← Chapters

အခန်း (၃၁၇)

Vol. 27 Ch. 317

အခန်း (၃၁၇)

Vol. 27 Ch. 317

 “ရွှယ်ချင်းပိုင်ကို ကြားဖူးတယ်။ သူ့ရဲ့ ချင်းရွယ် အာဏာ ဓါးက တစ်ခြားလူတွေကို သူဘယ်တော့မှ ပေးကိုင်မဲ့ဓါး မဟုတ်ဘူး။ အဲဒီဓါးက သူကသူ့ရဲ့ ဇနီးမယားတစ်ယောက်လိုပဲ သဘောထားတာ”

ကျန်းဝမ်လျိုက လီချန်ချင်းအား မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် ပြောလိုက်ပါ၏။

“မင်းမယုံဘူးဆိုလို့ရှိရင်လည်း ထားလိုက်ပါတော့” လီချန်ချင်းကလည်း ပခုံးတွန့်ပြလိုက်ပါ၏။ ကျန်းဝမ်လျို ၏ မယုံကြည်ခြင်းသည် သူ့အတွက်တော့ အရေးမပါသည့် အလားပင် ဖြစ်သည်။

သူကရတနာတိုက်ထဲတွင်ရှိသော ရတနာများကိုသာ ဆက်လက်၍ ရှာဖွေနေခဲ့ပါသည်။ လောလောဆယ် သူ့အတွက် အရေးအကြီးဆုံးက ထိုအရာများသာဖြစ်ပါ၏။ အနီရောင်သတ်ဖြတ်ခြင်းဓါးမှာ အမှန်တကယ်ကို ဓါးကောင်းတစ်လက်ဖြစ်ပါသည်။

ဒါပေမဲ့လီချန်ချင်းမှာတော့ နတ်ဘုရားဓါး ခုနှစ်လက်ရှိနေပြီဖြစ်သောကြောင့် ထို ဓါးအနီကို သူ့အတွက် မလိုအပ်သေးပါချေ။ သူ၏အာရုံများမှာ တခြားသော ရတနာများပေါ် ရောက်ရှိနေခဲ့ပါသည်။ သို့ပေမဲ့ လီချန်ချင်းက ရတနာများစွာ မြင်သည့်တိုင် သူတို့၏ အသုံးဝင်ပုံများကို သေချာမသိသောကြောင့် ကျန်းဝမ်လျိုက သူ့အတွက် ရတနာတစ်ခုကို ရွေးချယ်ပေးမည့် အချိန်ကို သာ စောင့်ဆိုင်းနေခဲ့ပါသည်။

ဒါပေမဲ့ လက်ရှိမှာ တော့ ကျန်းဝမ်လျိုက လီချန်ချင်းထက်ပင် အခြေအနေပို၍ ဆိုးနေခဲ့ပါ၏။ သူက ရတနာပုံကြီးထဲသို့သွား၍ ဟိုလျောက်ကြည့် ဒီလျောက်ကြည့် ကြည့်နေသည့်အပြင် ရတနာပစ္စည်းများကို ကိုင်ကြည့်လိုက် ပြန်ချလိုက် လုပ်နေပါ၏။

ထို့အပြင် သူ့ပါးစပ်မှလည်း တလှုပ်လှုပ်နှင့် လျောက်ပြောနေခဲ့ပါ၏။ ထိုကဲ့သို့သော ဖြစ်ရပ်ကြောင့် လီချန်ချင်းမှာ ဆွံ့အစွာဖြင့် ကျန်းဝမ်လျိုအား ကြည့်နေပါသည်။

“ခင်ဗျား တစ်ခုခု ရှာတွေ့လား” အချိန်တော်တော်ကြာတဲ့အထိ ကျန်းဝမ်လျို က စိတ်နှင့် လူမကပ်သည့်အတွက်ကြောင့် လီချန်ချင်းက အသံပြုပြီးမေးလိုက်ပါသည်။

လီချန်ချင်း၏အသံကို ကြားမှသာ ကျန်းဝမ်လျိုက လက်ရှိ ပစ္စုပ္ပန်သို့ ပြန်ရောက်လာသည့်အလား ဖြစ်သွားပါ၏။ သူက ဤနေရာတွင် လီချန်ချင်းအား ရတနာပစ္စည်းများကို ကူပြီး ရွေးချယ်ပေးရမည်ဆိုတာကို သတိရသွားခဲ့ပါသည်။

