ဝမ်မင်တွင် မထုတ်ဖော်ရထားသော အခြားတီထွင်မှု မည်မျှရှိသနည်း
Vol. 35 Ch. 516
ဟုတ်ပါသည်၊ ယင်းက ဝမ်မင်၏ တစ်ဖက်သတ် ထင်ကြေးသာဖြစ်ပြီး သက်သေပြရန် အထောက်အထား မရှိသေးပေ။
ယနေ့ခေတ် သိပ္ပံပညာရှင်များသည် ၎င်းတို့၏ တင်ပြချက်များကို တိကျသော ဒေတာအထောက်အထားများ အသုံးပြုရန် နှစ်သက်လာကြသည်။
သီအိုရီသိပ္ပံမှာလည်း သိပ္ပံအမျိုးအစားတစ်ခု ဖြစ်သည်။
ထို့ပြင် ဝမ်မင်၏ သီအိုရီများသည် အလွန်ပင် တိကျသည်။
ကမ္ဘာဦးချီသည် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲတွင် ငယ်စဥ်ကတည်းက ရှိနေခဲ့သည်။
အကယ်၍ ဝမ်မင်၏ သီအိုရီသာမှန်ကန်ခဲ့လျှင် ကျင့်ကြံသူသည် ၎င်းတို့၏ ခန္ဓာကိုယ်မှ ကမ္ဘာဦးချီကို မထုတ်လုပ်မီ အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံရမည် ဖြစ်သည်။
ထိုသီအိုရီက ဝမ်လင်း၏ လက်ရှိအခြေအနေနှင့် ကိုက်ညီမှုမရှိပေ။
သို့သော်လည်း ထိုသီအိုရီမှာ ယခုအချိန်တွင် သူတွေးနိုင့်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။
ဝမ်လင်းက အမှန်တကယ် အစွမ်းထက်သော်လည်း သူ၏ တကယ့်နယ်ပယ် အဆင့်မှာ အင်မော်တယ်ကျန်းရွမ်လောက် မမြင့်မားပေ။
ဝမ်လင်းက သူ၏ကျင့်ကြံမှုအဆင့် တိုးတက်မှုအချိန်ကို အခြေခံ၍ ဤနှစ်၏ နှစ်ဝက်နှောင်းပိုင်းလောက်တွင် အင်မော်တယ် အရှင်မြတ် အဆင့်ကို ရောက်လောက်သည်ဟု အကြမ်းဖျင်း တွက်ချက်ခဲ့သည်။
ယခုအခါတွင် သူငယ်ငယ်ကလို မဟုတ်တော့ဘဲ သူ၏ နယ်ပယ်အဆင့်က နှစ်နှစ်တစ်ကြိမ် အလိုအလျောက် တိုးတက်လာခဲ့သည်။
သူ၏ လက်ရှိအခြေအနေက ငယ်စဥ်ကလို မဟုတ်တော့ဘဲ နယ်ပယ်အဆင့်တစ်ခုနှင့် တစ်ခုကြား ကာလများ တိုတောင်းလာခဲ့သည်။
ထို့ကြောင့် ဝမ်လင်းက သူ၏ လက်ရှိအခြေအနေကို သိပ္ပံပညာဖြင့် ရှင်းပြရန် မဖြစ်နိုင်ဟု အစကတည်းက တွေးထားခဲ့သည်။
