နတ်ဘုရားမျိုးနွယ် ရောက်ရှိလာခြင်း
Vol. 51 Ch. 758
ယက္ခခေါင်းဆောင်သည် ပကတိအရှင်ယွဲ့ဟွား၏ အမြုတေစိတ်ဝိညာဉ်ကို စားသုံးပြီးနောက် သူ၏အကြည့်က မလှမ်းမကမ်းရှိ ပကတိအရှင်ထျန်မင်းထံသို့ ရောက်ရှိသွားလေသည်။ သူက ရယ်မောလိုက်ပြီး သွေးသံရဲရဲ သွားများကို ဖြီးပြကာ ကြောက်မက်ဖွယ်ရာအစွယ်များကို ထုတ်ပြလိုက်၏။
‘သွားပါပြီ’
ပကတိအရှင်ထျန်မင်းသည် ယူကျုံးမရဖြစ်သွားပြီး ခုခံဖို့ကိုပင် လုံးလုံးလျားလျား လက်လျှော့လိုက်လေသည်။
‘ပြင်ပမျိုးနွယ်.. မင်းဘယ်လိုတောင် ရဲတင်းနေတာလဲ’
‘သေဖို့သာ ပြင်ထားလိုက်တော့..’
လေထဲမှ ကျယ်လောင်သော အော်ဟစ်သံများက ထွက်ပေါ်လာ၏။
အဲဒါသည်.. အချိန်မီရောက်ရှိလာသော ပကတိအရှင်ယွီကျွင်း ၊ ပကတိအရှင်လောရွှယ်နှင့် ကိုယ်တော်ယင်လူတို့ဖြစ်ကြလေသည်။ သူတို့က တွေဝေခြင်းမရှိ ၊ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး သူတို့ဂိုဏ်းများ၏ အသန်မာဆုံး လျှို့ဝှက်ပညာရပ်များကို ထုတ်ဖော်လိုက်ကြလေသည်။
ချက်ချင်းပင်.. ဓမ္မစွမ်းအားများက ရုန်းကြွလာပြီး ရာသီဥတုက ပြောင်းလဲသွားလေသည်။
‘ဟမ့်..’
ယက္ခခေါင်းဆောင်သည် ပကတိအရှင်ယွီကျွင်းနှင့် အခြားသူများကို ကျောပေးထားသော်လည်း စွမ်းအားများ၏ကြောက်စရာကောင်းမှုကို ခံစားမိလေသည်။
ယက္ခမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှဖြစ်ပြီး သူတို့ထက် အဆင့်ကြီးတစ်ဆင့်မြင့်သော နိုးထဝိညာဉ်များကို သတ်ဖြတ်နိုင်သော်လည်း.. အဲဒါသည် သူတို့က နိုးထဝိညာဉ်များနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည်ဟု မဆိုလိုပေ။
ဒါ့အပြင် အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းအဆင့် ပကတိအရှင်သုံးယောက်ထံမှ တိုက်ခိုက်မှုဖြစ်လေသည်။
သို့သော်လည်း.. ယက္ခမျိုးနွယ်၏အားသာချက်က ခွန်အားအရာမှာ မဟုတ်ဘဲ အမြန်နှုန်းမှာဖြစ်လေသည်။
သူတို့က အံ့မခန်း အမြန်နှုန်းဖြင့် လေထဲမှာ ကူးလူးယှက်ဖြာ သွားလာနိုင်လေသည်။
သူတို့၏လှုပ်ရှားမှုနည်းစနစ်က နိုးထဝိညာဉ်များတောင် သူ့တို့ကိုဖမ်းဖို့အတွက် အခက်တွေ့စေမည့် တစ်စုံတစ်ရာဖြစ်လေသည်။
