အခန်း (၃၁၁)
Vol. 27 Ch. 311
“ဝူး ဝူး ဝူး ဝူး” လေများ၏တိုက်ခတ်မှုက တဝူးဝူးဟူသော အသံများကိုကြားနေရပါသည်။ လီချန်ချင်းက ဖေး၏ကျောပေါ်မှ အနောက်သို့လှည့်ကြည့်လိုက်ကာ သူတို့နှစ်ဦးက လေထုကိုထိုးခွဲပြီးတော့ တောနက်ကြီးအထဲသို့ ဖြတ်သန်းလာသည်ကို သိလိုက်ရပါ၏။
“မင်းကို အခုနောက်ပိုင်း ငါ အမဲရိုးနဲ့ ထမင်းကောင်းကောင်းကျွေးထားတာ မမှားဘူးပဲ။ မင်းရဲ့ ခွန်အားက အရင်တုန်းကထက်အများကြီးတိုးတက်လာတာပဲ”
လီချန်ချင်းက အံ့ဩစွာဖြင့် ပြောလိုက်ပါသည်။ ဖေး ကပန်းချီစိတ်ဝိဉာဉ်ဖြစ်နေသော်လည်း သူ့အားထာဝရရှင်သန်ခြင်းသစ်သားနဲ့ ပြုလုပ်ထားသော ခန္ဓာကိုယ်တစ်ခုကို ထုထွင်းပေးပြီးနောက်တွင် ဖေးက သက်ရှိတစ်ကောင်ကဲ့သို့ အစားအသောက်များစားပြီး ကြီးထွားလာသည် မဟုတ်ပါ့လား။
“အာ ဝူး” ဖေးက တစ်ချက်အူလိုက်ပါသည်။ သူပြောလိုသည့် အဓိပ္ပါယ်မှာ သူက ယခင်ကထက် ပို၍သန်မာလာသည်မှာ အမှန်ပင်ဖြစ်သည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်ပါ၏။
ထာဝရရှင်သန်ခြင်းသစ်သားနဲ့ ထုလုပ်ထားသောခန္ဓာကိုယ်မှာ အချိန်ကြာလာသည်နှင့်အမျှ မူလထက်ပို၍သန်မာလာခဲ့သည်။ ထိုကဲ့သို့ သောဖြစ်ရပ်မှ ဖေးကိုယ်တိုင်ပင်လျှင် မမျှော်လင့်ထားခဲ့မိပါချေ။ အနာဂတ်တွင် သူကဘယ်လောက်ထိတောင် စွမ်းအားကြီးလာမလဲဆိုတာ သူကိုယ်တိုင်မသိပါ။ သူ၏အတောင်ပံ တစ်ချက်ခတ်လိုက်ရာတွင် မိုင်ပေါင်းများစွာက အလင်းတန်းများကဲ့သို့ ဖြတ်ခနဲ ဖြတ်ခနဲ မျက်တောင်တစ်ခပ် အတွင်းမှာပင် သူ၏နောက်တွင်ကျန်ခဲ့ပါသည်။
တောအုပ်ထဲတွင် စိတ်ဝိညာဉ်သားရဲများစွာတို့ရှိခဲ့ပါ၏။ လီချန်ချင်းနဲ့ ဖေးတို့က တောအုပ်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် မည်သည့်စိတ်ဝိဉာဉ်သားရဲမှ သူတို့၏အနားသို့ မကပ်ရဲပါချေ။ သူတို့က ဖေးထံမှ ထွက်ပေါ်နေသောအရှိန်အဝါကို ကြောက်ရွံ့တုန်လှုပ်နေကြပါ၏။
မိုင်ခြောက်ရာမှာ လွန်စွာ မဝေးကွာလှသောကြောင့် လီချန်ချင်းနဲ့ဖေးက ချောချောမောမောပင် ရောက်လာခဲ့ကြပါ၏။ မိုင်ခြောက်ရာသို့ ရောက်လာပြီးသည့်တိုင် ထာဝရရှင်သန်ခြင်းသစ်သားကို ရှာဖွေရသည်က တော်တော်ခက်ခဲလာပါသည်။ လီချန်ချင်းက မြေကြီးပေါ်သို့ ဆင်းသက်လိုက်ပါ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သစ်ရွက်ပုံကြီးများကြားတွင် နစ်မြုပ်သွားသည်ဟု ခံစားလိုက်ရပါ၏။
