← Chapters

လူတွေက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ပေးသင့်တယ်

Vol. 35 Ch. 511

လူတွေက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ပေးသင့်တယ်

Vol. 35 Ch. 511

ဝမ်လင်းက အိမ်သို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းလိုက်သည်။

အိပ်ခန်းတံခါးကို သော့ခက်ထားလျှင် မေမေဝမ်က ရုတ်တရက် ဝင်လာလေ့မရှိပေ။

သူမ၏ မျက်လုံးထဲတွင် ဝမ်လင်းသည် အမြဲတစေ အသိစိတ်ရှိသူတစ်ယောက် ဖြစ်သည်။

သော့ခက်ထားခြင်းက စာကျက်နေ၍ အနှောင့်အယှက် မဖြစ်စေလိုခြင်း ဖြစ်ရပေမည်။

ထို့ကြောင့် ဝမ်လင်းက အိမ်သို့ ပြန်ရောက်သောအခါတွင် အနည်းငယ် အပြစ်ရှိသလိုခံစားခဲ့ရသည်။

သူက မွန်းတည့်ချိန်၌ ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်သို့ သွားခဲ့သည်။

ယခုအခါတွင်မူ သုံးနာရီပင်ခွဲနေပြီ ဖြစ်၏။

သူက ထွင်ထျန်းဟာနှင့် ဂိမ်းကစားခဲ့ရသည့်အပြင် မစ္စတာလု၏ ကိစ္စကိုပါ ကိုင်တွယ်ခဲ့ရပြီး သူမျှော်လင့်ထားသည်ထက် နောက်ကျပြီးမှ အိမ်သို့ပြန်ခဲ့ရသည်။

သူက ရုတ်တရက် စိတ်ပင်ပန်းလာခဲ့သည်။

ကံမကောင်းစွာဖြင့် ဤအရာအားလုံးက စာမေးပွဲကာလအတွင်း ဖြစ်ပျက်ခဲ့သောကြောင့် သူအနည်းငယ် ပင်ပန်းသွားခြငး ဖြစ်သည်။

စင်စစ် သူက ဆယ့်ခြောက်နှစ်သာ ရှိသေးသည် မဟုတ်ပါလား။

ဤအသက်အရွယ်လေးဖြင့် သူ့ဘဝက တကယ်ကိုခက်ခဲလွန်းနေ၏။

ထိုအချိန်တွင် သူက ပန်းခြံကို ငေးကြည့်နေခဲ့သည်။

ထွင်ထျန်းဟာသည်လည်း အိမ်သို့ ပြန်ရောက်နေခဲ့ပြီး ဘာမှမလုပ်ထားသကဲ့သို့ နေပူစာလှုံနေသည်။

နှစ်ယောက် အကွာအဝေးက အနည်းငယ် လှမ်းသော်လည်း ထွင်ထျန်းဟာ၏ အစိမ်းရောင်အမွှေးက အနည်းငယ်ထောင်သွားသည်ကို ဝမ်လင်း မြင်လိုက်ရသည်။

စင်စစ် ထွင်ထျန်းဟာက ဝမ်လင်း သူ့ကို စိုက်ကြည့်နေမှန်း ရာနှုန်းပြည့် သိနေသောကြောင့် အနည်းငယ် ထိတ်လန့်သွားခြင်း ဖြစ်သည်။

ယနေ့တွင် သူကူ ဝမ်လင်း၏ နောက်ကွယ်၌ ရှက်စရာတစ်ခုခုကို လုပ်မိသွားခဲ့သည်။

လူတိုင်းတွင် လျှို့ဝှက်ချက်များ ရှိကြသလို ဝိညာဉ်သားရဲများတွင်လည်းရှိကြသည်။

ဝမ်လင်းက ထွင်ထျန်းဟာကို အလွန်အကျွံ မချုပ်ချယ်ထားခဲ့ပေ။

၎င်းက မိသားစုဝင်လို ဖြစ်နေသောကြောင့် ယခင်ကထက် နေရာပိုပေးလေ့ရှိသည်။

ထို့ကြောင့် ဤကိစ္စကို ကိုင်တွယ်ရာတွင် ဝမ်လင်းသည် ထွင်ထျန်းဟာ၏ ဆုံးဖြတ်ချက်ကို နားလည် လေးစားခဲ့သည်။

