← Chapters

အတွင်းစိတ်ဝိညာဥ်ဆိုး လေဝိညာဥ်

Vol. 35 Ch. 518

အတွင်းစိတ်ဝိညာဥ်ဆိုး လေဝိညာဥ်

Vol. 35 Ch. 518

မိစ္ဆာဓားနတ်ဘုရားအကြောင်း တွေးတောမိလျှင် အင်မော်တယ်ကျန်းရွမ်သည် စော်ကားခံရသလိုမျိုး ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။

အရေးကြီးဆုံးမှာ ဤ "ညီနောင် ပဲ့တင်သံ" ဟု အမည်ပြောင် ရထားသောသူမှာ အလွန်ဆိုးရွားလှသည်။

ထိုလူအကြောင်းကို တွေးလိုက်တိုင်း သူ့ခေါင်းက မူးဝေလာပြီး သူ့ခြေထောက်များက ဒူးချောင်ချင်သလို ခံစားခဲ့ရသည်။

ညီနောင်ပဲ့တင်သံနှင့် ရင်ဆိုင်ရလျှင် သူ၏ အင်မော်တယ် ပုံရိပ်သည် လုံးလုံး ပျက်စီးသွားပေလိမ့်မည်။

သူက ဗေဒင်ဟောကိန်းအရ ဤကမ္ဘာသို့ ရောက်လာမည့် ကမ္ဘာကြီး၏ ကယ်တင်ရှင်ကို စောင့်မျှော်နေခဲ့သည်။

ထို့ကြောင့် သူက အချိန်တိုင်း စောင့်နေခဲ့သည်။

သို့သော် သူစောင့်မျှော်နေသည့်သူ ရောက်မလာမီ ဤလူမိုက်က မဆင်မခြင် ရောက်လာလိမ့်မည်ဟု သူတစ်ခါမျှ မတွေ့ဖူးပေ။

"အဲဒီလူက ခွန်အားတော့ နည်းနည်းရှိပါရဲ့.. ဒါပေမယ့် သူက လုံးဝ မသန်မာသေးဘူး"

လေဝိညာဉ်က ရယ်မောလိုက်သည်။

"ငါအနေနဲ့ဆို လက်​တစ်​​ချောင်းနဲ့တောင် သတ်​နိုင်​မယ်လို့ ထင်​တယ်​.."

"လက်​တစ်​ချောင်းကတော့ နည်းနည်း ချဲ့ကားလွန်းတယ်​.. ညီနောင်ပဲ့တင်သံက ငါတို့နဲ့ ယှဥ်ရင်သာ အားနည်းတယ် ဆိုပေမဲ့ တော်တော်လေး သန်မာပါတယ်.. လက်နှစ်ချောင်းလောက်တော့လုပ်လိုက်"

အင်မော်တယ်ကျန်းရွမ်က သူ၏ အတွင်းစိတ် ဝိညာဉ်ဆိုး နှင့် အယူအဆချင်း ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း ဤအချက်တွင်မူ သူတို့၏ အမြင်က အံ့အားသင့်ဖွယ်ရာ ကိုက်ညီမှု ရှိနေကြောင်း တွေ့ရှိခဲ့သည်။

ထိုအချိန်က အင်မော်တယ်ကျန်းရွမ်သည် ထိုလူကို ဓားဖြင့်ထိုးသတ်ချင်ခဲ့သည်။

သို့ရာတွင် အပြစ်မဲ့သူကို သတ်မိလျှင် ဟောကိန်း ပျက်စီးသွားပြီး ဤဂြိုလ်၏ ဖုန်းရွှေ(ကျက်သရေ)ကို ညစ်ညမ်းစေမည် စိုးရိမ်သောကြောင့် ထိုလူကို အသက်ချမ်းသာပေးခဲ့သည်။

ကျန်းရွမ်က သက်ပြင်းချလိုက်ပြီး သူ့ရှေ့မှ အတွင်းစိတ်နတ်ဆိုးကို စိုက်ကြည့်လိုက်သည်။