“အဲဒါကတော့…” ကျန်းဝမ်လျို၏အကြည့်မှာ ရတနာသိုက်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါ၏။ သူက ပစ္စည်းတော်တော်များများကို ကြည့်ပြီးခဲ့ပါပြီ။ လွန်စွာ တန်းဖိုးကြီးမားလှသော ရတနာပစ္စည်းများကိုလည်းသူမြင်ခဲ့ပြီးပါပြီ။

ထိုရတနာများစွာအနက် တန်ဖိုးအကြီးဆုံးကို ရွေးရမည်ဆိုလျှင် ကျန်းဝမ်လျိုက အချိန်အကြာကြီးတွေးတောလိုက်ပါသည်။ ထို့နောက်တွင် သူက ထောင့်တစ်ထောင့်တွင်ရှိသော အနက်ရောင် သစ်သားဘူးလေးတစ်ခုကို ကောက်ယူလိုက်ပါ၏။ သူက လီချန်ချင်းထံ သို့ ကမ်းပေးလိုက်ပြီးပြောလိုက်ပါသည်။

“ဒီရတနာသိုက်ထဲမှာ ရတနာပစ္စည်းတွေအများကြီးရှိတယ်။ ဒါပေမဲ့ တော်တော်များများကတော့ အရမ်းထူးခြားမနေဘူး။ ဒီတစ်ခုကို ငါတွေ့ခဲ့တယ်။ဒီဥစ္စာက တော်တော်လေးကိုရှားတယ်လို့ငါထင်တယ်ကွာ။ မင်းသာစိတ်ဝင်စားမယ်ဆိုရင်တော့ မင်းယူသွားလိုက်တာပိုကောင်းတယ်”

“ ဒါကဘာလဲ” လီချန်ချင်းက အနက်ရောင်သစ်သားလေးကို စိတ်ဝင်တစားဖွင့်ကြည့်လိုက်ပါ၏။ အနက်ရောင်သစ်သားအတွင်းတွင်တော့ ကျောက်တုံး တစ်တုံးရှိပါသည်။ ထိုကျောက်တုံးမှာလုံးဝကို နက်မှောင်နေပြီး အမှောင် စွမ်းအားများက တလိမ့်လိမ့်ထွက်ပေါ်နေခဲ့ပါ၏။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုကျောက်တုံးမှာ ကောင်းမွန်သော ကျောက်တုံးမဟုတ်ဘဲ ဆိုးရွားသော အရာတစ်ခုဟု တွေးမိမည်မှာ မလွဲ ဧကန်ဖြစ်ပါ၏။

“ ဒါက အိမ်မက် စိတ်ဝိဉာဉ်ကျောက်တုံးလို့ခေါ်တယ်”ကျန်းဝမ်လျိုက ရှင်းပြလိုက်ပါသည်။

“ဒါက အရမ်းရှားပါးတဲ့ ရတနာတစ်ခု ပဲ။ ဒီလောက်ရှားပါးတဲ့ ရတနာကို မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ထဲမှာ တွေ့မယ်လို့ ငါမထင်ထားခဲ့ဘူး”

“အိမ်မက်ဝိဉာဉ်ကျောက်တုံးဟုတ်လား” လီချန်ချင်းက အနည်းငယ်အံ့ဩသွား ပါ၏။

“ဒါကဘယ်လိုသုံးရတာလဲ။ အဲဒါက အိမ်မက်တွေကို ဖန်တီးဖို့သုံးတာလေ” ကျန်းဝမ်လျိုက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပါ၏။

“မင်းက အိမ်မက်မက်တာကြိုက်တယ်ဆိုလို့ရှိရင် ဘယ်တော့မှ ပြန်ပြီး နိုးမလာအောင်ငါလုပ်ပေးမယ်လေ။ အဆင်ပြေလား”လီချန်ချင်းက အပြုံးတစ်ခုနှင့် ပြောလိုက်ပါ၏။

“မဟုတ်ဘူး။ မဟုတ်ဘူး။ ငါပြောတာအရင်နားထောင်ပါဦး။ မင်းထင်သလိုမဟုတ်ဘူး” ကျန်းဝမ်လျိုက ခပ်မြန်မြန်ပင် သေချာရှင်းပြလိုက်ပါ၏။

