ထွက်ပြေးလွတ်မြောက်သွားခြင်း
Vol. 51 Ch. 761
ယက္ခမျိုးနွယ်၏ရောက်ရှိလာမှုတွင် သီယင်း၏ ပထမဆုံးတုံ့ပြန်မှုမှာ တုန်လှုပ်သွားခြင်းပင်။ အဲဒီနောက်.. သူသည် တစ်စုံတစ်ရာကို တဖြည်းဖြည်း သဘောပေါက်သွားပြီး ကျေနပ်နှစ်ခြိုက်သွားလေသည်။
‘ကောင်းကင်ဘုံက ငါ့ဘက်မှာ ရှိလာပြီပဲ’
သီယင်းသည် လိမ္မာပါးနပ်ပြီး ဤသည်ကသာလျှင် သူ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်နိုင်ကြောင်း နားလည်သွားလေသည်။
ဆူဇီမိုသည် ကမ္ဘာဦးမျိုးနွယ်ကိုးစုနှင့် ပတ်သက်၍ သိမြင်နားလည်မှု များများစားစား သိပ်မရှိပေ။
ဘာပဲပြောပြော.. အဲဒါက ရှည်လျားကြာမြင့်ခဲ့ပြီဖြစ်သော ခေတ်ကာလတစ်ခုပင်။
ဆူဇီမို၏ထင်မြင်ချက်မှာ.. မျိုးနွယ်စုတိုင်း၌ ကောင်းသော ၊ ဆိုးသော ၊ ကြင်နာတတ်သော သို့မဟုတ် ဆိုးယုတ်သောလူများက ရှိတတ်ကြလေသည်။
လူသားမျိုးနွယ်များကြားမှာဆိုလျှင် ထိုအချက်က ပို၍ထင်ရှားလေသည်။
သို့သော်လည်း.. သူ့ရှေ့ရှိယက္ခသည် မဟာချွမ်အင်ပါယာချိတ်စည်းနှင့် ရစ်ခွေနဂါးချိတ်စည်းကို ရယူလိုချင်နေ၏။ အဲဒါက ဆူဇီမို၏သတ်ဖြတ်လိုစိတ်ကို ထပ်မံနှိုးဆွပေးလိုက်လေသည်။
ဤဝင်ရောက်လာသူက ရန်လိုစိတ်ရှိနေပြီး သူ၏ရတနာများအတွက် သူ့ကို သတ်ဖြတ်ချင်နေသည်မှာ သိသာလေသည်။
ဆူဇီမိုက အမူအရာကင်းမဲ့နေပြီး မဟာချွမ်အင်ပါယာချိတ်စည်းနှင့် ရစ်ခွေနဂါးချိတ်စည်းကို သူ၏သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။
‘မင်းကတော့ သေချင်နေတာပဲ’
လေထဲရှိ ယက္ခသည် ဆူဇီမို ပြုလုပ်လိုက်သည်ကို မြင်သောအခါ ဒေါသူပုန်ထသွား၏။ သူက အေးစက်စွာ သရော်ပြုံးလိုက်ပြီး သူ၏သွေးစွန်းနေသော သွားစွယ်များကို ထုတ်ပြကာ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
ရုတ်တရက်.. သီယင်းက တည်တံ့စွာဖြင့် ပြောလိုက်လေသည်။
‘ဆူဇီမို.. ငါတို့ တိုက်ခိုက်နေတာကို ရပ်ပြီးတော့.. အရင်ဆုံး ငါတို့နှစ်ယောက် ရှင်သန်ဖို့အတွက် ထွက်ပြေးကြရအောင်’
‘ထွက်ပြေးရမှာလား’
ဆူဇီမိုက ခေါင်းခါလိုက်၏။
‘မင်းက မြေပဲလျှိုးလျှိုး မိုးပဲပျံပျံ.. မင်း ထွက်ပြေးဖို့အတွက် နေရာမရှိစေရဘူး’
‘ဟီး ဟီး.. ယက္ခမျိုးနွယ်က ရောက်လာပြီ”
‘မင်းကိုယ်တိုင်တောင် အသက်ရှင်နိုင်ပါ့မလား မရေရာတာကို.. ငါ့ကို မင်းက သတ်ချင်နေသေးတာလား’
သီယင်းက အေးစက်စွာဖြင့် ရယ်မောလိုက်၏။