ယက္ခခေါင်းဆောင်က အေးစက်စက် သရော်လိုက်ပြီး ပကတိအရှင်ယွီကျွင်းနှင့် အခြားနှစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ မရွေးချယ်ခဲ့ပေ။ ဖျတ်ခနဲဆို သူက အနက်ရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ယက္ခခေါင်းဆောင်က ထွက်ပြေးသွားသည်ကို မြင်သောအခါ ပကတိအရှင်ယွီကျွင်းနှင့် အခြားနှစ်ယောက်က စိတ်သက်သာရာရသွားကြ၏။
‘ထျန်မင်း.. ဒီယက္ခခေါင်းဆောင်က ခွန်အားအရာမှာ ငါတို့ကို သေချာပေါက် မယှဉ်နိုင်ဘူး’
ပကတိအရှင်ယွီကျွင်းက မလှမ်းမကမ်းတွင် ငေးငိုင်နေဆဲဖြစ်သော ပကတိအရှင်ထျန်မင်းကို လှမ်းကြည့်လိုက်၏။
‘ငါတို့က အတူပူးပေါင်းပြီးတော့ ဝင်္ကပါတစ်ခုကို ထုတ်ဖော်လိုက်တာနဲ့.. ငါတို့က အဲဒီယက္ခမျိုးနွယ်ခေါင်းဆောင်ကိုတောင် သတ်ဖြတ်နိုင်လောက်တယ်’
‘အဲဒါ အမှန်ပဲ’
ကိုယ်တော်ယင်လူကလည်း ခေါင်းညိတ်လိုက်၏။
‘စောစာက.. ယက္ခခေါင်းဆောင်က ငါတို့နဲ့ ထိပ်တိုက်ရင်ဆိုင် မတိုက်ခိုက်ရဲခဲ့ဘူး… အဲဒါကသာ ငါတို့ရဲ့ အခွင့်အရေးဖြစ်လိမ့်မယ်’
ပကတိအရှင်ထျန်မင်းသည် တဖြည်းဖြည်းနှင့် အသိစိတ်ပြန်ဝင်လာပြီး ပကတိအရှင်ယွီကျွင်းနှင့် အခြားနှစ်ယောက် ရောက်ရှိလာမှုကြောင့် သူက အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နားလည်လာ၏။
သို့သော်လည်း.. သူ၏မျက်လုံးများထဲမှာ တိုက်ခိုက်လိုသည့်စိတ်ဝိညာဉ် ရှိမနေပေ။
သူက အကြောက်လွန်နေလေပြီ။
ပကတိအရှင်ယွီကျွင်း၏စကားများက ယုတ္တိတန်ကြောင်း သူသိလေသည်။
သို့သော်လည်း.. ယက္ခခေါင်းဆောင်၏အမြန်နှုန်းက မတုံ့ပြန်နိုင်လောက်အောင် ကြောက်စရာကောင်းလွန်းလေသည်။ သူတို့က အတူတကွပူးပေါင်းလျှင်တောင် နိုင်ဖို့အခွင်းအရေး ရှိနိုင်ပါ့မလား။
ပကတိအရှင်ထျန်မင်းသည် မသေချင်သေးပေ။
သူသည် ဤနေရာကနေ ထွက်သွားချင်မိ၏။ သူသည် အသင်္ချေမြို့တော်ထဲကနေ ထွက်သွားချင်မိ၏။ သူသည် ဤငရဲခန်းကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားချင်မိ၏။
‘မင်းတို့တွေ အတူပူးပေါင်းချင်တယ်ဆိုလည်း ပူးပေါင်းပေါ့.. ငါကတော့ မပါဘူး’
