နေသေးသည်။ ကျင့်ကြံဆင့်တက်သွားပြီး ပထမဆုံးတွေးမိတဲ့အရာက လုယက်ဖို့တဲ့လား။ မြတ်စွာဘုရား ! ။ ငါဒီလိုအံ့ချီးဖွယ်တပည့်ကို လက်ခံမိလိုက်ပါတကား။
ဤသည်မှာ အနည်းငယ်ထူးဆန်းသော်လည်း ဒီတပည့်လေး၏ပါရမီကိုတော့ နတ်ဆိုးနတ်ဘုရားကတောင် မနာလိုဖြစ်နေရသည်။
နတ်ဆိုးနတ်ဘုရားချီးမြင့်ခဲ့သော နတ်ဆိုးဆယ်ပါးလမ်းစဉ်နိယာမများသာမက ကံတရား၏အဆန်းကြယ်ဆုံးနိယာမဖြစ်သော လုယက်ခြင်းလမ်းစဉ်ကိုလည်း ဒီတပည့်လေးက နားလည်ထားသည်။ လုယက်ခြင်းမှာ ယင်နှင့်ယန်မှမွေးဖွားလာခြင်းဖြစ်ပြီး ကံတရား၏လမ်းစဉ်တစ်ခုလည်းဖြစ်၏။
သူ၏တပည့်ငယ်လေးသည် အနာဂတ်တွင် မည်မျှတာသွားမည်ကို နတ်ဆိုးနတ်ဘုရားကတောင် ခန့်မှန်းနိုင်ခြင်းမရှိတော့ပေ။
" ဆရာသခင်ကို ကျေးဇူးတင်ပါတယ်။ "
ဓားပြတိုက်ဖို့ အစီအစဉ်တချို့ကို စဉ်းစားလိုက်ပြီးနောက် ကုချိုးဟာသတိပြန်လည်လာပြီး နတ်ဆိုးနတ်ဘုရားကို ကျေးဇူးတင်လိုက်သည်။
" အဆင်ပြေပါတယ် ။ ဒီဆရာသခင်က မင်းကိုတကယ်တွေ့ရမယ့်နေ့ကို စောင့်မျှော်နေမိပြီ။ မင်းကောင်းကောင်း ကျင့်ကြံမယ်လို့မျှော်လင့်တယ်။ ဒီဆရာသခင်ကို စိတ်မပျက်စေနဲ့။ "ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားက လက်ကိုဝှေ့ယမ်းကာဖြင့် တည်ငြိမ်စွာပြောလိုက်သည်။
" ဟမ် ! အခုလည်းဆရာသခင်ကို တွေ့မြင်နေရတာမဟုတ်ဘူးလား။ ဖြစ်နိုင်တာက ဆရာကသေသွားပြီးသားလား။ ဒါဆိုရင်တော့မလုပ်ပါနဲ့။ ဒီတပည့်လေးမှာ သက်တမ်းအရှည်ကြီးရှိသေးတယ်။ ဆရာသခင်ကို အလျင်စလိုလာမတွေ့ချင်ဘူး။ "
နတ်ဆိုးနတ်ဘုရား၏စကားကို ကြားလိုက်ရသည်အခါ ကုချိုးက ကြောင်အသွားသည်။ ထို့နောက်မှာ သူက တစ်စုံတစ်ခုကိုတွေးမိသွားသည့်ပုံမျိုးဖြင့် လက်ကို ထပ်ခါထပ်ခါ ဝှေ့ယမ်းကာဖြင့် ပြောလိုက်သည်။
နတ်ဆိုးနတ်ဘုရား၏မျက်နှာသည် မဲမှောင်သွားသည်။ သူဟာ ကုချိုးကိုသေလုမျောပါး ရိုက်နှက်ချင်သည့်စိတ်ကို အတင်းအကျပ်မျိုသိပ်လိုက်ရသည်။ တယ် ကောင်းတဲ့တပည့်လေးပါလား။ ငါ့ကိုယ်ပိုင်တပည့်ရဲ့ ကျိန်ဆဲခြင်းကိုခံလိုက်ရတာလား။
" ဘာတွေပေါက်တက်ကရ ပြောနေတာလဲ။ ဒါကဆရာသခင်ချန်ထားခဲ့တဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ တကယ့်ဆရာသခင်အစစ်က ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာကြီး ရှိနေတာကွ။ " နတ်ဆိုးနတ်ဘုရားက ဆူပူမာန်မဲလိုက်သည်။
" အို ! ဆရာကမသေသေးဘူးပေါ့။ ကောင်းလိုက်တာ ။ ဒါဆိုရင်ဆရာအစစ်ကဘယ်မှာလဲ။ ဘာလို့တပည့်လေးကိုလာမတွေ့တာလဲ ။ ဒီတပည့်က ဆရာ့ကို လုယက်ဖို့ခေါ်သွားမှာပေါ့။ စိတ်မပူပါနဲ့။ ဒီတပည့်က တလှမ်းပြီးတစ်လှမ်းလျှောက်လှမ်းရင်း လုယက်ခြင်းဘုရင်ဘွဲ့ကို ထိုက်တန်အောင် ပြုလုပ်မှာပါ။ "
