အကြောင်းအကျိုး ( ၂ )
Vol. 5 Ch. 70
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများ အနည်းငယ် မှေးသွားပြီး ကြက်သီးမွေးညင်းများ ထလာရသည်။ သူ၏ခြေလှမ်းများ ချက်ချင်း နှေးသွားပြီး ထိုနေရာမှနေ၍ သတိကြီးကြီးထားကာ တစ်လှမ်းချင်း ထွက်သွားသည်။ ထို့နောက်မှသာ သူသည် စိတ်သက်သာရာသွားပြီး သက်ပြင်းချကာ ထပ်မံ အရှိန်တင်လိုက်သည်။
သို့သော်လည်း သူက နောက်ယောင်ခံမလိုက်တော့သလို အနီးကပ်လိုက်သွားခြင်းလည်း မရှိပေ။ ထိုလူငယ် မည်မျှထူးဆန်းသည်ကို သူ ကောင်းစွာ နားလည်ထားသည်။ ထိုလူငယ်၌ ဓာတ်နှောများအား ချက်ချင်း စုစည်းသွားစေနိုင်သည့် နည်းလမ်းတစ်မျိုး ရှိသည်ကို သူ သိသည်။ ထို့ကြောင့် သူက အနီးကပ်လိုက်ကာ အတင်းအကြပ် တိုက်ခိုက်ရန် မစီစဉ်ထားခြင်း ဖြစ်သည်။ ထိုအစား သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို အသုံးချ၍ ထိုလူငယ်ကို စောင့်ကြည့်ကာ မိုးသောက်ယံရောက်သောအခါမှသာ တိုက်ခိုက်ရန် စီစဉ်ထားသည်။
သူက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် သတိထားနေရသည့်ကိစ္စက သူ၏ဂုဏ်သိက္ခာကို ထိခိုက်သွားစေသည်။ သို့သော်လည်း ထိုသို့သောအခြေအနေ၌ ဘေးကင်းရန်သာ ပထမဦးစားပေးဖြစ်သည်ဟု ဂိုဏ်းစောင့်ဘိုးဘိုး ဆုံးဖြတ်ချက်ချထားသည်။
သို့ဖြစ်၍ သူသည် ဖြည်းဖြည်းမှန်မှန်ဖြင့် လူငယ်၏နောက်သို့ လိုက်သွားသည်။
ရှေ့ဆုံးမှ ပြေးလွှားနေသော ရွှီချင်းသည်လည်း ထိုအခြင်းအရာကို သတိထားမိသည်။ မူလက သူသည် တန်ပြန်တိုက်ခိုက်မည့်နည်းလမ်းကို စဉ်းစားထားခဲ့ပြီး အရိပ်ကိုလည်း ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ဂိုဏ်းစောင့်ဘိုးဘိုး အနီးကပ်လာမည်ကို စောင့်ကာ လက်ထဲတွင် အနက်ရောင်ဆေးလုံးများလည်း ဆုပ်ကိုင်ထားသည်။
ဂိုဏ်းစောင့်ဘိုးဘိုးက သူ၏နည်းလမ်းများဖြင့် အသတ်မခံလိုက်ရသည့်တိုင်အောင် ဆိုးဆိုးဝါးဝါး ဖြစ်သွားကာ အချိန်တိုအတွင်း လွတ်မြောက်သွားမည် မဟုတ်ကြောင်း သူ ယုံကြည်မှု ရှိနေသည်။ ထို့ပြင် ဂိုဏ်းစောင့်ဘိုးဘိုးကြောင့် သူ ဒဏ်ရာရသွားနိုင်ပါသော်လည်း ထိုသုိ့ဒဏ်ရာရသွားလျှင် ပို၍ အဆင်ပြေသည်။ သို့မှသာ ဂိုဏ်းစောင့်ဘိုးဘိုးကို သံသယမဝင်စေဘဲ သူ၏နောက်ထပ်အစီအမံများထဲ မျှားခေါ်နိုင်မည် ဖြစ်သည်။
သို့သော် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင်အောင် သတိကြီးကြီးထားနေဆဲပင်။ ယင်းသည် ရွှီချင်းကို ပို၍ သတိရှိသွားစေသည်။
