ကယ်တင်ရှင်ခွေး
Vol. 35 Ch. 520
ဤအဖြေက လက်တွေ့မဆန်လွန်းကြောင်း ကျန်းရွမ် ရှင်းရှင်းလင်းလင်း သိသော်လည်း အဆုံးသတ်တွင် သူက အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သောကြောင့် လျင်မြန်စွာပင် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။
ယခုခေတ်တွင် ထူးထူးဆန်းဆန်း အရာတွေ အများကြီးရှိ၏။
သူအရင်က ဗေဒင်တွက်သည့် အခါတိုင်းတွင် နောက်ဆုံးရလဒ်က "G" စာလုံး ဖြစ်နေတတ်သည်။
အခုအချိန်အထိ ကျန်းရွမ်က ၎င်း၏ ဆိုလိုရင်း အဓိပ္ပါယ်ကို မသိသေးပေ။
အစပိုင်းတွင်း ယင်းက မျိုးရိုးအမည်တစ်ခုဟု သူထင်ခဲ့သည်။
သို့သော် သူက ဤအဖြေကို မြန်မြန်ဆန်ဆန် ငြင်းပယ်လိုက်သည်။
ယခုခေတ် ဖျော်ဖြေရေး အသိုင်းအဝိုင်းတွင် ဆယ်ကျော်သက် အိုင်ဒေါလ် "G" သည် လူကြိုက်များသည်။
ဗေဒင်က အရိပ်အမြွက် ပေးခဲ့သော်လည်း "G" ဟူသော စာလုံးမှာ အမှန်တကယ် ကျယ်ပြန့်လွန်းလှသည်။
ထွင်ထျန်းဟာ ပေါ်လာသည်ကို မြင်လိုက်ရလျှင် ကျန်းရွမ်က ရုတ်တရက် စိတ်သက်သာရာ ရသွားခဲ့သည်။
သူက အဓိပ္ပါယ်ကို နားလည်သွားပေပြီ။
"Gရဲ့ အဓိပ္ပါယ်အမှန်က 'ခွေး'ပဲ"
ထိုအချိန်တွင် အင်မော်တယ် ကျန်းရွမ်သည် "အကြီးမြတ်ဆုံးအမှန်တရားများသည် အရိုးရှင်းဆုံးဖြစ်သည်" ဟူသော နိယာမက အမှန်တကယ် တည်ရှိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ဆံပင်နီ လူငယ်လေးက လေထဲတွင် ပျံဝဲနေသော ထွင်ထျန်းဟာကို လေးလေးနက်နက် ကြည့်နေစဥ် ဝမ်လင်းက လူငယ်၏ အတွေးများကို ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့သည်။
"အမ်.. Gရဲ့အဓိပ္ပါယ်က အဲဒါလား"
ဝမ်လင်း၏ ပထမဆုံး အတွေးကမူ G ဆိုသည်မှာ ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ် တံဆိပ်မှ ပထမဆုံး စာလုံး ဖြစ်သည်။
.............