ပကတိအရှင်ထျန်မင်း၏အမူအရာက ပြောင်းလဲသွားပြီး ခဏမျှ တွေးဆကြည့်လိုက်၏။ ထို့နောက် သူ၏မျက်လုံးများထဲမှာ ပြတ်သားသည့်အရိပ်က ပေါ်လာပြီးနောက်.. သူက ထို့သို့ပြောကာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားလေတော့သည်။
‘မင်း.. မင်းကွာ…’
ပကတိအရှင်ယွီကျွင်းသည် ဒေါသထွက်လွန်းသောကြောင့် သူ၏လက်များက တုန်ယင်လာ၏။
ကိုယ်တော်ယင်လူကလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး သက်ပြင်းချလိုက်လေသည်။
‘လူတိုင်းက သူတို့အတွက်သူတို့ပဲ စိုးရိမ်နေကြတာ.. ဒါပေမဲ့ အဲ့လိုပုံစံနဲ့ လူဘယ်နှစ်ယောက်များများကများ အသက်ရှင်နိုင်မှာလဲ’
‘အတူပူးပေါင်းပြီးတော့ ငါ့ကိုသတ်ချင်တယ်ဆိုတာက မင်းတို့သုံးယောက်လား’
ရုတ်တရက်.. မကောင်းဆိုးရွားရယ်မောသံက သူတို့၏နားထဲမှာ ကြောက်မက်ဖွယ်ရာပုံစံဖြင့် ထွက်ပေါ်လာ၏။
‘မကောင်းတော့ဘူး’
ပကတိအရှင်ယွီကျွင်းနှင့် အခြားနှစ်ယောက်သည် ကျောရိုးတလျှောက် ချမ်းစိမ့်လာကြ၏။
အေးစက်စက်အလင်းသည် သေမင်းအော်ရာနှင့်အတူ တောက်ပလာပြီး ကိုယ်တော်ယင်လူ၏ဦးခေါင်းထက်ကနေ ကျဆင်းလာလေသည်။ အဲဒါက သူ့ကို နှစ်ခြမ်းခွဲပစ်တော့မည့်အလားပင်။
‘မြန်မြန် နောက်ကိုဆုတ်’
ပကတိအရှင်ယွီကျွင်းသည် ရုန်းကန်ပေါက်ကွဲအားတစ်ခုကို ထုတ်ဖော်ပြီး ကိုယ်တော်ယင်လူကို ဆတ်ခနဲ လှမ်းတွန်းလိုက်၏။
‘ဖြီး..’
သွေးအလင်းရောင်က ဖြာထွက်လာ၏။
လက်တစ်ဖက်သည် လေထဲသို့ လွင့်ပျံသွားပြီး သွေးစက်များက ပြန့်ကျဲသွားလေသည်။
ကိုယ်တော်ယင်လူသည် အသက်ရှင်နိုင်ခဲ့သော်လည်း ပကတိအရှင်ယွီကျွင်းက လက်တစ်ဖက်ကို ဆုံးရှုံးသွားပြီး သူ၏ဒဏ်ရာမှ သွေးများက ပန်းထွက်လာလေသည်။
ပကတိအရှင်လောရွှယ်သည် အလျင်အမြန်ကူညီပေးလိုက်ပြီး ပကတိအရှင်ယွီကျွင်းကို ကာပေးထားလိုက်၏။ သူမ၏ လက်လှုပ်ရှားမှုနှင့်အတူ လူတစ်ယောက်၏အမြင်အာရုံကို နှောင့်ယှက်ဟန့်တားနိုင်သော အမျိုးမျိုးသော အလင်းများဖြင့် ရောင်ပြန်ဟပ်နေသည့် ရေခဲသလင်းလွှာများက ဖြစ်ပေါ်လာကာ.. ယက္ခခေါင်းဆောင်ကို ယာယီတားဆီးထားလိုက်၏။
ပကတိအရှင်ယွီကျွင်း၏မျက်နှာက အလွန်တရာ ဖြူလျော့သွားလေသည်။