အဘယ်ကြောင့်ဆိုသော် သစ်တောတစ်ခုလုံးမှာ သစ်ရွက်များကြွေကျနေပြီး နှစ်များစွာကြာသည်နှင့်အမျှ သစ်ရွက်များမှာ ကြီးမားလှသော သစ်ရွက်ပုံကြီးအဖြစ်သို့ ဖြစ်နေသောကြောင့်ပင်ဖြစ်ပါသည်။ သူက သစ်ရွက်ပင်လယ်ထဲသို့ရောက်နေသကဲ့သို့ဖြစ်နေ၏။
လီချန်ချင်းက ခြေလှမ်းတစ်လှမ်းပဲရှေ့တိုးလိုက်စဉ်မှာပင် သူ၏နောက်မှ သူ၏လည်ပင်းကို စူးစိုက်ချိန်ရွယ်သော ခံစားချက်တစ်ခုရလိုက်ပါသည်။ ထို့နောက်တွင် တစ်ခုခုက သူ့လည်ပင်းကို ဦးတည်ပြီး ပြေးဝင်လာသည်ကို သိလိုက်ပါသည်။ လီချန်ချင်းက ခေါင်းကို ယို့ကာရှောင်လိုက်၏။ သူ၏လည်တိုင်နံဘေးကို ဖြတ်သွားသည်မှာ အနီရောင်ရှိသော မြွေတစ်ကောင်ဖြစ်ပါ၏။
ထိုမြွေက သစ်ပင်ကြားတွင် ပုန်းအောင်းနေပြီး လီချန်ချင်း၏လည်ပင်းကို တိုက်ခိုက်လိုက်ခြင်းလဲဖြစ်ပါသည်။ “ရွှီး” လီချန်ချင်းက သူ၏လက်ညှိုးကိုထောင်လိုက်ပြီး လက်ညှိုးထဲမှ ဓားချီကို ထုတ်လုပ်လိုက်ပါသည်။ ထိုဓားချီဖြတ်သန်းသွာရာနောက်တွင် မြွေငယ်လေးမှာ နှစ်ပိုင်းပြတ်သွားခဲ့ပါ၏။ ထို့နောက် သူက လက်ဝါးတစ်ချက်ရိုက်လွှတ်လိုက်ပြီး မြွေအလောင်းကို အမှုန့်ဘဝသို့ ပြောင်းလဲပေးလိုက်ပါသည်။
“ ဒီနေရာမှာ တကယ်ကြီးကို ဂရုမစိုက်လို့မရဘူးပဲ”ထိုမြွေငယ်လေးမှာ အဆိပ်ပြင်းထန်လှသောမြွေဖြစ်သည်ဟု လီချန်ချင်းက ကောက်ချက်ချခဲ့ပါသည်။ ထိုမြွေအကိုက်ခံလိုက်ရပါက သူက ချက်ချင်းသေသွားနိုင်သည်ဟု တွေးမိပြီးကြက်သီးမွေးညင်းများထသွားခဲ့ပါ၏။
ထိုမြွေပေါက်လေးကို သတ်ဖြတ်ပြီးသည့်နောက်တွင် လီချန်ချင်းက သူ့အား တစ်စုံတစ်ဦးကစောင့်ကြည်နေသည်ဟူသော ခံစားချက်ကို ရုတ်တရတ်ရလိုက်ပါ၏။
“ ဟင် နောက်ထပ်ရှိသေးတာလား”
လီချန်ချင်းက တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် အနောက်ကိုလှည်ကြည့်လိုက်ရာ လွန်စွာကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးကိုပတ်ကာ သူ့အားစိုက်ကြည့်နေသော ဧရာမမြွေကြီး တစ်ကောင်ကို တွေ့လိုက်ရပါသည်။
ထိုမြွေကြီးမှာ မီတာရာနဲ့ချီရှည်လျားပြီး သူ၏အနက်ရောင် အကြေးခွံများတွင် အနီရောင်ပန်းပွင့်များပွင့်နေပြီး လွန်စွာမှကို လှပလှပါသည်။ ဒါပေမဲ့ လီချန်ချင်းက သိပါ၏။ မြွေတစ်ကောင်က ပို၍ လှလေလေ ပို၍ အဆိပ်ပြင်းပြီး အန္တရာယ်များလေလေဖြစ်ပါ၏။ တစ်ချိန်တည်းမှာပင် ထိုမြွေထံမှ ထွက်ပေါ်နေသော အရှိန်အဝါက အားမနည်းပါဟု လီချန်ချင်းက ခံစားလိုက်ရ၏။