သူ၏ နယ်ပယ်အဆင့် မည်မျှပင်မြင့်မားပါစေ၊ သူက ထိုအချက်ကို ဂရုစိုက်ခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာပေါ်တွင် သူက ပြိုင်ဘက်ကင်းတည်ရှိမှု ဖြစ်နေသောကြောင့် ဖြစ်သည်။
နောက်ဆုံးအကြိမ်ကဆိုလျှင် တာအိုစည်းတံဆိပ် ခတ်ထားရင်းကပင် မိစ္ဆာဓားနတ်ဘုရားကို သာသာယာယာ ဆုံးမနိုင်ခဲ့သည်။
ဝမ်လင်း တွေးနေသမျှကို ဝမ်မင်ကလည်း စဥ်းစားမိခဲ့သည်။
"မင်းရဲ့အခြေအနေက ငါ့ရဲ့ လက်ရှိသီအိုရီတွေနဲ့ ကွဲလွဲနေတာ ဖြစ်နိုင်ပါတယ်"
ဝမ်မင်က ခေါင်းကုတ်ကာ ရယ်မောလိုက်သည်။
"အခုမှ ငါပြန်စဥ်းစားမိပြီ.. ငါအတွေးချော်နေမှန်း သိခဲ့ရတယ်.. သာမန်သီအိုရီက မင်းရဲ့ အခြေအနေကို ဘယ်လိုသက်ရောက်နိုင်မှာလဲ.. ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ကျင့်ကြံသူတွေက နယ်ပယ်အဆင့်တစ်ခု ပိုရောက်ပြီးတဲ့ အချိန်မှာ စွမ်းအင်တည်ဆောက်ဖို့ အတွက် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားကိုးရတယ်.. ဒါပေမဲ့ မင်းကတော့ မတူဘူး.. မင်းက မွေးကတည်းက အလိုအလျောက် ပြီးပြည့်စုံမှု ရှိတယ်"
ထွင်ထျန်းဟာက မရယ်ဘဲ မနေနိုင်တော့ချေ။
ဝမ်လင်းက ဆွံ့အသွားခဲ့သည်။
".........."
သို့ရာတွင် ဝမ်မင်၏ ဖော်ပြချက်က အတော်လေးရှင်းရှင်းလင်းလင်း ဖြစ်သည်ဟု သူဝန်ခံရပေမည်။
"ဘာပဲဖြစ်ဖြစ် ငါ့အနေနဲ့ အဲဒီ စွမ်းအင်အရင်းအမြစ်ကို နှိုင်းယှဉ်လို့ရရင် အရမ်းကောင်းမှာပဲ.. အဲဒီအရာက ကမ္ဘာဦးချီ မဟုတ်ဘူး ဆိုရင်တောင် မင်းရဲ့ကမ္ဘာဦးချီနဲ့ ဆင်တူတဲ့ အမည်မသိ စွမ်းအင်တစ်မျိုး ဖြစ်နိုင်တယ်"
ထို့နောက်တွင် ဝမ်မင်က ဝိညာဉ်စွမ်းအင်အတုကို ပြန်လည်အသက်သွင်းပြီး သိုလှောင်လက်စွပ်ထဲကနေ ခရမ်းနက်ရောင် အဝိုင်း တစ်ခုကို ထုတ်ယူလိုက်သည်။
ထွင်ထျန်းဟာ "ဒါကဘာလဲ"
ဝမ်မင် "ဒါက လူသိရှင်ကြား မထုတ်ပြန်ရသေးတဲ့ စွမ်းအင်စုဆောင်းတဲ့ပစ္စည်းပဲ.. ငါမနေ့ကပဲ လုပ်ထားတာလေ"
ဝမ်လင်း "........"
