ဝမ်မင်၏ မဟာရည်မှန်းချက်
Vol. 35 Ch. 514
ဝမ်မင်က စနောက်နေသော်လည်း ထိုအလုပ်မျိုး ဝမ်လင်းမလုပ်ကြောင်း ကောင်းစွာ သိထားသည်။
သူ့ညီလေးက ငယ်စဉ်ကတည်းကပင် အေးတိအေးစက်အမူအရာသာ အမြဲတစေ ရှိခဲ့သည်။
ယောက်ျားလေး တစ်ယောက်၏ တက်ကြွသော အမူအရာမျိုး လုံးဝမတွေ့ရပေ။
အဘယ်ကြောင့်ဆိုသော် ယင်းမှာ သူ့ညီလေး၏ ခန္ဓာကိုယ်ထဲရှိ ကမ္ဘာဦးချီနှင့် သက်ဆိုင်နေသည်။
ဝမ်မင်က ဝမ်လင်း၏ကမ္ဘာဦးချီ အချို့ကို ယခင်က ထုတ်ယူခဲ့ဖူးသည်။
ဤကမ္ဘာဦးချီက အလွန်ပင် အစွမ်းထက်၏။
ထို့အပြင် ကမ္ဘာဦးချီ၌ မိမိကိုယ်ကို ကုသနိုင်စွမ်းနှင့် သန့်စင်ခြင်းစွမ်းရည်များ ရှိသည်။
၎င်းက ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို သန့်စင်ပေးသည့်အပြင် စနစ်အတွင်းသို့ အဆိပ်အတောက်များ ဝင်ရောက် မလာနိုင်အောင်လည်း တားဆီးပေးသည်။
ထို့အပြင် မကောင်းသော စိတ်ခံစားမှုများကိုလည်း ပြေလျော့စေသည်။
ယင်းက ဝမ်လင်း အေးတိအေးစက် ဖြစ်နေရခြင်း၏ အကြောင်းအရင်း ဖြစ်သည်။
ဝမ်လင်း၏ စိတ်အခြေအနေ ပြောင်းလဲတော့မည် အချိန်တိုင်းတွင် ကမ္ဘာဦးချီ၏ ကိုယ်တိုင် သန့်စင်နိုင်ခြင်း စွမ်းရည်သည် အကျိုး သက်ရောက်လာလေ့ ရှိသည်။
ထို့ကြောင့် ဝမ်လင်းက စိတ်လှုပ်ရှားလွန်းခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်ခြင်းတို့ကို ဘယ်တော့မှ ခံစားရမည် မဟုတ်ပေ။
၎င်းမှာ ကမ္ဘာဦးချီက သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ရန်အတွက် ကူညီပေးနေ၍ ဖြစ်သည်။
သိပ္ပံပညာအရ ပြောရလျှင် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်သူများသည် များသောအားဖြင့် EQ မြင့်မားကြပြီး အသက်ပိုရှည်ကာ ကျန်းမာသန်စွမ်းကြသည်။
သို့သော် ဝမ်လင်း၏ ကမ္ဘာဦးချီက ပြင်းထန်လွန်းပြီး ၎င်း၏ထိန်းချုပ်မှုက အနည်းငယ် လွန်ကဲလွန်းနေ၏။
ထို့ကြောင့် ဝမ်လင်း၏ အေးတိအေးစက် မျက်နှာအတွက် အပြစ်တင်၍ မရနိုင်ပေ။
သူက ပြုံးပြချင်လျှင်ပင် ကမ္ဘာဦးချီက ထိန်းချုပ်ထားသည့်အချိန်များ ရှိခဲ့သည်။
တစ်ခါတရံတွင် ဝမ်မင်သည် ဝမ်လင်း၏အပြုံးက မည်ကဲ့သို့ပုံစံလဲ ဆိုသည်ကို သိချင်နေခဲ့သည်။
ယနေ့ခေတ်တွင် နှုတ်ခမ်းထောင့်များကို ဖိုတိုရှော့ဖြင့် ချိန်ညှိ၍ အပြုံးကို ဖန်တီးနိုင်သော်လည်း အပြုံးတုသည် ဘယ်သောအခါမှ သဘာဝမကျနိုင်ပေ။
ဤနှစ်များ တစ်လျှောက်လုံးတွင် ဝမ်မင်သည် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲရှိ ကမ္ဘာဦးချီကို ဖိနှိပ်အတွက် ဝမ်လင်း ဆန့်ကျင်ရေးပစ္စည်းကို အားကိုးခဲ့သည်။