ထွင်ထျန်းဟာက သူ့ကိုယ်ပိုင် ပြဿနာကို သူကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းချင်ပုံရသည်။

ဝမ်လင်းက မသိဟန်ဆောင်နိုင်သော်လည်း လုံးလုံးလျားလျားလွှတ်ထား၍ မဖြစ်ပေ။

ထွင်ထျန်းဟာကို လျှို့ဝှက်စွာကူညီပေးရန်မှာ သူ့အတွက်အလွန်ပင် လွယ်ကူလှပေသည်။

ဟုတ်ပါသည်၊ မိသားစုအရေးနှင့် ကြုံလာသောအခါတွင် လူတိုင်းသည် တစ်ယောက်နှင့် တစ်ယောက် နေရာပေးသင့်သည် မဟုတ်ပါလား။

တခြားသူများကို နေရာပေးခြင်းသည် ၎င်းတို့ကို လေးစားကြောင်း ပြသခြင်းလည်း ဖြစ်သည်။

ဤသည်က ဝမ်လင်းအနေဖြင့် ထွင်ထျန်းဟာကို ကူညီရန် အကောင်းမွန်ဆုံး နည်းလမ်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူက ထွင်ထျန်းဟာကို ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်သည်။

ထိုသို့တွေးမိပြီး သူက စာကြည့်စားပွဲတွင် ဝင်ထိုင်ကာ ဘာမှမသိသလို ဟန်ဆောင်လိုက်သည်။

ထို့နောက်တွင် သူက နောက်သို့ ခေါင်းလှည့်လိုက်ပြီး မှော်အစွမ်းဖြင့် ဂျက်ထိုးထားသည့် အခန်းတံခါးကို ဖွင့်လိုက်သည်။

သူပြန်ရောက်လာပြီဖြစ်၍ တံခါးမှာ သော့ခက်ထားစရာ မလိုတော့ပေ။

ဝမ်လင်းက သူ့အံဆွဲကို ဖွင့်လိုက်ပြီး သူ့အပြစ်ကို ဖြေဖျောက်ရန်အတွက် စာရွက်သုံးရွက်ကို ထုတ်၍ စာလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် စာရွက်များကို လှန်ကြည့်ရင်း နှာမချေဘဲ မနေနိုင်တော့ပေ။

“ဟက်ချိုး”

ယင်းက အအေးမိတာဖြစ်ဖို့ များသည်။

ဝမ်လင်းက အခြေခံအားဖြင့် မဖျားနာနိုင်ပေ။

သူ၏ခန္ဓာကိုယ်ကို ကျူးကျော် ဝင်ရောက်လာသည့် မည်သည့်ဗိုင်းရပ်စ်မဆို ကမ္ဘာဦးချီကြောင့် ချက်ချင်းပင် သေဆုံးသွားရမည် ဖြစ်သည်။

ဆိုရလျှင် သူ၏ ခုခံအားစနစ်သည် တစ်နှစ်ပတ်လုံးအဆင်သင့် အနေအထားတွင် ရှိနေခဲ့၏။

သူ့အနေဖြင့် မည်ကဲ့သို့ နှာချေနိုင်ပါမည်နည်း။

၎င်းက အနည်းငယ် ထူးဆန်းသည်ဟု ဝမ်လင်းထင်မိသည်။

သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူ၏ ထက်မြတ်သည့်အာရုံမှ တဆင့် စားပွဲပေါ်တွင် အစိမ်းရောင် ခွေးအမွေး ပေါင်း များစွာကို တွေ့လိုက်ရသည်။

ယခင်က ထွင်ထျန်းဟာသည် စားပွဲပေါ်တွင် လဲလျောင်း၍ ဝမ်လင်း စာလုပ်သည်ကို ကြည့်လေ့ရှိသည်။

ဤအမွေးများက ထိုအချိန်က ကျွတ်ကျခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ထွင်ထျန်းဟာအနေဖြင့် ယခင်က အမွေး မကျွတ်ဖူးကြောင်းကို သူရှင်းရှင်းလင်းလင်း သတိရမိသည်။

