အခန်း (၃၀၇)
Vol. 27 Ch. 307
“လူကြီးမင်းက ဒီကိုလာပြီးတော့ စစ်ဆေးရေးမှူးလုပ်မယ်ဆိုတဲ့သတင်းကို ချင်းလဲ့ဓားသခင်ကကြားခဲ့ပါတယ်။ အာ့ကြောင့်မို့လို့ သူက ချင်းလဲ့ဓားသခင်က စာတစ်စောင်ရေးပြီးတော့ ကျုပ်တို့ရဲ့မင်းဆက်ရဲ့ဘိုးဘေးကိုအကူအညီတောင်းခဲ့ပါတယ်”
“မဟာယွမ်မင်းဆက်ကလူတွေက လူကြီးမင်းကိုအကာကွယ်ပေးဖို့အတွက် ချင်းလဲ့ဓားသခင်က အကူအညီတောင်းခဲ့လို့ ဘိုးဘေးက အခုလို ကာကွယ်အမိန့်ချပေးတာပါ”
ဝမ်ကွေ့ဖန်းက ကျုံးကွမ်းက သူ့ကို ပြောခဲ့သောသတင်းအား လီဟမ်ရှန်းကို ပြန်ပြောပြခဲ့ပါသည်။ ထိုသို့မပြောပါက လီဟမ်ရှန်းက သူ့အားသံသယဝင်မည်ကို သူက ကြောက်လန့်နေခဲ့ပါ၏။
“ချင်းလဲ့ဓားသခင်လား” လီဟမ်ရှန်းက တော်တော်ကြီးကို ထိတ်လန့်နေပါသည်။ ချင်းလဲ့ဓားသခင်က သူ့အားမှတ်မိဦးမည်ဟု သူလုံးဝမထင်ထားခဲ့မိပါ။
ချင်းလဲ့ဓားသခင်၏ပုံရိပ်ကို ပြန်တွေးတောပြီးနောက်တွင် လီဟမ်ရှန်း၏ နှလုံးသားတစ်ခုလုံးနွေးထွေးသွားခဲ့ပါ၏။ ထိုစီနီယာက သူ့အားတစ္ဆေနတ်ဆိုးစမ်းသပ်မှုတစ်ခုလုံးတွင် ကူညီပေးခဲ့သူလဲ ဖြစ်ပါသည်။
သူက ကွမ်လမ်နန်းတော်နှင့်ပင်လျှင် ဆန့်ကျင်ပြီး သူ့အားကူညီပေးခဲ့ပါ၏။ သူကျန်းကောစံအိမ်သို့ လာမည့်သတင်းကိုကြားသည်နှင့် ထိုစီနီယာက ကိုယ်တိုင်ပင်လျှင် မဟာယွမ်မင်းဆက်ဆီ စာရေးပြီးသူ့အား ကူညီပေးခဲ့ပြန်သည်။
လီဟမ်ရှန်းက အသက်ပြင်းပြင်းရှူလိုက်၏။ ကျိုးကျွင်းနှင့် လုချောင်းချောင်းတို့၏ သစ္စာဖောက်မှုကြောင့် ခံစားရသောနာကျင်မှုမှာ အနည်းငယ် သက်သာသွားသည်ဟု သူခံစားလိုက်ရပါသည်။
ဤလောကကြီးတွင် သူ့အားချစ်ခင်သောသူများ ရှိသေးသည် မဟုတ်ပါ့လား။ သူ့အဖေရှိသည်။ နောက်ထပ် ချင်းလဲ့ဓားသခင်လဲရှိပါသေးသည်။
“နတ်ဘုရားဖမ်းဆီးသူဝမ်ပြန်သွားလို့ရှိရင် နတ်ဘုရားဖမ်းဆီးသူဝမ်ရဲ့အရှင်သခင်ကို ကျွန်တော်အစားကျေးဇူးတင်ပေးပါ။ ကျန်းရွှယ်နယ်မြေက ပြဿနာတစ်ခုခုတက်တယ်ဆိုတိုင်းကျွန်တော်ကို စာရေးပေးပါ။ ကျွန်တော် ချက်ချင်းကိုလာကူညီပေးပါ့မယ်”
လီဟမ်ရှန်းက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်၏။
“ဒါပေါ့။ ဒါပေါ့” ဝမ်ကွေ့ဖန်းကလဲ ရယ်မောလိုက်ပါသည်။