"မင်းမှာ တခြား ထုတ်ဖော်မထားရသေးတဲ့ တီထွင်မှုတွေဘယ်လောက်တောင် ကျန်ရှိသေးလဲ"
ဝမ်မင်က အပူပေး စမတ်အိမ်သာကိုပါ ကျကျနန တီထွင်ခဲ့သော်လည်း ယခုအခါတွင် စွမ်းအင်စုဆောင်းသည့် ပစ္စည်းကို တီထွင်ခဲ့ပြန်သည်။
"တီထွင်ထားတာတွေတော့ အများကြီးပဲ.. ဒါပေမဲ့ မူပိုင်ခွင့်လျောက်ထားဖို့က အခက်အခဲ ရှိတယ်လေ.. ဒါကြောင့်ငါ ကိုယ်တိုင် အသုံးပြုဖို့ သက်သက်အတွက်ပဲ တီထွင်ဖြစ်တယ်.. ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အထောက်အထားက လျှို့ဝှက်ချက် ဖြစ်နေတဲ့အတွက် ငါက လူသိရှင်ကြား ထုတ်ပြန်မယ် ဆိုရင်တောင် အဲဒါက သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီအောက်မှာပဲ တရားဝင် ဖြစ်လာလိမ့်မယ်.. ဒါ့အပြင် ငါက အဲဒီပစ္စည်းတွေကို တကယ်ပဲ လူသိရှင်ကြား ထုတ်ဖော်ခဲ့မယ်ဆိုရင် ငါ့ကို မနာလိုတဲ့ သိပ္ပံပညာရှင်တွေ ပိုပြီး များလာလိမ့်မယ်"
ထိုစကားကိုကြားလျှင် ဝမ်လင်းက သဘောတူသည့် အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။
ယခင်ကဆိုလျှင် ဝမ်မင်သည် အသစ်အဆန်း တစ်ခုခုကိုတီထွင်ပြီးသည့် အခါတိုင်း We Chatတွင် ကြွားဝါလေ့ရှိသည်။
သို့သော် လွန်ခဲ့သည့် လအနည်းငယ်ကစပြီး We Chatပေါ်တွင် သူ၏ ဖန်တီးမှုများကို မတွေ့ရတော့ပေ။
ယင်းက ကျိုက်ယန်၏ ထိန်းချုပ်မှုကြောင့် ဖြစ်သည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။
ယခုသူတီထွင်ထားသော စွမ်းအင် စုဆောင်းသည့်ပစ္စည်းတွင် စွမ်းအင်ပုံစံ အားလုံး၏ ဒေတာများ ပါဝင်သည်။
ထို့ကြောင့် အမည်မသိ စွမ်းအင်ပုံစံမျိုးစုံကို စုဆောင်းထားလျှင်ပင် စွမ်းအင်စုဆောင်းသည့် ပစ္စည်း၏ အတွင်းပိုင်းကနေ ၎င်းတို့ကို ခွဲခြားထားပေးမည် ဖြစ်သည်။
"ဒါနဲ့ အဲဒီပစ္စည်းကို ဘယ်လိုသုံးရတာလဲ"
ထွင်ထျန်းဟာက မေးခွန်းထုတ်သည်။
"မင်းပိုကီမွန်ကစားဖူးလား.. ပိုကီမွန်ထဲက ပိုကီဘောလိုပဲ အသုံးပြုရတယ်"
ဝမ်လင်းနှင့်ထွင်ထျန်းဟာ".........."