တစ်ဖက်လူက အနီးကပ်မလာသည့်အတွက် ရွှီချင်းသည် သူ့မှာအစီအစဉ်ရှိသေးကြောင်း ခံစားနေရဆဲပင်။ ထို့ကြောင့် သူသည် အရှိန်တင်ကာ မြို့စားစံအိမ်ကို တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
မြို့စားစံအိမ်သည် မြို့၏အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုနေရာရှိ ဓာတ်နှောများက တခြားနေရာများထက် ပို၍ ထူထပ်သိပ်သည်းပါသော်လည်း မည်သည့်အတွက်ကြောင့်မသိ ထိုနေရာတွင် သန္ဓေပြောင်းသားရဲအရေအတွက် နည်းပါးသည်။
ယင်းအပြောင်းအလဲဖြစ်ရပ်သည် နောက်မှ လိုက်နေသော ဂိုဏ်းစောင့်ဘိုးဘိုးကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။ ထိုအချိန်၌ သူ၏ရင်ထဲ အန္တရာယ်အငွေ့အသက်များ ဖြစ်တည်လာသည်။
သူသည် ခေါင်းမော့၍ ရွှီချင်း၏နောက်ကျောကို ကြည့်လိုက်ပြီးနောက် ဘေးရှိ ပြိုလဲနေသော အဆောက်အအုံကို ကြည့်လိုက်သည်။ သူ၏ခြေလှမ်းများ ဆတ်ခနဲ ရပ်သွားသည်။
သူ ဆက်၍ နောက်ယောင်ခံလိုက်မနေတော့ဘဲ နောက်ဆုတ်သွားသည်။
ထိုမြင်ကွင်းသည် ရွှီချင်း မမျှော်လင့်ထားသည့်အရာဖြစ်သည်။ ထိုအချိန်၌ သူသည် မြို့စားစံအိမ်မှ ပေတစ်ထောင်အကွာအဝေးတွင် ရှိနေသေးပါသော်လည်း နောက်ယောင်ခံလိုက်နေသော ဂိုဏ်းစောင့်ဘိုးဘိုးက နောက်ဆုတ်ချင်နေသည်။
“ အခုချိန်နောက်ဆုတ်ရင်တောင် နည်းနည်းနောက်ကျနေပြီ ”
ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး ညာလက်ကို ဆတ်ခနဲ မြှောက်၍ ဝှေ့ယမ်းလိုက်ရာ အနက်ရောင်ဆေးလုံးများစွာ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။
ဤတစ်ကြိမ်၌ သူ၏ရည်ရွယ်ချက် အောင်မြင်စေရန် အနက်ရောင်ဆေးလုံးတစ်ဝက်ခန့် အသုံးပြုလိုက်သည်။ ထိုဆေးလုံးများသည် မြေပြင်ကို ကျသွားပြီး တဝုန်းဝုန်းပေါက်ကွဲသွားကြသည်။
ထိုအချိန်၌ ထိုနေရာသည် လေပွေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး အရပ်မျက်နှာအနှံ့မှနေ၍ ဓာတ်နှောပမာဏများစွာ စုစည်းဝင်ရောက်လာကြလေရာ ဘေးပတ်ဝန်းကျင်ကို ဝိုးတဝါးဖြစ်သွားစေသည်။
ဓာတ်နှောသိပ်သည်းဆက ကြောက်ခမန်းလိလိအဆင့်ကို ရောက်သွားပြီဖြစ်သည်။
ထိုမြင်ကွင်းသည် လတ်တလောတွင် နောက်ဆုတ်နေသော ဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေသည်။ သို့ပေမည့် ရွှီချင်းသည်လည်း ထိုဓာတ်နှောများထဲတွင် ရှိနေသောကြောင့် သူ ပို၍ စဉ်းစားရခက်သွားသည်။
