ငါက ဖြတ်သွားဖြတ်လာရုံပါ
Vol. 35 Ch. 525
ဤကမ္ဘာကြီးက အားကိုးရာမဲ့ အခြေအနေများစွာဖြင့် ပြည့်နှက်နေသည်။
အင်မော်တယ်ကျန်းရွမ်က လေဝိညာဥ်ကို လုံးလုံးလျားလျားမသုပ်သင်နိုင်ခဲ့မီ လေဝိညာဥ်ကို မုန်းတီးခဲ့သည်။
လေဝိညာဉ်က သူ၏အတွင်းစိတ်ဝိညာဥ်ဆိုးကို ထင်ရှားစေသည်။
၎င်းက တူညီသောအမှတ်တရများ တူညီသော စွမ်းရည်များနှင့် တူညီသောပုံသဏ္ဍာန် အသွင်အပြင်များပင် ရှိခဲ့သည်။
လေဝိညာဉ်သည် အင်မော်တယ်ကျန်းရွမ်၏ နှလုံးသားမှ အနက်ရှိုင်းဆုံး အမှောင်ဆုံး အစိတ်အပိုင်းများကို ထင်ဟပ်စေသော မှန်တစ်ချက်နှင့် ဆင်တူသည်။
လူတိုင်းတွင် အမှောင်ဘက်ခြမ်းများ ရှိကြသည်။
ကြီးကျယ်ခမ်းနားသော မဟာသခင်များပင်လျှင် အမှောင်ဘက်ခြမ်းများ ရှိကြသည်။
အလင်းရှိသည့်နေရာတွင် အမှောင်ရှိသည်။
အလင်းမရောက်နိုင်သည့် နေရာများမှာပင် အမှောင်က ရှိနေဆဲ ဖြစ်သည်မဟုတ်လော။
ကျင့်ကြံသူများ အနေဖြင့် ၎င်းတို့၏ နှလုံးသားထဲတွင် အမှောင်စိတ်များ ဖြစ်ပေါ်လာလျှင် ပထမဦးဆုံး တုံ့ပြန်မှုမှာ ထိုအမှောင်စိတ်များ၏ ဝေးရာသို့ ထွက်ပြေးရန် ဖြစ်သည်။
ကမ္ဘာဦးချီက အင်မော်တယ်ကျန်းရွမ်၏ ခန္ဓာကိုယ်အား သိမ်းပိုက်ပြီးနောက်တွင် သူ၏ အတွင်းစိတ်ဝိညာဉ်သည် လေဝိညာဉ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့ကို ဖယ်ရှားပစ်ရန် နည်းလမ်းများကို အမြဲတစေ တွေးတောနေခဲ့သည်။
ယခု လေဝိညာဉ်က ပြာများအဖြစ်သို့ ပြောင်းလဲသွားသောအခါ အင်မော်တယ်ကျန်းရွမ်က အနည်းငယ်အထီးကျန်သလို ခံစားခဲ့ရသည်။
ထိုခံစားချက်က အလွန်ထူးခြားသည်။
သို့သော် လေဝိညာဥ်ကို ဖျက်ဆီးပစ်ပြီး စက္ကန့်ပိုင်းလေးအတွင်းမှာပင် အင်မော်တယ်ကျန်းရွမ်သည် တစ်စုံတစ်ရာကို တွေးတောမိခဲ့သည်။
ဝမ်လင်းသည်လည်း အင်မော်တယ်ကျန်းရွမ်ကဲ့သို့ပင် ထိုအကြောင်းကို တစ်ချိန်တည်း တွေးတောနေခဲ့သည်။
သူက အတွင်းစိတ်နတ်ဆိုးကို ဖယ်ရှားခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားပြီဟု ဆိုလိုနိုင်ပါသလော။
သဘာဝကျစွာပြောရလျှင် လုံးဝမဖြစ်နိုင်ပေ။
အတွင်းစိတ်နတ်ဆိုးများသည် အမြဲတစေ တည်ရှိနေမည်သာဖြစ်ပြီး ၎င်းကို ဖယ်ရှားပစ်ရန် နည်းလမ်းလုံးဝမရှိပေ။
ကျင့်ကြံသူများသည် အတွင်းစိတ်နတ်ဆိုး ပြဿနာနှင့် ရင်ဆိုင်ရလျှင် စိတ်ကို တည်ငြိမ်အောင်ထားပြီး အတွင်းစိတ်နတ်ဆိုးကို ဖိနှိပ်ရန် အဓိက ကြိုးစားရမည်ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးသည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းပြီးသည်နှင့် ပိုမိုမြင့်မားသောအဆင့်သို့ ထပ်မံ ဖြတ်ကျော်ချင်နေမည်မှာ အမှန်ပင်။