"မင်းရော ငါနဲ့လိုက်ခဲ့ချင်လား"
ဝမ်လင်းက မျက်ခုံးပင့်ကာ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
"ငါက ဘာလို့လိုက်ရမှာလဲ.. မင်းငါ့ကို ငတုံးလို့များ ထင်နေလား"
ဝမ်မင်က ချက်ချင်းပင် လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။
"ငါ့မှာ သူရဲကောင်းဖြစ်ချင်တဲ့ အိပ်မက်တွေ ရှိနေပေမဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိတော့ မရူးမိုက်သေးဘူး.. ကမ္ဘာခြားဂိတ်တံခါးနဲ့ နတ်ဆိုးကမ္ဘာကို ချိတ်ဆက်ထားတဲ့နေရာက သာမန်နေရာတစ်ခု မဟုတ်ဘူးလေ.. ငါဝင်သွားရင်ငါချက်ချင်း မသာပေါ်သွားလိမ့်မယ်
ထိုစကားကို ပြောနေရင်း ဝမ်မင်က စွမ်းအင် စုဆောင်းသည့်ပစ္စည်းအား ဝမ်လင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒါက မင်းလုပ်ရမယ့်အရာပဲ.. မင်းငါ့ကို ဘယ်လောက်ကြာကြာစောင့်နိုင်မလဲ"
ဝမ်လင်းက မေးလိုက်သည်။
ဝမ်လင်း ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ထွင်ထျန်းဟာ အံ့ဩသွားခဲ့သည်။
"ဘာလဲဟ ဆရာလေးလင်းက တကယ်ကြီး စကားပြောလိုက်တာလား"
"ငါပြောချင်တာက မြန်လေကောင်းလေပဲ"
ဝမ်မင်က ဝမ်လင်းကိုပြုံး၍ ပြောလိုက်သည်။
"တကယ်တော့ ဒီအချိန်ကြီး ရောက်လာရတဲ့ အဓိက အကြောင်းအရင်းက မြန်မြန်ဆန်ဆန်နဲ့ ဒီအရာကိုယူချင်လို့ပဲ"
သူက ဝမ်လင်း၏ ကမ္ဘာဦးချီနှင့် ဆင်တူသည့် စွမ်းအင်ကို တွေ့ရှိပြီးကတည်းက အမှန်တကယ် စိတ်လှုပ်ရှားနေခဲ့သည်။
နှစ်ရှည်လများ သုတေသနပြုနေခဲ့ပြီး တိုးတက်မှုမရှိသော်လည်း အဆုံးသတ်တွင် သဲလွန်စတစ်ခုကို တွေ့ရှိခဲ့သည် မဟုတ်လော။
ယင်းက သိပ္ပံပညာရှင်များသာ နားလည်နိုင်သော စိတ်လှုပ်ရှားမှုမျိုး ဖြစ်သည်။
ထို့ပြင် အရေးကြီးသော အချက်တစ်ချက်လည်း ရှိပါသေးသည်။
မကြာသေးမီကစပြီး ဝမ်မင်က မကြာခဏ ခရီးထွက်နေခြင်းကြောင့် သုတေသနဌာနရှိ သိပ္ပံပညာရှင် တချို့က မျက်မှောင်ကျိုးနေခဲ့ကြသည်။
ဥက္ကဌချီက ဝမ်မင်နှင့် ညှိနှိုင်းကာ ပြင်ပကိစ္စများကို အတတ်နိုင်ဆုံး အမြန်ဖြတ်ရန် သဘောတူညီမှု ရယူခဲ့သည်။
ထို့ကြောင့် မဝေးတော့သော ကာလတွင် အကယ်ဒမီမှ ထွက်ခွာရတော့မည် မဟုတ်သောကြောင့် ဤကိစ္စကို အပြီးသတ်ရန် ယနေ့ အခွင့်အရေးကို အခွင့်ကောင်းယူလိုခြင်း ဖြစ်သည်။
"ကောင်းပြီလေ ဒါဆို ငါ့ကို နာရီဝက်လောက် အချိန်ပေးပါ
ဝမ်လင်းက ခေါင်းငြိမ့်၍ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာ တဖန်အံ့ဩသွားပြန်သည်။
