← Chapters

မတိုက်ခိုက်ရခင်က လက်လျှော့ကြခြင်း

Vol. 51 Ch. 756

မတိုက်ခိုက်ရခင်က လက်လျှော့ကြခြင်း

Vol. 51 Ch. 756

ထိုစကားသံကို ကြားသောအခါ ဖက်တီးလေးနှင့် အခြားသူများသည် တုန်လှုပ်သွားကြ၏။

ချက်ချင်းပင် ကမ္ဘာဦးမျိုးနွယ် ၉ စုနှင့် ပတ်သတ်သည့် ဒဏ္ဍာရီများ ဇာတ်လမ်းများက သူတို့၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာကြ၏။

ဒဏ္ဍာရီ အရဆို ကမ္ဘာဦးခေတ်တုန်းက လွှမ်းမိုး ခြယ်လှယ်ခဲ့ကြသော မျိုးနွယ်စု တစ်သောင်းကျော် ရှိနေလေသည်။ သူတို့ထဲတွင် မျိုးနွယ် ၉ စုက အထွတ်အထိပ်အဆင့်မှာ ရှိပြီး သူတို့က ကမ္ဘာဦးမျိုးနွယ် ၉ စုဟု ကျော်ကြားကြလေသည်။

ထိုမျိုးနွယ် ၉ စုသည် မျိုးနွယ်စု တစ်သောင်း၏ အထက်မှာ ရပ်တည်ပြီး သူတို့၏ ဂုဏ်အဆင့်အတန်းက ကိုင်လှုပ်၍ မရနိုင်ခဲ့ပေ။ သူတို့၏မျိုးဆက်သွေးများ၊ အမွေအနှစ်မှတ်ဉာဏ်များ၊ လျှို့ဝှက်ပညာရပ်များနှင့် ကျင့်ကြံရေးနည်းစနစ်များသည် အရမ်းကို သန်မာပြီး မျိုးနွယ်စု တစ်သောင်းအပေါ် ဖိနှိမ်နိုင်လေသည်။

မွေးကတည်းက အားနည်းလာခဲ့သော လူသားများနှင့် မတူပဲ ထိုမျိုးနွယ် ၉ စုသည် မွေးကတည်းက မနှိုင်းယှဉ်နိုင်အောင် သန်မာကြလေသည်။

ကျင့်ကြံခြင်းမရှိဘဲတောင် သူတို့သည် မျိုးနွယ်စု တစ်သောင်းအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်အောင် သန်မာကြပြီး အောက်ဆုံးမှာ ရပ်တည်၍ အစေခံများအဖြစ် ကျွန်ပြုခံရသော လူသားများနှင့်ဆိုလျှင်တော့ နှိုင်းယှဉ်နေယှဉ်စရာပင် မလိုပေ။

၎င်းမျိုးနွယ် ၉ စု၏ မျက်လုံးများထဲတွင် လူသားများ၏ အသက်က ပုရွက်ဆိတ်များထက်ပင် ဈေးပေါလေသည်။

ကမ္ဘာဦးခေတ်မှာ ဒဏ္ဍာရီလာ ကြီးကြယ်သည့် စစ်ပွဲကြီးတစ်ခုက ပေါ်ပေါက်လာခဲ့ပြီး မျိုးနွယ်စုများစွာက ဖျက်ဆီးချေမှုန်း ခံခဲ့ရကာ နေရာတိုင်းမှာ သွေးချောင်းစီး၍ အရိုးများက ပြန့်ကျဲနေခဲ့၏။ ထိုစစ်ပွဲကြောင့်ပင် ကမ္ဘာဦးမျိုးနွယ်၉စုသည် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ကြ၏။ မဟုတ်ပါက လူသားမျိုးနွယ်သည် တိုးတက်မြင့်မားလာဖို့ အခွင့်အရေး တစ်ခုတောင် ရရှိခဲ့လိမ့်မည် မဟုတ်ပေ။

ထို့နောက် ရှေးဟောင်းစစ်ပွဲ၏ အပြီးမှာ‌တော့ လူသားများသည် နောက်ဆုံး အနိုင်ရရှိခဲ့ကြလေသည်။

ကမ္ဘာဦးမျိုးနွယ်၉စုသည် အပြင်းအထန် ဒဏ်ရာရှိသွားပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီ၏ နေရာအနှံ့ ပြန့်ကျဲသွားပြီး အပါယ်ခံဘဝနှင့် ရှင်သန်ခဲ့ကြလေသည်။