ထိုသို့သာ ဆက်ဖြစ်နေပါက သန္ဓေပြောင်းမည့်အရေးကို ဘေးဖယ်ထားကာ ဓာတ်နှောများကြောင့် ရောက်ရှိလာမည့် သန္ဓေပြောင်းသားရဲများနှင့် မကောင်းဆိုးဝါးများကြောင့်ပင် ထိုကလေးသည် မြေမြှုပ်ပေးစရာမလိုဘဲ ဇီဝိန်ချုပ်သွားမည်ဖြစ်သည်။ ယင်းသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုသာ ဖြစ်သည်။
ဂိုဏ်းစောင့်ဘိုးဘိုး ရုန်းကန်နေရစဉ် ပေတစ်ထောင်အကွာတွင် ရှိနေသော မြို့စားစံအိမ်သည် အရှိန်အဟုန်ပြင်းစွာ တုန်ခါလာပြီး မိုးမြေတုန်ဟီးစေသည့်အသံများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။
ကမ္ဘာမြေကြီး တုန်ခါနေကာ ကောင်းကင်ယံရှိ သွေးရောင်လကြီးသည် ဝိုးတဝါးဖြစ်သွား၏။
ဂိုဏ်းစောင့်ဘိုးဘိုးသည် မျက်နှာပျက်သွားပြီး အသက်ဘေးအန္တရာယ်ခံစားချက် ချက်ချင်း မြင့်တက်လာသည်။ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အလျင်အမြန် နောက်ဆုတ်လိုသည်။ သူက မြို့စားစံအိမ်ဖြစ်ဟန်တူသည့် အဆောက်အအုံထဲမှ အရိပ်များစွာ ပျံထွက်လာနေသည်ကို စူးစိုက်၍ ကြည့်နေသည်။
ထိုအရိပ်များအားလုံးသည် မနှိုင်းယှဉ်သာအောင် ပိန်လှီခြောက်ကပ်နေပါသော်ငြား မီးတောက်မည်းများ တဟုန်းဟုန်း တောက်လောင်နေသည့် အတောင်ပံများ ရှိကြသည်။ ၎င်းတို့ခန္ဓာကိုယ်များပေါ်တွင် ဓာတ်နှောသိပ်သည်းဆ ကြောက်ခမန်းလိလိ ရှိနေပြီး ၎င်းတို့ ဖြတ်သန်းသွားလာသည့်နေရာတိုင်း လေထုကြီး ပုံပျက်ရှုံ့တွလာဟန်တူသည်။
ထိုမြင်ကွင်းသည် ဂိုဏ်းစောင့်ဘိုးဘိုးကို ပို၍ပင် သတိပေးနေသည်။ သူ၏မျက်နှာကို ပို၍ ဖြူဖပ်ဖြူရော်ဖြစ်သွားစေသည်က ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ မြို့စားစံအိမ်ကြီးပြိုလဲကာ မြေကြီးထဲမှ ဧရာမကျဉ်းကြီးတစ်ကျဉ်း ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကျဉ်းကြီးထဲမှ ကောင်းကင်တုန်ဟီးစေနိုင်လောက်အောင် ဟိန်းဟောက်သံနှင့်အတူ ပေတစ်ထောင်ရှည်လျားသည့် ခြောက်ကပ်နေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
အဝေးမှကြည့်လျှင် ထိုလူရိပ်သည် ညှိုးခြောက်နေသော သစ်ပင်ရှည်ကြီးတစ်ပင်နှင့် ဆင်တူသည်။ မြေပြင်ပေါ် ထွက်ပေါ်နေသည့်အပိုင်းသည် ပေတစ်ထောင်ကျော်ရှည်လျားပြီး ခန္ဓာကိုယ်တစ်ခုလုံး တွားသွားထွက်မလာရသေးဟန်တူသည်။ ယင်းသည် ခန္ဓာကိုယ်အပေါ်ပိုင်းသာ ဖြစ်ဟန်တူသည်။