“ ဒဏ္ဍာရီထဲမှာ ပြောတာကတော့ အိမ်မက်ဝိဉာဉ်ကျောက်တုံးက အရမ်းကိုထူးခြားဆန်းကြယ်တဲ့ အဖြူနဲ့အနက် တားမြစ်နယ်မြေက ရလာတာလို့ပြောတယ်။ အဲဒီအိမ်မက် ဝိဉာဉ်ကျောက်တုံးကို  ပိုင်ဆိုင်တဲ့ မည်သူမဆို ကမ္ဘာလောကသစ်တစ်ခုကို ဖန်တီးနိုင်တယ်တဲ့”

“အဲဒီကမ္ဘာလောကထဲမှာ ကိုယ်ကြိုက်တဲ့ စည်းမျဉ်းဥပဒေတွေ နိယာမတွေနဲ့ ဖွဲ့စည်းထားလို့ရတယ်လို့လဲပြောတယ်။တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ နတ်ဘုရားစိတ်ဝိဉာဉ်က စွမ်းအားအရမ်း ကြီးတယ်ဆိုရင် ပြင်ပလောကက လူတွေကို ကိုယ်ဖန်တီးထားတဲ့ကမ္ဘာထဲကိုဆွဲသွင်းလို့ရတယ်လို့လဲပြောတယ်။  ကိုယ်ဖန်တီးထားတဲ့ကမ္ဘာထဲကိုသူတို့ရောက်သွားပြီဆိုရင် သူတို့ကအဲဒီကမ္ဘာရဲ့ စည်းမျဉ်းဥပဒေနဲ့ နိယာမတွေကို လိုက်နာရတော့မယ်။ မင်းဖန်ဆင်းထားတဲ့ ကမ္ဘာထဲကနေသူတို့လွတ်မြောက်ဖို့က လွယ်မှာ မဟုတ်ဘူး”

ကျန်းဝမ်လျိုက အပြုံးနှင့်ပြောလိုက်ပါသည်။

“တစ်ယောက်ယောက်က အရင်တုန်းက အိမ်မက် ဝိဉာဉ်ကျောက်တုံးကို အသုံးပြုပြီးတော့ ထောင်တစ်ခုလုပ်ခဲ့တယ်လေ။ သူကကျောက်တုံးထဲမှာ ထောင်အဖြစ်တည်ဆောက်ပြီးတော့ အပြင်ကလူတွေကို ထောင်ထဲမှာ ပိတ်ပြီးတော့ လှောင်ထားလေ့ရှိတယ်။ အဖမ်းခံလိုက်ရတဲ့လူတွေကအပြင်ကို ပြန်မထွက်နိုင်ဘဲနဲ့ အသက်အရွယ်ကြီးရင့်ပြီးတော့ အထဲမှာပဲသေဆုံးသွားရတယ်။”

“တချို့လူတွေကကြတော့ အိမ်မက်ဝိဉာဉ်ကျောက်တုံးထဲမှာ ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးလိုက်ကြတယ်ကွာ။ အဲဒီကမ္ဘာရဲ့ အုပ်စိုးတဲ့အရှင်သခင်ကတော့သူပေါ့။ တစ်ခြားလူတွေကို သူက အဲဒီကမ္ဘာထဲကို ဆွဲသွင်းတယ်။ ပြီးတော့ လက်ရှိ အပြင်လောကကြီးကနေပြီးတော့ ခါးသီးအမှန်တရားကို ရှောင်လွဲပြီးတော့ ကိုယ် ဖန်တီးထားတဲ့ ကမ္ဘာမှာ အင်မော်တယ်တွေလိုမျိုး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြည့်ပြည့်ဝဝ နေထိုင်ကြတယ်”

“ကိုယ်ကြိုက်တဲ့အတိုင်း နေကြရတယ်ကွာ။ အဲဒါကြောင့်မို့လို့ ဒီရတနာက အရမ်းကိုရှားတယ်လို့ငါကပြောတာ။ ပြီးတော့သူက တိုက်ခိုက်တဲ့ နေရာမှာလည်း အသုံးပြုလို့ရတယ်။ ကိုယ့်ရဲ့ရန်သူက ကိုယ့်ထက် ကျင့်ကြံချင်းမြင့်နေရင် ဒါမှမဟုတ် အရမ်းစွမ်းအားကြီးရင် နတ်ဘုရားဝိဉာဉ်တို့ရှိမနေဘူးဆိုရင် ကိုယ်ဖန်တီးထားတဲ့ ကမ္ဘာထဲကို သူတို့ကို ဆွဲသွင်းလို့ရတယ်။ ကိုယ်သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေကို သူတို့က ပြည့်ဝအောင် လုပ်လိုက် တာကလွဲရင် အဲဒီကမ္ဘာထဲကသူတို့ ပြန်ထွက်ဖို့အရမ်းခက်ခဲလိမ့်မယ်”