“ဒါပေမဲ့ အခုလောလောဆယ်အခြေအနေကိုကြည့်ရသလောက်ကတော့ ကျုပ်ပြန်လို့မဖြစ်သေးဘူးဗျ။ ဒီနေ့ဖြစ်ရပ်မှာ လူကြီးမင်းက မူအိမ်တော်နဲ့ ဟွာအိမ်တော်ကို မျက်နှာတစ်ချက်မှ မထောက်ဘဲနဲ့ ကိုင်တွယ်ခဲ့တယ်လေ”
“ သူတို့တွေက အဲ့တာကို မှတ်ထားကြမှာပဲ။ အခွင့်အရေးရတိုင်းသူတို့က ပြဿနာရှာကြမှာပဲ။ ကျုပ်သာရှိနေလို့ရှိရင်တော့ ကျုပ်ကူညီလို့ရသေးတာပေါ့။ ပြီးတော့ပိုပြီးအရေးကြီးတာကလဲတောက်ဟီအိမ်တော်က ရိုးရှင်းတဲ့ ပြိုင်ဘက်မဟုတ်ဘူးဗျ။ သူတို့က အပြင်ပိုင်းမှာဆိုလို့ရှိရင် စည်းမျဥ်းစည်းကမ်းကို လိုက်နာပြီး အန္တရာယ်မပေးတတ်ပေမယ့် သူတို့ကနောက်ကွယ်မှာ ဗိုက်ဆာနေတဲ့ ဝံပုလွေတစ်ကောင်လိုမျိုးပဲ။ အခွင့်အရေးရတာနဲ့ လှမ်းကိုက်တော့မှာပဲ။ သူတို့ကို သတိထားဖို့လိုလိမ့်မယ်” ဝမ်ကွေ့ဖန်းက သတိထပ်ပေးလိုက်သည်။
“ စိတ်မပူပါနဲ့။ သိပ်မကြာခင်မှာ သူတို့တွေလဲ အများကြီး လှုပ်ရှားနိုင်တော့မှာ မဟုတ်ပါဘူး” ထိုသို့ပြောပြီးနောက်တွင် လီဟမ်ရှန်းက စစ်ဆေးရေးမှူးရုံးတော်သို့ ဝင်သွားခဲ့ပါသည်။
ဝမ်ကွေ့ဖန်းက တစ်ခဏမျှတော့ ဆွံ့အသွားခဲ့ပါ၏။ လီဟမ်ရှန်းက ဒီစကားကိုပြောရအောင် ဘယ်လိုလုပ်ပြီးတော့ သူက ယုံကြည်ချက်တွေရှိနေတာလဲ။ ဖြစ်နိုင်တာက အင်အားကြီးမားတဲ့ စစ်ကူတွေများရောက်လာဖို့များလား။ အဲ့လိုမဟုတ်လို့ရှိရင်လီဟမ်ရှန်းဘယ်လိုဖြေရှင်းမလဲ။ အခုချိန်တည်းက လီဟမ်ရှန်းက ဟွာအိမ်တော်ရော မူအိမ်တော်ရော နှစ်ခုစလုံးကို ဆန့်ကျင်လိုက်ပြီလေ။
ပြီးတော့ မူအိမ်တော်ရဲ့ ဘိုးဘေးကြီးက တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီ။ အဲ့လိုမျိုးအချိန်ကျလို့ရှိရင် လီဟမ်ရှန်းရဲ့ အနာဂတ်ကတော့ ကောင်းတော့မှာမဟုတ်ဘူး။
မူအိမ်တော်ရဲ့ဘိုးဘေးကြီးက လီဟမ်ရှန်းကို ပွင့်ပွင့်လင်းလင်း မသတ်ရဲရင်တောင်မှ အမှောင်ထဲကနေ လုပ်ကြံဖို့ဆိုတာက မူလအဆင့် အထွတ်အထိပ်ဖြစ်တဲ့သူတစ်ဦးအနေနဲ့ ခက်ခဲတာမဟုတ်ဘူးလေ။ အဲ့လိုအချိန်ရောက်လို့ရှိရင်သူနဲ့ ရှုခွေကိုယ်တိုင် လီဟမ်ရှန်းကို ကာကွယ်ပေးနေတဲ့အချိန်တောင်မှ မူလအဆင့်အထွတ်အထိပ်က လှုပ်ရှားမယ်ဆိုလို့ရှိရင် သူတို့နှစ်ဦးကလဲဘာမှ တတ်နိုင်မှာမဟုတ်ဘူး။