လေထဲကနေ ဝမ်လင်းက ဆံပင်နီ လူငယ်လေး၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေခဲ့သည်။
ဤလူက ဒဏ္ဍာရီလာ အင်မော်တယ်ကျန်းရွမ် ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ ဝမ်လင်းအနေဖြင့် အင်မော်တယ်အရှင်မြတ်တစ်ပါးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။
ဝမ်လင်းက အင်မော်တယ်ကျန်းရွမ်နှင့် စောစောက ထွင်ထျန်းဟာကြောင့် ပျံသန်းသွားသည့်သူတို့တွင် ကောင်းကင်တာအို၏ စွမ်းအားများ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ဖန်းကွမ်း၏ စကားက လုံးဝမှန်ကန်သည်။
အင်မော်တယ်အရှင်မြတ် အဆင့်သို့ ရောက်လျှင် သင်က ကောင်းကင်တာအို၏ စွမ်းအားကို ထပ်လောင်း ရရှိနိုင်မည် ဖြစ်သည်။
ဤအဆင့်သို့ရောက်လျှင် ကောင်းကင်တာအို မည်မျှပိုင်ဆိုင်နိုင်မလဲ ဆိုသည်မှာ သင်၏ ကံကောင်းခြင်းနှင့် အရည်အချင်းပေါ်တွင်သာ မူတည်၏။
ယင်းက သီအိုရီအသစ် တစ်ခု မဟုတ်ဘဲ အမြဲတမ်း တည်ရှိနေသည့် အရာတစ်ခု ဖြစ်သည်။
သို့သော်လည်း လက်ရှိ ကျင့်ကြံခြင်း ကမ္ဘာတွင် ဝိညာဉ်ချီ လျော့နည်းလာသည်နှင့်အမျှ ပညာရှင်များစွာသည် ကမ္ဘာပေါ်တွင် ပကတိအင်မော်တယ် အဆင့်ထက် ပိုမြင့်သည့် ကျင့်ကြံသူ တစ်ဦးမျှ မရှိတော့ကြောင်း ယုံကြည်ခဲ့ကြသည်။
ထို့ကြောင့် ကျင့်ကြံသူများသည် အင်မော်တယ် အရှင်မြတ်အဆင့်ကို ရောက်လျှင် ကောင်းကင်တာအိုကို နားလည်နိုင်သည်ဟူသော အယူအဆကို အမှန်တကယ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အစွန်းရောက် ကျင့်ကြံသူ အချို့က အင်မော်တယ်အရှင်မြတ်အဆင့်ကို လုံးဝမရှိဟုပင် ထင်ခဲ့ကြပြီး နာမည်ကျော် "အင်မော်တယ်ကျန်းရွမ်"မှာလည်း ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်ဟု ထင်ခဲ့ကြသည်။
သို့သော် ဝမ်လင်းသည် ယခုအခါတွင် အင်မော်တယ်ကျန်းရွမ်ကို လူကိုယ်တိုင် တွေ့မြင်နေရပြီ ဖြစ်၍ အချို့အရာများကို ရှင်းလင်းသွားခဲ့သည်။
ပထမအချက်အနေဖြင့် အင်မော်တယ်ကျန်းရွမ်သည် အမှန်တကယ်ပင် အင်မော်တယ်အရှင်မြတ် ဖြစ်သည်။
ဒုတိယအချက်အနေနှင့် အင်မော်တယ်အရှင်မြတ် အဆင့်သို့ တက်လှမ်းနိုင်လျှင် ကောင်းကင်တာအိုကို အမှန်ပင် နားလည်နိုင်သည်။
တတိယအချက်မှာ ဤနှစ်ယောက်စလုံးက သူ့လောက် မသန်မာခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ဆုပ်ကိုင်ထားနိုင်သည့် ကောင်းကင်တာအို သုံးမျိုးလောက်က ဝမ်လင်း အတွက်တော့ ဘာမှမဟုတ်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အင်မော်တယ်အရှင်မြတ် အဆင့်သည်ပကတိအင်မော်တယ် အဆင့်ထက် ကွဲပြားသော ခံစားချက်ကို ပေးစွမ်းသည်မှာတော့ သေချာသည်။