ကျန်းဝမ်လျို၏ပြောကြားချက်ကိုကြားပြီးသည့်နောက်တွင် လီချန်ချင်းက အိမ်မက်ဝိဉာဉ်ကျောက်တုံးကို အံ့ဩစွာဖြင့်ကြည့်လိုက်ပါ၏။

“ ဒီဘာမဟုတ်တဲ့ ကျောက်တုံးနက်လေးကအဲလောက်တောင် စွမ်းအားကြီးရတာလား”

“ အမှန်တကယ်တော့ ဒီအိမ်မက်ဝိဉာဉ်ကျောက်တုံးက ပိုင်ရှင် တော်တော်များများပိုင်ပြီးသွားပြီ။ ဒါပေမဲ့ သူတို့က ကျောက်တုံးထဲမှာ လောကတစ်ခုကို ဖန်တီးဖို့ အဲဒီလောကကြီးကို မပြိုလဲအောင် အတွက် စည်းမျဉ်းဥပဒေသတွေရေးဆွဲဖို့ ထည့်သွင်းဖို့က အရမ်းကို ခက်ခဲလွန်းတယ်။ ခက်ခဲလွန်းအားကြီးတဲ့အတွက် ဘယ်သူကမှ ပြီးပြည့်စုံတဲ့ လောကတစ်ခုကိုမဖန်တီးနိုင်သေးဘူး”

“ဒါပေမဲ့ မင်း မင်းကတော့ မင်းခေါင်းထဲမှာ အရမ်းထူးခြားဆန်းကြယ်တဲ့ ပုံပြင်တွေ ဝတ္ထုတွေ ဇာတ်လမ်းတွေ အများကြီးရှိတယ်။ မင်းလူမျိုးလူမျိုး ဆိုရင် တော့ မင်းပြောတဲ့ ဇာတ်လမ်းတွေထဲကလိုမျိုး ဥပမာကွာ ဓါးသွားထက်က နှင်းမြေပြင်ဆိုတဲ့ ဇာတ်လမ်းထဲကလိုမျိုးလောကကြီးတစ်ခုကိုမင်း အသာလေးဖန်ဆင်းနိုင်တယ်ကွာ”

“ မင်းဖန်ဆင်းထားတဲ့ လောကြီးထဲမှာ မင်းရန်သူတွေကို ပိတ်လိုက်ပြီဆိုလို့ရှိရင် မင်းဇာတ်လမ်းထဲကလိုမျိုး အဲဒီမင်းရန်သူတွေက စွန်းဝူခုံးကိုနိုင်အောင်တိုက်န်ုင် မှဒီလောကထဲက ထွက်နိုင်မယ်လို့ မင်းက စည်းမျဉ်း သတ်မှတ်လိုက်လို့ရှိရင် မင်းရန်သူတွေက မင်းဖန်တီးထားတဲ့ လောကထဲရောက်သွားရင် စွန်းဝူခုံးကို နိုင်အောင်သတ်မှ ရတော့မယ်။ နိုင်အောင်သတ်မှပဲ သူတို့က ဒီလောကကြီးထဲက ပြန်ထွက်နိုင်မှာ။ သူတို့က မင်းသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုသာ သူတို့မလုပ်နိုင်ဘူးဆိုရင်တော့ အဲဒီ အိမ်မက် ကျောက်တုံးထဲကနေတော့သူတို့ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး”

“ ပြီးတော့ သူတို့က အိမ်မက်ကျောက်တုံးထဲမှာ ပြန်မထွက်လာနိုင်ဘဲ သေသွားမယ်ဆိုရင် သူတို့ရဲ့ ဝိဉာဉ်တွေကလည်း တစ်ခါတည်းကို လွင့်ပြယ်သွားမယ်”