ဤသို့အမွေးများ ကျွတ်ရသည်မှာ စိတ်ဖိစီးခြင်းကြောင့် ဖြစ်နိုင်၏။

ဝမ်လင်းက ထွင်ထျန်းဟာအတွက် အနည်းငယ် ဝမ်းနည်းသွားရသည်။

၎င်းက မကြာသေးမီကစပြီး ကျင့်ကြံခြင်းတွင်ကျားကုတ်ကျားခဲ ကြိုးစားလာခဲ့သည်။

လက်ရှိအနေအထားဖြင့်သာ ဆက်လက် ကျင့်ကြံသွားလျှင် ထွင်ထျန်းဟာသည် ပြိုင်ဘက်ကင်း ခွေးတစ်ကောင် ဖြစ်လာနိုင်ပေသည်။

ဝမ်လင်းက အစိမ်းနုရောင် အမွေးများကို ကောက်ကိုင်၍ ကြည့်ရင်း မျက်လုံးများကို မှိတ်လိုက်သည်။

သူက အမှိုက်ပုံးထဲသို့ မစွန့်ပစ်မီ အမွေးများကို ထုပ်ရန် သူ့အံဆွဲထဲမှ တစ်ရှူးတစ်ထုပ်ကို ယူလိုက်သည်။

သို့သော်လည်း ခွေးမွေးကို တစ်ရှူးဖြင့် ထုပ်သည့်အချိန်တွင်အမွေး တချို့က သူ့ပေါင်ပေါ်သို့ ကျသွားခဲ့သည်။

ထို့ကြောင့် သူ့ပေါင်ပေါ်ရှိ ခွေးမွေးများကို သန့်စင်ရန် နောက်ထပ် တစ်ရှူးတစ်စကို လှမ်းယူလိုက်သည်။

ထိုအချိန်တွင် မေမေဝမ်က တံခါးကို ရုတ်တရက်ဖွင့်၍ ဝင်လာခဲ့သည်။

သူမ ဝင်လာသောအခါ ဝမ်လင်းက တစ်ရှူးစဖြင့် ပေါင်ကို သုပ်နေသည်အား တွေ့လိုက်ရသည်။

“……….”

ဝမ်လင်းက မေမေဝမ်ကို လှည့်ကြည့်ပြီး ထိတ်လန့်သွားသည်။

“လင်းလင်း”

မေမေဝမ်က စကားကို ဆုံးအောင်ပင် မပြောခဲ့ပေ။

သူမက ဝမ်လင်း၏ နာမည်ကိုသာခေါ်ပြီး ပြောချင်သမျှကို ရင်ထဲတွင် မျိုသိပ်ထားလိုက်သည်။

မေမေဝမ်က ကြောင်လက်သည်း ဝှက်နေသည့် စီနီယာကြီးဖြစ်သည်။

သူမအနေဖြင့် မည်ကဲ့သို့သော မုန်တိုင်းများနှင့် လှိုင်းလုံးကြီးများကို ကြံကြံမခံဘဲ နေခဲ့ရပါမည်နည်း။

ဆယ်ကျော်သက်များ၏ အလေ့အထက သူမအတွက် မထူးဆန်းတော့ပေ။

ထို့နောက် မေမေဝမ်က တံခါးကို ဖြေးညင်းစွာပိတ်ပြီး သူ့ကိုခပ်ယဲ့ယဲ့ ပြုံးပြနေသည်အား ဝမ်လင်း တွေ့ရှိခဲ့သည်။

ဝမ်လင်း “……….”

မေမေဝမ်က တံခါးကိုပင် ဖြေးညင်းစွာ ပိတ်သွားခဲ့သည်။

ကျယ်လောင်သောအသံသည် လူတစ်ဦးကို အလွယ်တကူထိတ်လန့်စေပြီး ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ဖြစ်စေနိုင်သည် မဟုတ်လော။

မေမေဝမ်က အလွန် ပွင့်လင်းသူ တစ်ယောက် ဖြစ်သည်။

မိသားစုဝင်များ အချင်းချင်း နေရာပေးသင့်သည်မဟုတ်လော။

“လင်းလင်းလေး အရွယ်ရောက်လာခဲ့ပြီ”