"ဒီနေ့ မင်းငါ့ကို ပြဿနာလုပ်ဖို့ ရောက်လာတာလား"

"မင်းကို ခေါ်ဖို့ ငါရောက်လာတာပဲ.. ငါနဲ့သာ လိုက်ခဲ့ပါ ကမ္ဘာကြီးကို အတူတူ ဖန်တီးကြရအောင်.. ပြီးရင် မင်းနဲ့ငါက ဧကရာဇ်တွေ ဖြစ်လာလိမ့်မယ်"

လေဝိညာဉ်က သူ့ကို စိုက်ကြည့်လိုက်သည်။

"ကျန်းရွမ်.. မင်းမှာ အချိန်သိပ်​မ​ရှိတော့ဘူးနော်.. ငါ့ပုံသဏ္ဍာန်က အရင်ထက် ပိုပြီး ရုပ်လုံးပေါ်လာ​တယ် ဆိုတာ မင်းသတိမထားမိဘူးလား "

အင်မော်တယ်ကျန်းရွမ်က အလွန်လေးနက်သော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သူက လေဝိညာဥ်၏ ပြောင်းလဲမှုကို သေချာပေါက် သတိထားမိခဲ့သည်။

သူ၏ အတွင်းစိတ်ဝိညာဉ်က စတင် အကောင်အထည် ပေါ်လာပြီးနောက်တွင် ခြောက်ဆယ် ရာခိုင်နှုန်းနီးပါးခန့် ပြီးစီးနေပြီ ဖြစ်သည်။

ရာနှုန်းပြည့်ကို အသာထား၊ ကိုးဆယ်ရာခိုင်နှုန်းလောက်ရောက်သွားလျှင် ရပ်တန့်ဖို့ သူ့တွင် အစွမ်းအစ မရှိတော့ပေ။

ရုပ်လုံးပေါ်လာလျှင် အတွင်းစိတ်ဝိညာဉ်က သူ့ကိုယ်ထဲသို့ စိမ့်ဝင်သွားမည် ဖြစ်သည်။

၎င်းနှင့် ပတ်သက်၍ သူ မည်သို့မျှ လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။

ထိုအချိန်သာ ရောက်လာခဲ့လျှင် သူတို့က အမှန်တကယ် တစ်သားတည်း ဖြစ်သွားလိမ့်မည်။

သို့ရာတွင် သူ၏ ဝိညာဉ်က သူ့နေရာကို အစားထိုးပြီး ဤကိုယ်ခန္ဓာ၏ သခင်အသစ် ဖြစ်လာမည့် အတွင်းစိတ်နတ်ဆိုးအား ထာဝရ ကျွန်ခံနေရပေလိမ့်မည်။

ဤကဲ့သို့ဖြစ်လာလျှင် ဤကမ္ဘာကြီးလည်း ကျိန်းသေ ဒုက္ခရောက်လိမ့်မည်သာ။

ဤကမ္ဘာကြီးက မည်မျှ သာယာအံ့သြဖွယ်ကောင်းသည့် ကမ္ဘာကြီး ဖြစ်ပါသနည်း။

Bilibili ဝဘ်ဆိုက်ကို အခုလေးတင် စာရင်းသွင်းထားပြီးပြီ ဖြစ်သည်။

Rem နဲ့ Ram လက်တွဲ၍ သိပ္ပံ ထွန်းကားသည့်ခေတ်ကို ခေါ်ဆောင်သွားဖို့ အချိန်တစ်ခုသာ လိုတော့သည်။

[Rem and Ram= သိပ္ပံ၊ နည်းပညာနှင့် စက်မှုလုပ်ငန်း အောင်မြင်မှုများအကြောင်း တင်ဆက်ထားသည့် တရုတ်မှတ်တမ်းရုပ်ရှင် "Amazing China" မှ ဇာတ်ကောင်နှစ်ယောက်]

အနာဂတ်တွင် တိုင်းပြည်၏ ခွန်အားက တနေ့တခြား အရှိန်အဟုန်နဲ့ တိုးတက်လာမည် ဖြစ်သည်။

အင်မော်တယ်ကျန်းရွမ်က မကြာသေးမီက "Amazing, My Country" ဟု ခေါ်သည့် မှတ်တမ်းရုပ်ရှင်ကို ကြည့်ပြီး မှတ်မိနေပါသေးသည်။