ကုချိုး၏ပါးစပ်မှ စကားလုံးတသီတတန်းကြီး ထွက်ပေါ်လာခဲ့သည်။ လုယက်ခြင်းအကြောင်းကိုပြောလိုက်သည့်အခါ သူက ရင်ဘတ်ကိုထပ်ခါထပ်ခါပုတ်လိုက်ပြီး အလွန်အမင်းတည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏နတ်ဆိုးနတ်ဘုရားသည် အနည်းငယ်နောင်တရသလို ခံစားလိုက်ရ၏။ ဒီလိုအံ့ချီးဖွယ်ရာတပည့်မျိုးကို လက်ခံလိုက်တာ ပြစ်မှုကြီးတစ်ခုပဲ!
" မင်းရဲ့ဆရာသခင်က ဟုန်ကန်းနတ်ဘုရားနယ်မြေမှာပဲကွ။ မင်းမှာသာ ကျင့်ကြံမှုလုံလုံလောက်လောက် ရှိရင် ဆရာသခင်ကို တွေ့နိုင်လိမ့်မယ်။ " ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏နတ်ဆိုးနတ်ဘုရားက ကုချိုးကိုကြည့်ကာ ရယ်ကာမောကာဖြင့် ပြောဆိုလိုက်သည်။
" ဟုန်ကန်းနတ်ဘုရားနယ်မြေ ဟုတ်လား။ အဲဒါကဘယ်လိုနေရာမျိုးလဲ။ " ကုချိုးက စိတ်ရှုပ်ထွေးနေသောအမူအရာမျိုးဖြင့် လျှင်မြန်စွာမေးမြန်းလိုက်သည်။
" မင်းအခုရှိနေတဲ့နေရာက ရှီဖုန်းနယ်မြေတွေရဲ့ အလယ်ဗဟိုမှာရှိတဲ့ ရှန်းလန်ဒေသပဲ။ ရှန်းလန်ဒေသနှင့် အနီးအနားကဒေသတွေကိုစုပေါင်းပြီးတော့ ရှီဖုန်းနယ်မြေလို့ခေါ်တယ်။ အဲဒါက အလယ်အလတ်ကမ္ဘာတစ်လုံးပဲ။ "
" ဒါ့အပြင် အလယ်အလတ်ကမ္ဘာကြီးတွေကိုအုပ်ချုပ်တဲ့ ဖုန်းယွမ်လောကဆယ်ခုကတော့ အဆင့်မြင့်ကမ္ဘာတွေပဲ ။ အဲ့ဒီ့ဖုန်းယွမ်လောကဆယ်ခုက ယွမ်ဟွာလောကလို့ခေါ်တဲ့ အဆင့်မြင့်ကမ္ဘာကြီးထဲမှာတည်ရှိတာ။ ယွမ်ဟွာဘုံလောကက အလယ်အလတ်ကမ္ဘာတွေ ဒါဇင်ချီပြီးတော့ကို ထိန်းချုပ်အုပ်စိုးထားတယ်။ "
" အဲ့ဒီ့ထက်ပိုမြင့်တဲ့ ကမ္ဘာတွေအကြောင်းကိုတော့ မင်းပိုသိရင်တောင် အသုံးမဝင်နိုင်ဘူး။ မင်းအတွက်ပြဿနာတွေကိုပဲ ဖြစ်စေလိမ့်မယ်။ မင်းရဲ့ကျင့်ကြံမှုသာမြင့်တက်လာလျှင် သဘာဝကျစွာနဲ့ အလိုအလျောက်သိလာမှာပေါ့။ "
" ဒီဆရာသခင်နေထိုင်တဲ့ ဟုန်ကန်းနတ်ဘုရားနယ်မြေကတော့ ယွမ်ဟွာဘုံလောကထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုအဆင့်မြင့်တယ်။ မင်းသာ ဒီဆရာသခင်ကိုတွေ့ချင်တယ်ဆိုရင် အလုပ်ပိုကြိုးစားရမယ်။ "
ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားသည် ကုချိုးကိုစူးစိုက်ကြည့်ကာ ရယ်ကာမောကာပြောလိုက်သည်။
နတ်ဆိုးနတ်ဘုရား၏စကားကို ကြားလိုက်ရသည့်အခါ ကုချိုးတစ်ယောက် ပထမဦးစွာအံ့အားသင့်သွားပြီး ယင်းနောက်မှ ဝမ်းသာပျော်ရွှင်သွားသည်။ အဆင့်မြင့်ကမ္ဘာ အများကြီးရှိနေသေးသည်။ ထို့အတွက်ကြောင့် သူ၏လုယက်ခြင်းလမ်းစဉ်ကို ပိုမိုပြီးပြည့်စုံအောင် လုပ်တော့မည်ဖြစ်သည်။
