ဝမ်မင်၏ ဗိုက်ပေါ်မှတက်တူး
Vol. 35 Ch. 512
ဝမ်လင်းက ယခုတစ်ကြိမ် ဝမ်မင်၏ လည်ပတ်မှုအား မအံ့ဩပေ။
လွန်ခဲ့သည့်အပတ်က စုတ်ပြတ်နေသော တာအိုဝတ်စုံပေါ်တွင် ၎င်းတို့ လုပ်ဆောင်ခဲ့သော နေရာလွတ် အကဲဖြတ်မှု၏ရလဒ်များက ထွက်ပေါ်ခဲ့ကြောင်း သူခန့်မှန်းမိသည်။
ဝတ်စုံပေါ်တွင် မိစ္ဆာဓားနတ်ဘုရား ကိုင်ဆောင်သော ကောင်းကင်ပိုင်းဖြတ်ဓား၏ ဓားချီ အကြွင်းအကျန်များ ရှိနေသည်။
ဝမ်မင်က မိစ္ဆာဓားနတ်ဘုရား သွားခဲ့သောနေရာကို ရှာဖွေရန်ဤဓားချီကို အသုံးပြုခဲ့၏။
ဒဏ္ဍာရီလာ အင်မော်တယ်ရတနာအိမ်သည် လူသားကမ္ဘာနှင့်နတ်ဆိုးကမ္ဘာကို ချိတ်ဆက်ပေးထားသည့် နေရာလွတ်ကမ္ဘာကြီးတစ်ခုထဲတွင် ဖြစ်နိုင်သည်ဟု ဖန်းကွမ်း ယခင်က မှန်းဆခဲ့ဖူးသည်။
ဖန်းကွမ်းက ထိုနေရာကို အခြားကမ္ဘာ၏ ဝင်ပေါက်ဟုလည်း ခေါ်ဆိုခဲ့သည်။
သို့သော် ယင်းက ထင်ကြေးသက်သက်ပင်။
ထို့အပြင် ဝင်ပေါက်တစ်ခုရှိလျှင်ပင် ၎င်းက အင်မော်တယ်စံအိမ်၏ ဝင်ပေါက်ဖြစ်ရန်မှာ မသေချာပေ။
အင်မော်တယ်အရှင်မြတ် အဆင့်ရှိ အနန္တ တန်ခိုးရှင်များသည် ဂိမ်းကစား သကဲ့သို့ ကမ္ဘာပေါင်းများစွာကို တည်ထောင်ထားနိုင်သည်။
ထို့ကြောင့် အင်မော်တယ် ကျန်းရွမ်က အင်မော်တယ် ရတနာစံအိမ်ကို ဖုံးကွယ်ထားသည်မှာ ဖြစ်နိုင်ချေ ရှိသည်။
တာအိုစည်းတံဆိပ်က အားနည်းသည်ထက် နည်းလာပြီး ဝမ်လင်း၏ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာဦးချီက တာအိုစည်းတံဆိပ် အတွင်းရှိ အထူးပစ္စည်းများနှင့် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာသည်။
ထို့အပြင် ကမ္ဘာဦးချီသည် သူ့ကိုယ်သူ အားပြည့်လာတတ်ပြီး ပဋိပစ္စည်းနှင့် ဆင်တူသည့်အရာ ဖြစ်လာသည်။
သူ၏ တာအိုစည်းတံဆိပ် အာနိသင်က နောက်ထပ် ငါးနှစ်မှ ခုနှစ်နှစ်ထိသာ ထိန်းထားနိုင်မည်ဟု ဝမ်မင် ခန့်မှန်းထားသည်။
ဆိုလိုသည်မှာ ဝမ်လင်း အနေဖြင့် သူ၏ကမ္ဘာဦးချီကို သူ့ကိုယ်သူထိန်းချုပ်ရန် သို့မဟုတ် တာအိုစည်းတံဆိပ်ကို အစားထိုးနိုင်မည့် နည်းလမ်းကို ရှာဖွေရတော့မည် ဖြစ်သည်။
ငါးနှစ် သို့မဟုတ် ခုနှစ်နှစ်က အချိန်အများကြီးဟု ထင်ရသော်လည်း ကျင့်ကြံသူများအတွက်မူ မျက်စိတစ်မှိတ် အတွင်းသာဖြစ်သည်။
ကျောင်းခြောက်ကျောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုမှ မှီခိုရာကျောင်းအုပ်ကြီး ကဲ့သို့ အထီးကျန် ရူးသွပ်သူများ အတွက်မူ ငါးနှစ်ဟူသော အချိန်ကာလသည် အိမ်သာသွားသလိုသာ ဖြစ်သည်။
ဝမ်လင်းက အင်မော်တယ်စံအိမ်တွင် တစ်စုံတစ်ရာကို ရှာဖွေနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ထိုနေရာ၌ သူ၏ မျှော်လင့်ချက် အားလုံးကို မပုံအောထားခဲ့ပေ။
