ထွင်ထျန်းဟာ၏ အမာခံပရိသတ်
Vol. 35 Ch. 524
ထို့နောက်တွင် မြင်ကွင်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အင်မော်တယ်ကျန်းရွမ်နှင့် လေဝိညာဉ်တို့က ကောင်းကင်ကိုမေ့ာကြည့်လိုက်ကြသည်။
ထွင်ထျန်းဟာနှင့် ဝမ်လင်းတို့က စိတ်ဖတ်စွမ်းရည်မှ တဆင့် ချိတ်ဆက်ထားသောကြောင့် ကောင်းကင်တာအိုသို့ ဝမ်လင်း အသံပေးပို့ခြင်းကို ထွင်ထျန်းဟာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
အကယ်၍ အပြင်လူများသာ ရှိမနေခဲ့လျှင် ထွင်ထျန်းဟာကမျက်နှာကို တည်ထားနိုင်မည် မဟုတ်ပေ။
သူ၏ဆရာလေးလင်းက ကောင်းကင်တာအိုကိုပင် အော်ဟစ်ပြီး မောင်းထုတ်ခဲ့သည် မဟုတ်ပါလား။
ဝမ်လင်းက ငြိမ်းချမ်းသော ကောင်းကင်ကြီးကို စိုက်ကြည့်ရင်း နှလုံးသားထဲကနေ သက်ပြင်းကို လေးလံစွာ ချလိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ.. တိုက်ပွဲတစ်ပွဲမှာ အနိုင်ရဖို့ အော်ဟစ်ဖို့ပဲလိုအပ်တယ်"
ထွင်ထျန်းဟာ ".........."
"ဘယ်လိုအော်ဟစ်ရမှာလဲ"
တစ်ဖက်တွင်လည်း အင်မော်တယ်ကျန်းရွမ်နှင့် သူ၏အတွင်းစိတ်ဝိညာဉ်ဖြစ်သော လေဝိညာဉ်သည် တူညီသော အမူအရာနှင့် တူညီသောအတွေးများ ဖြစ်ပေါ်နေသည်။
အင်မော်တယ်ကျန်းရွမ် "???"
လေဝိညာဉ် "???"
"လက်တလော ဖြစ်ပျက်သွားတာတွေကို တစ်စုံတစ်ယောက်ကများ ပြောပြနိုင်မလား"
ခဏအကြာတွင် လေဝိညာဥ်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။
"လခွမ်းပဲ"
သူ၏အဆုံးစွန်သော အကြံအစည်က ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ပို၍တိကျစွာပြောရလျှင် သူ၏နောက်ဆုံးသော တိုက်ခိုက်မှုသည် ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ပင်။
အင်မော်တယ် ကျန်းရွမ်က ဆွဲငင်အား ပုံမှန်အဖြစ်သို့ပြန် လည် ရောက်ရှိသွားပြီးနောက် ကောင်းကင်ဂြိုဟ် ပြိုပျက်ခြင်းနည်းစနစ်က အသက်ဝင်နေဆဲ ဖြစ်သည်ကို အင်မော်တယ်မျက်လုံးဖြင့် အစောပိုင်းက မြင်ခဲ့ရသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ဤပုံမှန်မဟုတ်သည့်ဖြစ်စဥ် အားလုံးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့ဖြစ်ပျက်လာသောအခါ အင်မော်တယ်ကျန်းရွမ်သည် မိုးခေါင်ခြင်းကြယ်အား ဖုံးအုပ်ထားသည့် အမှောင်စွမ်းအင်ကို အင်မော်တယ်မျက်လုံးဖြင့် စောင့်ကြည့်ခဲ့သည်။