ဟ..ဟ..ဟ.. ။ ငါက အချည်းနှီးစိုးရိမ်နေမိတာပဲ။ ခုချိန်မှာ ငါကလုယက်ခြင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်အထိအောင် သွားရောက်ရမယ်။
ဖုန်းယွမ်ဘုံလောက၁၀ခုကိုလုယက်ပြီးရင် ယွမ်ဟွာကောင်းကင်ဘုံကိုလည်း လုယက်ရမယ်။ တစ်နေ့နေ့မှာ ဟုန်ကန်းနတ်ဘုရားနယ်မြေကိုသွားပြီး လုယက်ရမယ်ကွ။ အဲ့ဒီ့လိုဆိုရင် ဆရာသခင်အရမ်းထိတ်လန့်သွားမှာပဲကွ။ ဟီး ဟီး။
ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားက ရယ်မောလိုက်သည်။ ရူးလိုက်တဲ့တပည့်လေး။ မင်းသာ ဟုန်ကန်းနတ်ဘုရားနယ်မြေကိုလုယက်နိုင်ရင် မင်းကိုတောင်ငါကပြန်ပြီး ဆရာတင်လိုက်ဦးမယ်။
ဤအချိန်တွင် ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားသည် ကုချိုးနှင့်ပတ်သက်ပြီး အသားကျသွားပြီဖြစ်သည်။ ထိုသူက လုယက်ဖို့ရာ၌တွေးတောနေသော အရူးကောင်လေးဖြစ်သည်။ သူ့တပည့်လေး၏ရည်မှန်းချက်မှာ ကမ္ဘာဆုံးထိတိုင်အောင် လိုက်လံလုယက်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဒီလိုဆိုရင်လည်း ပိုမိုသန်မာလာနိုင်တာပဲလေ။
" အခု အမွေအနှစ်ကိုလည်း လက်လွှဲပြီးပြီးဆိုတော့ ဒီဆရာသခင်ကထွက်ခွာသွားတော့မယ် ။ ဒီဆရာသခင် အမွေအနှစ်လွှဲပြောင်းပြီးလို့ နောက်ဆုံးကျန်ရစ်ခဲ့တဲ့စွမ်းအားတစ်ချို့ကိုအသုံးပြုပြီး မိတ်ဆွေဟောင်းကြီးတစ်ယောက်ကို သွားတွေ့လိုက်ဦးမယ်။ " ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏နတ်ဆိုးနတ်ဘုရားက လက်ကိုဝှေ့ရမ်းကာပြောလိုက်သည်။
" ဆရာသခင် ကျေးဇူးပြုပြီးဂရုစိုက်ပါ။ ဒီတပည့်က ဆရာသခင်မျှော်လင့်တဲ့အတိုင်း နေထိုင်ပါ့မယ်။ ဒီတပည့်ဟုန်ကန်းနတ်ဘုရားနယ်မြေကိုရောက်လာရင် ဆရာသခင်အတွက် လက်ဆောင်ကြီးတစ်ခုပေးပို့ပါမယ်။ " ကုချိုးက အလျင်အမြန်ဂါရဝပြုလိုက်ပြီး လေးနက်စွာပြောလိုက်သည်။
သူက ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားနှင့် အချိန်တိုကလေးတစ်ခုအတွင်းမှာတွေ့ဆုံခဲ့ရသော်လည်း ကုချိုးသည် နတ်ဆိုးနတ်ဘုရားမှာ သူ့အပေါ် တကယ်ကြီးကောင်းကြောင်း ခံစားနေရသည်။ သူ၏ဦးနှောက်က လုံလောက်အောင်မကောင်းမွန်တာကြောင့် သူ၏နှလုံးသားက ပိုမို၍နူးညံ့ကာ ထိခိုက်လွယ်လေသည်။
ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားမှတစ်ဆင့် ကုချိုးသည် အကြီးအကဲများထံမှရရှိသော နွေးထွေးမှုတစ်မျိုးကို ခံစားလိုက်ရသည်။ ဒါက ကုချိုးအတွက် တန်ဖိုးကြီးလှလေသည်။ ကုချိုးဟာ မိသားစုမေတ္တာကို ငတ်နေသူမဟုတ်ပါလော။