အဆုံးစွန်သောအားဖြင့် ပြောရလျှင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန်ထက် မည်သည့်အရာကမှ ပိုမိုကောင်းမွန်မည် မဟုတ်ပေ။
သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူ၏ကျင့်ကြံခြင်း နယ်ပယ်အဆင့်က အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်ကို ဝမ်လင်း သတိပြုမိသည်။
ယခင်က သူ၏ ကျင့်ကြံခြင်း အဆင့်သည် နှစ်နှစ်တစ်ကြိမ်သာ တိုးတက်လာခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တိုးတက်မှုနှုန်း အလွန်မြန်လာသည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားလာခြင်း နှင့်အတူ ကမ္ဘာဦးချီကလည်း ပြောင်းလဲသွားသည်။
သူ့အနေဖြင့် ကမ္ဘာဦးချီကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်ရန်အတွက် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ဦးစွာလုပ်ရပေမည်။
သို့သော် ပြဿနာမှာ သူက တိုးတက်နှုန်း မြန်လွန်းသဖြင့် သူ၏ ကျင့်ကြံခြင်း နယ်ပယ်အဆင့်နှင့် လိုက်လျောညီထွေ ဖြစ်အောင်လုပ်ရန် အချိန်မပေးခဲ့ပေ။
ယင်းက စာရေးဆရာအချို့ ၎င်းတို့၏ ဝတ္ထုများကို အက်ဒိတ်ပ်လုပ်ရန် နှေးကွေးနေသည်နှင့် တူသည်။
စာအုပ်က ပုံမှန်အတိုင်း ထွက်နေမည် ဖြစ်သော်လည်း နောက်ထပ် ထွက်သည့်စာအုပ်များတွင် အခန်းများက နည်းနေလိမ့်မည် ဖြစ်သည်။
ထိုညနေခင်းတွင် ဝမ်မင်နှင့် အတူပါလာသော ကျိုက်ယန်သည် နောက်ဆုံးအကြိမ်ကဲ့သို့ ဝမ်လင်းကို ရန်လိုခြင်း မရှိခဲ့ပေ။
ထို့အပြင် ဝမ်မင်ကို သေချာစွာ အနိုင်ယူလိုပါက ဝမ်လင်း၏ အကူအညီကို မလွဲမသွေ လိုအပ်ကြောင်း ကျိုက်ယန် ကောင်းစွာ သိထားသည်။
နောက်ဆုံးအကြိမ်က ဝမ်လင်းနှင့် တွေ့ဆုံပြီးနောက်တွင် ဤအချက်နှင့် ပတ်သက်၍ ကျိုက်ယန်က ရှင်းရှင်းလင်းလင်း သိလာခဲ့သည်။
ဤတစ်ခေါက်တွင်လည်း သူမ၏ မျက်နှာတွင် သူစိမ်းများဝေးဝေးနေ ဟူသော အမူအရာမျိုး ရှိနေဆဲ ဖြစ်သည်။
သို့သော်လည်း ဝမ်လင်း တံခါးဖွင့်သည်ကို မြင်လိုက်သည်နှင့် သူမက အတတ်နိုင်ဆုံး ပြုံးကာ အမူအယာ ပျော့ပြောင်းလာစေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
သို့တိုင် သူမ၏ အမူအရာက အတော်လေး တောင့်တင်းနေပုံရသေးသည်။
ထိုမြက်ကွင်းကြောင့် ဝမ်မင်၏ နှုတ်ခမ်းများးက လှုပ်ရမ်းသွားသည်။
သူ့ပါးစပ်မှ အဆိပ်အတောက်ပြင်းသော စကားများ ထွက်ပေါ်လာခဲ့သည်။
“မင်းရဲ့ဖုတ်ကောင်မျက်နှာက မပြုံးတာ အကောင်းဆုံးပဲ.. မင်းရဲ့ ဒီလိုအမူအရာနဲ့ဆိုရင် 'The Grudge' မှာတောင် သရုပ်ဆောင်လို့ ရနေပြီ”
ကျိုက်ရန်က သူမ၏ ဒေါသကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားရသည်။
“……….”