ဤကမ္ဘာကြီး၏ အလှတရားကို "သူကိုယ်တိုင်" မဖျက်ဆီးချင်ပေ။

ဆံပင်နီလူငယ်လေးက သူ့ဘဝတွင် သူလုပ်ဖူးသမျှ အမိုက်မဲဆုံးသော ဆုံးဖြတ်ချက်မှာ ဤအတွင်းစိတ်ဝိညာဉ်ဆိုးကို သူ့ကိုယ်ထဲမှ ခွဲထုတ်ပစ်မိခြင်း ဖြစ်မည်ဟု ခံစားမိသည်။

"လေဝိညာဉ်"က အင်မော်တယ်ကျန်းရွမ်ကို မော့ကြည့်လိုက်သည်၊

သူ့မျက်တောင်က အရမ်းရှည်ပြီး သူ့မျက်လုံးက ဆောင်းဦးအလင်းရောင်ကို ရောင်ပြန်ဟပ်နေသည့် ရေလိုပင်။

"ကျန်းရွမ်.. ငါတို့ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးရအောင်.."

လေဝိညာဥ်က ပုံသဏ္ဍာန်သာရှိ၍ အမူအရာ ရှင်းရှင်းလင်းလင်း မဟုတ်သော်လည်း ဆံပင်နီ လူငယ်လေးက ဤအတွင်းစိတ်နတ်ဆိုး၏ ကောက်ကျစ်သည့် အပြုံးကို စိတ်ကူးကြည့်နိုင်ခဲ့သည်။

အတွင်းစိတ် နတ်ဆိုး ပြောသည့်အတိုင်းပင်၊ သူတို့တွင် တူညီသော မူလဇစ်မြစ် ရှိကြသည်။

သူတို့က အမူအကျင့် ကွဲပြားသည်က လွဲလျှင် ကျန်တာတွေအားလုံးက မှန်ထဲကို ကြည့်နေရသလိုပင်။

အတွင်းစိတ်နတ်ဆိုးက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ပြီး ကျန်းရွမ်ကို အူးမြူးသလို စိုက်ကြည့်နေသည်။

"အိုး.. အကျိုးသင့် အကြောင်းသင့် ဆွေးနွေးရရင် ငါဒီ​နေ့ မင်းကို ဖျက်​ဆီးပစ်မယ်​.."

ထိုစကားကို ပြောပြီးသည်နှင့် အင်မော်တယ်ကျန်းရွမ်၏ ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်သည်။

သူ၏လက်ချောင်းများမှ ရှောင်လီဓားပျံကဲ့သို့ အဖြူရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။

"နတ်ဘုရားသုတ်သင်ရှင်းလင်းရေးဓားပါလား"

ဤသည်မှာ လက်နက်၏ အမည်မဟုတ်ပေ။

မှော်စွမ်းရည်၏ အမည် ဖြစ်သည်။

ထိုဓားပျံကို စေလွှတ်လိုက်သည်နှင့် နတ်ဘုရားများကို ပြုတ်ပြုတ်ပြုန်းအောင် ချေမှုန်းနိုင်သည့် အစွမ်းရှိသည်။

အစွမ်းထက်သော အော်ရာက ဤကမ္ဘာကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

ဤသည်မှာ နတ်ဘုရားများနှင့် နတ်ဆိုးများပင် ခံနိုင်ရည်ရှိရန် ခက်ခဲသော စွမ်းအားတစ်ခု ဖြစ်သည်။

အင်မော်တယ်ကျန်းရွမ်၏ လက်ချောင်းများမှ ကမ္ဘာဦးချီရောနှောထားသော သန့်စင်သည့် ဝိညာဉ်စွမ်းအင်၏ တိုက်ခိုက်မှု အရှိန်အဟုန်ကြောင့် ကမ္ဘာမြေကြီးက ကွဲအက်သွားပြီး အေးခဲနေသော တွင်းပေါက်ဝကဲ့သို့ ကြီးမား၍ အောက်ခြေမရှိသည့် တွင်းနက်ကြီးများ ဖြစ်ပေါ်လာသည်။