` ‘နောက်ပြီး.. မင်းက အသက်ရှင်နိုင်ခဲ့ရင်တောင် အသင်္ချေနယ်မြေမြို့တော်ထဲမှာ ကျန်ခဲ့တဲ့ မင်းရဲ့မိတ်ဆွေတွေအတွက်ကော ဘယ်သူက အာမခံပေးမှာလဲ’
ဆူဇီမိုက ရင်ထဲမှာ နင့်သွား၏။
တကယ်တော့.. ယက္ခမျိုးနွယ်ပေါ်လာကတည်းက သူသည် သူတို့ဘယ်လောက်များများ ရောက်လာသလဲဆိုတာကို တွေးမိနေပြီးဖြစ်လေသည်။
သူက တစ်ယောက်တည်းမဟုတ်ဘူးဆိုလျှင် ကျန်တဲ့ယက္ခတွေက ဘယ်ကိုရောက်သွားကြတာလဲ။
နတ်ဘုရားမျိုးနွယ်သည် နန်းကြည်ကို ဖမ်းခေါ်သွားခဲ့ပြီး သူတို့ကလည်း ထွက်ပေါ်မလာသေးပေ။ သူတို့ကကော အခု ဘယ်ကိုရောက်နေကြတာလဲ။
ဒီတစ်ခေါက် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို ရှေ့သို့တိုး၍ ကျင်းပခဲ့ရသည့်အကြောင်းရင်းမှာ.. ရှေးဟောင်းတိုက်ပွဲမြေတွင် ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်တို့ ပေါ်ပေါက်လာခြင်းကြောင့်များ ဖြစ်နေမလား…။
မအီမသာဖြစ်စေသော အတွေးများက ဆူဇီမို၏စိတ်ထဲမှာ တစ်ခုပြီးတစ်ခုပေါ်လာ၏။
‘ဆူဇီမို.. မင်းက အသင်္ချေနယ်မြေမြို့တော်ကို မြန်မြန်ပြန်ပြီးတော့ မင်းရဲ့မိတ်ဆွေတွေနဲ့ စိတ်ဝိညာဉ်တောကောင်တွေကို သွားပြီးစစ်ဆေးကြည့်သင့်တယ်လို့ ငါအကြံပေးချင်တယ်.. မင်း အခုနေ စောစောပြန်သွားရင် သူတို့ရဲ့အလောင်းကို မြင်ရနိုင်သေးတယ်’
သီယင်းက နောက်ဆုတ်သွားရင်း ပြောလိုက်၏။
ဆူဇီမို၏အမူအရာက ချက်ချင်းသုန်မှုန်လာပြီး သူ၏မျက်လုံးများထဲမှာ ရူးသွပ်သွားသည့်အလင်းများက ဖျတ်ခနဲပေါ်လာ၏။ သူက ရှေ့သို့တက်လာရင်း အေးစက်စွာဖြင့် ပြောလိုက်လေသည်။
‘မင်းကို သေချာအောင် ငါအရင်သတ်မယ်.. ပြီးမှ ငါ ပြန်သွားမယ်’
‘မင်းတို့ ပုရွက်ဆိတ်နှစ်ကောင်က ငါ့ကို လျစ်လျူရှုထားရဲတယ်ပေါ့’
လေထဲရှိ ယက္ခသည် သူ၏ဂုဏ်သိက္ခာက ပြင်းထန်စွာ စော်ကားခံရသည်ဟု ခံစားလိုက်ရပြီး မျက်လုံးပြူး၍ အော်ဟစ်လိုက်၏။
သူ့ရှေ့ရှိလူနှစ်ယောက်သည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနှစ်ယောက်ဖြစ်သည်ဆိုတာကို သူက သိနိုင်စရာ အကြောင်းမရှိပေ။ သူတို့နှစ်ယောက်သည် ဒီဘက်မျိုးဆက်၏ အသန်မာဆုံးပြိုင်စံရှားများဟု သတ်မှတ်လို့ရပြီး သမိုင်းတစ်လျှောက်မှာပင် ရှားရှားပါးပါး ပြန်ဝင်စားမွန်းစတားများ ဖြစ်ကြလေသည်။
ဆူဇီမို မပြောနှင့်.. ယက္ခမျိုးနွယ်ကို မြင်ရပြီးနောက် သီယင်း၏ ပထမဆုံးတုံ့ပြန်မှုမှာတောင် ထွက်ပြေးဖို့ မဟုတ်ပေ။