အိမ်ထဲဝင်ပြီးနောက်တွင် မေမေဝမ် နှင့် ဖိုးဖိုးဝမ်က ဟင်းချက်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရ၏။
မေမေဝမ်က ဘရိုကိုလီကြော် တစ်ပန်းကန်နှင့်အတူ မီးဖိုခန်းမှထွက်လာခဲ့သည်။
“မင်းတို့ရောက်လာပြီကိုး.. လာထိုင်လေ”
ဘရိုကိုလီမှာ ဝမ်မိသားစု အိမ်ငယ်လေးတွင် မရှားပါးသောအရာတစ်ခု ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဘရိုကိုလီမှ တဆင့် ကောင်းကင်တာအိုကို နားလည်ရန် စိတ်စွဲလမ်းနေခဲ့သည်။
ထိုအချိန်ကစပြီး မတူကွဲပြားသော ဘရိုကိုလီ မျိုးကွဲများစွာကို စိုက်ပျိုးပြီး လစဉ်ပမာဏများစွာကို ဝမ်မိသားစု အိမ်ငယ်လေးသို့ ပို့ပေးခဲ့သည်။
ထိုထက်ပို၍ အံ့ဩစရာကောင်းသည်မှာ သူ၏ ဘရိုကိုလီက စိတ်ဝိညာဉ်မြေဆီလွှာတ္ငင် စိုက်ပျိုးထားသောကြောင့် အချိန်အတော်ကြာသည်အထိ လတ်ဆတ်နေခြင်း ဖြစ်သည်။
ရေခဲသေတ္တာထဲ၌ မသိမ်းဆည်းထားလျှင်ပင် အဝါရောင်သို့ပြောင်းသွားခြင်း၊ မှိုတက်သွားခြင်းမရှိဘဲ နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာသည် အထိ သိမ်းဆည်းထားနိုင်ပြီး လတ်ဆတ်ကာ ရေဓာတ်ကြွယ်ဝနေမည် ဖြစ်သည်။
မေမေဝမ်က ပန်းကန်ကို စားပွဲတွင်ချလိုက်ပြီး ဆီပေနေသည့်လက်ချောင်းများကို သူမ ခါးတွင်ချည်ထားသည့် အဝတ်စတွင် သုပ်လိုက်သည်။
ကျိုက်ရန်က အနည်းငယ် အမ်းတမ်းတမ်း ဖြစ်နေသည်ကို မြင်လျှင် မေမေဝမ်က လျင်မြန်စွာ ပြောလိုက်သည်။
“အားနာမနေပါနဲ့ ဆရာမကျိုက်.. ဒါက ဆရာမကျိုက်ရဲ့ ပထမဆုံးအကြိမ်မှ မဟုတ်တာ.. လာထိုင်လေ”
မေမေဝမ်က ကျိုက်ရန်၏ ဝိသေသလက္ခဏာ အပြင် သူမ၏ လိင်အမျိုးအစားကိုပါ သိရှိခဲ့သည်။
ထိုအကြောင်းကို သူမအား ပြောပြသည်မှာ ဝမ်မင် မဟုတ်ပေ။
မေမေဝမ်က ကျိုက်ရန်ကို စစ်ဆေးပေးဖို့ ဖေဖေဝမ်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဖေဖေဝမ်၏ ဩဇာအရှိဆုံး ပရိတ်သတ်မှာ ဥက္ကဌချီ၏ အထက်လူကြီးဖြစ်ပြီး ထိပ်တန်း ခေါင်းဆောင်လည်းဖြစ်သည်။
ဖေဖေဝမ် သိချင်တာရှိလျှင် သူ့ဖန်ဂရုကိုဖွင့်ပြီး သီးသန့်မက်ဆေ့ချ်သာ ပို့ရန်လိုအပ်သည်။
စာရေးဆရာ တစ်ယောက် အနေဖြင့် သင်၏ ပရိတ်သတ်များ မည်မျှ လုပ်နိုင်စွမ်း ရှိသည်ကို သင် ဘယ်သောအခါမှ သိရှိမည်မဟုတ်ပေ။
တကယ်တမ်းတွင် ဖေဖေဝမ်သည် တစ်ခါတရံတွင် အတင်းအဖျင်း ပြောတတ်သည်ဟု ဝမ်လင်း ခံစားရသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း ဖေဖေဝမ်သည် ဝမ်မင် အိမ်ထောင်ပြုရန်အတွက် လှုပ်ရှားခဲ့သည်။