“ခုနတုန်းကမြွေပေါက်လေးက ဒီမြွေကြီးရဲ့ ကလေးလေးများလား”
လီချန်ချင်း၏ မျက်လုံးများမှာ အရောင်တောက်ပသွားပါသည်။ သူက ထာဝရရှင်သန်ခြင်းသစ်ပင်ကို ရှာမတွေ့မှာကို စိတ်ပူနေခဲ့ပါ၏။ အခုတွင်တော့ ကိစ္စမရှိပါ။ တောထဲမှာနေသော နယ်ခံစိတ်ဝိဉာဉ်သားရဲများအားမေးလိုက်ခြင်းက ပိုမြန်သည် မဟုတ်ပါ့လား။ သူတို့အတွက်တော့ ဒီသစ်တောက ရင်းနှီးကျွမ်းဝင်သောနေရာဖြစ်ပြီး ထာဝရရှင်သန်ခြင်းသစ်ပင်က ဘယ်နေရာမှာရှိနေလဲဆိုတာကို ကျိန်းသေပေါက်သိကြပေလိမ့်မည်။
“ရွှီး” မြွေကြီးကလျှာကို ထုတ်လိုက်ပြီး တစ်ချက်တွန်လိုက်ပါသည်။ သူက သုံးမီတာခန့်ရှည်လျားသော ပါးပျဉ်းကြီးကိုထောင်လိုက်ပြီး လီချန်ချင်းအား ပစ်ပေါက်လိုက်ပါ၏။ သူ၏ကြီးမားလှသော ပါးစပ်ကြီးကိုဖွင့်ကာ လီချန်ချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြိုချချင်နေဟန်ရှိပါသည်။
သို့ပေမယ့် လီချန်ချင်းက လှုပ်ရှားစရာမလိုပါ။ သူ့အစား လှုပ်ရှားလိုက်သူက ဖေးပင်ဖြစ်ပါသည်။ ဖေး၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး မြွေကြီးထက်လျင်မြန်သောအလျင်နဲ့ လှုပ်ရှားလိုက်ပါ၏။
မြွေကြီးက လီချန်ချင်း၏ အပေါ်သို့ရောက်နေစဉ်မှာပင် ဖေးကမြွေ၏ခေါင်းပေါ်သို့ရောက်နေပြီဖြစ်သည်။ ဖေးကသူ၏ခွေးလက်ဖဝါးလေးနဲ့ မြွေ၏ခေါင်းကို ညင်သာစွာပုတ်လိုက်ပါ၏။
“ဝုန်း” မြွေကြီးမှာ သူ၏ခေါင်းပေါ်သို့ တောင်ကြီးတစ်တောင်က ဖိကျလာသည့်ဟုခံစားရပြီး သူ၏ခေါင်းမှာ မြေကြီးထဲသို့နစ်ဝင်သွားခဲ့ပါတော့သည်။ ထို့နောက်တွင် ကျယ်လောင်သောအသံများစွာ ထွက်ပေါ်လာခဲ့ပါ၏။ မြွေကြီးက မြေကြီးထဲသို့ နစ်မြုပ်သွားပြီး တွင်းနက်ကြီးတစ်ခုအလားဖြစ်သွားခဲ့ပါ၏။
ကြွေကျနေသော သစ်ရွက်ပုံကြီးမှာ မြွေကြီးပြုတ်ကျသောအရှိန်ကြောင့် နေရာအနှံ့သို့လွင့်ပါးသွားခဲ့ပါ၏။ မြွေကြီးမှာ နာကျင်မှုကြောင့် တရွှီရွှီနဲ့အော်မြည်နေခဲ့ပါသည်။ သူကမော့ကြည့်လိုက်ရာ သူ၏ခေါင်းပေါ်တွင် ရွှေလင်းလန် သားရဲကြီးရှိနေသည်ကို တွေ့လိုက်ရပါ၏။