ကျန်းဝမ်လျိုက လီချန်ချင်းအား စည်းမျဉ်းစည်းကမ်းများကို ရှင်းပြနေခဲ့ပါ၏။

“အမှန်အတိုင်းပြောရလို့ရှိရင်တော့အိမ်မက်ဝိဉာဉ်ကျောက်တုံးကို ငါတစ်ခါမှ မပိုင်ဆိုင်ဘူးဘူး။ သူ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက အရမ်းကို များလွန်းအားကြီးတယ်။ အဲဒါတွေက စိတ်အရမ်းရှုပ်ဖို့ကောင်းတယ်။ သေချာသိချင်တယ်ဆိုလို့ရှိရင်တော့ ကိုယ့်ဘာသာကို လေ့လာပြီးတော့ စမ်းသပ်ကြည့်တာ ပိုကောင်းမယ်လို့ငါထင်တယ်” လီချန်ချင်းက သူ၏လက်ထဲတွင်ရှိသေ အိမ်မက် ဝိဉာဉ်ကျောက်တုံးအား ငုံ့ကြည့်လိုက်ပါ၏။

သူ၏စိတ်ထဲတွင်တော့ အနည်းငယ်စိတ်လှုပ်ရှားနေခဲ့ပါသည်။ဒီ ပစ္စည်းက အရမ်းကို အသုံးဝင်တယ်လို့ သတ်မှတ်လို့ရသလို သိပ်အသုံးမဝင်ဘူးလို့လဲ သတ်မှတ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်

လီချန်ချင်းက အဲဒါကို သိမ်းထားဖို့အတွက် ဆုံးဖြတ်လိုက်ပါ၏။ အဘယ်ကြောင့်ဆိုသော် သူ့ခေါင်းထဲတွင်အစီအစဉ်တစ်ခုကို တဖြေးဖြေးနဲ့ တွေးလိုက်သောကြောင့်ဖြစ်သည်။

လီချန်ချင်းက အိမ်မက်ဝိဉာဉ်ကျောက်တုံးအား ရွေးချယ်လိုက်ပြီးနောက်တွင် ရတနာတိုက်မှ ပြန်ထွက်လာခဲ့ပါသည်။

ထိုနောက် သူကချန်ချင်းစံအိမ်သို့ ပြန်လာခဲ့ပါ၏။ သူက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို စာပို့ကာအကြောင်းကြားခဲ့ပါသည်။သူ့ကို ရှာချင်ပါက သူက လက်ရှိတွင် မြောက်ပိုင်းအေးခဲနိုင်ငံတော် ချန်ချင်းစံအိမ်တော်၌ရှိနေသည်ဟု စာပို့ခဲ့ပါ၏။

ညသို့ရောက်ပါပြီ။

တုရှန်းမြို့တွင်တော့ လီဟမ်ရှန်း က ဟွာကျစ်လျိုနှင့် မူကျင်းတို့ထံမှ ခံဝန်ချက်များကို ဖတ်ရှုပြီး သက်သေများကိုစတင်၍ စုံစမ်းတော့ပါ၏။ သူက ထိုသူများအားလုံးကို အာရုံတက်ချိန်၌ ဖမ်းဆီးရန်တွေးထားပါသည်။

သူ့လက်ထဲတွင်ရှိသောခိုင်မာသော ခံဝန်ချက်နှင့် သ က်သေများအရ ဟွာမိသားစုနှင့်မူအိမ်တော်တို့မှာ လုံးဝကို ပြိုလဲတော့မည်ဖြစ်ပါ၏။

ဒါပေမဲ့ ထိုညမှာပင် လီဟမ်ရှန်းက ကောင်းကောင်းအိပ်မပျော်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် အိမ်မက် မက်လေ့မက်ထ မရှိသောသူက အိမ်မက် စမက်သောကြောင့်ဖြစ်ပါသည်။ အိမ်မက်ထဲတွင် လီဟမ်ရှန်းကထူးခြားသော နေရာတစ်ခုကို ရောက်နေခဲ့ပါ၏။ ထိုနေရာမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသော လောကြီးတစ်ခုဖြစ်ပါ၏။

ထိုလောကကြီးတွင် သက်ရှိများအားလုံးက အမြစ်ပြတ်သုတ်သင်ခံထားရသည့်အလားရှိ၏။ ကမ္ဘာမြေကြီးမှာ အက်ကွဲနေပါပြီ။ အက်ကွဲကြောင်းများမှာ မိုင်ပေါင်း ဘီလီယံနှင့်ချီအောင် ပျံ့နှံ့နေပါ၏။