ဝမ်လင်းက ဗိုလ်ချုပ်ရီနှင့် အတွင်းရေးမှူးစွန်းတို့နှင့် တွေ့ဆုံသောအခါတွင် စိတ်လှုပ်ရှားမှုကို အနည်းငယ်မျှပင် မခံစားခဲ့ရပေ။
သို့သော် အခုအချိန်တွင် ဝမ်လင်း၏ နှလုံးသားသည် အနည်းဆုံး တစ်မိနစ်ကို နှစ်ဆခန့် ပိုခုန်နေခဲ့သည်။
ယင်းက သူ့ကို အနည်းငယ် စိတ်ပျက်စေခဲ့၏။
ဝမ်လင်းက သက်ပြင်းချလိုက်သည်။
ရိုးသားစွာပြောရလျှင် ဤအင်မော်တယ် အရှင်မြတ်အဆင့်က အနည်းငယ် အားနည်းသည်ဟု သူခံစားမိသည်။
သို့ရာတွင် ဝမ်လင်းက အင်မော်တယ်ရတနာအိမ်ကို ရှာဖွေမည့်မျှော်လင့်ချက်ကို မစွန့်လွှတ်နိုင်သေးပေ။
ဤလူက သူထင်ထားသည်ထက် အားနည်းသော်လည်း အနည်းဆုံးတော့ သူက ကြာရှည်စွာ အသက်ရှင်လာခဲ့သူ ဖြစ်သည်။
ထိုရတနာအိမ်တွင် သူ၏ ကမ္ဘာဦးချီကို ထိန်းချုပ်နိုင်သည့် အရာတစ်ခု ရှိမရှိ မည်သူသိနိုင်ပါမည်နည်း။
ဝမ်လင်းက အတွေးထဲတွင် နစ်မြောသွားခဲ့သည်။
"စီနီယာခွေး.. စီနီယာခွေး"
ထိုအချိန်တွင် ကျန်းရွမ်က စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ထွင်ထျန်းဟာကို ခေါ်လိုက်သည်။
ကျန်းရွမ်၏ အသုံးအနှုန်းက သူ့ကို ဆဲဆိုနေသလိုပင်။
ဤလုပ်ရပ်က ထွင်ထျန်းဟာကို အနည်းငယ် လန့်သွားစေသည်။
သို့သော် ဝမ်လင်းက သူ့ အနီးနားတွင် ရှိနေကို သတိရလိုက်သဖြင့် လျင်မြန်စွာပင် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။
ဆရာလေးလင်း၏ ချီစွမ်းအားက သူ့ပတ်ပတ်လည်ကို ဝန်းရံထား၏။
ဤသည်က သူ့ကို လုံးဝ သက်သောင့်သက်သာ ဖြစ်စေသည်။
ဆရာလေးလင်းက ကိုယ်ဖျောက်ထားပြီး သူ၏ အနောက်တွင်
ရပ်နေမှန်း သူသိသည်။
ထို့အပြင် ရွှေရောင်အကာအကွယ်ဖြင့် လွှမ်းခြုံထားသောကြောင့် သူ့အနေဖြင့် လုံးဝ စိုးရိမ်နေရန် မလိုအပ်ပေ။
ဝမ်လင်းက အင်မော်တယ်ကျန်းရွမ် နှင့် အလိုက်သင့် ဆက်ဆံရန် သူ့ကို အရိပ်အမြွက် ပြောခဲ့သည်။
ထွင်ထျန်းဟာက ဝမ်လင်း ပြောသည့် အတိုင်း လိုက်နာခဲ့သည်။
"စီနီယာခွေးရဲ့ နာမည်ကို မေးလို့ရမလား"
အင်မော်တယ်ကျန်းရွမ်က အလွန်အမင်း လေးစားနေပုံပေါ်သည်။
သူက ထွင်ထျန်းဟာကို သူ၏ ဗေဒင်က ဟောကိန်းထုတ်ထားသည့် ကယ်တင်ရှင်ဟု သူ လုံးလုံးလျားလျား ယုံကြည်နေခဲ့သည်။
ထွင်ထျန်းဟာက စကားပြောရန် အလျင်စလို ဖြစ်မနေခဲ့ပေ။
ဇာတ်အိမ်တည်ပြီးသွားပြီမို့ သူက အစွမ်းကုန် ကစားသင့်သည် မဟုတ်ပါလား။
အဘယ် ပညာရှင်စစ်စစ်က တစ်ဖက်သားကို လွယ်လင့်တကူ စကားပြောဆိုပါမည်နည်း။
ထွင်ထျန်းဟာက ကျန်းရွမ်ကို လှည့်ပင် မကြည့်ခဲ့ပေ။