သို့သော် မိုးခေါင်ခြင်းကြယ်ကို ရစ်ပတ် ဖုံးလွှမ်းထားသည့် အမှောင်စွမ်းအင်သည် ပျောက်ကွယ်သွားသည်နှင့် မတူဘဲ ထွက်ပြေးသွားသည်နှင့် တူသည်ဟု အင်မော်တယ်ကျန်းရွမ်တွေးမိခဲ့သည်။
ထိုမှော်စွမ်းအင်က ၎င်း၏ သဘာဝရန်သူ သို့မဟုတ် ကမ္ဘာဦးသားရဲအချို့ကို ကြုံတွေ့လိုက်ရသကဲ့သို့ ချက်ချင်းပင် ဆုတ်ခွာသွားခဲ့ပုံရသည်။
"ဒါတွေအားလုံးကို စီနီယာခွေး လုပ်ခဲ့တာလား"
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံးသည် ထွင်ထျန်းဟာကို အမှတ်တမဲ့ ကြည့်လိုက်ကြသည်။
ဤအရာက စီနီယာခွေး၏လက်ချက်မှန်း ထင်ရှားလွန်းနေသည် မဟုတ်လော။
ရွှေရောင်အလင်း အကာအကွယ်ကို ထုတ်ဖော်ထားသည့် ဤစီနီယာခွေးအကြောင်း သူတို့ဘာမှမသိခဲ့ကြပေ။
သို့သော် ပြဿနာမှာ စီနီယာခွေးက အစမှအဆုံးတိုင် လုံးဝမလှုပ်ရှားခဲ့ချေ။
ထွက်ပေါ်လာစဥ်က စပြီး လေထဲတွင်သာ ပျံဝဲ၍ ရှိနေခဲ့သည်။
ပတ်ဝန်းကျင်က မည်သို့ပင်ဖြစ်နေပါစေ၊ စီနီယာခွေးက မျက်လုံးကို စုံမှိတ်ထားပြီး ငြိမ်သက်စွာ တည်ရှိနေခဲ့သည်။
ဤသို့သော အနေအထားကနေ စီနီယာခွေးသည် လေဝိညာဉ်၏ တိုက်ခိုက်မှုအားလုံးကို ရပ်တန့်စေခဲ့သည်။
လေဝိညာဉ်၏ တိုက်ခိုက်မှုသည် အဆင့် ၁၂ မှော်စွမ်းရည် ဖြစ်သည်။
အဆင့် ၁၁ မှော်စွမ်းအင်ကပင် ဂြိုဟ်တစ်ခုလုံးကို ဖျက်စီးနိုင်နေပြီ ဖြစ်သည်။
အဆင့် ၁၂ ဆိုလျှင်မူ မည်မျှ အစွမ်းထက်မည်မှန်း ပြောစရာပင် မလိုချေ။
လေဝိညာဥ်၏ ကောင်းကင်ဂြိုဟ်ပြိုပျက်ခြင်း နည်းစနစ်သာ အောင်မြင်သွားခဲ့လျှင် မိုးခေါင်ခြင်းကြယ်မျှသာ မဟုတ်ဘဲ လူသားကမ္ဘာနှင့် နတိဆိုးကမ္ဘာ ချိတ်ဆက်မှုကလည်း ကွဲကွာသွားမည် ဖြစ်သည်။
အဆိုးဆုံးအခြေအနေတွင် ပေါက်ကွဲသွားမည့် အင်အားသည်ကမ္ဘာခြားဂိတ်ပေါက်မှ တစ်ဆင့် တိုက်ရိုက် ပေါက်ကွဲသွားနိုင်ပြီး ကမ္ဘာနှစ်ရပ်လုံး အတွက် ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်၏။
လုံးဝပျက်သုန်းသွားစေသည် အထိ မဟုတ်သော်လည်း တကယ်တမ်း ဖြစ်လာခဲ့လျှင် နောက်ဆက်တွဲ အကျိုးဆက်များက မှန်းဆ၍ပင် မရပေ။
ထိုအချိန်တွင် အင်မော်တယ်ကျန်းရွမ်သည် ကျင့်ကြံခြင်း နယ်ပယ်အဆင့်များကြား ကွာဟချက်ကို ရုတ်တရက် သိလိုက်ရသည်။