ဤအချိန်အတွင်းတွင် သူက ဝမ်လင်း၏ကမ္ဘာဦးချီကို အမှန်တကယ် လေ့လာနေခဲ့သည်။
အကယ်၍သူသာ ဝမ်လင်း၏ကမ္ဘာဦးချီကို လေ့လာရာတွင် အောင်မြင်မှုတစ်ခုခု ရရှိခဲ့လျှင် ဖြေရှင်းချက် ရရှိနိုင်မည်ဖြစ်သည်။
ကံမကောင်းစွာပင် သူ၏ သုတေသနများက ယခုအချိန်ထိသိသိသာသာ တိုးတက်လာခြင်းမရှိပေ။
ဝမ်မင်က ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။
“လင်း.. မင်းရဲ့ကမ္ဘာဦးချီကို ဒီနှစ်တွေ တလျှောက်လုံးမှာ ငါ သုတေသန လုပ်ခဲ့တယ်.. ဒါပေမဲ့ ဓာတ်ခွဲခန်းမှာရှိတဲ့ ဘယ်စက်ကမှ မင်းရဲ့ ကမ္ဘာဦးချီကို သေချာခွဲခြမ်းစိတ်ဖြာလို့ မရခဲ့ဘူး”
“ကမ္ဘာဦးချီကို သုတေသန လုပ်နေတာလား”
ဝမ်မင်ထံမှ ထိုစကားကို ပထမဆုံးအကြိမ် ကြားရပြီးနောက်တွင် ထွင်ထျန်းဟာက ခေါင်းခါလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးချီကို လေ့လာရသည်မှာ အမှန်တကယ် မလွယ်သောကြောင့်ပင်။
ဝမ်မင်၏ စကားကိုကြားလျှင် ဝမ်လင်းက တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။
ကမ္ဘာဦးချီ သုတေသနအကြောင်းကို သူသိထားပြီးသား ဖြစ်သည်။
အတိအကျပြောရလျှင် သူ့ထံမှ နမူနာကိုယူ၍ ဝမ်မင်သုတေသန ပြုနေသည်မှာ ခြောက်နှစ်ရှိပြီ ဖြစ်သည်။
တကယ်တမ်းတွင် သိပ္ပံနည်းကျ ကိရိယာများသည် ကမ္ဘာဦးချီကို လုံးဝခွဲခြမ်းစိတ်ဖြာနိုင်မည် မဟုတ်ကြောင်း ဝမ်လင်း အစကတည်းကပင် ခံစားမိခဲ့သည်။
ဝမ်မင်က ကမ္ဘာဦးချီကို အစွမ်းကုန် သုတေသန ပြုခဲ့ပြီး အသေးစား ရှာဖွေတွေ့ရှိမှုများကိုပင် ဝမ်လင်းထံ ချက်ချင်းစာပို့ခဲ့သည်။
နောက်ပိုင်းတွင် စာပို့မှုများက လုံးဝ ရပ်တန့်သွားသည် အထိ နည်းပါးလာခဲ့သည်။
ဝမ်မင်က အတော်လေး အားထုတ်ပြီးပြီဟု ဝမ်လင်း အမြဲယူဆခဲ့သည်။
တကယ်တမ်းတွင် အသန်မာဆုံးဦးနှောက်ဟု သတ်မှတ်ခံထားရသည့် ဂုဏ်ယူစရာ သိပ္ပံပညာရှင်တစ်ယောက် အတွက် ပရောဂျက် တစ်ခုပေါ်တွင် နှစ်ပေါင်းများစွာ ဇွဲနဘဲဖြင့် ကြိုးစားလုပ်ဆောင်ပြီး အောင်မြင်မှု မရခဲ့သည်မှာ သူ့မာနအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နေခဲ့သည်။
ဆယ်နှစ်တာ ကြာသွားပြီ ဖြစ်သော်လည်း ဝမ်မင် လက်မလွှတ်သေးဟု ဝမ်လင်း တစ်ခါမှ မထင်ထားမိပေ။
ဝမ်လင်းက ကျေးဇူးတင်ချင်သော်လည်း အနည်းငယ် တစိမ်းဆန်ရာကျမည်ဟု ခံစားလိုက်ရသည်။