ယက္ခမျိုးနွယ်များ ပိုင်ဆိုင်ထားသော လက်နက်များမှာ အလွန်တရာဆိုးယုတ်သော စွမ်းအားအမျိုးအစားတစ်ခု ရှိလေသည်။
သူတို့နှင့် ထိခိုက်မိသည်နှင့် သွေးများက ရပ်တန့်လို့ မရအောင် စီးထွက်လာပေမည်။
လက်တစ်ဖက် ဆုံးရှုံးပြီးနောက် သူ၏သွေးချီက အပြင်းအထန် ခမ်းခြောက်သွားပြီး သူ၏တိုက်ခိုက်ရည်က ယခုအခါ မရှိသလောက်နီးပါး ဖြစ်သွားလေပြီ။
ဒါ့အပြင်.. ထိုဒဏ်ရာက ပြင်းထန်ပြီး ပြန်လည်သက်သာကောင်းမွန်နိုင်တော့မည် မဟုတ်ပေ။
ခြေလက်များ ပြန်ထွက်လာခြင်းက ပေါင်းစည်းခန္ဓာအဆင့်မှသာ ရရှိနိုင်လေသည်။
သို့သော်လည်း.. ကျင့်ကြံရေးလမ်းခရီးက အန္တရာယ်များလွန်းလှလေသည်။ သူက ထိုဒဏ်ရာနှင့်ဆိုပါက ပေါင်းစည်းခန္ဓာအဆင့်ကို မပြောနှင့် ၊ မူလနတ္ထိအဆင့်သို့ပင်ရောက်အောင် ကျင့်ကြံနိုင်ပါ့မလား မသေချာပေ။
ပကတိအရှင်လောရွှယ်သည် ပကတိအရှင်ယွီကျွင်းကို ကယ်တင်လိုက်ပြီးနောက်.. အံ့အားသင့်ဖို့ကောင်းစွာပင် ယက္ခခေါင်းဆောင်က သူတို့နောက်သို့ ဆက်လိုက်မလာခဲ့ပေ။
ထိုစဉ်မှာပင်.. အနက်ရောင် အလင်းစက်တစ်ခုက ဖျတ်ခနဲ လက်သွား၏။
ကိုယ်တော်ယင်လူသည် ပကတိအရှင်ယွီကျွင်း၏ ဒဏ်ရာကို စိုးရိမ်နေသောကြောင့် သူ၏တုံ့ပြန်မှုက နှောင့်နှေးသွား၏။ ချက်ချင်းဆိုသလိုပင် သူ၏ဝမ်းဗိုက်မှာ ကြီးမားသည့် ပြတ်ရှရာကြီးတစ်ခုက ပေါ်လာပြီး သူ၏ကိုယ်တွင်းအင်္ဂါများက ထွက်ကျလုနီးပါးဖြစ်သွားလေသည်။
‘အား..’
သူက ညည်းတွားအော်ဟစ်လိုက်၏။
ယက္ခခေါင်းဆောင်က အစွမ်းကုန် ထုတ်သုံးမသွားဘူးဆိုတာ ကိုယ်တော်ယင်လူ သိလိုက်၏။ မဟုတ်ပါက သူက အခုဆို အလောင်းတစ်လောင်း ဖြစ်နေလောက်လေပြီ။
‘ဟီး..ဟီး..ဟီး..ဟီး’
လေထဲမှာ မှန်းဆရခက်သော မကောင်ဆိုးရွားရယ်သံတစ်သံက ထွက်ပေါ်လာလေသည်။ စောစောကတင် အဲဒါက သူတို့ရှေ့မှာဖြစ်ပြီး.. နောက်ခဏ၌ ပကတိအရှင်လောရွှယ်၏နောက်ကျောဘက်မှာ ပြန်ပေါ်လာ၏။
‘သတိထား’
ပကတိအရှင်ယွီကျွင်းက သူမကို အော်ဟစ်၍ သတိပေးလိုက်သော်လည်း နောက်ကျသွားဆဲဖြစ်လေသည်။
ပကတိအရှင်လောရွှယ်၏ နောက်ကျောအပေါ်တွင် တစ်ထွာလောက်ရှည်သော ပြတ်ရှရာကြီးတစ်ခုက ပေါ်လာပြီး အဲဒါက အရမ်းကိုနက်ကာ သူမကို ထုတ်ချင်းပေါက်လုမတတ်ပင်။
‘အား..’