သူက ကျန်းရွမ်၏ နှုတ်ခွန်းဆက်စကားကို လျစ်လျူရှုခဲ့ပြီး ၎င်း၏အမြီးဖြင့် ဖုန်မှုန့်များခါသကဲ့သို့ ခန္ဓာကိုယ်ကို ပွတ်သပ်ကာ ပြေပြစ်သော ကိုယ်ဟန်ကို ထင်ဟပ်စေခဲ့သည်။
ဤအချိန်တွင် ဝမ်လင်းက သူ၏ တည်ရှိမှု တစ်ခုလုံးကို ဖုံးကွယ်ထားသည်။
သူက အော်ရာကို အင်မော်တယ်ကျန်းရွမ် အာရုံမခံမိအောင်သေချာစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။
ယင်းက ၎င်းတို့ကြားရှိ ကွာဟချက်ကို ပြသရန် လုံလောက်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဝမ်လင်းသည် ထွင်ထျန်းဟာ၏ နောက်တွင် ရပ်ကာ သူ၏ ခွေး2လေးကို "ကယ်တင်ရှင်" အဖြစ် တိတ်တဆိတ်ကြည့်ရှုခဲ့သည်။
ဝမ်လင်းက သူ၏ စိတ်ဖတ်စွမ်းရည်ဖြင့် ကျန်းရွမ်ထံမှ ရရှိသည့်အချက်အလက်များကို ထွင်ထျန်းဟာ ဆီသို့ မျှဝေခဲ့သည်။
ထို့ကြောင့် သူက ထွင်ထျန်းဟာ အဘယ်ကြောင့် ထိုကဲ့သို့ အမူအရာမျိုး ပြုလုပ်နေသည်ကို နားလည်ခဲ့သည်။
ဤစီနီယာခွေးက သူ့ကို တချိန်လုံး လျစ်လျူရှုထားသည်ကို မြင်လျှင် ဆံပင်နီလူငယ်လေးက ချက်ချင်းပင် ရှက်ရွံ့သွားမိသည်။
သူက စကားပြောရန် ပါးစပ်ကို ဖွင့်လိုက်စဉ် ထွင်ထျန်းဟာက ခြေထောက်တစ်ဖက်ကို တိုက်ရိုက် မြှောက်ကာ ၎င်းတို့အောက်ဘက်ရှိ တွင်းနက်ကြီးကို ညွှန်ပြခဲ့သည်။
အင်မော်တယ်ကျန်းရွမ်က တစ်ဖန် အံ့သြသွားပြန်သည်။
"…..........."
ကယ်တင်ရှင်က အမှန်တကယ်ပင် အရာအားလုံးကို အမှန်တကယ်သိသော ကယ်တင်ရှင် ဖြစ်သည်။
သူဘာမှတောင် မပြောခဲ့ရပေ။
.................
နောက်တခဏမှာပင် သူတို့အောက်ဘက်ရှိ တွင်းနက်ကြီးထဲမှ တောက်ပသော အလင်းတန်းတစ်ခုနှင့်အတူ အနက်ရောင် ဓားတစ်လက်က တွင်းနက်ကြီးထဲက လွင့်ထွက်လာသည်။
"စီနီယာသတိထား.. ဒါက နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓားပဲ.. အဲဒါက အဆင့်ကိုး မှော်စွမ်းရည်ပဲ"
အင်မော်တယ် ကျန်းရွမ်က သတိပေးလိုက်သည်။
ထွင်ထျန်းဟာက မျက်လုံးများကို မှိတ်ထားရင်း ငြိမ်သက်နေသည်။
သူ့အနေဖြင့် အရာအားလုံးကို ဆရာလေးလင်းထံ လွှဲထားလိုက်ရုံပင်။
ဤကဲ့သို့သော အဆင့်ကိုး မှော်စွမ်းရည်က သူနှင့် အလှမ်းဝေးလွန်းလှသည်။
ထိုကြောင့် ထွင်ထျန်းဟာက မျက်လုံးကိုသာ မှိတ်ထားနိုင်ခဲ့သည်။
"အဆင့်ကိုး မှော်စွမ်းရည်လား"
ဝမ်လင်း၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။
ထွင်ထျန်းဟာ၏ အနောက်တွင် ရပ်နေသော ဝမ်လင်းက နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓားနှင့် ရင်ဆိုင်ရန် သူ၏ လက်ချောင်းကို လေထဲသို့ ပွတ်ဆွဲလိုက်ရာ မမြင်နိုင်သော "လေအမြောက်"က ထိုနေရာမှ ထွက်သွားခဲ့သည်။