နောက်ပိုင်းမှာတော့ ထိုနေရာများသည် တားမြစ်နယ်မြေကြီး ၉ခုအဖြစ် နာမည်ကြီးလာခဲ့လေသည်။

အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ စီနီယာများသည် ထိုတားမြစ်နယ်မြေ ၉ ခုသို့ လုံးဝခြေမချဖို့ သူတို့၏ တပည့်များကို အမြဲတမ်း မှာကြားလေ့ရှိလေသည်။

ဧကရာဇ်များစွာက ပေါ်ထွက်၍ လူသားဧကရာဇ်ကဲ့သို့သော ဒဏ္ဍာရီလာ အနှိုင်းမဲ့ တည်ရှိမှုတစ်ခုက မွေးဖွားပေါ်ပေါက်ခဲ့သော လူသားတို့၏ ရွှေခေတ်တုန်းကပင် ကမ္ဘာဦးမျိုးနွယ် ၉ စုကို ကုန်စင်အောင် မရှင်းလင်းနိုင်ခဲ့ကြပေ။ သူတို့၏ အခြေခံအုတ်မြစ်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲဆိုတာ အဲ့ဒါက သက်သေပြနေလေသည်။

ကျင့်ကြံသူအများစု အတွက်တော့ ကမ္ဘာဦးမျိုးနွယ် ၉ စုနှင့် ပတ်သတ်သည့် ဗဟုသုတများသည် ရှေးဟောင်း ကျမ်းစာများနှင့် သူတို့ဂိုဏ်းများရှိ စီနီယာများ၏ ဖော်ပြချက် အချို့မှ ရရှိလာခြင်း ဖြစ်လေသည်။

ကမ္ဘာဦးမျိုးနွယ် ၉ စုမှ သာမန်မျိုးဆက်သွေးနှင့် တည်ရှိမှု တစ်ခုကတောင် လူသားများ အပါအဝင် အခြားမျိုးနွယ်များမှ မည်သူကိုမဆို အဆင့်တူခြင်း၌ အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ဆိုကြလေသည်။

ကမ္ဘာဦးမျိုးနွယ် ၉ စု အတွက်တော့ သူတို့ထဲမှ အသန့်စင်ဆုံး မျိုးဆက်သွေးနှင့် အသန်မာဆုံးသူများသည် သူတို့ထက် အဆင့်ကြီးတစ်ဆင့် သာလွန်သော ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်သည်ဟု ဆိုကြလေသည်။

သို့သော်လည်း အဲ့ဒါတွေက အစကတော့ ဒဏ္ဍာရီမျှသာ ဖြစ်လေသည်။

ယခုအခါမှာတော့ အဲ့ဒါက သွေးသံရဲရဲ အမှန်တရား တစ်ခုအဖြစ် ပြောင်းလဲလာခဲ့လေပြီ။

အတောင့်အတင်းဆုံး ယက္ခသည် အသန်မာဆုံး မျိုးဆက်သွေးရှိသော လူများထဲမှ တစ်ယောက်ဖြစ်သည်မှာ သိသာလေသည်။ သူက ရွှေအမြုတေ အဆင့်သာ ဖြစ်သော်လည်း သူ၏လှုပ်ရှားမှု နည်းစနစ်က အလွန်တရာ မြန်ဆန်ပြီး နိုးထဝိညာဉ်များတောင်မှ သူ့ကို အချိန်မီ မတုံ့ပြန်နိုင်ကြပေ။

လေထဲတွင် ပကတိအရှင် ထန်မင်း၊ ပကတိအရှင် ပေတူနှင့် အခြားသူများ၏ အမူအရာများသည် သုန်မှုန်နေကြလေသည်။

သူတို့သည် ပဒေသရာဇ်နန်းတော်မှ ပကတိအရှင်၏ နေရာမှာ ဆိုလျှင်လည်း သူတို့က သေရမည်သာ ဖြစ်လေသည်။

“အား….”