တံခါးရှေ့တွင် မက်တပ်ရပ်ရင်း မေမေဝမ်က အနည်းငယ်ကျေနပ်သွားမိသည်။

မကြာသေးမီကစပြီး ဝမ်လင်းက စာမေးပွဲအတွက် ပြင်ဆင်နေကြောင်း သူမ သတိရမိသည်။

ထို့ကြောင့် သူမ၏ သားလေးက စိတ်ဖိစီးမှုကို ခံစားနေရပုံပေါ်သည်။

ငယ်ရွယ်သူများ အနေဖြင့် သူတို့၏ စိတ်ဖိစီးမှုများကို ဤကဲ့သို့သော နည်းလမ်းဖြင့် ဖြေရှင်းသည်ကလည်း ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

ဝမ်လင်းက လက်ထဲတွင် တစ်ရှူးတစ်စကို ဆုပ်ကိုင်ထားသည်။

သူက တံခါးနှင့်ခေါင်းကို ဆောင့်မိသလို ခံစားနေရ၏။

ဤကဲ့သို့ ဖြစ်မည်မှန်း ကြိုသိခဲ့လျှင် သူက ခွေးမွေးကို ကောက်ယူရန် တစ်ရှူးကိုမသုံးဘဲ ကမ္ဘာမြေဆွဲအား မှော်နည်းစနစ်ကို အသုံးပြုခဲ့မည်ဖြစ်သည်။

“ဒါက ဘယ်လိုနားလည်မှု လွဲသွားတာလဲဟ”

ဝမ်လင်း၏ နှုတ်ခမ်းထောင့်များကး အထိန်းအကွပ်မဲ့စွာ တလှုပ်လှုပ် ဖြစ်သွားခဲ့သည်။

တစ်ခါတစ်ရံတွင် မှော်ပညာ အသုံးပြုစရာ မလိုသည့် အသေးအဖွဲကိစ္စ တချို့ရှိသည်။

သို့သော်လည်း မေမေဝမ်က အချိန်ကိုက် ဝင်လာလိမ့်မည်ဟု ဝမ်လင်း မထင်ထားခဲ့ပေ။

ဤတစ်ကြိမ်က တကယ်ကို နားလည်မှု လွဲသွားခြင်းပင်။

ကြည့်ရသည်မှာ မဟာကံကြမ္မာတာအို၏ မှော်အစွမ်း အကျိုးသက်ရောက်မှုက ပျောက်ကွယ်သွားလောက်ပေပြီ။

သို့မဟုတ်လျှင် ဤကဲ့သို့ နားလည်မှု လွဲမှားခြင်းများက ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

ဝမ်လင်းက သူ့ကိုယ်သူ အတော်လေး လိုက်လျောညီထွေရှိသော လူတစ်ယောက်ဟု ခံစားမိသည်။

သူ့အပေါ်တွင် နားလည်မှုလွဲနေသည်ဖြစ်၍ ဆက်လက် ရှင်းပြနေစရာ မလိုတော့ပေ။

သူက အံကြိတ်ကာ ဘောပင်ကိုကောက်ကိုင်၍ ဒေါသတကြီးဖြင့် စာကိုစတင်လုပ်ခဲ့သည်။

နာရီဝက်ခန့်အကြာတွင် မေမေဝမ်က သူ့အခန်းနားသို့ ပြန်လည် ရောက်ရှိလာသည်။

ဤတစ်ကြိမ်တွင် သူမက တိုက်ရိုက်မဝင်ဘဲ တံခါးကို ခေါက်လိုက်သည်။

ယခုအချိန်တွင် ဝမ်လင်း၏ လုပ်ငန်းစဉ် ပြီးသွားလောက်ပြီဟု သူမ မှန်းဆလိုက်သည်။

“လင်းလင်းရေ“

သူမက တံခါးကို တိုက်ရိုက်ဖွင့်၍ မဝင်လာခဲ့ပေ။

တံခါးအပြင်ဘက်မှသာ ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

“မင်းအစ်ကို ဒီညလာလည်မယ်.. ကျောက်ကပ် အားကောင်းအောင် မေမေ ငါးစွပ်ပြုတ် လုပ်ထားပေးတယ်.. ဒါနဲ့ ဘယ်အရာကိုပဲ လုပ်လုပ် အလွန်အကျွံမဖြစ်စေနဲ့ သားလေး.. မေမေပြောတာ နားလည်တယ်မလား”

ဝမ်လင်း “……….”

အပိုင်း(၅၁၁) ပြီး၏

All Chapters