သူ၏အထွတ်အထိပ်အခြေအနေမှာ ရှိနေလျှင် သူက သူ့ရှေ့ရှိ ယက္ခမျိုးနွယ်ကို အနိုင်ယူဖိနှိပ်နိုင်ဖို့ လုံလောက်အောင် သန်မာသည်ဟု သီယင်းက သူ့ကိုယ်သူ ယုံကြည်ထားလေသည်။
သီယင်းကို တစ်ကယ်တမ်း ခြိမ်းခြောက်နိုင်စွမ်းပေးနေသည်မှာ ဆူဇီမိုပင်ဖြစ်နေလေသည်။
သီယင်းသည် လျင်မြန်စွာ နောက်ဆုတ်နေပြီး ဆူဇီမိုက သူ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်နေ၏။
ပြန်ဝင်စားမွန်းစတားနှစ်ယောက်သည် ယက္ခမျိုးနွယ်ကို လုံးဝလျစ်လျူရှုထားလေသည်။
ဝှစ်..။
လေထဲတွင် နက်မှောင်နေသော အလင်းစက်တစ်ခုက ဖြတ်သန်းလာ၏။
အဲဒါက ရောက်မလာခင်မှာပင်.. ဆူဇီမိုသည် ဦးရေပြားက ရိုးတိုးရွတဖြစ်လာသည်ကို ခံစားလိုက်ရသည်။
ယက္ခမျိုးနွယ်က တိုက်ခိုက်လိုက်လေပြီ…။
ဆူဇီမိုက သူ့ကို လျစ်လျူရှုထားပြီး မဟာချွမ်အင်ပါယာချိတ်စည်းနှင့် ရစ်ခွေနဂါးချိတ်စည်းကို ပြန်သိမ်းလိုက်သောကြောင့် သူက ဒေါသူပုန်ထနေလေသည်။ ထိုသို့ဖြင့်.. သူ၏ပထမဆုံးပစ်မှတ်က ဆူဇီမိုဖြစ်လေသည်။
‘မြန်လိုက်တာ’
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။
သူ၏အထွတ်အထိပ်အခြေအနေမှာဆိုလျှင်တောင် သူ၏အမြန်နှုန်းက ထိုအဆင့်သို့ရောက်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း.. ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားပြီး သူက ကြိုတင်အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားလေသည်။
လေက စတင်၍ မတိုက်ခတ်သေးခင်မှာပင် ဆောင်ဦးဝင်တော့မည်ကို ပုစဉ်းရင်ကွဲက ကြိုသိသလိုပင်။
သူ၏ခန္ဓာကိုယ်က အန်နာကွန်ဒါတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်မှာ ပြားခနဲ ဝပ်သွားပြီး မြက်ပင်များအကြား လျှောထိုးကာ သီယင်းဆီသို့ မလျော့ကျသော အရှိန်ဖြင့် ဆက်လက်လိုက်သွားလေသည်။
သီယင်း၏အမြင်မှာတော့ ဆူဇီမိုသည် မြက်ပင်များအကြား ဝပ်၍ပျောက်ကွယ်သွားခဲ့လေသည်။
ရှဲ.. ရှဲ..
ရှေးကျသော အန်နာကွန်ဒါတစ်ကောင်သည် ကြမ်းကြုတ်ခက်ထန်သော အော်ရာနှင့်အတူ လျှောတိုက်သွားလာနေသည့်အလား မြက်ပင်များက ယိမ်းထိုးလာလေသည်။
သီယင်း၏အမူအရာက ပြောင်းလဲသွားပြီး ခေါင်းနပန်းကြီးလာလေသည်။
သူက တွေဝေခြင်းမရှိ ပြင်းထန်စွာဖြင့် ပြန်လည်ထိုးနှက်လိုက်၏။
ဝှစ်..