ထိုအကြောင်းကို ဝမ်မင်ကိုယ်တိုင်ပင် မသိသော်လည်း ဝမ်လင်းကအမှတ်မထင် သိခဲ့ရသည်။
ကျိုက်ယန်က ခမ်းနားသော ဗုဒ္ဓကျမ်းစာများ သိုလှောင်ထားရှိသည့် ပိဋိကတ်တိုက်ကို စီမံအုပ်ချုပ်သူဘဝမှ ဆင်းသက်လာသည်ကို တစ်ခါတစ်ရံမှသာ သူသတိရမိသည်။
ဤအလုပ်သည်သည် ကျင့်ကြံသူတိုင်း အိပ်မက်မက်ခဲ့ရသော အလုပ်လည်း ဖြစ်၏။
အဆိုပါ ပိဋိကတ်တိုက်မှူးများသည် သတ်မှတ်စာချုပ်များ ချုပ်ဆိုထားရပြီး ဆန္ဒအလျောက် နုတ်ထွက်နိုင်ခြင်း မရှိကြောင်းကို ဝမ်လင်း ကြားသိခဲ့ဖူးသည်။
သို့သော်လည်း ကျိုက်ယန်သည် ဝမ်မင်၏ သက်တော်စောင့်အဖြစ် သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီသို့ မထင်မှတ်ဘဲပြောင်းရွှေ့ခံခဲ့ရသည်။
ကျိုက်ယန် အပြောင်းအရွှေ့ကို လုပ်ဆောင်ခဲ့သူက ဥက္ကဌချီ ဖြစ်သည်ဟု ဝမ်မင် ပြောခဲ့ဖူးသည်။
သို့သော် အမှန်တရားက ဤမျှလောက် ရိုးရှင်းမည်ဟု ဝမ်လင်း မထင်ထားပေ။
ဖေဖေဝမ်က နောက်ကွယ်ကနေ မီးစာထဲသို့ လောင်စာထည့်ခဲ့ခြင်းမှာ တကယ်တမ်းတွင် မဖြစ်နိုင်သော ကိစ္စတစ်ခုတော့ မဟုတ်ပေ။
ထိုအချိန်တွင် ကျိုက်ယန်က သူ့ဘေးမှ ကုလားထိုင်ကို ဖျတ်ကနဲ ဆွဲယူပြီး ထိုင်လိုက်သည်။
ဝမ်လင်း “..???..”
ဤမြင်ကွင်းကို မြင်လျှင် ဝမ်မင် ရယ်မောလိုက်သည်။
“ဟေ့.. ဒါထွင်ထျန်းဟာရဲ့ထိုင်ခုံကွ”
ကျိုက်ယန် “……….”
ကျိုက်ယန်၏ ရည်ရွယ်ချက်မှာ ဝမ်လင်း၏ မျက်နှာသာကို ဖြည်းဖြည်းချင်း ရယူရန် ဖြစ်သည်။
သို့သာ်လည်း ထွင်ထျန်းဟာ၏ ထိုင်ခုံမှန်း သူမ လုံးဝမသိခဲ့ပေ။
ကျိုက်ယန် ထိုင်ခုံမှ မထသည်ကို မြင်လျှင် ဝမ်မင် အံ့ဩသွားခဲ့သည်။
“ငါတို့ ဝင်လာတုန်းက တံခါးဝမှာ လဲလျောင်းနေတဲ့ခွေးကို တွေ့တယ် မဟုတ်လား.. ဒီကုလားထိုင်က အဲဒီခွေးရဲ့ နေရာပဲ.. မင်းက ကုလားထိုင်တစ်လုံး အတွက် ခွေးတစ်ကောင်နဲ့ ရန်ဖြစ်တော့မလို့လား”
ကျိုက်ယန်၏ နှုတ်ခမ်းများက ပြင်းပြင်းထန်ထန် လှုပ်ရမ်းသွားခဲ့သည်။
သူမက ဒေါသကိုထိန်းချုပ်ကာ ထိုင်ခုံကို ပြောင်းထိုင်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူမက ဝမ်မင်၏ဘေးက ထိုင်ခုံကိုသာ ရွေးချယ်ခဲ့သည်။
ဝမ်မင်က ခေါင်းခါရမ်းလိုက်ပြန်သည်။
“ဒီထိုင်ခုံက ငါ့အဘိုးရဲ့ ထိုင်ခုံပဲ”
ကျိုက်ရန်က ထလိုက်ပြီး နောက်ထပ် ကုလားထိုင် တစ်လုံးပေါ် ထိုင်ချလိုက်သည်။
“မဟုတ်ဘူး.. မဟုတ်သေးဘူး.. အဲဒါကလည်း ငါ့အဒေါ်ရဲ့ထိုင်ခုံဟ”
ဝမ်လင်း”……….”