သူက အင်မော်တယ်အရှင်မြတ် အဆင့်ထိ ကျင့်ကြံပြီးနောက်တွင် သူ့ကိုယ်သူ ကမ္ဘာ၏ထိပ်ဆုံးတွင် ရပ်တည်နိုင်ပြီဟု ထင်ခဲ့မိသည်။
သို့သော် တစ်တောင်ထက် တစ်တောင်မြင့်သည် ဟူသောဆိုရိုးစကား အတိုင်းပင် သူ့ထက် သာလွန်သည့် အခြားတစ်ယောက်က ရှိနေခဲ့သည်။
ဤစီနီယာခွေးက အင်မော်တယ်အရှင်မြတ် အဆင့်ထက် မြင့်မားပြီး အနည်းဆုံး သူတော်စင်အင်မော်တယ်အဆင့် ဖြစ်သည်ဟု အင်မော်တယ်ကျန်းရွမ် မှန်းဆခဲ့သည်။
ကောလာဟလများအရ အင်မော်တယ်သူတော်စင်တစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် အနည်းဆုံး ကောင်းကင်တာအို ၈၁ ခုရှိရမည် ဖြစ်သည်။
ဤသည်မှာ သူတော်စင်အင်မော်တယ် ဖြစ်ရန်အတွက် အခြေခံ လိုအပ်ချက်လည်း ဖြစ်သည်။
သင့်တွင် ကောင်းကင်တာအို ၈၁ ခုရှိမှသာ သင့်ကို သူတော်စင်အင်မော်တယ်ဟု ခေါ်ဆိုနိုင်ပေသည်။
အင်မော်တယ်ကျန်းရွမ်က စီနီယာခွေးထံ၌ ကောင်းကင်တာအိုမည်မျှရှိမည်ကို ခန့်မှန်းရန် ကြိုးစားခဲ့သည်။
အဆင့် ၁၂ မှော်စွမ်းရည်၏ တိုက်ခိုက်မှုကို အလွယ်တကူချေဖျက်နိုင်သောကြောင့် စီနီယာခွေးတွင် အနည်းဆုံး ကောင်းကင်တာအို တစ်ရာကျော် ရှိမည်မှာသေချာသည်။
ထိုသို့တွေးမိပြီး အင်မော်တယ်ကျန်းရွမ်က နှလုံးသားထဲမှ ကူကယ်ရာမဲ့စွာ အဆက်မပြတ် တုန်လှုပ်သွားခဲ့သည်။
ယနေ့ကမ္ဘာတွင် သူတော်စင်အင်မော်တယ် တစ်ဦး အမှန်တကယ် ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
၎င်းက အင်မော်တယ်အရှင်မြတ် အဆင့်ထက် ပို၍ အစွမ်းထက်သော အဆင့် ဖြစ်သည်။
အင်မော်တယ်အရှင်မြတ်နှင့်သူတော်စင်အင်မော်တယ်က မည်မျှကွာဟချက် ကြီးမားပါသနည်း။
အရိုးရှင်းဆုံး ဥပမာပေးရလျှင် အင်မော်တယ်ကျန်းရွမ်သည် နဂါးငွေ့တန်းဂလက်ဆီ၏ အပြင်ဘက်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပြီး သူနှင့်အတူ ဂြိုဟ်တစ်ခုကိုပင် ပြန်ယူလာနိုင်ခဲ့သည်။
သို့သော် သူတော်စင်အင်မော်တယ်ကမူ ဂြိုဟ်တစ်ခုလုံးကို ဖန်တီးနိုင်ပေသည်။
ဂြိုဟ်ကို သယ်ဆောင်လာသူနှင့် ဂြိုဟ်ကိုဖန်တီးသူ။
ယင်းက ထိုအဆင့်နှစ်ဆင့်၏ ကွာခြားချက်ပင်။
ဂြိုဟ်တစ်ခု တည်ဆောက်ရန်မှာ ကမ္ဘာငယ်လေး တစ်ခု သို့မဟုတ် မဟာကမ္ဘာတစ်ခုကို ဖန်တီးနိုင်ရုံမျှဖြင့် မလုံလောက်ပေ။