ဝမ်ကွေ့ဖန်းက ပဟေဠိဖြစ်နေသော်လည်း သူကထပ်မံ၍မမေးခဲ့ပါ။
လီဟမ်ရှန်းက စစ်ဆေးရေးမှူးရုံးတော်ထဲသို့ ဝင်လိုက်သည့်အခါတွင် မူကျင်းနှင့် ဟွာကျစ်လျိုကို ကြိုးချည်ထားလျက်နှင့် တွေ့လိုက်ပါ၏။
သူ၏နံဘေးတွင်တော့ သူတို့၏နောက်လိုက်များကိုလည်း ချုပ်နှောင်ထားသည်ကို တွေ့လိုက်ပါသည်။
“လီဟမ်ရှန်း မင်း ငါ့ကိုမြန်မြန်လွှတ်လိုက်တာ ကောင်းမယ်ထင်တယ်နော်။ ငါတို့ရဲ့ ဘိုးဘေးက တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတော့မယ်။ အဲ့အချိန်ကျရင် မင်းက သေပြီပဲ”
မူကျင်းက လီဟမ်ရှန်းအား မုန်းတီးစွာကြည့်ရင်းနဲ့ပြောလိုက်ပါသည်။ ဟွာကျစ်လျိုကလဲ လီဟမ်ရှန်းအားကြည့်ပြီးပြောလိုက်၏။
“ ငါ့ရဲ့ ဟွာမိသားစုမှာလဲဘိုးဘေးက အသက်ရှင်လျက်ရှိသေးတယ်နော်။ မင်းငါ့ကို အမြန်လွှတ်ရင်လွှတ် မဟုတ်လို့ရှိရင် မင်းရဲ့အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး”
“ လွှတ်ရမယ် ဟုတ်လား” လီဟမ်ရှန်းက ပြုံးလိုက်ပါသည်။
“ငါက မင်းတို့ကို မေးခွန်းနည်းနည်းမေးချင်သေးတာကွ။ မင်းက မူအိမ်တော်က အိမ်တော်ထိန်း။ နောက်တစ်ယောက်ကကျ ဟွာမိသားစုရဲ့တိုက်ရိုက်မျိုးဆက်”
“အဲ့တော့ မင်းတို့တွေက သတင်းတွေအများကြီးသိမှာပဲလေ။ မူအိမ်တော်နဲ့ ဟွာအိမ်တော်တို့က ဘာတွေ ဘယ်လိုမကောင်းမှုတွေလုပ်ထားတယ်ဆိုတာ မင်းတို့က သိမှာ အဲ့တော့ မင်းတို့ကို ငါဖမ်းထားပြီဆိုတော့ မြွေဖြူလမ်းကြောင်းက စစ်ဆေးရေးမှူးတစ်ယောက်အနေနဲ့ သာမန်ပြည်သူတွေကို ကာကွယ်ဖို့အတွက်တာဝန်ရှိတယ်”
“ အဲ့ကြောင့် မင်းတို့တွေငါ့ကို ခက်ခဲအောင်မလုပ်ဘဲနဲ့ မင်းတို့ သိသမျှကို အကုန်ပြောပြမယ်လို့ မျှော်လင့်ပါတယ်”
“ထွီ” မူကျင်းက တံတွေးထွေးလိုက်ပြီး
“ငါတစ်ခွန်းမှ ပြောမှာမဟုတ်ဘူး”
ဟွာကျစ်လျိုကလဲ အေးစက်စွာပြောလိုက်၏။
“ ငါဘာမှ မသိဘူး”
“အင်း မင်းတို့တွေက ကိုင်တွယ်ရခက်ခဲတာပဲ”