ကျင့်ကြံမှုလမ်းစဥ်တွင် အချိန်ကြာကြာ လျှောက်လှမ်းလာပြီးသည်နှင့်အမျှ ကျင့်ကြံသူများသည် အတွင်းစိတ်ဝိညာဥ်ဆိုးပြဿနာကို မုချကြုံတွေ့ရမည် ဖြစ်သည်။
ဥပမာပြရလျှင် အင်မော်တယ်ကျန်းရွမ်၏ အတွင်းစိတ်ဝိညာဥ်ကို ပြရပေမည်။
ထို့အတွက် အင်မော်တယ်ကျန်းရွမ်၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာဦးချီက အကြောင်းရင်းတစ်ခုသာ ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ပုံသဏ္ဍာန် ဖြစ်လာသည်ကို အတိအကျ မသိရပေ။
သို့သော် ဝမ်လင်းအတွက်မူ ဤသည်က သတိပေးချက် တစ်ခုဖြစ်သည်။
သူ့မှာလည်း အတွင်းစိတ်ဝိညာဥ် ရှိနေပါသလော။
လောလောဆယ်တွင် သူ၏ ကမ္ဘာဦးချီသည် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်ထားခဲ့သည်။
တစ်နေ့နေ့တွင် သူ၏စိတ်ခံစားချက်များက ကမ္ဘာဦးချီ ထိန်းချုပ်နိုင်သော အကန့်အသတ်ကို ကျော်လွန်သွားခဲ့လျှင် ဝမ်လင်းသည်လည်း အတွင်းစိတ်ဝိညာဉ် ထွက်ပေါ်လာမည်ဖြစ်သည်။
ထိုသို့ဖြစ်လာလျှင် ဝမ်လင်းက အတွင်းစိတ်နတ်ဆိုးကို အင်မော်တယ်ကျန်းရွမ်ကဲ့သို့ ခက်ခဲစွာ ကျော်လွှားရဦးမည်ဖြစ်သည်။
အနာဂတ်တွင် သူ့ခန္ဓာကိုယ်ထဲမှ အတွင်းစိတ် ဝိညာဥ်နတ်ဆိုး ခွဲထွက်သွားခဲ့လျှင် ဝမ်လင်းအနေဖြင့် မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်ကို တွေးတောနေမိသည်။
လေဝိညာဉ် ဖျက်ဆီးခံရပြီးနောက်တွင် အင်မော်တယ် ကျန်းရွမ်သာ မဟုတ်ဘဲ ဝမ်လင်းနှင့် ထွင်ထျန်းဟာ တို့ကပါ အချိန်အတော်ကြာ လွမ်းဆွေးသလို ခံစားခဲ့ရသည်။
ဤသည်မှာ အလွန်လေးနက်သော သင်ခန်းစာတစ်ခုဖြစ်သည်။
တိုက်ပွဲတစ်ခုသည် ကျောင်းသုံးစာအုပ် သို့မဟုတ် စာသင်ခန်းများထက် အဆပေါင်းများစွာ ပို၍နက်နဲသော သင်ခန်းစာများကို သင်ကြားပေးနိုင်သည့် အချိန်များပင် ရှိခဲ့သည်။
အတွေ့အကြုံက အကောင်းဆုံးဆရာဟု ဆိုရိုးစကားပင် ရှိသည်မဟုတ်ပါလော။
ဤသည်မှာ ကျင့်ကြံခြင်း၏ မှန်ကန်မှုလည်း ဖြစ်သည်။
ဉပဒေများဖြင့် အုပ်ချုပ်နေသော ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ဝမ်လင်းကဲ့သို့သော မျိုးဆက်သစ် လူငယ်များသည် စာအုပ်များမှ အသိပညာအများစုကို အခြေခံအားဖြင့် သင်ယူနေရသည်။
ကျောင်းများတွင် နှစ်စဥ် မသင်မနေရ ကျင့်ကြံခြင်း အစီအစဥ်၊ စစ်သင်တန်းများ နှင့် တိုက်ပွဲသင်တန်းများ အပြင် စစ်မှန်သောတိုက်ပွဲမှ သင်ယူရန် အခွင့်အလမ်း အလွန်နည်းပါးသည်။