ဖေးထံမှထွက်ပေါ်နေသောအရှိန်အဝါက မြွေကြီးကိုကြောက်ရွံ့မှုကြောင့်မလှုပ်ရှားရဲတော့ပါချေ။ ဖေးထံမှထွက်ပေါ်နေသောအရှိန်အဝါက သူ့အားအသက်အန္တရာယ်ခြိမ်းခြောက်နိုင်လောက်သည်အထိ ဖိနှိပ်ထားပြီး မြွေကြီးက လွန်စွာကြောက်ရွံ့နေပြီး တုန်ရီနေခဲ့၏။ ဖေးက ဂုဏ်ယူဝံ့ကြွားစွာဖြင့် လီချန်ချင်းအား ရင်တစ်ချက်ကော့ကာ ကြည့်လိုက်ပါသည်။
လီချန်ချင်းက မြွေကြီးထံသို့ လမ်းလျှောက်သွားပြီးနောက်မေးလိုက်ပါ၏။
“ငါ မင်းကို မေးမယ် ဒီအနက်ရောင်သစ်တောထဲမှာ ထာဝရရှင်သန်ခြင်းသစ်ပင်ရှိတယ်လို့ငါကြားတယ်။ အဲ့တာ ဘယ်မှာလဲဆိုတာမင်းသိလား။ ငါက ထာဝရရှင်သန်ခြင်းအသီးကိုရှာချင်နေတာကွ” ထိုမြွေကြီးမှာ စိတ်ဝိဉာဉ်သားရဲဖြစ်သောကြောင့် ၎င်း၏အသိဉာဏ်မှာ သာမန်တိရိစ္ဆာန်များထက် သာလွန်လှပါ၏။ လီချန်ချင်းက တိရိစ္ဆာန်ဘာသာစကားကို မပြောသည့်တိုင် မြွေကြီးက လူစကားကို နားလည်သည်မှာ အသေအချာပင်ဖြစ်ပါသည်။
မြွေကြီးက သူ၏ပါးစပ်ကိုဟလိုက်ပြီး လျှာကိုအသွင်းအထုတ်လုပ်ကာ တစ်စုံတစ်ခုကိုပြောပြနေပါ၏။ လီချန်ချင်းမှာ အူကြောင်ကြောင်ဖြစ်နေပါသည်။ ဒါပေမဲ့ ဖေး၏မျက်နှာထက်တွင် အံ့ဩသွားသောအမူအရာဖြစ်သွားပြီးနောက်တွင် သူက တစ်ဝုတ်ဝုတ်နှင့် မြွေကြီးကို စကားဆက်ပြောနေ၏။
“ဖေး ဒီကောင် ဘာပြောတာလဲကွ” လီချန်ချင်းက ဖေးအားကြည့်ကာ မေးလိုက်သည်။ လီချန်ချင်းမှာ တိရိစ္ဆာန်ဘာသာစကားကို တစ်ဝက်တစ်ပျက်သာတတ်မြောက်သောကြောင့် နောင်တရနေခဲ့ပါ၏။ သူကစကားသာပြောနိုင်သော်လည်း တိရစ္ဆာန်များဘာပြောနေတယ်ဆိုတာကို နားမလည်ပါ။
ထိုသို့သာမဟုတ်ပါက ယခုလိုမျိုး ဒုက္ခများနေမည် မဟုတ်ချေ။ သစ်တောထဲသို့ သူနဲ့အတူတူ ကျန်းဝမ်လျှို ကိုပါခေါ်လာခဲ့သင့်ပါ၏။ ဖေးက လီချန်ချင်း၏ မေးခွန်းကို တစ်ချက်နားထောင်လိုက်ပြီးနောက်တွင် လီချန်ချင်းအား တဝူးဝူးနဲ့အူကာ ပြန်ရှင်းပြ၏။
သူက စကားပြောနေရင်း သူ၏ ခွေးခန္ဓာကိုယ်လေးကိုလှုပ်ခါရင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်ကာ ပုံဖော်ပြနေပါ၏။
“ငါနားလည်ပြီ” လီချန်ချင်းက ခေါင်းညိတ်လိုက်ပါ၏။ သူက ဖေးနဲ့မြွေကြီးကို ကျောပေးလိုက်ပြီးနောက်တွင် သက်ပြင်းတစ်ချက်ချလိုက်ပါသည်။
သူက ဖေးသူ့ကိုပြောနေသည့်အရာများကို တစ်လုံးတစ်ပါဒမှ နားမလည်ခဲ့ပါ။ ဒီငတုံးကောင်နှစ်ကောင်နဲ့စကားပြောနေရခြင်းက သူ၏အချိန်တွေကို ဖြုန်းနေရာရောက်တယ်မဟုတ်ဘူးလား။
လီချန်ချင်းက မြွေကြီးကို ကြည့်ပြီးနောက်တွင် ပြောလိုက်ပါ၏။