သူတို့က တစ်ခါတစ်ရံတွင် တစ်ယောက်ကို တစ်ယောက် နှောင့်ယှက်တတ်သည့် ဝမ်းကွဲညီအကိုများ ဖြစ်သော်လည်း သံယောဇဉ်မှာမူ ခိုင်မာမှုရှိသည်။
ဝမ်မင်က သူ့ကုတင်ပေါ်တွင် လွတ်လွတ်လပ်လပ် လဲလျောင်းနိုင်သည့် အချက်က အကောင်းဆုံးသက်သေ ဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ် ဆိုလျှင် ဝမ်လင်း၏ ကုတင်ပေါ်တွင် အိပ်စက်ခွင့်ရရန်အတွက် ခေါက်ဆွဲကြွပ်ကြော်များဖြင့် အလဲအလှယ် လုပ်ခဲ့ရသည်။
သို့ရာတွင် ဝမ်မင်နှင့် သူကမူ ညီအစ်ကိုများ ဖြစ်သည်။
ထို့ကြောင့် ဝမ်မင်က သူ့နှလုံးသားထဲတွင် ထူးထူးခြားခြားနေရာယူထားခဲ့သည်။
ဩဂုတ်လတစ်ရက်နေ့သည် ဝမ်မင်၏ မွေးနေ့ဖြစ်၍ လက်ဆောင်ကောင်း တစ်ခုပြင်ဆင်ရမည်ဟု ဝမ်လင်း တွေးမိခဲ့သည်။
ဝမ်လင်းထံမှ ကျေးဇူးတင်စကားကို မကြားရသော်လည်း ဝမ်မင်က ဝမ်လင်းကို ကောင်းစွာနားလည်သည်။
ညီအစ်ကိုများကြားတွင် စကားလုံး များများစားစား မလိုအပ်ပေ။
“ကမ္ဘာဦးချီက ခန္ဓာကိုယ်ကနေ အလိုအလျောက် ထုတ်လုပ်ပေးတဲ့ အထူးအမျိုးအစား ဝိညာဉ်စွမ်းအင်ပဲ.. တစ်နည်းပြောရရင် ကမ္ဘာဦးချီက သာမန်ဝိညာဉ်စွမ်းအင်ထက် အဆပေါင်းသောင်းနဲ့ချီပြီး ပိုမိုမြင့်မားတဲ့ ဝိညာဉ်စွမ်းအင်အစစ် ဖြစ်တယ်.. သူ့ထဲမှာ အမှန်တကယ် ရှုပ်ထွေးတဲ့ ဖွဲ့စည်းမှု တစ်ခုပါရှိတယ်”
ထွင်ထျန်းဟာက သူသိထားသလောက် ကမ္ဘာဦးချီ အကြောင်း ပြောပြလိုက်သည်။
ယင်းက မိစ္ဆာဓားနတ်ဘုရားကို ပါးတစ်ချက် ရိုက်ရုံဖြင့် အနိုင်ယူနိုင်ခဲ့သည့် အဓိက အကြောင်းရင်းဖြစ်သည်။
ဝိညာဉ်စွမ်းအင်သည် ကျင့်ကြံသူများ၏ စွမ်းအားအရင်းအမြစ် ဖြစ်သည်။
ထို့ကြောင့် သာမန်ကျင့်ကြံသူများးသည် တိုက်ပွဲဝင်ရာတွင် ဝိညာဉ်စွမ်းအင်ဖြင့်သာ တိုက်ခိုက်လေ့ ရှိကြသည်။
သို့သော် ဝမ်လင်းကမူ ဝိညာဉ်စွမ်းအင်ထဲတွင် ကမ္ဘာဦးချီကိုရောနှော၍ တိုက်ခိုက်ခဲ့သည်။
၎င်းတို့အားလုံးသည် စွမ်းအင် အရင်းအမြစ်များ ဖြစ်သောကြောင့် ကွာခြားမှုများစွာ ရှိပုံတော့မရပေ။
သို့သော် အရည်အသွေးပိုင်းတွင်မူ ကွာခြားမှုများ ရှိခဲ့သည်။
ဆိုရလျှင် ဓာတ်ဆီနှင့် နျူကလိယစွမ်းအင်ကို အတူတူပဲဟု ယူဆ၍ မရနိုင်သလိုပင်။
ကမ္ဘာဦးချီ အနည်းငယ် ရောစပ်မှုကပင် မိစ္ဆာဓားနတ်ဘုရားကို အနိုင်ယူရန် လုံလောက်နေပြီ ဖြစ်သည်။
အကယ်၍သာ ဝမ်လင်းက ကမ္ဘာဦးချီ သီးသန့်ဖြင့် အသုံးပြုခဲ့မည်ဆိုလျှင် မိစ္ဆာဓားနတ်ဘုရား၏ ဝိညာဉ်နှင့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က လုံးဝ ချုပ်ငြိမ်းသွားမည်ဖြစ်သည်။