ထို့ပြင် တိုက်ခိုက်ရေးတွင် တရားဝင် အသိအမှတ်ပြုထားသည့် အကြီးမားဆုံး လိုအပ်ချက်မှာ ဘေးကင်းရန် ဖြစ်သည်။
အတိအကျပြောရလျှင် ထိုစည်းမျဉ်းက ခေါင်းကိုက်စရာပင်။
ဆိုရိုးစကားအရ ကမ္ဘာကြီးသည် ကပ်ဆိုက်နေသောအချိန်တွင်သာ သူရဲကောင်းများကို မွေးထုတ်ပေးနိုင်သည်။
ထို့ကြောင့် နှစ်စဥ်နှစ်တိုင်း ကျင်းပသော အပြည်ပြည်ဆိုင်ရာကျင့်ကြံသူများ ညီလာခံတွင် ကိုယ်စားလှယ် အများအပြားသည် တင်းကျပ်သော စည်းမျဥ်းများကို လျှော့ချပေးရန် အဆိုတင်သွင်းကြသည်။
အသက်ခပ်မျှင်မျှင် ကျန်သည်အထိ တိုက်ခိုက်ခွင့်ရလျှင် ပိုကောင်းသည်ဟု ၎င်းတို့က ယူဆကြသည်။
အဘယ်ကြောင့်ဆိုသော် ဒဏ်ရာက မည်မျှပင် ပြင်းထန်ပါစေ ခေတ်မီကျင့်ကြံရေး နည်းစနစ်နှင့် ဆေးလုံးအမျိုးမျိုးတို့သည် ဒဏ်ရာကို အမာရွတ်မကျန်သည်အထိ ပျောက်ကင်းစေနိုင်သောကြောင့်ဖြစ်သည်။
ယနေ့ခေတ် ကျင့်ကြံသူအများစုသည် ဖန်လုံအိမ်များတွင် စိုက်ပျိုးထားသော ပန်းများနှင့် အလားသဏ္ဍာန် တူသည်ဟု လူအများက ယူဆကြသည်။
လက်ရှိက အေးချမ်းသာယာသောခေတ်ဟု ဆိုနိုင်သော်လည်း ဤအရာက ထာဝရတည်မြဲနေမည်ဟု မည်သူက အာမခံနိုင်မည်နည်း။
အင်မော်တယ်ကျန်းရွမ်က လေဝိညာဉ်ကို သတ်ပြီးနောက်တွင် သူ့လက်ကို မရုတ်သိမ်းရသေးပေ။
ထိုအစား လေဝိညာဉ် ပျောက်ကွယ်သွားသည့်နေရာကို သူကစူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။
ထိုအချိန်တွင် ဝမ်လင်းသည် ပတ်ဝန်းကျင်မှ စွမ်းအင်များကို စွမ်းအင်စုဆောင်းသည့်ပစ္စည်းဖြင့် စုပ်ယူခဲ့သည်။
သူ့အနေဖြင့် ဤထူးခြားသောစွမ်းအင်က ကမ္ဘာဦးချီဟုတ်မဟုတ် မသေချာသေးပေ။
ဤနေရာရှိ လေထုက အလွန်ပါးလွှာပြီး အခြားသော ဓာတ်ငွေ့များစွာ ရောနှောပါဝင်နေသောကြောင့် ဝမ်လင်းက တိကျသော ဆုံးဖြတ်မှုကို မပြုလုပ်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် အင်မော်တယ်ကျန်းရွမ်သည် အနီရောင် စိန်ပုံသဏ္ဍာန် သလင်းကျောက်အား လေထဲမှ ထုတ်ယူလိုက်သည်ကို ဝမ်လင်း သတိပြုမိလိုက်သည်။
အင်မော်တယ်ကျန်းရွမ်က ထိုသလင်းကျောက်ကို ထွင်ထျန်းဟာကိုပြ၍ မေးခွန်းထုတ်လိုက်သည်။
"စီနီယာခွေး.. ဒါကဘာလဲဆိုတာ စီနီယာသိလား"
လေဝိညာဉ်ကို ဖယ်ရှားပြီး သိပ်မကြာခင်မှာပင် လေထုထဲ၌ တောက်ပသော အမှုန်အမွှားများ စုပုံလာပြီး ပုံဆောင်ခဲပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်ကို အင်မော်တယ်ကျန်းရွမ် သတိပြုမိခဲ့သည်။
ထွင်ထျန်းဟာ၏ ပါးစပ်ထောင့်များက တလှုပ်လှုပ်ဖြစ်သွားသည်။
".. သူတော်စင်.. သူတော်စင်ကျောက်တုံးလား"
ဝမ်လင်း".........."