လီဟမ်ရှန်းက အကြပ်ရိုက်သည့်ဟန်ဆောင်ပြီးနောက်တွင် သူတို့အား အကျဥ်းထောင်ထဲ၌ ချုပ်နှောင်ခိုင်းလိုက်ပါ၏။ သူတို့အား အကျဥ်းထောင်ထဲ၌ ချုပ်နှောင်ပြီးသည့်နောက်တွင် အစောင့်ရဲမက်များက အပြင်ဘက်တွင် ပျက်စီးသွားသည်များကို ပြန်လည်၍ပြုပြင်နေကြပါတော့သည်။
ကျန်ရစ်နေသော အစောင့်တပ်သားများက လီဟမ်ရှန်းကို စိတ်ဝင်တစားနဲ့ကြည့်နေပြီး ဘယ်လိုများအသက်ပြန်ရှင်လာသလဲဆိုတာကိုသိချင်နေကြပါ၏။ သူတို့အားဘယ်လိုရှင်းပြရမလဲဆိုတာ လီဟမ်ရှန်းကလဲမသိပါ။
“အစ်ကိုလီ ကျုပ်အခုပဲ ဂိုဏ်းကိုစာပို့တော့မလို့ဗျ”
ဝူစန်းထောင်က မျက်ရည်များကျနေပြီး လီဟမ်ရှန်း အသက်ရှင်နေသည်ကိုတွေ့သောကြောင့် ဝမ်းသာစွာဖြင့်ပြောလိုက်ပါသည်။
“စိတ်မပူပါနဲ့ အားလုံးအဆင်ပြေသွားပါပြီ”
လီဟမ်ရှန်းကလဲအပြုံးတစ်ခုနဲ့ ပြန်ပြောလိုက်ပါ၏။
“ အစ်ကို၊ အစ်ကိုကို့ ဘယ်သူသတ်ခဲ့တာလဲ” ဝူစန်းထောင်က ယခုထက်ထိဒေါသထွက်နေပြီး လူသတ်သမားကို သိချင်နေခဲ့ပါသည်။
“ညီလေးဝူ မမေးပါနဲ့ကွာ”
လီဟမ်ရှန်းက ခေါင်းခါလိုက်၏။
“ဒီကိစ္စကိုငါ့ဟာနဲ့ငါ ကိုင်တွယ်လိုက်မယ်”
“ ကောင်းပြီလေ”
လီဟမ်ရှန်းက ထိုကဲ့သို့ပြောနေမှတော့ ဝူစန်းထောင်ကလဲ ဆက်လက်၍မပြောတော့ပါ။
“ သခင်လေးပြန်ပြီး အသက်ရှင်လာတဲ့အတွက်ကြောင့်မို့ စားသောက်ပွဲ တစ်ပွဲကျုပ်ကျင်းပလိုက်မယ်။ ပြီးတော့ ဒီရက်ပိုင်းမှာ အရမ်းကို အလုပ်ရှုပ်နေတာကြောင့် နတ်ဘုရားဖမ်းဆီးသူဝမ်ရောက်လာတဲ့အတွက်ကြောင့် သူ့ကိုကြိုဆိုပွဲတောင်မလုပ်ပေးရသေးဘူးဗျ” ရှုခွေက နံဘေးမှပြောလိုက်၏။
“ကျုပ်တို့တွေ နတ်ဘုရားဖမ်းဆီးသူဝမ်ကိုကောင်းကောင်းကျေးဇူးတင်သင့်တာပေါ့” လီဟမ်ရှန်းကလဲ ခေါင်းညိတ်ပြလိုက်ပါသည်။ လီဟမ်ရှန်းက တုရှန်းမြို့၏အကြီးမားဆုံးသော စားသောက်ဆိုင်တွင် စားသောက်ပွဲတစ်ပွဲကို ကျင်းပလိုက်ပြီး ဝမ်ကွေ့ဖန်းအားဖိတ်ခေါ်လိုက်ပါ၏။
ဝမ်ကွေ့ဖန်းမှာ မဟာယွမ်မင်းဆက်၏ ဘိုးဘေးကိုယ်တိုင်က ကာကွယ်ရန်အမိန့်ပေးထားသည့်လူငယ်လေးက သူ့အားယခုလိုမျိုး ခမ်းခမ်းနားနားနဲ့ဧည့်ခံမည်ဟု မမျှော်လင့်ထားခဲ့မိပါချေ။ ထို့အပြင် ထိုလူငယ်လေး၏နောက်တွင် ချင်းလဲ့ဓားသခင်ကလဲရှိနေသေးသည်မဟုတ်ပါ့လား။
ထိုကဲ့သို့သောသူက သူ့ကို စားသောက်ပွဲကို ဖိတ်ခေါ်တယ်တဲ့ပေါ့လေ။
နေ့ခင်းရောက်ပါပြီ...