“နောက်ဆုံးမှာတော့ ငါတို့က အဲ့ဒါကို မရှောင်ရှားနိုင်တော့ဘူးပဲ”

ပကတိအရှင် ယွီကျွင်းက သက်ပြင်းရှည် တစ်ချက်ချပြီး သူ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုက နက်ရှိုင်းလာလေသည်။

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ကို ပုံမှန်အချိန်ထက် တစ်လကျော် ရှေ့သို့တိုး၍ ကျင်းပခဲ့ရခြင်းမှာ သူသည် ကမ္ဘာဦးမျိုးနွယ် ၉ စုမှ ကလန်သားများ ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာသည်ဟူသော သတင်းကို ကြားလိုက်ရသောကြောင့် ဖြစ်လေသည်။

ရှေးဟောင်းခေတ်က စစ်ပွဲကြီး ပြီးနောက် ကမ္ဘာဦးမျိုးနွယ် ၉ စုမှ ကလန်သားများသည် ထျန်ဟွမ် ကုန်းမြေတိုက်ကြီးတွင် ပေါ်ထွက်လာခဲ့လေသည်။

သို့သော်လည်း သူတို့ တစ်ကြိမ်ပေါ်လာတိုင်း သွေးချောင်းစီး တိုက်ပွဲများက ဖြစ်ပွားတတ်လေသည်။

လွန်ခဲ့သည့် နှစ်တစ်သောင်းက ကမ္ဘာတုန်လောက်သော ကပ်ဘေးကြီးသည် ထိပ်သီးဂိုဏ်းကြီး နှစ်ဂိုဏ်းနှင့် နှစ်တစ်သောင်းကြာ ရပ်တည်ခဲ့သော မဟာအင်ပါယာ နှစ်ခုကို ဖျက်ဆီးချေမှုန်းခဲ့လေသည်။

ဒီတစ်ခေါက်တွင်တော့ ပကတိအရှင် ယွီကျွင်းသည် ကမ္ဘာဦးမျိုးနွယ် ၉ စုမှ နတ်ဘုရားမျိုးနွယ်က ရှေးဟောင်းတိုက်ပွဲမြေတွင် ပေါ်ပေါက်လာသည် ဟူသော သတင်းကို လက်ခံရရှိခဲ့လေသည်။

နတ်ဘုရားမျိုးနွယ်သည် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာရခြင်းမှာ ရည်ရွယ်ချက်တစ်ခု သေချာပေါက် ရှိရလေမည်။ သို့သော် သူက အဲ့ဒါက ဘာလဲဆိုတာ အတိအကျတော့ မသိရပေ။

သို့သော်လည်း သူတို့နှင့် ထိတွေ့မှုကို ရှောင်ရှားနိုင်စေရန် ပကတိအရှင် ယွီကျွင်းသည် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက် အတွက် တိုက်ပွဲကို ရှေ့သို့တိုး၍ ကျင်းပခဲ့လေသည်။ နောက်ဆုံးမှာတော့ သူတို့က အဲ့ဒါကို မရှောင်ရှားနိုင်ဆဲ ဖြစ်လေသည်။

ဒါ့အပြင် လက်ရှိ အခြေအနေများကို အကဲဖြတ်ကြည့်ရသလောက် အခြေအနေများက သူထင်ထားတာထက် ပိုဆိုးလာဖို့ ရှိလေသည်။

နတ်ဘုရားမျိုးနွယ်က ပေါ်မလာသေးမှာပင် ယက္ခမျိုးနွယ်က အမြုတေနယ်မြေ မြို့တော်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

သူတို့က ဝင်ရောက်လာခြင်းမှာပင် တိုက်ခိုက်မှုကို စတင်ပြီး ဆက်တိုက်ဆိုသလို ဆင့်ကဲသတ်ဖြတ် ခဲ့ကြလေသည်။

သူတို့က ရန်လိုစိတ် ရှိနေကြလေသည်။

ယက္ခမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉ စုတွင် ရက်စက်ကြမ်းကြုတ်ဆုံး ဖြစ်လေသည်။ သူတို့၏ ကျောနောက်ရှိ အသားပြား တောင်ပံများနှင့် ဆိုပါက သူတို့က အလွန်တရာကိုမှ မြန်ဆန်လေသည်။

သူတို့က အသွေးအသားနှင့် အရိုးများ စားသုံးရတာကို နှစ်သက် သဘောကျလေသည်။

ယက္ခမျိုးနွယ်ထဲတွင် အမျိုးသားများက နက်မှောင်သော အသားအရည်၊ နီရဲသော ဆံပင်၊ စိမ်းဖန့်ဖန့်မျက်လုံးနှင့် မျက်နှာပေါက်တို့ရှိပြီး အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။ သူတို့၏ သွင်ပြင်က တကယ့်ကို ကြောက်စရာ ကောင်းနေလေသည်။