ဂြိုဟ်တစ်ခု တည်ဆောက်မည်ဆိုလျှင် ဂြိုဟ်၏အူတိုင်ကို ပုံဖော်ကာ နာမ်ပိုင်းဆိုင်ရာ ဥပဒေသများ ဖြည့်သွင်းရမည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန်အတွက် ကောင်းကင်တာအို များစွာကို ကျွမ်းကျင်ပိုင်နိုင်ရန်လည်း လိုအပ်သည်။
ထို့ကြောင့် စီနီယာခွေးက သူနှင့် အလှမ်းကွာဝေးလွန်းသည်ဟု အင်မော်တယ်ကျန်းရွမ် ခံစားလိုက်ရသည်။
ကိုယ့်ထက် ပိုမိုသန်မာသူနှင့် မနှိုင်းယှဉ်ဘဲ သင့်အနေဖြင့်မည်သို့မှ သိနိုင်လိမ့်မည် မဟုတ်ပေ။
အဆင့် ၁၂ မှော်စွမ်းရည်ကို လုံးဝမလှုပ်ရှားဘဲ ချေဖျက်နိုင်သည်က ကြောက်မက်ဖွယ် ကောင်းလွန်းသော စွမ်းအင်အဆင့်ဖြစ်သည်။
ဤကဲ့သို့သူမျိုးကိုသာ တကယ့်ဘော့စ်ဟု ခေါ်နိုင်ပေသည်။
အင်မော်တယ်ကျန်းရွမ်က စိတ်ပျက်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူနှလုံးသားထဲမှ ဆန္ဒတစ်ခု တောက်လောင်လာသည်။
ယခုအချိန်မှစ၍ သူက စီနီယာခွေး၏ လမ်းကြောင်းအတိုင်း လျှောက်လှမ်းရပေမည်။
ထိုခဏမှာပင် အင်မော်တယ်ကျန်းရွမ်သည် ထွင်ထျန်းဟာကို ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
သူ၏မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပလင်းလက်နေခဲ့သည်။
"စီနီယာခွေး.. တပည့်တွေ လက်ခံသေးလား"
ဝမ်လင်း"........."
ထွင်ထျန်းဟာ".........."
ဤမြင်ကွင်းက လေထဲမှ လေဝိညာဥ်ကို အံတင်းတင်း ကြိတ်စေခဲ့ပြီး သူ့နှလုံးသားထဲမှ အမှောင်စွမ်းအင်ကို ထပ်မံတုန်ခါလာစေသည်။
အင်မော်တယ်ကျန်းရွမ်က ဤခွေးကို လေးလေးစားစား ကြည့်နေသည်ကို မြင်လိုက်ရလျှင် သူ့စိတ်ထဲ၌ ဒေါသကို ထိန်းချုပ်မရတော့သလို ခံစားလိုက်ရသည်။
"ဘာကြောင့်လဲ"
လေဝိညာဥ်က ရုတ်တရက် ဒေါသအိုး ပေါက်ကွဲလာခဲ့သည်။
ဝမ်လင်းနှင့်ထွင်ထျန်းဟာ "???"
လေဝိညာဥ်က အင်မော်တယ်ကျန်းရွမ်ကို စိုက်ကြည့်လိုက်သည်။
"ဘာလို့ ငါ့အပေါ်ကျတော့ အဲဒီလို လေးစားမှုမျိုး မပြသဖူးတာလဲ"
ထိုစကားကြောင့် အင်မော်တယ်ကျန်းရွမ် အံ့အားသင့်သွားသည်။
"ငါက ဘာလို့မင်းကို လေးစားမှုပြသရမှာလဲ''
ဝမ်လင်း".........."
လေဝိညာဥ် "မင်းရဲ့အမူအယာကို ငါတကယ် ကြည့်မရတော့ဘူး"
အင်မော်တယ်ကျန်းရွမ် ".........."