ပိုင်ရန်မျှော်စင် ထိုနေရာသည် တုရှန်းမြို့၏ အကြီးမားဆုံး စားသောက်ဆိုင်ဖြစ်ပါသည်။ ဆိုင်ရှင်မှာ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ကျန်းကောစံအိမ်နောက်ခံရှိပါသည်။ ကျန်းကောစံအိမ်ရဲ့ နောက်ခံရှိသောကြောင့် သူက ထိုကဲ့သို့သော စားသောက်ဆိုင်ကြီးကို ဖွင့်လှစ်နိုင်ခြင်းပင်ဖြစ်၏။
လီဟမ်ရှန်းက လာမည်ဆိုသည့်သတင်းကို ကြားသောကြောင့် သူက အရာရာကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပြီး အကောင်းမွန်ဆုံးသော အစားအသောက်များနဲ့ဧည့်ခံထားပါ၏။ တတိယထပ်ရှိ အကြီးမားဆုံးသော ကိုယ်ပိုင်အခန်း၌ လီဟမ်ရှန်းအတွက် စားပွဲတစ်လုံးကို အဆင်သင့်ပြင်ဆင်ပေးထားပါ၏။
ထိုသီးသန့်ခန်းတွင်တော့ လီဟမ်ရှန်း၊ ရှုခွေ၊ ဝူစန်းထောင်နဲ့ ရန်ဝမ်ဟို ထို့အပြင် ဝမ်ကွေ့ဖန်းနဲ့ လင်းချီကျိုးတို့လဲရှိပါ၏။
သူတို့အားစားသောက်နေသည်ကို စွမ်းအားကြီးမားသောအစောင့်များကစောင့်ကြပ်ပေးနေခဲ့ပါသည်။ ထိုစားသောက်ပွဲ၏ ရည်ရွယ်ချက်မှာ လီဟမ်ရှန်း၏ ပြန်လည်အသက်ရှင်လာမှုအပါအဝင် ဝမ်ကွေ့ဖန်းအားကြိုဆိုခြင်းလဲဖြစ်ပါသည်။
လီဟမ်ရှန်းကို မြင်မြင်ချင်းတွင် ဝမ်ကွေ့ဖန်း၏အမြင်မှာ လီဟမ်ရှန်းက ပေါင်းရသင်းရခက်ခဲပြီး မာနကြီးကာ ဟန်ကြီးပန်ကြီးနိုင်သည်ဟု ထင်ထားခဲ့ပါ၏။ သို့သော် အရက်သုံးခွက်တိတိသောက်ပြီးသည့်နောက်တွင် သူက လီဟမ်ရှန်းမှာ လွန်စွာပေါင်းရသင်းရလွယ်ကူပြီး ညီအစ်ကိုတစ်ဦးကဲ့သို့ ခင်မင်ရင်းနှီးဖွယ်ကောင်းလှပါသည်ဟု ချက်ချင်း အတွေးပြောင်းသွားပါတော့၏။
ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းတွင်ဖြစ်ပွားခဲ့သော စိတ်ဝင်စားဖွယ်အကြောင်းအရာများကို လီဟမ်ရှန်းနဲ့ ဝူစန်းထောင်က သူ့ကိုပြောပြခဲ့ပါသည်။ ထိုအရာများကို ကြားသိပြီးသည့်နောက်တွင် ဝမ်ကွေ့ဖန်းက ဂိုဏ်းထဲသို့ပင် ဝင်ချင်စိတ်များတစ်ဖွားဖွားပေါ်လာခဲ့ပါသည်။ လီဟမ်ရှန်းက အစေခံတပည့်ကနေ ယခုလိုမျိုးတိုက်ရိုက်တပည့်အဆင့်သို့ ခုန်တက်သွားပြီး စွမ်းအားကြီးမားသောသူဖြစ်လာမည်ဟု ဝမ်ကွေ့ဖန်းက လုံးဝမထင်ထားခဲ့ပါ။