“ ငါ့ကို ထာဝရရှင်သန်ခြင်းသစ်ပင်ရှိတဲ့နေရာကို လမ်းပြ”
သူတို့က သူ့ကို စကားမပြောဆိုနိုင်သောကြောင့် အနည်းဆုံးတော့ လမ်းတော့ပြနိုင်လောက်တယ် မဟုတ်ဘူးလား။ ဒါပေမဲ့ မြွေနက်ကြီးက သူထင်သလိုမျိုး လမ်းပြမယ့်အစား တရွှီရွှီနဲ့ စကားစတင်ပြောခဲ့ပါ၏။
မြွေကြီး၏ခေါင်းပေါ်တွင်ရှိသောဖေးကလဲ ခေါင်းတဆတ်ဆတ်ညိတ်ကာ လွန်စွာလေးနက်နေသောအမူအရာနဲ့ မြွေကြီးကို ပြန်ပြီးစကားပြောလိုက်ပါ၏။
ထို့နောက်တွင် ဖေးက လီချန်ချင်းအားကြည့်ကာ ဘာသာပြန်ပေးလိုက်ပါ၏။
“ဝု ဝု ဝု ဝု ဝုတ် ဝုတ် ဝုတ်”
မြွေကြီးက တရွှီရွှီနဲ့ပြော ဖေးက လီချန်ချင်းကို ကြည့်ပြီး တဝုဝုနဲ့ပြန်ပြောကာ ဘာသာပြန်ပေးနေသည်။
ထို့နောက် မြွေတစ်ကောင်နဲ့ ခွေးတစ်ကောင်က လီချန်ချင်းအား မျှော်လင့်နေသော မျက်နှာထားများနဲ့ကြည့်ပြီး သူ့အား သူတို့နှစ်ဦးပြောသည့်စကားများကို နားလည်ပါသလားဟု မေးသည့်ဟန်ပန်များနဲ့ရှိနေကြပါသည်။
လီချန်ချင်းက တိတ်ဆိတ်နေခဲ့၏။
ထိုငပေါကောင်နှစ်ကောင်ကို လစ်လျူရှုထားပြီး လီချန်ချင်းက မြွေနက်ကြီးကို လမ်းပြရန်အတွက် အမိန့်ပေးခဲ့ပါသည်။
“ဖေး ဒီကောင်က ထာဝရရှင်သန်ခြင်းသစ်ပင် ဘယ်မှာရှိမလဲဆိုတာ ငါတို့ကို ပြောလောက်တယ် ဟုတ်တယ်မလား။ ငါ့ကို အဲ့ဒီနေရာကို လမ်းပြပေးကွာ”
လီချန်ချင်းက ဖေးကိုပြောလိုက်ပါ၏။
“အာဝု အာဝု” ဖေးက သူ၏ခွေးခြေထောက်လေးကိုလှုပ်ခါလိုက်ပြီး လီချန်ချင်းကို စကားပြောလိုက်ပါသည်။
“ ပါးစပ်ပိတ်ထား။ မဟုတ်လို့ရှိရင် ငါ မင်းကို စားပစ်တော့မှာနော်” လီချန်ချင်းက ဒေါသထွက်စွာ ပြောလိုက်ပါ၏။
“အာဝု”
ဖေးက သူ၏ခွေးပါးစပ်လေးကို ပိတ်လိုက်ပြီး မျက်နှာလေးရှုံ့မဲ့သွားပါ၏။ သူ့သခင်က သူ့အား အရမ်းကိုမာရည်ကြောရည်နဲ့ဆက်ဆံလွန်းသည်ဟု ဖေးက ခံစားလိုက်ရပါသည်။ လီချန်ချင်းက ဖေး၏ကျောပေါ်သို့ တက်လိုက်၏။ ထို့နောက် ဖေးက အတောင်ပံခတ်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့ပါသည်။ လီချန်ချင်းက ဖေး၏ကျောပေါ်သို့ တက်ပြီးနောက်တွင် ဖေးကလဲ အတောင်ပံခတ်ပြီးနောက် အနောက်တောင်အရပ်သို့ပျံသန်းသွားခဲ့ကြပါသည်။
သူတို့နှစ်ဦးပျံသန်းသည်မှာ မိုင် ၂၀ခန့်ရောက်ပြီးနောက်တွင် လီချန်ချင်း၏အရှေ့တွင် တောင်ကြားလေးတစ်ခုကို မြင်လိုက်ရပါ၏။ လီချန်ချင်းက ထိုတောင်ကြားလေးထဲတွင် ထာဝရရှင်သန်ခြင်းသစ်ပင်ရှိမည်ကို သိနေခဲ့ပါ၏။