၎င်းက အခြေခံအကျဆုံး အဆင့်တစ်ဆယ် မှော်စွမ်းရည်ဖြစ်သည့် "လက်တစ်ချောင်း လေအမြောက်"စွမ်းရည် ဖြစ်သည်။
တကယ်တမ်းတွင် ဝမ်လင်းက လက်နှစ်ချောင်း၊ လက်သုံးချောင်းနဲ့ အမြင့်ဆုံးအဆင့် လက်လေးချောင်းအထိ လေအမြောက်ကို အသုံးပြုနိုင်သည်။
သို့သော် လက်နှစ်ချောင်း လေအမြောက်က အဆင့်ဆယ့်တစ်မှော်စွမ်းရည်၊ လက်သုံးချောင်းက အဆင့်ဆယ့်နှစ် မှော်စွမ်းရည် နှင့် လက်လေးချောင်းက အဆင့်ဆယ့်သုံး မှော်စွမ်းရည် ဖြစ်သည်။
ဝမ်လင်းက ဤဂြိုဟ်ပေါ်သို့ ယခုမှ ရောက်ရှိလာရ၍ ဂြိုဟ်၏ ဖွဲ့စည်းပုံ အကြောင်းကို များစွာ မသိသောကြောင့် အလွန်အကျွံ ပျက်စီးမှု ဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။
သူ၏ ချီလက်ချောင်းဖြင့် ဂြိုလ်၏ အူတိုင်ကို မတော်တဆ ဖောက်ထုတ်မိလျှင် မခက်ပေလော။
မည်သို့ပင်ဆိုစေ အင်မော်တယ်ကျန်းရွမ်သည် နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်သို့ နှစ်ပေါင်းတစ်ထောင်ကျော် ခရီးထွက်ပြီးမှ လူသားများနေထိုင်ရန် သင့်တော်သည့် ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်။
ဝမ်လင်းက ၎င်းအား ဖျက်ဆီးလိုက်လျှင် အလွန်ဆိုးရွားသော လုပ်ရပ် ဖြစ်သွားပေလိမ့်မည်။
ဤ "လက်တစ်ချောင်း လေအမြောက်"ကို တည့်တည့်ပစ်လွှတ်လိုက်သောအခါ ၎င်းက လေဝိညာဥ်၏ အနက်ရောင် နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓားအား တိုက်ရိုက် မျိုချလိုက်သည်ကို ကျန်းရွမ် တွေ့လိုက်ရသည်။
မှော်စွမ်းရည်နှစ်ခုက တစ်ခုနှင့်တစ်ခု ထိပ်တိုက် ဆုံမိသောအခါတွင် ပေါက်ကွဲရန် သို့မဟုတ် မျိုချရန် ရလဒ်နှစ်ခုသာ ရှိခဲ့သည်။
နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓား၏ စွမ်းအင်ကို မျိုချလိုက်ကတည်းက လက်တစ်ချောင်း လေအမြောက်ထဲရှိ စွမ်းအင်ပါဝင်မှုသည် နတ်ဘုရား သုတ်သင်ရှင်းလင်းရေးဓားတွင် ပါရှိသော စွမ်းအင်များထက် များစွာ ပို၍ သိပ်သည်းနေသည်ကို သက်သေပြခဲ့သည်။
အင်မော်တယ်ကျန်းရွမ်က ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။
စီနီယာခွေးက ယခုအချိန်ထိ အမှန်တကယ် မျက်စိမှိတ်ထားဆဲပင်။
ထို့အပြင် စီနီယာခွေးက လက်ညှိုးတစ်ချောင်းပင် မလှုပ်ရှားဘဲ ပြင်းထန်သော တိုက်ခိုက်မှုကို အမှန်တကယ် ထုတ်ဖော်နိုင်သည်။
အင်မော်တယ်ကျန်းရွမ်က တဖန် အံ့အားသင့်သွားပြန်သည်။
"…............"
"ဒါက... ဒဏ္ဍာရီလာ မတ်တပ်ရပ်တိုက်ခိုက်မှုလား"
အပိုင်း(၅၂၀) ပြီး၏