“ ကျုပ်ကလဲ အရင်တုန်းက အစ်ကိုရှုလိုပဲဗျ။ သိုင်းလောကထဲမှာ ခြေဦးတည့်ရာလျှောက်သွားပြီးတော့ ရှင်သန်နေခဲ့တာပဲ။ နောက်ကျတော့ အရင်စစ်ဆေးရေးမှူးကြီးက ကျုပ်ကို သူ့လက်အောက်ထဲကိုခိုလှုံခွင့်ပေးခဲ့တာပဲ။ အဲ့အချိန်ကစပြီးကျုပ်က နတ်ဘုရားဖမ်းစီးသူအဖြစ်နဲ့ပဲ တည်တည်ငြိမ်ငြိမ်နေခဲ့တော့တာပဲဗျာ”
ဝမ်ကွေ့ဖန်းက သက်ပြင်းချလိုက်ပါသည်။
“ အခု လူကြီးမင်းတို့ပြောတဲ့ ဇာတ်လမ်းတွေကြားပြီးတော့ ကျုပ်က ဂိုဏ်းတစ်ခုထဲကိုတောင်ဝင်ချင်စိတ်တွေပေါ်လာပြီ။ ဒါပေမဲ့ ကျုပ်အသက်အရွယ်နဲ့ဆိုရင် တော်တော်ကြီးနောက်ကျနေပြီလို့ ထင်တယ်ဗျာ”
“ ဘာလို့များနောက်ကျရမှာတုန်းဗျ။ နတ်ဘုရားဖမ်းစီးသူက အခုထက်ထိ ငယ်ငယ်လေးပဲရှိသေးတာကို ခင်ဗျားသာ ဂိုဏ်းထဲကို ဝင်ချင်မယ်ဆိုလို့ရှိရင်တော့ ခင်ဗျားရဲ့အရှင်သခင်ကို ခွင့်ပြုမိန့်ရေးခိုင်းလိုက်ရုံပဲလေ။ မဟာယွမ်မင်းဆက်ထဲကို အသာလေးဝင်ရုံပဲမဟုတ်ဘူးလားဗျ”
“ တကယ်လို့ မဟာယွမ်မင်းဆက်ထဲကို မဝင်ချင်ဘူးဆိုလို့ရှိရင် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းကိုဝင်ဖို့အတွက် စာရေးပေးလိုက်မယ်ဗျ” လီဟမ်ရှန်းက အပြုံးဖြင့်ပြောလိုက်ပါ၏။
မူလအဆင့်ကျွမ်းကျင်သူများကို မည်သည့်ဂိုဏ်းကမဆို လိုလိုလားလားလက်ခံကြမည်ဖြစ်ပါသည်။ အင်အားများလေ သူတို့အတွက်ကောင်းလေဖြစ်သည် မဟုတ်ပါ့လား။
မူလအဆင့်သို့ရောက်ရှိခြင်းက စွမ်းအားမြင့်ရုံတင်မက ထိုကျင့်ကြံသူ၏ ပါရမီကိုပါပြသရာရောက်ပါသည်။ ထိုစကားကြောင့် ဝမ်ကွေ့ဖန်း က အမှန်အကန်ကိုပင် စိတ်အားတက်ကြွသွားခဲ့ပါသည်။
“နတ်ဘုရားဖမ်းဆီးသူဝမ်က ဂိုဏ်းထဲဝင်ချင်တယ်ဆိုရင်တော့ သေသေချာချာလေးစဉ်းစားသင့်တယ်နော်။ ဒါပေမဲ့ အထက်အရာရှိရဲ့ ခွင့်ပြုမိန့်တော့လိုတယ်နော်။ အဲ့ဒါကအရေးကြီးတယ်။ မဟုတ်လို့ရှိရင် ခင်ဗျားကို ဂိုဏ်းထဲအတင်းဆွဲသွင်းမှုနှင့် အဖမ်းခံနေရပါအုန်းမယ်ဗျာ”
လီဟမ်ရှန်းက ရယ်မောလျက်ပြောလိုက်ပါသည်။
ထိုအခိုက်မှာပင် အောက်ထပ်တွင် ဆူညံသောအသံထွက်ပေါ်လာခဲ့ပါ၏။
“ထွက်သွားစမ်း။ ထွက်သွားစမ်း။ ထွက်သွားစမ်း။ ဒီသူခိုးလေးက ဘယ်လိုဝင်လာတာလဲ”
“ ငါတို့စားသောက်ဆိုင်က အစားအသောက်တွေကို ခိုးပြီးတော့စားရဲသေးတယ်။ အပြင်မထွက်ဘူးဆိုရင် ငါတို့ မင်းကိုရိုက်မှာနော်”