ဖေးက တောင်ကြားလေးထဲသို့ ဆင်းသက်လိုက်ပါသည်။ ပတ်ပတ်လည်မှာ ခြောက်ကပ်နေပြီး မြေပြင်မှာလဲ အက်ကွဲကြောင်းများနဲ့အပြည့် ဖြစ်နေခဲ့ပါသည်။ အက်ကွဲကြောင်းများမှာ မိုင်ထောင်နဲ့ချီ ရှည်လျားပြီး တောင်နံရံများပင်လျှင် ကြေမွနေခဲ့ပါ၏။ ထိုမြင်ကွင်းကို မြင်ရသော လီချန်ချင်းမှာ အံ့ဩသွားခဲ့၏။ ဤနေရာတွင် ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ခဲ့ဟန်ရှိ၏။
အနည်းဆုံးတော့ အဆင့်မြင့်ဆရာသခင် အဆင့်ရှိသော စိတ်ဝိညာဉ်သားရဲနှစ်ကောင်က ဤနေရာတွင်တိုက်ခိုက်ခဲ့ပုံရပါသည်။ ထိုအခိုက်တွင် လီချန်ချင်းက လွန်စွာကြီးမားသော သစ်ပင်ကြီးတစ်ပင်က တစ်ပိုင်းကျိုးကျပြီးလဲနေသည်ကို မြင်လိုက်ရပါသည်။
လီချန်ချင်းက ထိတ်လန့်သွားပြီး ထိုသစ်ပင်ကြီးအနားသို့ ကမန်းကတန်းပြေးသွားခဲ့ပါ၏။ ထိုသစ်ပင်နဲ့သူနီးသွားသည့်အခါတွင် ထိုသစ်ပင်၏ထူးခြားမှုကို လီချန်ချင်းက အာရုံခံလိုက်ရပါ၏။ ထိုသစ်ပင်ထံမှ ကြီးစွာသောအသက်စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရပါသည်။
ထိုသစ်ပင်က နှစ်ပိုင်းပြတ်နေသည့်တိုင် ယခုထက်ထိမသေဆုံးသေးပါချေ။ သို့သော် ထိုသစ်ပင်တွင်ရှိသော အသက်စွမ်းအင်မှာ သူယခင်တုန်းက ရရှိခဲ့ဖူးသော ထာဝရရှင်သန်ခြင်းသစ်ပင်၏ အသက်စွမ်းအင်ထက် လွန်စွာ နိမ့်ပါးကာ နည်းပါးနေခဲ့ပါပြီ။
“ ထာဝရရှင်သန်ခြင်းအသီးတွေရော” လီချန်ချင်းက သစ်ပင်ထက်မှ အသီးများကို ခပ်မြန်မြန်ရှာလိုက်ပါ၏။ သူအကြာကြီး ရှာပြီးသည့်တိုင် အသီးတစ်လုံးကိုမှ မတွေ့ရပါချေ။ သစ်ပင်လဲကျချိန်တွင် အသီးများကကြွေပြီးတော့ ဘေးပတ်ပတ်လည်သို့ ပြန့်ကျဲသွားမည်ဟု လီချန်ချင်းက တွေးလိုက်မိပြီးနောက်တွင် ပတ်ဝန်းကျင်ကို သူက အချိန်ကြာအောင် လိုက်ရှာကြည့်လိုက်ပါသည်။
နောက်ဆုံးတွင်တော့ လီချန်ချင်းက အသီးအချို့ကို ရှာတွေ့ခဲ့ပါ၏။ သို့သော် ထိုအသီးများမှာ အကောင်ငယ်လေးများက စားသောက်ထားပြီးသော အသီးအကြွင်းအကျန်များဖြစ်နေခဲ့ပါသည်။ အခြားသောအသီးနှစ်လုံးမှာမူ သစ်ပင်၏ပြိုလဲသောအရှိန်ကြောင့် ပိကာ ပြားချပ်ကပ်နေပါပြီ။
ထိုအဖြစ်ကြောင့် လီချန်ချင်းကို စွံ့အသွားစေခဲ့ပါ၏။ မြွေကြီးက လီချန်ချင်းအားမြွေဘာသာစကားဖြင့် ပြောပြနေသည်မှာ ထာဝရရှင်သန်ခြင်းသစ်ပင်ကြီးက ပြိုလဲသွားပြီး အသီးတစ်သီးမှ မကျန်တော့ဘူးပဲဆိုတဲ့အကြောင်းကို ပြောနေခြင်းပဲဖြစ်ရမည်။