ဝမ်မင်က တမင်တကာ စနောက်နေကြောင်း ဝမ်လင်း လုံးဝ ပြောနိုင်သည်။
ကျိုက်ရန် သည်းမခံနိုင်တော့ပေ။
သူမက လက်တစ်ဖက်ကို ဆန့်ထုတ်၍ ဝမ်မင်၏ ကော်လာကို ဆွဲမလိုက်သည်။
ဝမ်မင် ထိတ်လန့်သွားခဲ့သည်။
“မင်းဘာလုပ်မလို့လဲ”
သူထင်သလို ကျိုက်ယန်က သူ့ကို ထိခိုက်အောင် မလုပ်ခဲ့ပေ။
ထိုအစား သူမက သူ့အင်္ကျီ အောက်ခြေတစ်ဝက်ရှိ ကြယ်သီးများကို ဖြုတ်လိုက်သည်။
ထိုခဏတွင် ဝမ်လင်းသည် ဝမ်မင်၏ ဗိုက်ပေါ်တွင် တက်တူးထိုးထားသည်ကို မြင်လိုက်ရပြီး ရေအန်ထွက်လုမတက် ဖြစ်သွားရသည်။
ဝမ်မင်၏ တက်တူးက လူသိများသော ကာတွန်းဇာတ်ကောင် ဖြစ်သည်။
ထို့အပြင် ဤတက်တူးကို ကျင့်ကြံသူများသာ မြင်နိုင်မည်ဖြစ်ပြီး ဝိညာဉ်စွမ်းအင်ကို အသုံးမပြုနိုင်သော ဝမ်မင်ကဲ့သို့သာမန်လူများက ထိုတက်တူးကို လုံးဝ မြင်ရမည်မဟုတ်ပေ။
ဤသည်က ကျိုက်ယန်၏လက်ချက် ဖြစ်သည်မှာ သေချာသည်။
ဝမ်မင် အိပ်ပျော်နေသော အချိန်တွင် ကျိုက်ယန်က သူဗိုက်ပေါ်တွင် လျှို့ဝှက်ရေးဆွဲထားခြင်း ဖြစ်နိုင်၏။
ဘာတွေဖြစ်နေမှန်း အတိအကျ မသိသော်လည်း တစ်ခုခုဖြစ်နေမှန်းတော့ ဝမ်မင် ခံစားမိနေသည်။
သူက ကျိုက်ယန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းငါ့ဗိုက်ပေါ်မှာ ဘာတွေဆွဲထားတာလဲ”
ဝမ်လင်း၏အရှေ့တွင်ဖြစ်၍ သူအနည်းငယ် ရှက်နေမိသည်။
ဝမ်မင်က ဝမ်းနည်းမှုအချို့ကို ခံစားခဲ့ရသည်။
ကျိုက်ယန်က ဝမ်လင်း၏အရှေ့တွင် သူ့ကို ဘာမှမလုပ်လောက်ဟု သူထင်ထားခဲ့သည်။
ထိုအချိန်တွင် ဝမ်လင်း၏ လက်ချောင်းထိပ်မှ ဝိညာဉ်စွမ်းအင်တချို့က ဝမ်မင်၏ မျက်လုံးများဆီသို့ စိမ့်ဝင်သွားခဲ့သည်။
ထိုအခါမှပင် ဝမ်မင်က သူ၏ဗိုက်ပေါ်မှ တက်တူးကို မြင်လိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
“ဘာကြီးလဲဟ.. Pappa Pig ကြီးလား”
ဝမ်မင်၏ အဖြစ်ကိုကြည့်ကာ ဝမ်လင်းက လက်ခုပ်တီး၍ အော်ရယ်နေခဲ့သည်။
အပိုင်း(၅၁၂) ပြီး၏