အောက်ရှိအသံများက ဆူညံပွက်လောရိုက်နေပြီး အဖြစ်အပျက်များမှာ အစုအဖွဲ့နှင့် ဝိုင်းဝန်းကာ ဆူညံနေပါ၏။ ပြတင်းပေါက်နံဘေးတွင်ထိုင်နေသော လီဟမ်ရှန်းက အပြင်သို့ ငေးကြည့်နေပါသည်။ သူက မြွေဖြူလမ်းကြောင်း၏ စစ်ဆေးမှူးဖြစ်ပြီးနောက်တွင် မြို့တော်ရှိ သူဖုန်းစားများမှာ သိသိသာသာကို လျော့နည်းလာပါ၏။
တစ်စုံတစ်ဦးက အစားအသောက်တောင်းရမ်းသည့်အခါတွင် အစားအသောက်ပေးရန်မှာ ခက်ခဲလှသည်မှာမဟုတ်ပါ။
လီဟမ်ရှန်းက အောက်ကိုကြည့်လိုက်သည့်အခါတွင် သူဖုန်းစားငယ်လေးတစ်ဦးကို တွေ့လိုက်ပါသည်။ သူ၏မျက်နှာမှာ ဖုန်အလိမ့်လိမ့်ကပ်နေပြီး ညစ်ပတ်စုတ်ပြတ်ကာ စုတ်ပြဲနေသောအဝတ်အစားများကိုဝတ်ဆင်ထားပါ၏။
သူ၏ပါးစပ်ထဲသို့ အငွေ့တထောင်းထောင်းထနေသော ပေါက်စီများကို အတင်းအကြပ်ထိုးသွင်းနေခဲ့ပါသည်။
စားသောက်ဆိုင်မှ ဝန်ထမ်းများက သူဖုန်းစားလေးအား အဝေးသို့နှင်လွှတ်နေခဲ့ကြပါ၏။
“ဟင်”
ရုတ်တရက် လီဟမ်ရှန်းက မိုးကြိုးပစ်ခံလိုက်ရသလို တောင့်တောင့်ကြီးဖြစ်သွားခဲ့ပါသည်။
“ဒီလူက ဘာလို့ငါရင်းနှီးနေတာလဲ”
သူဖုန်းစား၏မျက်နှာမှာ ဖုန်အလိမ့်လိမ့်ကပ်နေပြီး ပေကျံ၊ မဲညစ်နေသည့်တိုင် လီဟမ်ရှန်းက ချက်ချင်းပင် မှတ်မိသွားပါ၏။ ထို့အပြင် သူဖုန်းစားမှာ အမျိုးသားတစ်ဦးကဲ့သို့ဝတ်ဆင်ထားသည့်တိုင် ထိုခန္ဓာကိုယ်ကို လီဟမ်ရှန်းကောင်းကောင်းမှတ်မိပါသည်။
“ဒါက ဟ သောက်ပြဿနာပဲဟ”
ဒါက လုရှီရန်ကြီးမဟုတ်လား။ လီဟမ်ရှန်းက သူ့မျက်လုံးကိုပင် သူသံသယဝင်သွားခဲ့ပါ၏။
သူဘယ်လိုပဲသေချာကြည့်ကြည့် ထိုသူဖုန်းစားမှာ လုရှီရန်ပင်ဖြစ်သည်။
“လူကြီးမင်း” ထိုအခိုက်မှာပင် စားပွဲထိုးတစ်ဦးက ဝင်လာခဲ့ပါ၏။
“ဆိုင်ရှင်က လူကြီးမင်းအတွက် ဒီဟင်းပွဲတစ်ပွဲကို လက်ဆောင်ပေးလိုက်သေးပါတယ်ဗျ။ လီဟမ်ရှန်း၏ စားပွဲပေါ်သို့ စားပွဲထိုးက ဟင်းပွဲတစ်ပွဲကို ထပ်၍ချပေးရန် ဟန်ပြင်လိုက်ပါသည်။
သို့သော် သူဝင်လာသည့်အခိုက်မှာပင် လီဟမ်ရှန်းက ပြတင်းပေါက်မှ ချက်ချင်း ခုန်ဆင်းသွားသည်ကို သူမြင်လိုက်ပါ၏။
“ကွမ်ရင်မယ်တော်ကယ်ပါ။ စစ်ဆေးရေးမှူးက ပြတင်းပေါက်ကနေ ခုန်ချသွားပြီဟေး”
စားပွဲထိုးက ကြောက်လန့်တကြားဖြင့်အော်ဟစ်လိုက်သောကြောင့် သူ့လက်ထဲတွင် ရှိသောဟင်းပွဲမှာလဲ မှောက်ကျသွားခဲ့ပါတော့သည်။
ထိုဖြစ်ရပ်ကြောင့် ဝမ်ကွေ့ဖန်းနှင့် တစ်ခြားသူများမှာလဲ အလန့်တကြားဖြစ်သွားပါ၏။