"မင်းရဲ့ ခွန်အားတွေ အကုန်သုံးပြီး ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတဲ့ ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်မိမှာ မင်းမကြောက်ဘူးလား"

"နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓား"နှင့် ရင်ဆိုင်ရင်း လေဝိညာဉ်က ရယ်မောလိုက်သည်။

"ဒါက အဆင့်ကိုးမှော်စွမ်းရည်လေးပဲ.. ငါလည်း ဘာလို့မလုပ်နိုင်ရမှာလဲ.."

ဖိအားအရိပ်အယောင် နည်းနည်းမှ ရှိပုံမရသည့် လေဝိညာဥ်က လက်ချောင်းကနေ အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။

သူက "နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓား"နှင့် ရင်ဆိုင်ရန် "နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓား"ကိုပင် အသုံးပြုခဲ့သည်။

သို့သော် ကွာခြားချက်မှာ လေဝိညာဥ် အသုံးပြုသည့်"နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓား"သည် အင်မော်တယ်ကျန်းရွမ်၏ သန့်စင်သောဓားနှင့် မတူဘဲ အနက်ရောင် ဖြစ်သည်။

ယင်းမှာ အမှောင်စွမ်းအားနှင့် ရောနှောထားခြင်းကြောင့် ဖြစ်သည်။

"နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓား"နှစ်ခု ရင်ဆိုင်တွေ့ခြင်းက ဤခြောက်သွေ့အက်ကွဲနေသောမြေကို ယခင်ကထက် ပိုမို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာစေသည်။

စွမ်းအင်နှစ်ခုက ကမ္ဘာမြေကြီးကို ဥက္ကာပျံ တိုက်မိလျှင် ဖြစ်ပေါ်လာနိုင်သည့် ကြီးမားသော စွမ်းအင်ပေါက်ကွဲမှု ကဲ့သို့ အကြီးအကျယ် ပေါက်ကွဲသွားသည်။

ဖုန်မှုန့်များ ငြိမ်သက်သွားပြီးနောက်တွင် အင်မော်တယ်ကျန်းရွမ်က သူ့ရှေ့မှ ကျန်ရှိသည့် ဖုန်မှုန့်များကို အင်္ကျီလက်စဖြင့် ညင်သာစွာ ခတ်လိုက်သည်။

ကျန်းရွမ်က သူ့ရှေ့မှ လေဝိညာဉ်ကို လှမ်းကြည့်လိုက်သည်။

"ဒီ "နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓား"က မကြာသေးခင်ကမှ ငါဖန်တီးထားသည့် မှော်စွမ်းရည်ပဲ... မင်း ဘယ်လိုလုပ်ပြီး တတ်မြောက်နေတာလဲ"

"မင်းက ငါ့ကို မင်းခန္ဓာကိုယ်ထဲက ဖယ်ထုတ်ထားပြီးပြီ.. ဒါက မင်းရဲ့ အတွင်းစိတ်မှာ အတွင်းစိတ်နတ်ဆိုးတွေ ထပ်မမွေးတော့ဘူးလို့ မဆိုလိုဘူးလေ ... မင်းဖန်တီးမိတဲ့ အတွင်းစိတ်နတ်ဆိုးတွေက ငါ့ဆီ ရောက်လာတယ်လေ.. ဒီနတ်ဆိုးတွေမှာလည်း မင်းရဲ့ မှတ်ဉာဏ်တွေ ပါနေတော့ မင်းလုပ်နိုင်သမျှ ငါလုပ်နိုင်တာပဲ.. အခုချိန်မှာ မင်းရဲ့ စွမ်းအားတွေ အကုန်သုံးရင် မင်းငါ့ကို ဖျက်ဆီးဖို့ အခွင့်အလမ်း နည်းနည်း ရှိသေးတယ်.."