အဲ့တာကြောင့် ဖေး၏မျက်နှာကလဲ လွန်စွာထိတ်လန့်နေပြီး သူ၏ခွေးကိုယ်လုံးကို လှုပ်ယမ်းကာ လီချန်ချင်းအား မသွားရန်အတွက် တားမြစ်နေပုံ ဖြစ်နေခြင်းဖြစ်မည်။
“ ဟူးးး ငါတော့ နဂါးသွေးအဆီအနှစ်ကို မရတော့ဘူး ထင်ပါတယ်” လီချန်ချင်းက ထိုအတွေးကြောင့် မျက်မှောင်ကျုံ့လိုက်ပါ၏။ သူက ထာဝရရှင်သန်ခြင်းသစ်သီးများကို ပြန်လည်မယူဆောင်နိုင်ခဲ့ပါက နဂါးသွေးအဆီအနှစ်ကို ရယူနိုင်မည် မဟုတ်ပါချေ။
“ ဟင်” ထိုအခိုက်တွင် လီချန်ချင်းက ပြိုလဲကျနေသော ထာဝရရှင်သန်ခြင်းသစ်ပင်ကိုကြည့်ကာ အတွေးတစ်ခု ဝင်သွားခဲ့ပါသည်။ သူက ထာဝရရှင်သန်ခြင်းသစ်ပင်ကို ဆွဲမလိုက်ပြီး သူ၏ဓားကိုဆွဲယူပြီး သစ်ပင်ကို ခုတ်လှဲလိုက်ပါသည်။
ထို့နောက်တွင် သစ်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ သစ်ပင်၏ အကိုင်းအခက်များကို ဖယ်ရှားလိုက်ပါ၏။ ထို့နောက် သူ၏ပန်းပုထုရမည့် ပစ္စည်းများကို ထုတ်ယူကာ သစ်ပင်၏ သစ်သားအသားကို ပန်းပုထုရမည့်အရွယ်ဖြစ်အောင် ခုတ်ပိုင်းလိုက်ပါသည်။ ထို့နောက်တွင် သူက သဲကြီးမဲကြီးကို ပန်းပုထိုင်ထုပါ၏။
ထာဝရရှင်သန်ခြင်းအသီးများမရှိသော်လည်း လီချန်ချင်းတွင် အခြားသောနည်းလမ်းတစ်ခုရှိပါသည်။ ရောဂါကိုကုသရန်အတွက် လီချန်ချင်းက ထာဝရရှင်သန်ခြင်းသစ်သားကို အသုံးပြုပြီး ပန်းချီရတနာတစ်ခုကို ဖန်တီးရန်အတွက် ပြင်ဆင်လိုက်ပါသည်။
ရောဂါလေးကိုကုယုံလေးပဲမလား။ ဘာများခက်ခဲနေတာမလို့လဲ။
လီချန်ချင်းက နဂါးသွေးအဆီအနှစ်ကို ရယူရန်အတွက် လုံးဝဆုံးဖြတ်ချက်ချ ထားပြီးသားဖြစ်ပါ၏။ ထို့ကြောင့် အချိန်အကြာကြီး တွေးတောပြီးသည့်နောက်တွင် လီချန်ချင်းက စတင်၍ အလုပ်စလုပ်ပါတော့သည်။ အသက်စွမ်းအားများပါသော ပန်းပုရုပ်ထုမှာ လွန်စွာခက်ခဲပြီး အချိန်ကြာမြင့်ပါ၏။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့်မြေကြီး နိယာမများက အသက်စွမ်းအင်နဲ့ ပတ်သက်သည့်အရာများကို ပြင်းထန်စွာ ဖိနှိပ်ထားသောကြောင့်ဖြစ်ပါသည်။ ဒါပေမဲ့ လီချန်ချင်းက ထိုခံစားချက်နှင့် ထိုဖိအားများကို အသားကျနေပြီးသား ဖြစ်ပါ၏။