" ကောင်းပြီ။ အဲဒီနေ့ကို ဒီဆရာက စောင့်နေပါ့မယ်။ "ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားက ပြုံးလိုက်ပြီး ညင်သာစွာပြောလိုက်သည်။
ဟုန်ကန်းနတ်ဘုရားနယ်မြေမှ တစ်စုံတစ်ယောက်သာ ဒီမြင်ကွင်းကိုတွေ့မြင်လိုက်ရပါက အကြီးအကျယ် ထိတ်လန့်သွားမှာပဲဖြစ်သည်။ ဟုန်ကန်းနတ်ဘုရားနယ်မြေတစ်ခုလုံးတွင် အရက်စက်ဆုံးဟု တင်စားရသော ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားသည် ဤအချိန်တွင် နွေးထွေးစွာ ပြုံးနေခဲ့၏။
ကုချိုးက နက်နက်ရှိုင်းရှိုင်း ထပ်မံဂါဝရပြုလိုက်ပြီး အဝေးသို့လှည့်ကာ ထွက်သွားလေသည်။
ဒါကိုမြင်တော့ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားကလည်း ကုချိုး၏ကျောပြင်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး နန်းတော်ကြီးအတွင်းမှ ရုတ်ချည်းပျောက်ကွယ်သွားလေတော့သည်။
ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရား ပျောက်ကွယ်သွားပြီးသည့်နောက် ရှေးဟောင်းနယ်မြေအတွင်းရှိ ရှန်ရှန့်ကျုံဂိုဏ်း၌ရှိနေသော ယဲ့မုချင်၏ပုံရိပ်ကလည်း ပျောက်ကွယ်သွားသည်။
ကြယ်ရောင်စုံသောကောင်းကင်ယံ၏ လျို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာတွင် နတ်ဆိုးနတ်ဘုရား၏ပုံရိပ်က ထပ်ဖန်တစ်ခါ ထွက်ပေါ်လာခဲ့သည်။ သူ၏ရှေ့မှာတော့ ဇာဂါဝန်ကိုဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကိုနောက်ပစ်ထားသော ယဲ့မုချင်ရှိနေခဲ့သည်။ သူမက တဖြည်းဖြည်းချင်းထွက်ပေါ်လာသော နတ်ဆိုးနတ်ဘုရားအား ငေးစိုက်ကြည့်နေမိသည်။ သူမ၏လှပသောမျက်ဝန်းအိမ်များအတွင်း၌ စိတ်ခံစားမှုများ ရှိနေခဲ့သည်။
" ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၊ ရှင်က နတ်ဆိုးဆယ်ပါးလမ်းစဉ်ကို ကျွန်မတို့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းသားတစ်ယောက်ဆီ တကယ်ကြီးလွှဲပြောင်းပေးခဲ့တာပဲ။ " ယဲ့မုချင်က ပထမဆုံးပြောဆိုလ်ိုက်၏။ သူမ၏ အံ့ဩမှင်သက်လောက်အောင် လှပသောမျက်နှာကလေးထက်၌ နူးညံ့မှုအရိပ်အယောင်များ ရှိနေခဲ့သည်။
သူမနှင့်သူငယ်ချင်းဖြစ်နိုင်သော လူပုဂ္ဂိုလ်ဟူ၍ များစွာမရှိပေ။ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားမှာ သူမသူငယ်ချင်းများအနက် တစ်ယောက်ဖြစ်သည်။
" ကံကြမ္မာအလ်ိုတိုင်းပဲပေါ့ ။ "
ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားက တိုးဖွစွာပြောလိုက်ရင်း ခပ်ယောင်ယောင်ပြုံးလိုက်သည်။ သူ၏လေသံ၌ ပျော်ရွှင်မှုများရှိနေခဲ့သည်။ သူ့မိတ်ဆွေတစ်ယောက်ဖြစ်သော ယဲ့မုချင်ကို သေပြီဟုတွေးထင်ခဲ့သည်။ သို့ပါသော်လည်း သူမက လျို့ဝှက်ဆန်းပြားသော စီစဉ်မှုကြီးတစ်ခုကို ပြုလုပ်နေလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။ ဧကရီအရှင်ဆိုသောနာမနှင့် ထိုက်တန်ပါပေတယ်လေ။