ထို့ကြောင့် ၎င်းက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ၎င်း၏လက်ချောင်းဆယ်ချောင်းမှနေ၍ နွယ်ကြိုးများစွာ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပြီး မြေပြင်ကို ထိုးဖောက်သွားသည်။
အဝေးဆုံးနွယ်ကြိုးသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ရှေ့ရှိ မြေပြင်ကို ထိုးဖောက်သွားသည်။
ထိုနွယ်ကြိုးများမှ ကုတ်အားကို ရယူ၍ ညှိုးခြောက်နေသော သစ်ပင်အသွင် လူရိပ်သည် အရှိန်တင်ကာ ထွက်လာသည်။
“ သောက်ကျိုးနဲကွာ … ဒါ ဘာကောင်ကြီးတုံး ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏နှလုံးသားများ အရှိန်ပြင်းစွာ တုန်ခါနေပြီး ထိတ်လန့်တုန်ရီနေလျက် ကျိန်ဆဲလိုက်သည်။ သူသည် တစ်ခါမှမကြုံဖူးလောက်အောင် ဆိုးဆိုးဝါးဝါး မျက်နှာပျက်နေပြီး အစွန်းကုန်ထုတ်သုံး၍ နောက်ကို ဒရောသောပါး ဆုတ်ခွာနေသည်။
သို့သော်လည်း သူ့ကို ပို၍ ရူးသွပ်သွားစေသည်က ဓာတ်နှောများ၏ဆွဲဆောင်ခြင်းကြောင့် ပေါ်ထွက်လာသော ထိုတောင်ပံအရိပ်များ ပြေးလာနေသည့်အချက်ဖြစ်သည်။ ၎င်းတို့က မြို့စားစံအိမ်ထဲမှ ပြေးထွက်လာပြီးနောက် ၎င်းတို့၏ပစ်မှတ်သည် ကလေး ဖန်တီးထားသည့် ဓာတ်နှောများစုစည်းနေသည့်နေရာဖြစ်သည်။
သို့သော် မည်သည့်အတွက်ကြောင့်မသိ ထိုအတောင်ပံအရိပ်များသည် ထိုနေရာကို ရောက်ပြီးနောက် ချက်ချင်းပင် ဟိန်းဟောက်၍ ဘေးပတ်လည်ကို ကြည့်နေသည်။ ထို့နောက် ဂိုဏ်းစောင့်ဘိုးဘိုးကို မြင်တွေ့သွားကာ ဂိုဏ်းစောင့်ဘိုးဘိုးထံ ဝင်ရောက်သွားကြသည်။
“ ဘာတွေဖြစ်နေတာလဲကွာ၊ ကလေးက ဘယ်မှာတုံး ”
ထိုအခြင်းအရာအားလုံးသည် ဂိုဏ်းစောင့်ဘိုးဘိုး၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။ သူသည် ကြောက်မခန်းလိလိမြန်ဆန်ပါသော်လည်း လျှပ်တစ်ပြက်အတွင်း သူ့ကို မီသွားသည်။ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ဂိုဏ်းစောင့်ဘိုးဘိုးက အားကုန်သုံး၍ တိုက်ခိုက်လိုက်သည်။
ထိုအခါမှသာ ထိုအတောင်ပံအရိပ်များ ပြိုလဲသွားသည်။ သို့သော်လည်း ထူးဆန်းသောအချက်မှာ ၎င်းတို့သည် ချက်ချင်းပင် အကောင်းပကတိပြန်ဖြစ်သွားပြီး ဆက်လက် ခုန်ဝင်သွားကြပြန်သည်။ အဝေးတစ်နေရာတွင် မြို့စားစံအိမ်တည်ရှိရာ ဧရာမဂူကြီးထဲမှနေ၍ ကြောက်မက်ဖွယ်သတ္တဝါကြီး လုံးလုံးလျားလျား ထွက်ပေါ်လာနေပြီဖြစ်သည်။