အက်ကွဲကြောင်းတစ်ခုနှင့် တစ်ခုကြားတွင် ဆယ်မိုင်ခန့်အကွာ ရှိပြီး လွန်စွာ ကြီးမားကျယ်ပြန့်သော ချောက်နက်ကြီးတစ်ခု တွင်းနက်ကြီးတစ်ခု မှာ ဖြစ်ပေါ်နေခဲ့ပါသည်။

ထိုတွင်းနက်ကြီး၊ ချောက်နက်ကြီးမှာ အောက်ခြေမဲ့ကာ အဆုံးအစမဲ့ နေပါ၏။ လီဟမ်ရှန်းက ထိုလောကကြီးတွင် လမ်းလျောက်နေသည့်အခိုက်တွင် ထိုချာက်နက်ကြီး တွင်းနက်ကြီးထဲသို့ အချိန်အခါမရွေး ကျနိုင်သည်ဟူသော ခံစားချက်ကို ရနေခဲ့ပါ၏။

သူကခေါင်းကိုမော့ကာ ကြည့်လိုက်သည့်အခါတွင် ကောင်းကင်ကြီးပင်လျှင် အစိတ်စိတ်အမွှာမွှာ အက်ကွဲနေသည်ကို မြင်လိုက်ရပါ၏။

ထိုအက်ကွဲကြောင်းများမှ ထူးဆန်းသော အနက်ရောင်ရေများက စီးကျလာပြီး ကမ္ဘာမြေကြီး၏အက်ကွဲကြောင်း ချောက်နက်ကြီးများထဲသို့ရောက်ရှိသွားခဲ့ပါ၏။

ထိုရေစီးကြောင်းများမှာ ချောက်နက်ထဲသို့ဝင်ပြီးနောက်တွင် အစအနရှာမရအောင်ပျောက်ကွယ်သွားခဲ့ပါ၏။ ဤနေရာရှိ အစိတ်အပိုင်းတိုင်း၊ နေရာတိုင်းကလွန်စွာမှပင် ဆန်းကြယ်နေပါ၏။ ထိုကဲ့သို့ အမည်ဖော်မရလောက်အောင် ဆန်းကြယ်နေသောကြောင့် လီဟမ်ရှန်းကို ကြောက်ရွံ့စေခဲ့ပါ၏။ သူ့နှလုံးသားမှ တဒုတ်ဒုတ်ခုန်လာကာ ထိန့်လန့်နေခဲ့ပါ၏။

“ဒါဘယ်နေရာကြီးလဲ။ သူက ဘာလို့ရောက်လာဒီကိုရောက်လာတာလဲ” ထိုအခိုက်မှာပင် လီဟမ်ရှန်းကခြောက်သွေ့နေသော မြေပြင်ထက်၌ သေဆုံးလုနီးပါးဖြစ်နေသော ပန်းပွင့်လေးကိုတွေ့လိုက်ရပါ၏။ ထိုပန်းလေးမှာ ခရမ်းရောင်ရှိပြီး လီဟမ်ရှန်းမှာ ထိုပန်းအမျိုအစားကို လုံးဝမမြင်ခဲ့ဘူးပါ။

ထိုပန်းလေးမှာ နွမ်းကျပြီး သေလုနီးပါးဖြစ်နေ၏။ အချိန်မရွေးပင် ထိုပန်းက ညိုးခြောက်သွားနိုင်သည့်အလားအလာရှိပါ၏။

လီဟမ်ရှန်းကပန်းလေး၏နားသို့ လမ်းလျှောက်သွားပါ၏။ ထို့နောက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုအက်ကွဲနေသောမြေပြင်မှ ပန်းလေးကို ဆွဲနုတ်လိုက်ပါ၏။ ထိုပန်းလေးကို ကိုင်လိုက်ရသည့်ခံစားချက်မှာ လွန်စွားစစ်မှန် နေသည်။ အိမ်မက်နှင့် လုံးဝမတူပါချေ။