သို့သော်လည်း အမျိုးသမီးများကတော့ ချောမောလှပ၍ ညို့ငင်ဓါတ် ပြည့်ဝပြီး သူတို့၏ သွင်ပြင်က လူသားများနှင့် မခြားပေ။

ယက္ခမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉ စုကြားမှာတောင် သူတို့၏ လှုပ်ရှားမှုက အမြန်ဆုံး ဖြစ်လေသည်။

ပကတိအရှင် ယွီကျွင်းသည် အရပ်အရှည်ဆုံးနှင့် ဗလအတောင့်ဆုံးဖြစ်သော ယက္ခခေါင်းဆောင်ကို စိုက်ကြည့်ပြီး လေးနက်စွာဖြင့် မေးလိုက်၏။

“ကျုပ်တို့ လူသားမျိုးနွယ် ပိုင်ဆိုင်တဲ့ အသင်္ချေနယ်မြေ မြို့တော်ထဲကို ယက္ခမျိုးနွယ်က ဘာလို့ ရောက်လာတာလဲ”

“ဘာလို့ရမှာလဲ.. ငါတို့က လူသားလေးဘာလေး စားလို့ရအောင် ရောက်လာတာပေါ့”

ယက္ခခေါင်းဆောင်က မကောင်းဆိုးရွားဆန်ဆန် ရယ်မောလိုက်ပြီး သူ၏ သွေးသံရဲရဲနှင့် ထက်ရှသော သွားစွယ်များကို ထုတ်ပြလိုက်၏။

သူနောက်ရှိ ယက္ခကလန်သားများသည် အလွန်တရာ စိတ်လှုပ်ရှားလာပြီး သူတို့၏ အနက်ရောင်ဝတ်ရုံများကို ခွာချပစ်လိုက်ကြ၏။ သူတို့ တစ်ယောက်ချင်းဆီသည် အနက်ရောင် အသားပြားတောင်ပံများကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ အစစ်အမှန်သွင်ပြင်များက ထွက်ပေါ်လာလေသည်။ သူတို့က ရှေ့သို့ ချက်ချင်း ခုန်ဝင်၍ စားတော့ သောက်တော့မည့်အလား သူတို့၏ နှုတ်ခမ်းများကို သပ်လိုက်ကြ၏။

ပကတိအရှင် ယွီကျွင်း၏ မျက်နှာပေါ်တွင် ဒေါသအရိပ်က ဖြတ်ကနဲ ပေါ်လာပြီးနောက် သူက အဲ့ဒါကို ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ် စေလိုက်၏။

သို့သော်လည်း ပကတိအရှင် ထန်မင်း၊ ပကတိအရှင် ပေတူနှင့် အခြားလူများသည် တလက်လက်ထနေသော အကြည့်များနှင့် အသင်္ချေနယ်မြေ မြို့တော်၏ အပြင်ဘက်သို့ မကြာမကြာ ဆိုသလို လှမ်းကြည့်ကာ အတွေးနက်နေ ကြလေသည်။

ပကတိအရှင် ယွီကျွင်းက အေးစက်စွာဖြင့် ပြောလိုက်၏။

“ယက္ခမျိုးနွယ်က လူတိုင်းပဲ.. အသင်္ချေနယ်မြေ မြို့တော်ဆိုတာ လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ် ထားရာနေရာပဲ.. ဒီနေရာမှာ အခုအချိန် လူသားပြိုင်စံရှားပေါင်း တစ်သိန်းကျော်လောက် စုစည်းနေကြတယ်.. မင်းတို့တွေက အယောက် တစ်ရာကျော်ကျော် လောက်ပဲ ရောက်လာကြတာ.. တကယ်တမ်း တိုက်ပွဲဖြစ်ကြမယ်ဆိုရင် မင်းတို့ထဲက ဘယ်လောက်များများ အသက်ရှင်နိုင်မှာလဲ”

သူ၏ လေသံက သတ်လိုဖြတ်လိုစိတ်ဖြင့် မာကြောခက်ထန် နေလေသည်။

ပဟေဠိနန်းတော်မှ အရိုက်အရာဆက်ခံသူ တစ်ယောက်အနေဖြင့် သူ၏ ရင်ထဲမှာ သတိကြီးကြီး ထားနေသော်လည်း သူက နောက်ဆုတ်လို့ မရပေ။