"လခွမ်း.. ဘာသူတော်စင်ကျောက်တုံးလဲ''
ဤသလင်းကျောက်က သူနှင့်အနည်းငယ် ရင်းနှီးပုံရသည်။
သလင်းကျောက်၏ ဖွဲ့စည်းပုံကို အခြေခံ၍ ဝမ်လင်းကသူ၏မှတ်ဉာဏ်ကို အလုပ်ပေးလိုက်ရာ ဤသလင်းကျောက်နှင့် အလွန်ဆင်တူသည့် နှလုံးသားနတ်ဆိုးကျောက်တုံးဟု ခေါ်သောအရာတစ်ခုကို တွေ့ရှိခဲ့သည်။
သူက ထွင်ထျန်းဟာကို စိတ်ချင်းဆက်သွယ်၍ အသိပေးလိုက်ပြီး အင်မော်တယ်ကျန်းရွမ်ထံ သတင်းစကားပေးပို့ခိုင်းလိုက်သည်။
"ဒါက နှလုံးသားနတ်ဆိုးကျောက်တုံး ဆိုတာ မင်းမသိဘူးလား"
"နှလုံးသားနတ်ဆိုးကျောက်တုံးလား"
အင်မော်တယ်ကျန်းရွမ်က တအံ့တဩ ရေရွတ်လိုက်သည်။
ယခင်က လေဝိညာဉ်ကို ထိန်းချုပ်ရန် နည်းလမ်းများ ရှာဖွေရာတွင် အတွင်းစိတ်နတ်ဆိုးများနှင့် ပတ်သက်သော အချက်အလက်များကို သူရှာဖွေခဲ့ပြီး နှလုံးသားနတ်ဆိုးကျောက်တုံး အကြောင်းကို သူမြင်ခဲ့ရသည်။
သူလေ့လာခဲ့သော ကျမ်းစာအုပ်တွင် ရှေးဟောင်း အက္ခရာများသာရှိပြီး နှလုံးသားနတ်ဆိုးကျောက်တုံးနှင့် ပတ်သက်၍ ပုံတစ်ပုံမျှပင် မပါရှိပေ။
အင်မော်တယ်ကျန်းရွမ်က တစ်စုံတစ်ရာကို ရုတ်တရက်သတိရသွားသည်။
"ဟုတ်တယ်.. ဒါကနှလုံးသားနတ်ဆိုးကျောက်တုံးပဲ"
ဤသည်မှာ အတွင်းစိတ်နတ်ဆိုးကို ဖျက်ဆီးချိန်တွင် ရရှိသော စွမ်းအင်သလင်းကျောက်ဖြစ်သည်။
ဤသလင်းကျောက်၏ ၉၀%မှာ ချီအစိုင်အခဲဖြစ်ပြီး ၁၀%မှာရှားပါးသတ္တုဒြပ်စင်များ ဖြစ်သည်။
ရှေးဟောင်းကျမ်းစာများအရ နှလုံးသား နတ်ဆိုးကျောက်ကို ကျင့်ကြံရာတွင် အသုံးပြုနိုင်သည်။
အတွင်းစိတ်နတ်ဆိုးကို အနိုင်ယူပြီးမှသာ ဤကျောက်တုံးကိုရရှိနိုင်မည် ဖြစ်သည်။
"တိုက်ပွဲအတွင်းမှာ ဒီကျောက်တုံးကို ပါးစပ်ထဲ ငုံထားမယ်ဆိုလျှင် မင်းရဲ့ ကမ္ဘာဦးချီအပြင် မင်းရဲ့မှော်စွမ်းရည်တွေပါတိုးတက်လာလိမ့်မယ်"
ထွင်ထျန်းဟာ၏ စကားကိုကြားလျှင် အင်မော်တယ်ကျန်းရွမ် သက်ပြင်းချလိုက်သည်။
ဤအရာက လေဝိညာဉ်ကို ဖယ်ရှားနိုင်ခြင်းအတွက် ဆုလာဘ်တစ်ခု ဖြစ်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် မပျော်ရွှင်နိုင်ခဲ့ပေ။
ထိုခဏတွင် အင်မော်တယ်ကျန်းရွမ်သည် ထွင်ထျန်းဟာကို လှည့်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
"စကားမစပ်.. စီနီယာခွေး.. မင်းဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ''
ထွင်ထျန်းဟာက အင်မော်တယ်ကျန်းရွမ်၏ အကြည့်ကို ရှောင်တိမ်းလိုက်သည်။
သူ့အနေဖြင့် အင်မော်တယ်ကျန်းရွမ်၏ မျက်လုံးနှင့် ထိတ်တိုက်ရင်မဆိုင်ရဲပေ။
"ငါကဖြတ်သွားဖြတ်လာ ရောက်လာရုံလေးပါ"
[လခွမ်းပဲ.. အိမ်သာက တစ်ဆင့်ရောက်လာတယ်လို့ ငါကဘယ်လိုလုပ်ပြီးပြောရမှာလဲ]
အပိုင်း(၅၂၅) ပြီး၏