သူ၏ပန်းပုထုနေသည့်လက်များမှာ နှေးကွေးနေရာမှ တဖြေးဖြေးနဲ့ မြန်ဆန် သွက်လက်လာခဲ့ပါသည်။ သူပန်းပုထုရခက်ခဲလေလေ သူ့ရဲ့နတ်ဘုရားဝိဉာဉ်ကလဲ တဖြေးဖြေးပိုပြီးသန်စွမ်းလာလေလေဖြစ်ပါသည်။ သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်မှာ ဘယ်အချိန်ကျမှ ဒဏ္ဍာရီအဆင့်ဖြစ်သော မဟာလွတ်လပ်ခြင်းအဆင့်သို့ ချိုးဖြတ်နိုင်မလဲဆိုတာကို လီချန်ချင်းမသိပါ။
လီချန်ချင်းက တစ်နေ့လုံး တစ်ညလုံးထိုင်ပြီးတော့ ပန်းပုထုနေခဲ့ပါ၏။ ညရောက်သည့်အခါတွင် အနက်ရောင်ရှေးဟောင်းသစ်တောမှာ ပို၍ပင်ကြောက်ဖို့ကောင်းလာခဲ့ပါသည်။
မြောက်များစွာသော စိတ်ဝိဉာဉ်သားရဲများက တောအုပ်အလယ်တွင်ထိုင်ကာ ပန်းပုထုနေသော လီချန်ချင်းအား သတ်ဖြတ်လိုခဲ့ပါ၏။ သို့သော် လီချန်ချင်း၏ နံဘေးတွင်ဝပ်ကာအိပ်နေသော ဖေးက သူ၏ခန္ဓာကိုယ်က အရှိန်အဝါများကို ထုတ်လွှတ်ထားသောကြောင့် မည်သည့်စိတ်ဝိဉာဉ်သားရဲမှ ရှေ့သို့တိုးကာ အန္တရယ်မပြုရဲပါချေ။
လီချန်ချင်း၏ ပန်းပုရုပ်ထုမှာ ပို၍ ပို၍ ရုပ်လုံးကြွလာသည့်အချိန်တွင် ပြင်းထန်လှသောအသက်စွမ်းအင်က စတင်၍ထွက်ပေါ်လာခဲ့ပါသည်။ ထိုပြင်းထန်လှသော အသက်စွမ်းအင်အရှိန်အဝါက အနီးအနားတွင်ရှိသော စိတ်ဝိညာဉ်သားရဲများစွာတို့ကို ဆွဲဆောင်လိုက်ပါသည်။
အနက်ရောင်ရှေးဟောင်းသစ်တောတစ်ခုလုံးတွင် စိတ်ဝိညာဉ်သားရဲတို့၏ ဟိန်းဟောက်သံများနဲ့ ပြည့်နှက်သွားခဲ့ပါ၏။ သစ်တောတစ်ခုလုံးမှာ လှုပ်ရှားလာကာ ယောက်ယှက်ခပ်လာသောကြောင့် ဖေးပင်လျှင် ဝပ်နေရာမှ မတ်တပ်ထရပ်ပြီး အလေးအနက်ဖြစ်လာခဲ့ပါသည်။ ပြီးသွားပြီ။ လီချန်ချင်းက သူ၏လက်ထဲတွင်ရှိသော ပန်းပုရုပ်ကို ကြည့်လိုက်ပါ၏။
“ဝုန်း ဝုန်း ဝုန်း” မြောက်များစွာသောခြေသံများက တောအုပ်အနှံ့မှ လီချန်ချင်းတို့ရှိရာသို့ တဟုန်ထိုးပြေးလာခဲ့ကြပါ၏။
“ဖေး ငါတို့လစ်ရအောင်”
လီချန်ချင်းက ဖေး၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ဖေးကလဲ ခပ်မြန်မြန်ပဲ အတောင်ပံခတ်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့ပါ၏။
သူတို့၏ဦးတည်ရာမှာ ကျိဝူမြို့သို့ပင်ဖြစ်ပါသည်။ လီချန်ချင်း၏ လက်ထဲတွင်တော့ ရေပန်းပုံစံ ပန်းပုရုပ်ထုတစ်ခုမှာ ငြိမ်သက်စွာ လဲလျောင်းနေခဲ့ပါ၏။
ပန်းပုရုပ်၏ ရေပန်းမှ ရေများမှာ တသွင်သွင်နဲ့ ပန်းထွက်နေခဲ့၏။ ထိုရေများတွင် ပြင်းထန်လှသော အသက်စွမ်းအားများက အဆုံးအစမဲ့စွာ လည်ပတ်နေခဲ့ပါသည်။