" မင်းရဲ့ ချစ်ခြင်းတရားတာအိုကို မေ့လျော့ခြင်းအဆင့်ထိအောင် ကျင့်ကြံပြီးပြီပဲ။ မင်း ရက်စက်ခြင်းတာအိုနယ်ပယ်ကိုရောက်ရှိဖို့ဆိုရင် အချိန်တစ်ခုကြာမှာကို ငါစိုးရိမ်မိတယ်။ " ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားသည် ယဲ့မုချင်ကိုစူးစိုက်ကြည့်နေရင်းမှ သူ၏မျက်ဝန်းများဟာလင်းလက်လာပြီး နက်ရှိုင်းသောလေသံဖြင့်ပြောလိုက်၏။
" ငါအလျင်မလိုပါဘူး။ " ယဲ့မုချင်ကပြုံးလိုက်ပြီး ခပ်ဖွဖွပြောဆိုလိုက်သည်။
" ငါတို့သူငယ်ချင်းအုပ်စုထဲမှာ ငါမနာလိုရဆုံးက သူပဲ။ သူက မင်းကို ကိုးဘဝတိုင်အောင် ချစ်မြတ်နိုးခဲ့တယ်။ သူ့ပခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေများလွန်းလို့ မင်းကိုလက်မခံနိုင်တာကတော့ သနားစရာပဲ။ " နတ်ဆိုးနတ်ဘုရားက လေးပင်စွာပြောလိုက်သည်။
ဒါကိုကြားတော့ ယဲ့မုချင်က စကားပြန်မပြောခဲ့ပေ။ သူမ၏မျက်ဝန်းများအတွင်း၌ အဆုံးအစမဲ့သော စိတ်ဆုံးဖြတ်ချက်ချထားမှုများ ထင်ဟပ်နေသည်။
" အမွေအနှစ်အတွက် ထားရစ်ခဲ့တဲ့စွမ်းအားတွေ ကုန်ဆုံးခါနီးပြီ။ မင်းကို ဟုန်ကန်းနတ်ဘုရားနယ်မြေမှာ စောင့်နေမယ်။ အဲ့ဒီ့အချိန်ကြရင် ပုခုံးချင်းယှဉ် တိုက်ကြတာပေါ့။ " ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားက ယဲ့မုချင်ကို လေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။ ယင်းနောက် သူ၏ပုံရိပ်ဟာ ကြယ်ရောင်စုံသောကောင်းကင်ယံအထက်၌ တစ်စစီကြေကွဲပျက်စီးသွားလေသည်။
အသံနှင့်အတူ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်များဟာ တရွေ့ရွေ့လွင့်ပြယ်သွားသည်။ သို့သော်လည်း သူ၏မျက်ဝန်းများက ယဲ့မုချင်ကို စူးစိုက်ကြည့်နေဆဲပင်။
" အနာဂတ်မှာ ငါတို့တစ်တွေ ပုခုံးချင်းယှဉ် တိုက်ခိုက်ကြမယ်။ "
ယဲ့မုချင်က ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားကို စူးစူးနစ်နစ်စိုက်ကြည့်လိုက်ပြီး တိုးညှင်းစွာပြောလိုက်သည်။
သူမ၏အသံက တိုးဖွလှသော်လည်း ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရား၏နားစည်အတွင်းသို့ ရှင်းရှင်းလင်းလင်း ထိခက်သွားသည်။ သူဟာ ပြုံးလိုက်ပြီး ပျော်ရွှင်စွာ ရယ်မောလိုက်ချေသည်။
ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရား၏ပုံရိပ်က လုံးဝပျောက်ကွယ်သွားသည့်အခါ ယဲ့မုချင်၏ပုံရိပ်ကလည်း ပျောက်ကွယ်သွားခဲ့လေသည်။