ဒါ့အပြင် အသင်္ချေနယ်မြေ မြို့တော်တွင် လူသားမျိုးနွယ်မှ ပြိုင်စံရှားပေါင်းများစွာ ရှိနေကြလေသည်။ သူတို့သာ အတူတကွ ပူးပေါင်းပြီး တိုက်ခိုက်ကြမည်ဆိုလျှင် ယက္ခမျိုးနွယ် တစ်ရာကျော်ကျော်လောက်ကို တွန်းလှန်ထုတ်နိုင်လေသည်။

“လူသားပြိုင်စံရှားတွေလား”

ယက္ခခေါင်းဆောင်က မသတီစရာ နီရဲနေသော သူ၏ လျှာကိုထုတ်ပြီး သူ၏ နှုတ်ခမ်းကို သပ်ကာ လှောင်ပြောင် ရယ်မောလိုက်၏။

“ငါက အဲ့ဒီ့ ပြိုင်စံရှားတွေရဲ့ အသွေးအသားကို စားသုံးရတာ ကြိုက်တယ်။

ထိုသို့ ပြောပြီးသည်နှင့် သူ၏ ပုံရိပ်က ပျောက်ကွယ်သွားလေသည်။

ပကတိအရှင် ယွီကျွင်းနှင့် အခြားသူများ၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားကြလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ယက္ခခေါင်းဆောင်၏ အသံက ထွက်ပေါ်လာလေသည်။ အဲ့ဒါက မှန်းဆရခက်ပြီး ဘယ်နေရာကနေ လာသလဲဆိုတာကို မဆုံးဖြတ်နိုင်ကာ သူ၏ အသံက အသင်္ချေနယ်မြေ မြို့တော် တစ်ခုလုံးဆီသို့ ဖြန့်ကျက်သွားလေသည်။

“ဒီနေရာမှာ အသွေးအသားတွေ အများကြီး ရှိနေမှတော့ သူတို့ကို သတ်ကြတာပေါ့”

ယက္ခမျိုးနွယ်မှ ကလန်သားပေါင်း တစ်ရာကျော်က လေထဲသို့ခုန်တက်သွားပြီး အနက်ရောင် အလင်းတန်းများ အသွင် ပြောင်းလဲကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ အတွက် လူအုပ်ကြီးထဲသို့ ပြေးဝင်သွားကြလေသည်။

“မင်းတို့ ဘယ်လိုတောင် ရဲတင်းကြတာလဲ”

ပကတိအရှင် ယွီကျွင်းက ဒေါသူပုန်ထသွားပြီး သူ၏ မူပိုင်ဓါးမဓါးပျံကို ချက်ချင်း ဆင့်ခေါ်လိုက်၏ အဲ့ဒါက သူ့ရှေ့မှာ ရစ်ဝဲနေပြီး သူက အော်ပြောလိုက်လေသည်။

“အားလုံးပဲ ဘာမှ မကြောက်ကြနဲ့ ငါတို့ အကုန်လုံး အတူတကွ….”

သူစကား ပြောလို့ မဆုံးသေးခင်မှာပင် နောက်ထပ် အသံတစ်သံက သူ့ကို ဖြတ်ပြောလိုက်၏။

မိုးကြိုးလေပြေနန်းတော်က ကျင့်ကြံသူတွေ ငါ့အမိန့်ကို နာခံကြ.. အသင်္ချေနယ်မြေ မြို့တော်ထဲကနေ ငါတို့ အမြန်ဆုံး ထွက်ကြမယ်”

ပကတိအရှင် ထန်မင်း၏ အသံက ထွက်ပေါ်လာပြီး သူ့ဘေးပတ်လည်တွင် လျှပ်စီးများက တဖြောက်ဖြောက်မြည်ကာ လေများက တဟူးဟူး တိုက်လာ၏။ သူက သူဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြစ်သော မိုးကြိုးလေပြေ ထွက်ပြေးခြင်းကို ထုတ်ဖော်ကာ အသင်္ချေနယ်မြေ မြို့တော်ကနေ ပြေးထွက်သွားလေသည်။

“ကောင်းကင်ဇင်ယော်ဂိုဏ်းက ကျင့်ကြံသူတွေ ငါ့အမိန့်ကို နာခံကြ.. မင်းတို့ အကုန်လုံး ဒီနေရာကနေ အမြန်ဆုံး ထွက်ကြရမယ်”

ပကတိအရှင် ပေတူ၏ ပုံရိပ်က ဖြတ်ကနဲ လှုပ်ရှားသွားပြီး သူက ကြောက်လန့်တကြား အမူအရာဖြင့် တုံ့ဆိုင်းခြင်းမရှိ အသင်္ချေနယ်မြေ မြို့တော်ကနေ ပြေးထွက်သွားလေသည်။