“လီဟမ်ရှန်း” ထိုအခိုက်မှာပင် လွန်စွာဆန်းကြယ်သော အသံတစ်သံက မည်သည့်နေရာကမှန်းမသိထွက်ပေါ်လာခဲ့ပါ၏။ ထိုအသံမှာ သာမန်ကြားနေကြအတိုင်း လီဟမ်ရှန်း၏နားစည်သို့ ရိုက်ခတ်ခြင်းမဟုတ်ပါ။

သူ၏စိတ်ဝိဉာဉ်နှလုံးသားထဲသို့ တိုက်ရိုက်ရောက်ရှိသော ဆန်းကြယ်လှသည့်အသံဖြစ်ပါ၏။

ထိုအသံပိုင်ရှင်သည်ဤလောကတစ်ခုလုံးကို ပိုင်ဆိုင်ထားသည့် အစိုးရသည့် ဧကရာဇ်မင်းတစ်ပါးနှင့်တူနေပါ၏။ ထိုအသံကို ကြားရခြင်းက စိတ်ဝိဉာဉ်ပင် တဆတ်ဆတ် တုန်ရီစေပါသည်။

လီဟမ်ရှန်းကထိတ်လန့်ကြောက်ရွံ့မှုကြောင့် အသံနက်ကြီးနှင့် အော်ဟစ်လိုက်ပါသည်။

“ ဘယ်သူလဲ” သို့သော် မည်သူကမျှ သူ့အား ပြန်၍ မဖြေပါ။ နောက်တခဏအကြာတွင် ဤပျက်ဆီးနေသော လောကကြီး၌ မြူခိုးများ စတင်၍ ဖုံးလွှမ်းလာခဲ့ပါသည်။

မြူခိုးများသည် လောကြီးတစ်ခုလုံးကို နေရာလပ်မရှိအောင် ဖုံးလွှမ်းသွားပြီး ဆန်းကြယ်သော လျို့ဝှက်ချက်များ အားလုံးကို ဖုံးအုပ်လိုက်သည့်အလားပင် ဖြစ်ပါသည်။

“လီဟမ်ရှန်း”

အသံမှာ မြူခိုးများကြားမှ ထွက်ပေါ်လာခဲ့၏။ လီဟမ်ရှန်းနှလုံးသားမှာ တဆတ်ဆတ် တုန်ရီနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ထိုမြူခိုးများ၏ကြားထဲတွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုကို သူအာရုံခံလိုက်မိလို့ဖြစ်ပါ၏။ ထိုတည်ရှိမှုမှာ သူကြုံတွေ့ခဲ့ဖူးသော မည်သူ့မဆိုထက်ပင်ကြောက်ရွံ့မှုကောင်းပါ၏။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းချုပ် လောရှောင်ချွမ်ထက်ပင်ကြောက်ဖို့ကောင်းသည်။ ချင်းလဲ့ဓားသခင်ထက်လည်းပို၍ကြောက်ဖို့ကောင်းသည်။

တစ္ဆေနတ်ဆိုးစမ်းသပ်ပွဲ တွင်တွေ့ခဲ့သော စွမ်းအားကြီး ပုဂ္ဂိုလ်များထက်ပင်များစွာကြောက်ဖို့ကောင်းပါ၏။

“ခင်ဗျားဘယ်သူလဲ” လီဟမ်ရှန်းက တုန်ရီနေသော လေသံကို ကြိုးစားထိန်းချုပ်ကာ သတ္တိမွေး၍ မေးလိုက်ပါသည်။

“ ငါက အင်မော်တယ်လို့ပြောလို့ရတယ်” ထိုအသံက ပြန်ထွက်လာပါ၏။ သူ့အဖြေမှာ လွန်စွာ ဟန်ကြီးပန်ကြီးနိုင်လှ၏။

‘ငါက အင်မော်တယ်’ဟူသောစကားက လီဟမ်ရှန်းအား ဆွံ့အသွားစေခဲ့ပါ၏။

“အင်မော်တယ်”ဟုတ်လား။

ဒီလောကကြီးထဲမှာ အင်မော်တယ်တွေရှိလို့လား။ အင်မော်တယ်ဆိုတာ ဘယ်လိုမျိုးသတ်မှတ်လို့ရလဲ။ မြေလျှောက်အင်မော်တယ် တွေကရော အင်မော်တယ်မဟုတ်ဘူးလား။