နာကျင်မှုနှင့် သွေးများ ပြင်းထန်စွာဆုံးရှုံးမှုကြောင့် ပကတိအရှင်လောရွှယ်သည် သူမ၏ခန္ဓာကိုယ်ကို ဆက်လက်ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ သူမက အခြားသော ပကတိအရှင်နှစ်ယောက်နှင့်အတူ လေထဲကနေ ပြုတ်ကျလာလေသည်။
သူတို့သုံးယောက်သည် မြေကြီးပေါ်သို့ ဆိုးဆိုးရွားရွားပုံစံဖြင့် ပစ်ကျသွားပြီး သွေးများ ၊ ရွှံ့များဖြင့် လူးကာ သူတို့၏မျက်နှာများက ဖြူဖတ်ဖြူလျော် ဖြစ်လာလေသည်။
‘အင်း… ဟုတ်တယ်ဟေ့.. အရသာရှိတယ်ကွာ’
လေထဲမှာ ယက္ခခေါင်းဆောင်သည် ပကတိအရှင်ယွီကျွင်း၏ လက်တစ်ဖက်ကို ကိုင်ထားပြီး တစ်လုတ်ပြီးတစ်လုတ် ကိုက်ဖြတ်ဝါးစားနေလေသည်။
ပကတိအရှင်လောရွှယ်သည် သူမ၏အစာအိမ်က လှိုက်တက်လာပြီး အော့အန်လုနီးပါးဖြစ်သွားရလေသည်။
ပကတိအရှင်ယွီကျွင်း၏ခန္ဓာကိုယ်သည် ဒေါသဖြင့်တုန်ယင်နေပြီး သူ၏မျက်လုံးများက မီးဝင်းဝင်းတောက်နေလေသည်။ သူက သွားများကို အတင်းကြိတ်လိုက်သောကြောင့် အဲဒါက ကျိုးကြေလုနီးပါးပင်ဖြစ်သွားလေသည်။
‘မင်းတို့အသားက အသက်ဓာတ်အဆီအနှစ် ပိုပြီးတော့ကြွယ်ဝတာပဲ.. ငါ လောလောဆယ် မင်းတို့အသက်တွေကို ချန်ထားပေးဦးမယ်.. အခုနေ မင်းတို့အကုန်လုံးကို သတ်လိုက်ရင် နောက်ကျရင် အသားတွေက လတ်ဆတ်တော့မှာ မဟုတ်ဘူး.. ဟီး ဟီး ဟီး ဟီး’
ယက္ခခေါင်းဆောင်က ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။
‘ဟမ့်’
ထိုစဉ်မှာပင် သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အနောက်ဘက်ဆီသို့ ချာခနဲ လှည့်ကြည့်လိုက်၏။
အသင်္ချေနယ်မြေမြို့တော်၏အနောက်ဘက်မှ ပုံရိပ်ရှစ်ခုက လေထဲကနေ ပျံသန်းလာကြ၏။ အဲဒီမှာ အမျိုးသားရော အမျိုးသမီးများပါ ပါကြလေသည်။ အမျိုးသားများက ချောမောကြည့်ကောင်းပြီး အမျိုးသမီးများက ကျော့ရှင်းလှပနေ၏။
သူတို့ထဲတွင် အမျိုးသမီးတစ်ယောက်၏ ခြေလက်များကို တုပ်နှောင်ထားပြီး သူမက ပင်ပန်းနွမ်းလျနေပုံပေါက်လေသည်။ သို့သော်လည်း.. သူတို့ထဲမှ အခြားခုနှစ်ယောက်ကတော့ ခပ်ဖျော့ဖျော့ အလင်းဖြင့် တောက်ပနေလေသည်။
ပကတိအရှင်ယွီကျွင်းနှင့် အခြားနှစ်ယောက်သည်လည်း အလိုလိုလှည့်ကြည့်လိုက်ကြ၏။
လေထဲတွင်.. နိုးထဝိညာဉ်လေးယောက်သည် အနောက်ဘက်ဆီသို့ ပြေးလွှားနေကြ၏။ သူတို့ထဲမှတစ်ယောက်သည် စိန်ကျောင်းတော်မှ ကိုယ်တော်ဝေဖူဖြစ်ပြီး အခြားတစ်ယောက်ကတော့ လှိုဏ်ခေါင်းကျောင်းတော်မှ ကိုယ်တော်ကျန့်ခုန်းဖြစ်လေသည်။