လီဟမ်ရှန်းက ရုတ်တရတ်ကြီးဘာလို့ သုံးထပ်ကနေပြီးခုန်ချသွားရတာလဲ။
“ရပ်စမ်း အားလုံးရပ်စမ်းး”
စားသောက်ဆိုင်ဝန်ထမ်းများက သူဖုန်းစားလေးကိုရိုက်နှက်တော့မည်ဖြစ်သောကြောင့် လီဟမ်ရှန်းက ခပ်မြန်မြန်ပင်အော်ဟစ်လိုက်ပါ၏။
လီဟမ်ရှန်းရောက်လာသည်ကိုမြင်သောကြောင့် ဝန်ထမ်းများက နံဘေးသို့ ချက်ချင်းတိုးကပ်လိုက်ကြပါသည်။
သူဖုန်းစားငယ်လေးမှာ ဗိုက်ဆာလွန်းသောကြောင့် ပေါက်စီများကို ဆက်လက်၍ ဆွဲကာစားသောက်နေခဲ့ပါ၏။
လီဟမ်ရှန်း၏အသံကို ကြားသောအခါ သူက စားနေသည်ကို ရပ်ပြီး လီဟမ်ရှန်းကို မော့ကြည့်လိုက်၏။
“ ယောင်္ကျား ကျွန်မရှင့်ကိုရှာတွေ့ပြီ”
လီဟမ်ရှန်းကို လုရှီရန်မြင်သောအခါတွင် သူမကချက်ချင်းပြေးကာ လီဟမ်ရှန်းကို ပြေးဖက်လိုက်ပါတော့သည်။
သူ့ကိုလာဖက်သော ညစ်ပတ်ပေတူးပြီးနံစော်နေသော သူဖုန်းစားကို မယုံကြည်နိုင်စွာ သူကြည့်နေမိပါ၏။
“ဒါက တကယ်ပဲ လုရှီရန်လား။ တော်တော်ထူးဆန်းတာပဲ။ သူမက ကွမ်လမ်နန်းတော်မှာ ရှိနေရမှာလေ။ ဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ”
“ပြီးတော့ ဘယ်လိုဖြစ်ပြီးသူမရဲ့အခြေအနေက ဒီလောက်တောင်ဆိုးရွားနေရတာလဲ။ သူမက ပြန်လည်မွေးဖွားခြင်းအဆင့်မှာရှိတဲ့ သိုင်းပညာရှင်တစ်ဦးမဟုတ်ပါ့လား။ သူမရဲ့အခြေအနေက ဆိုးမယ်ဆိုရင်တောင်မှ အခုလောက်ထိဆိုးမနေသင့်ဘူးလေ”
“ ဟာ တကယ်ပဲ နင်ကို…” လီဟမ်ရှန်းက ခပ်မြန်မြန်ပင် လုရှီရန်အားဆွဲထူလိုက်ပါသည်။
လုရှီရန်ကို သူထိလိုက်သည့်အချိန်မှာပင် လီဟမ်ရှန်း၏ နှလုံးသားမှာ ဓာတ်လိုက်သလို တုန်ခါသွားခဲ့ပါသည်။
ဘာတွေဖြစ်ကုန်တာတုန်း။
သူက လုရှီရန်၏ နတ်ခန္ဓာကိုမခံစားမိတော့ပါချေ။
လုရှီရန်၏ ကြယ်တာရာမိုးကောင်းကင်နတ်ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ သူမ၏နတ်ခန္ဓာပင်ပျောက်ကွယ်သွားသည်မဟုတ်ပါချေ။ လုရှီရန်၏ ကျင့်ကြံခြင်းများပင်လျှင်မရှိတော့ပါ။
သူမက ယခုတွင်သာမန်လူကဲ့သို့ပင်ဖြစ်နေပါ၏။
ဘာတွေဖြစ်ကုန်တာတုန်း။
“ယောကျ်ား.. ကျွန်မ ဗိုက်ဆာတယ်”
လုရှီရန်က လီဟမ်ရှန်းအား လွန်စွာသနားဖွယ်ကောင်းသောမျက်လုံးများဖြင့်ကြည့်လိုက်ပါ၏။
“ ယောကျာ်း ကျွန်မကို ထမင်းကျွေးပါ့လား။ ကျွန်မ ဗိုက်ဆာလွန်းတယ်။ ကျွန်မ အစာမစားရတာ လေးရက်တောင်ရှိပြီ”