“ မင်းရဲ ဝိဉာဉ်က သော့တစ်ခုကို ကျိုးဖျက်ခဲ့စေတယ်။”အသံကဆက်ပြော၏။

“ မင်းက မင်းရဲ ဝိဉာဉ်ကို စတေးပြီးတော့ ငါ့ချုပ်နှောင်ထားတဲ့ အတားအဆီး ချိတ်ပိတ်တစ်ခုကို ဖြုတ်ပေးခဲ့တယ်။ ငါ့ကိုချုပ်နှောင်ထားတဲ့သော့တစ်ခုကို ဖြုတ်ပေးတဲ ပထမဦးဆုံးလူအနေနဲ့ မင်းကို ငါကျေးဇူးတင်တယ်။ အဲဒါကြောင့်မို့လို့ ငါမင်းကို ဆုချဖို့အတွက် ရောက်လာတာပဲ”

“ ကျုပ်နားမလည်ဘူး။ ကျုပ်ရဲ့ ဝိဉာဉ် ဟုတ်လား” လီဟမ်ရှန်းက နောက်ထပ်ပြောဖို့ပြောမလို့ရှိသေးသည်။

သူ့ပါးစပ်ကချက်ချင်းပိတ်သွားပြီး သူကတစ်စုံတစ်ခုကို သတိရသွားပါ၏။ လုချောင်းချောင်းက သူ့ရဲ့အလောင်းကောင်မှ စိတ်ဝိဉာဉ်ကို ဆွဲနှုတ်ပြီး ဂိတ်တံခါးကို ဖွင့်ရန် ကြိုးပမ်းခဲ့ပုံပေါ်ပါသည်။

အသံမှာ လီဟမ်ရှန်း၏မေးခွန်းကို မဖြေကြားခဲ့ပါ။ သူကဆက်လက်၍သာပြောလိုက်၏။

“မင်းကသိပ်ကိုတော်တာပဲ။ ကံအကြောင်းတရားတိုက်ဆိုင်မယ်ဆိုလို့ရှိရင် တစ်နေ့နေ့ မှာ ငါ့ရဲ့ခန္ဓာကိုယ် အစစ်အမှန်နှင့် မင်းကိုငါ မျက်နှာချင်းဆိုင်တွေ့ချင်ပါသေးတယ်”

ထိုစကားထွက်ပေါ်လာပြီးနောက်ပိုင်းတွင် လီဟမ်ရှန်းမှာ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထပြီး တစ်ကိုယ်လုံးရှိသမျှ အမွှေးများအားလုံး ထောင်သွားသလို ခံစားလိုက်ရပါ၏။

သူ့အား လက်ရှိစကားပြောနေသူမှာ ထာဝရရှင်သန်ခြင်းဂိုဏ်း က ပြန်လည် နိုးထလိုသော အင်မော်တယ် ဘိုးဘေးကြီး ဖြစ်နိုင်ပါ၏။

ဒီလူက တစ်ကယ်ပဲအင်မော်တယ်ဟုတ်လို့လား။ သူက အရမ်းကို စွမ်းအားကြီးလွန်းအားကြီးတယ်။ သူသာပြန်ပြီးနိုးထလာမယ်ဆိုလို့ရှိရင် ဒီ စန်းယွမ် နယ်မြေကြီးတစ်ခုလုံးက ကပ်ဘေးကြီးတစ်ခုလုံးနှင့် ကြုံတွေ့နေရတော့မှာပေါ့ ။

“ငါ့ကိုချုပ်နှောင်ထားတဲ့ ပထမဆုံးအချုပ်အနှောင်ကို ဖြေလျော့ပေးတဲ့အနေနဲ့ လီဟမ်ရှန်းငါမင်းကို ဆုချမယ်။ ဆုကတော့ မင်းကြိုက်တဲ့ ဘယ်အရာမဆို ငါ့ကို မေးခွင့်ရှိတယ်။ ဒါပေမဲ့ မင်းမေးတဲ့မေးခွန်းထဲက တစ်ခုကိုပဲ ငါဖြေမယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံဖို့အတွက် ငါမျှော်လင့်ပါတယ်”

အသံမှာ တည်ငြိမ်စွာဖြင့် ပြောလိုက်ပါ၏။ ထိုအသံထဲတွင် မည်သည့်စိတ်ခံစားချက်မှ မပါဝင်နေခဲ့ပါ။

စာစဉ် ၂၇ ပြီး…

All Chapters