အခြားနှစ်ယောက်ကတော့ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းနှင့် ရှင်းသန့်လေပြေဘုရားကျောင်းမှ ပကတိအရှင်များဖြစ်ကြလေသည်။
သူတို့လေးယောက်သည် ဝင်ရောက်လာသော ပုံရိပ်ရှစ်ခုနှင့် ပက်ပင်းသွားတိုးလေသည်။
‘ထွက်သွားစမ်း’
ကိုယ်တော်ဝေဖူသည် ထွက်ပြေးဖို့အတွက် အလောတကြီးနိုင်နေပြီး သူက သူ့ရှေ့ရှိ လူရှစ်ယောက်ကို အရေးလုပ်မနေချေ။ သူက အော်ဟစ်လိုက်ပြီး သူ့သွေးချီက ရုန်းကြွလာကာ ဗုဒ္ဓဂိုဏ်း၏ခြင်္သေ့ဟိန်းသံနှင့် စိန်မိစ္ဆာနှိမ်နင်းလက်သီးကို ချက်ချင်းထုတ်ဖော်လိုက်၏။
‘ဟင်း ဟင်း’
လူရှစ်ယောက်၏ခေါင်းဆောင်က ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိသော အမျိုးသားတစ်ယောက်ဖြစ်လေသည်။ သူက အလွန်တရာ အရပ်ရှည်ပြီး နက်ရှိုင်းသော အကြည့်နှင့် ချောမောကြည့်ကောင်းလေသည်။ သူက ဝင်ရောက်လာသော ကိုယ်တော်ဝေဖူကိုကြည့်ပြီး မသိမသာ ပြုံးလိုက်၏။
ရွှေရောင်ဆံပင်နှင့်လူသည် ရှောင်လည်းမရှောင် နောက်လည်းမဆုတ်ဘဲ ရှေ့သို့တိုးဝင်သွား၏။
‘ငရဲကို ပြန်သွားလိုက်တော့’
သူ၏သွေးချီက ရုန်းကြွလာပြီး ရွှေရောင်ဖျော့ဖျော့ကို ထုတ်ပေးလာ၏။ သူ၏မျိုးဆက်သွေးက လည်ပတ်လာပြီး အဲဒီမှာ ဆူနာမီအသံများပင် ထွက်ပေါ်လာလေသည်။
သူ၏ခန္ဓာကိုယ်အတွင်းတွင် ရွှေရောင်သမုဒ္ဒရာတစ်စင်းကို ကွယ်ဝှက်ထားသည့်အလားပင်။
ရွှေရောင်ဆံပင်နှင့်လူသည် သူ၏လက်ကို တူညီစွာဆန့်ထုတ်ပြီး ပြန်လည်ထိုးသွင်းလိုက်၏။
ဘန်း..။
လက်သီးနှစ်လုံးက ထိတွေ့မိသွား၏။
အချိန်ကာလက အေးခဲသွားသည်ဟု ထင်ရလေသည်။
ကိုယ်တော်ဝေဖူသည် အဆုံးမဲ့သော နာကျင်မှုကို ခံစားသွားရပုံရပြီး သူ၏လက်မှ အရိုးမြည်သံ တဖြောက်ဖြောက်က ထွက်ပေါ်လာလေသည်။
ဖူး..။
သူသည် သွေးများကို ထွေးထုတ်လိုက်ရပြီး သူ၏အကြည့်က မှိန်ကျကာ လေထဲကနေ ပြုတ်ကျလာလေသည်။ သူ၏လက်က စုတ်ပြတ်သတ်သွားလေပြီ။
ဟင်း..။
ထွက်ပြေးနေကြသော ကျင့်ကြံသူများသည် ထိုသည်ကို မြင်သောအခါ လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြ၏။
‘နတ်.. နတ်ဘုရားမျိုးနွယ်ကလည်း ဒီကိုရောက်လာပြီလား’
ပကတိအရှင်ယွီကျွင်း၏ မျက်လုံးများသည် မျှော်လင့်ချက်မဲ့ခြင်းဖြင့် ပြည့်နှက်လာပြီး သူက ဝမ်းနည်းဖွယ်ရာ ရေရွတ်လိုက်၏။
‘ငါတို့ရဲ့ လူသားပြိုင်စံရှားတွေက အသင်္ချေနယ်မြေမြို့တော်မှာ ဒီလိုကပ်ဘေးနဲ့ တကယ်ပဲ ကြုံတွေ့ရတော့မှာပါလား’
******