ထို့နောက် ချက်ချင်းပင် ကိုယ်တော်ယွမ်ခုံးနှင့် ကိုယ်တော်ဝေဖူ တို့ကလည်း တူညီသော အမိန့်များကို ချမှတ်လိုက်ကြ၏။

အဲ့ဒီ့မှာ အစက နိုးထဝိညာဉ်ပေါင်း ၁၀ယောက်ကျော်ကျော် ရှိကြလေသည်။ နောက်ခဏ၌ သူတို့ထဲမှ တစ်ဝက်က တိုက်ခိုက်ခြင်း မရှိပဲ ထွက်ပြေးဖို့ ရွေးချယ်ခဲ့ကြလေသည်။

များစွာသော လက်ရှိ ရွှေအမြုတေများသည် အစကတည်းက သူတို့၏ ဆုံးဖြတ်ချက်က မပြတ်မသား ဖြစ်နေကြခြင်း ဖြစ်လေသည်။

ထိုအသံများကို သူတို့ကြားသောအခါ များစွာသော ကျင့်ကြံသူများသည် ဆောက်တည်ရာ မရတော့ပဲ အသင်္ချေနယ်မြေ မြို့တော်ထဲကနေ အလိုလို ထွက်ပြေးကုန်ကြလေသည်။

ချက်ချင်းပင် လမ်းမပေါ်မှာ ဖရိုဖရဲ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။

အဲ့ဒီ့မှာ စူးစူးရှရှ နှင့် ထိတ်လန့်တကြား အော်ဟစ်သံများကလည်း ထွက်ပေါ်လာလေသည်။

“မင်းတို့တွေကွာ..”

ပကတိအရှင် ယွီကျွင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ၏ တကိုယ်လုံးက အေးစိမ့်လာလေသည်။

အစကတော့ သူတို့သည် ရှေ့က ဖြစ်ပျက်ခဲ့သမျှကို မေ့ဖျောက်ပြီး အတူပူးပေါင်း၍ ရပ်တည်ကြမည်ဆိုလျှင် ယက္ခမျိုးနွယ်၏ ရန်ကနေ အသက်ရှင်သန်ကောင်း ရှင်သန်နိုင်ကြပေမည်။

သို့သော် ယခုအခါ မိုးကြိုးလေပြေနန်းတော်၊ ကောင်းကင်ဇင်ယော်ဂိုဏ်း၊ လှိုဏ်ခေါင်းကျောင်းတော်နှင့် အခြားသော ဂိုဏ်းများသည် တိုက်ခိုက်ခြင်း မရှိပဲ ထွက်ပြေးဖို့ ရွေးချယ်ခဲ့ကြလေသည်။ အဲ့ဒါက သူတို့ အသက်ရှင်နိုင်မည့် နောက်ဆုံး အခွင့်အရေးကို လက်လွှတ်လိုက်သည်နှင့် တူလေသည်။

“ထွက်ပြေးမလို့လား”

ပကတိအရှင် လောရွှယ်က ခါးသက်စွာဖြင့် ရယ်မောလိုက်၏။

“ဘယ်သူက လွတ်အောင် ထွက်ပြေးနိုင်မှာလဲ မိုးကြိုးလေပြေနန်းတော်က အနှိုင်းမဲ့ ထွက်ပြေးခြင်း နည်းစနစ်တောင်မှ ယက္ခမျိုးနွယ်ရဲ့ အမြန်နှုန်းကို လိုက်မမှီနိုင်ဘူး”

“တော်တော်မိုက်မဲတဲ့လူတွေပဲ”

ကိုယ်တော်ယင်လူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။

ပကတိအရှင် ယွီကျွင်းသည် ရုတ်ရုတ်သဲသဲ ဖြစ်နေသော လမ်းမနှင့် ကြောက်လန့်တကြား ထွက်ပြေးနေသော ကျင့်ကြံသူများကို ကြည့်ပြီး သူ၏ မျက်လုံးထဲမှာ မျက်ရည်များ စိုလာလေသည်။

ထိုပြိုင်စံရှားများ အားလုံးသည် ယက္ခမျိုးနွယ်၏ သားကောင်များအဖြစ် ပြောင်းလဲသွားကြတော့မည် ဖြစ်ပြီး သူထဲမှ မည်သူကမှ အသက်ရှင်သန်နိုင်ကြတော့မည် မဟုတ်ပေ။

All Chapters