"လခွမ်းပဲ ဆရာလေးလင်းက နောက်ထပ် စကားတစ်ခွန်းကို တကယ်ကြီး ပြောခဲ့တာပဲ.. ဟုတ်တယ်ဟ.. တကယ်ကြီးပြောခဲ့တယ်ဟ"
ဝမ်လင်းက ယနေ့တွင် စံချိန်ကို ချိုးပစ်တော့မည်ဟု ထွင်ထျန်းဟာ မရေမရာ ခံစားရသည်။
သို့သော် အလွန်လျင်မြန်စွာပင် ထွင်ထျန်းဟာသည် သူ၏နှလုံးသားထဲကနေ တအံ့တဩ ရေရွတ်လိုက်မိသည်။
"အဲဒီနေရာက လူသားကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာကြားကို ထိစပ်ထားတဲ့ နေရာမဟုတ်ဘူးလား တခြားဂိတ်တံခါး မရှိဘဲ ဆရာလေးလင်းက ဘယ်လိုသွားမှာလဲ"
ဝမ်လင်း ထိုင်ခုံမှထလာလျှင် ထွင်ထျန်းဟာကလည်း စားပွဲပေါ်မှ ခုန်ဆင်းလိုက်သည်။
လူတစ်ယောက် နှင့် ခွေးတစ်ကောင်က အိပ်ခန်း ရေချိုးခန်းဆီသို့ အသီးသီး သွားလိုက်သည်။
အဆုံးသတ်တွင် ထွင်ထျန်းဟာသည် တစ်စုံတစ်ခုကို သတိရသွားသည်။
"သခင်မာ.. သူတို့မှာ အိမ်သာသခင်မာ ရှိနေတာပဲ"
ယခင်က ဝမ်မိသားစုကို ထောက်လှမ်းရန် ကြိုးစားခဲ့သည့် မော့အင်မော်တယ် ရဲတိုက်မှ ကြေးစား ကျင့်ကြံသူနှစ်ဦးကို ဖယ်ရှားရန် သခင်မာကို အသုံးပြုခဲ့ဖူးသည်။
သခင်မာက သူတို့ကို အဝေးသို့ ပို့လိုက်သော်လည်း မည်သည့်နေရာကို ပို့ပစ်လိုက်မှန်း မည်သူမှ မသိပေ။
"သခင်မာလား.. သခင်မာက တည်နေရာ ရွှေ့ပြောင်းနိုင်တဲ့ပညာရှင်လား"
ထွင်ထျန်းဟာက တအံ့တဩ ရေရွတ်လိုက်သည်။
"မင်းဒီမှာနေတာကြာပြီ ဘာမှမသိဘူးလား
ဝမ်မင်က ထွင်ထျန်းဟာကို ပြောလိုက်သည်။
"တိကျတဲ့နေရာ မသတ်မှတ်ထားဘူး ဆိုရင်တော့ ကြုံရာနေရာတစ်ခုကို မင်းလွင့်စင်သွားလိမ့်မယ်.. နေရာ သတ်မှတ်ထားရင်တော့ ဘယ်နေရာကိုမဆို မင်းသွားနိုင်တယ်.. ပြန်လာချင်တဲ့အခါ မင်းခြေထောက်ကို သုံးချက်တိတိ ဆောင့်လိုက်ရုံပဲ"
ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာက ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။
တကယ်တမ်းတွင် သူက ကမ္ဘာခြားဂိတ်ပေါက်ထဲကို ဝင်ရန် နည်းလမ်းရှာနေခဲ့ခြင်း ဖြစ်သည်။
ယခုအတောအတွင်း သူက ဖားပြုပ်မျိုးနွယ်စုသို့ ပြန်သွားရန်အတွက် တည်နေရာ ရွှေ့ပြောင်းသည့် အစီအရင်ကို ခင်းကျင်းရန် ငွေကြေး စုဆောင်းနေခဲ့သည်။
သို့သော်လည်း ငွေရောင်လေးကို အားကိုး၍ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ရန် ကြိုးစားခြင်းသည် အမှတ်တကယ်ပင် ဖြစ်နိုင်ရန် ခက်ခဲလှ၏။
ထွင်ထျန်းဟာက စိတ်သက်သာရာ ရသွားသော အမူအရာဖြင့် အိမ်သာကို စိုက်ကြည့်နေခဲ့သည်။
အဆုံးသတ်တွင် ငွေကုန်ကြေးကျ သက်သာနိုင်မည့် နည်းလမ်းကို သူသဘောပေါက်သွားပြီ ဖြစ်သည်။
အပိုင်း(၅၁၆) ပြီး၏