အရိုးသားဆုံး ဝန်ခံရလျှင် လေဝိညာဥ်က ဤစီနီယာခွေးကို မည်သို့မှ အနိုင်မယူနိုင်မှန်း သိနေပြီ ဖြစ်သည်။
ဤတစ်ကြိမ်က သူ၏ အပြင်းထန်ဆုံး လှုပ်ရှားမှုဖြစ်ပြီး နောက်ဆုံးဝှက်ဖဲလည်း ဖြစ်သည်။
အင်မော်တယ်ကျန်းရွမ်က လေဝိညာဥ်ကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"လေဝိညာဉ် မင်းမနာလိုဖြစ်နေတာလား"
လေဝိညာဉ်က လုံးဝရုပ်လုံး မပေါ်သေးသောကြောင့် အင်္ဂါရပ်များကို အပြည့်အဝ မဖွဲ့စည်းနိုင်သေးပေ။
ထို့ကြောင့် ၎င်း၏ ပုံသဏ္ဍာန်ကို အကြမ်းထည်လောက်သာ မြင်နိုင်မည် ဖြစ်သည်။
အင်မော်တယ်ကျန်းရွမ်၏ စကားက လေဝိညာဥ်ကို အနာပေါ်တုတ်ကျသလို ဖြစ်စေခဲ့သည်။
"ငါက မနာလိုဘူးလို့ မင်းပြောချင်တာလား.. ငါက ဘာလို့မနာလိုဖြစ်ရမှာလဲ.. မင်းက ငါ့ကိုဖန်ဆင်းခဲ့တဲ့သူပဲ.. အခုတော့မင်းက ငါ့ကို ဖျက်ဆီးဖို့ အရာအားလုံးကို ကြိုးစားနေတယ်"
လေဝိညာဥ် ဒေါသတကြီး ရေရွတ်လိုက်သည်။
"ဒီတစ်ကြိမ်တော့ ငါမင်းကို လွယ်လွယ်နဲ့ အလွှတ်ပေးမှာမဟုတ်ဘူး"
ထိုစကားကို ပြောပြီးနောက်တွင် လေဝိညာဉ်က အင်မော်တယ်ကျန်းရွမ်ကို ဆွဲဖက်ရန် အဝေးမှ ပြေးတက်လာခဲ့သည်။
ထိုခဏတွင် ဝမ်လင်းသည် လေဝိညာဉ်၏ ခန္ဓာကိုယ်အတွင်း၌ ထူးခြားသောစွမ်းအင်များ တစ်ခဏအတွင်း စုဝေးသွားသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။
"သူ့ကိုယ်သူဖောက်ခွဲတော့မှာလား"
ဝမ်လင်းက လက်ကို အသာအယာမြှောက်လိုက်ပြီး မဟာဖိနှိပ်ခြင်းတာအိုကို အသုံးပြုလိုက်သည်။
တစ်ချိန်တည်းမှာပင် လေဝိညာဥ်၏ ခန္ဓာကိုယ်အတွင်းမှ တုန်လှုပ်ခြောက်ခြားသော စွမ်းအင်က လျော့ကျသွားသည်။
သူ၏စွမ်းအင်သာမက သူ၏အော်ရာနှင့် ကျင့်ကြံခြင်းနယ်ပယ် အဆင့်ပါ ချက်ချင်း လျော့ကျသွားခဲ့၏။
ဤအခိုက်အတန့်တွင် အင်မော်တယ်ကျန်းရွမ်သည် သူနှင့်မီတာ အနည်းငယ်အကွာအဝေးတွင် ရှိနေသော လေဝိညာဥ်ကို စိုက်ကြည့်နေသည်။
"မလှုပ်ရှားသေးဘူးလား"
ထွင်ထျန်းဟာက အင်မော်တယ်ကျန်းရွမ်ကို သတိပေးလိုက်သည်။
ယခုအချိန်တွင် လေဝိညာဥ်က ကျင့်ကြံခြင်းအဆင့် လျော့ပါးသွားသောကြောင့် အင်မော်တယ်ကျန်းရွမ် အတွက် လေဝိညာဉ်ကို သတ်ဖြတ်ရန် အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်။
အင်မော်တယ်ကျန်းရွမ်က လေဝိညာဉ်၏ စကားကို တွေးတောနေမိသည်။
"တောင်းပန်ပါတယ် လေဝိညာဥ်.. မင်းက ဒီကမ္ဘာမှာ မရှိသင့်တဲ့အရာပဲ"
အင်မော်တယ် ကျန်းရွမ်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေဝိညာဉ်၏ ဦးခေါင်းပေါ်သို့ တင်ထားလိုက်သည်။
ထိုအချိန်တွင် ဝမ်လင်းသည် အင်မော်တယ်ကျန်းရွမ်က လေဝိညာဉ်အား ပြုံးပြနေသည်ကို သတိပြုမိသည်။
လေဝိညာဥ်က မျက်လုံးမှ မျက်ရည်များ ကျဆင်းလာသည်။
"ဝုန်း"
နောက်ထပ် အခိုက်အတန့်မှာပင် အင်မော်တယ်ကျန်းရွမ်၏ လက်ဖဝါးမှ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။
သူ့ကို အချိန်အတော်ကြာ တွယ်ကပ်နေခဲ့သည့် လေဝိညာဉ်က လုံးလုံးလျားလျား ပြာဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အပိုင်း(၅၂၄) ပြီး၏