လေဝိညာဥ်က လေထဲတွင် ပျံဝဲနေ၏။

သူ့ရှေ့မှ ဆံပင်နီ လူငယ်က ဤဂြိုလ်ကို အခက်အခဲများစွာ ရင်ဆိုင်ပြီး နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်မှာ ယူလာခဲ့ကြောင်း သူသိသည်။

ဤဂြိုဟ်က ကမ္ဘာထက် အလွန် သေးငယ်သော်လည်း လက်ရှိအချိန်တွင် လူသားများ နေထိုင်ရန်အတွက် ဒုတိယ အသင့်တော်ဆုံးဂြိုဟ် ဖြစ်သည်။

ကမ္ဘာ့ နိယာမ ဥပဒေသများကို ချမှတ်ပြီး တောင်များနှင့် ရေများကို နေရာချထားပြီးပြီ ဖြစ်သည်။

ထို့အပြင် အရေးကြီးဆုံးမှာ ဤဂြိုလ်ငယ်လေးတွင် ဝိညာဉ်ချီ ပေါများနေခြင်း ဖြစ်၏

လေဝိညာဥ်က ရယ်လိုက်သည်။

"မင်းနဲ့ငါ လက်တွဲပြီး ဂရုတစိုက် ရှာဖွေနေသရွေ့တော့ နဂါးငွေ့တန်း ဂလက်ဆီ အပြင်ဘက်မှာ နေထိုင်ဖို့ ပိုသင့်တော်ပြီး အင်ပါယာတစ်ခု တည်ဆောက်နိုင်လောက်တဲ့ နေရာကျယ်ဝန်းတဲ့ ဂြိုဟ်ကြီးတွေကို ရှာတွေ့မှာပါ"

အင်မော်တယ်ကျန်းရွမ်က စိတ်ထဲတွင် အနည်းငယ် မောပန်းသွားသည်။

သူတို့က အင်အားချင်း တူညီနေကြ၍ အစွမ်းကုန်တိုက်ခိုက်လျှင်ပင် အဆုံးသတ်က လှပမည်မဟုတ်ပေ။

အကြောင်းရင်းမှာ ဤနတ်ဆိုးနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့လျှင် သူကိုယ်တိုင်လည်း ဒဏ်ရာရရှိမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ထိုသို့ ဖြစ်လာလျှင် ဤနတ်ဆိုးဝိညာဉ်က အပြည့်အဝရုပ်လုံးပေါ်လာသည် အထိ စောင့်ရန် မလိုအပ်တော့ဘဲ သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် သိမ်းပိုက်သွားနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် ကျန်းရွမ်က ခက်ခဲသော အခြေအနေကို ရင်ဆိုင်နေရသည်။

လေဝိညာဥ်နှင့်အတူ လိုက်သွားခဲ့လျှင်လည်း လေဝိညာဥ် ရုပ်လုံးပေါ်လာသည်နှင့် သူက ဝါးမျိုခံရမည်။

အကယ်၍ မလိုက်ဘဲ ဤနေရာတွင် အပြင်းအထန် တိုက်ခိုက်၍ အတွင်းဒဏ်ရာ ရသွားခဲ့လျှင်လည်း ချက်ချင်း ဝါးမျိုခံံရနိုင်၏။

"အရာအားလုံး အဆုံးသတ်ပြီလား"

ကျန်းရွမ်က စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

သို့သော် ဤအခိုက်အတန့်တွင် အင်မော်တယ် ကျန်းရွမ်နှင့်လေဝိညာဥ်က မြေပြင် တုန်ခါလာသည်ကို ခံစားလိုက်ရသည်။

အတိအကျပြောရလျှင် ကမ္ဘာမြေကြီး တစ်ခုလုံးက တုန်ခါနေခဲ့၏။

ထို့နောက်တွင် နက်ရှိုင်းသော ပေါက်ကွဲသံ နှင့်အတူ သူတော်စင် ရွှေရောင်အလင်းတန်း တစ်ခုက လေဝိညာဉ်၏ ခေါင်းပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။

အပိုင်း(၅၁၈) ပြီး၏

All Chapters