“မကြာခင်တော့ ငါသေချာပေါက် တီထွင်နိုင်မှာပါ.. ကမ္ဘာဦးချီကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် မှော်ရတနာတစ်ခုကို ငါရအောင်တီထွင်ပစ်မယ်”
ဝမ်မင်က နှုတ်ခမ်းများကို တင်းတင်းစေ့၍ ပြောလိုက်သည်။
ထွင်ထျန်းဟာ၏ အမြင်အရ ဝမ်မင် တိုးတက်မှု နှေးကွေးရသည့် အကြောင်းရင်းမှာ ဝမ်မင်က ကျင့်ကြံသူမဟုတ်သောကြောင့် ဖြစ်သည်။
ဝမ်မင် လက်ရှိအသုံးပြုနေသော ဝိညာဉ်စွမ်းအင်သည် မှော်ရတနာတစ်ခုမှ စွန့်ထုတ်ထားသော လူလုပ် ဝိညာဉ်စွမ်းအင်တစ်ခုသာ ဖြစ်သည်။
ဝမ်မင်က ဝိညာဉ်စွမ်းအင် အကြောင်းနှင့် သွေးကြောများနောက်ကွယ်ရှိ သီအိုရီများကို လေ့လာနိုင်သော်လည်း ကျင့်ကြံသူစစ်စစ်တော့ မဟုတ်ပေ။
ဤကမ္ဘာပေါ်တွင် ခန္ဓာကိုယ်က ကိုယ်တိုင် ခံစားပြီးမှသာ နားလည်နိုင်သည့်ကိစ္စ အများအပြား ရှိသည်။
ကမ္ဘာဦးချီသည် ဝိညာဉ်စွမ်းအင်ထက် မြင့်မားသော စွမ်းအင်အဆင့် ဖြစ်ပြီး ကျင့်ကြံသူများကမူ မှော်စွမ်းအင် အရင်းအမြစ်ဟု ခေါ်ဆိုကြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ဝိညာဉ်စွမ်းအင် ကုန်ဆုံးခြင်း သီအိုရီသည် ပျံ့နှံ့လာခဲ့သည်။
ကမ္ဘာမြေကြီးပေါ်ရှိ ဝိညာဉ်စွမ်းအင်များ တစ်နေ့နေ့တွင် ကုန်ခမ်းသွားမည် ဖြစ်ကြောင်း ခန့်မှန်းထားသည့် ပညာရှင် အများအပြားရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲရှိ ကမ္ဘာဦးချီသည် နောက်ဆုံး စွမ်းအင်အရင်းအမြစ် ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ကမ္ဘာဦးချီကို သုတေသနပြုလုပ်မှုသည် အမှန်တကယ်ပင် အရေးကြီးသည်။
အကယ်၍ ဝမ်မင်သာ ကမ္ဘာဦးချီ၏ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာနိုင်လျှင် ဝမ်လင်းသာမက ကမ္ဘာကြီး တစ်ခုလုံးကိုပါ ကယ်တင်နိုင်မည် ဖြစ်သည်။
၎င်းက ကမ္ဘာ့ကျင့်ကြံခြင်း နှစ်စဉ်မှတ်တမ်းတွင် ထာဝရမှတ်တမ်းတင်ထားရမည့် အဓိကရှာဖွေတွေ့ရှိမှု ဖြစ်လာမည်ဖြစ်သည်။
ဤအတိုင်းသာ ဖြစ်လာလျှငိ ဝမ်မင်သည် ဤခေတ်၏ အကြီးကျယ်ဆုံး ရှာဖွေတွေ့ရှိသူ၊ စူးစမ်းရှာဖွေသူနှင့် သိပ္ပံပညာရှင်အဖြစ် လူအများကို ထာဝရ အမှတ်ရနေစေလိမ့်မည်။
ထွင်ထျန်းဟာက ပေါက်ကရ အတွေးတစ်ခု ပေါ်လာသည်။
အကယ်၍သာ ထိုအချိန်ကာလသို့ ရောက်ပြီး ဝမ်မင် ဆုံးပါးသွားခဲ့လျှင် အံ့မခန်းမြင်ကွင်းတစ်ခု ဖြစ်လာနိုင်သည်ဟု သူတွေးမိခဲ့သည်။
လူသားများက We Chat တွင် ဝမ်းနည်းခြင်း အခမ်းအနားပို့စ်များကို ပြုလုပ်ကြလိမ့်မည် ဖြစ်သည်။
အပိုင်း(၅၁၄) ပြီး၏