ပြင်းထန်မာကြောသော တိုက်ခိုက်မှုတွင် ဆူဇီမို၏ခန္ဓာကိုယ်သည် ရုတ်တရက် ပျော့ပျောင်းသွားလေသည်။ သူက လက်နှစ်ဖက်ကိုမြှောက်၍ သီယင်း၏ကိုယ်ပေါ်သို့ တွယ်တက်သွားပြီး ထိုသူကို ရစ်ပတ်လိုက်၏။
သူသည် သီယင်း၏ထိုးချက်ကို ရှောင်ရှားပြီးနောက် အန်နာကွန်ဒါရစ်ပတ်ခြင်းကို ထုတ်ဖော်လိုက်လေသည်။
ဟူး..ဟူး...
သီယင်းသည် ကြက်သေသေသွားပြီး သူ၏နားထဲတွင် ကြီးမားသည့်လေလုံးကြီးတစ်လုံးက ဆက်တိုက်စုပ်ယူလိုက်သည့်အလား လေသံတဟူးဟူးများကို ကြားလိုက်ရလေသည်။
အဲဒါသည်.. ဆူဇီမိုက သူ့ပါးစပ်ကို ဟပြီး လေများကို ရှုသွင်းလိုက်ခြင်းဖြစ်လေသည်။
ဆူဇီမို၏ခန္ဓာကိုယ်သည် သိသိသာသာ ဖောင်းကားလာပြီး သွေးချီများက ရုန်းကြွလာကာ.. သူက သီယင်း၏ကိုယ်ပေါ်သို့ ကြောက်စရာကောင်းသည့်ဖိအားတစ်ခုကို ဆက်တိုက်ထုတ်ဖော်လိုက်လေသည်။
အဲဒါသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်လေသည်။
မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ပကတိသက်ရှိ ၊ ဖန်သားနန်းတော်၏ ရှီးဝူယာသည် ထိုနည်းစနစ်နှင့်ပင် ဆူဇီမို၏လက်ထဲမှာ သေခဲ့ရလေသည်။
ယနေ့အခါမှာတော့.. ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ်ပကတိသက်ရှိဖြစ်ခဲ့ဖူးသူကို အန်နာကွန်ဒါရစ်ပတ်ခြင်းဖြင့်ပင် သတ်ဖြတ်ဖို့ ကြိုးစားနေလေပြီ။
ဖျောက်.. ဖျောက်… ဖျောက်..။
သီယင်း၏ဘေးပတ်လည်ရှိ အကာအရံအလင်းလွှာထံမှ ဖြိုးဖြိုးဖျောက်ဖျောက် မြည်သံများက ထွက်ပေါ်လာပြီး အဲဒါက အချိန်မရွေး ပျက်ပြယ်တော့မည့်အလား တဖျပ်ဖျပ်ဖြစ်လာလေသည်။
ထိုအကာအရံအလင်းလွှာက ကြေမွသွားမည်ဆိုလျှင် သူက ဤကဲ့သို့သော ဖျစ်ညှစ်စွမ်းအားကို ခုံခံနိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလို…
ဆူဇီမို၏လည်ပင်းဆီသို့ အေးစက်စက် အလင်းတစ်ခုက လှီးဖြတ်ဖို့အတွက် ဖြတ်သန်းလာ၏။
ဤသည်က သီယင်းကို သတ်ဖြတ်ဖို့အတွက် ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်ပြီး ဤတစ်ကြိမ်လွဲချော်သွားလျှင် သူက ဤအခွင့်အရေးမျိုး နောက်ထပ်ရဖို့ မလွယ်ကူတော့ပေ။
သူသည် အန္တရာယ်ကို အာရုံခံမိသော်လည်း ဆူဇီမို၏ခန္ဓာကိုယ်သည် သီယင်း၏ကိုယ်ကို ဆက်လက်ရစ်ပတ်ထားဆဲဖြစ်ပြီး သူ့ခွန်အားကို စိုက်ထုတ်ထား၏။ တချိန်တည်းမှာပင်.. သူ၏ဘယ်ဘက်လက်နှင့် ဝင်ရောက်လာသော အေးစက်စက်အလင်းကို တန်ပြန်ထိုးနှက်လိုက်၏။
‘မင်းကတော့ သေချင်နေတာပဲ’
ယက္ခ၏အသံက ထွက်ပေါ်လာ၏။
ချွမ်း..။
သတ္တုချင်းထိခိုက်သံက ထွက်ပေါ်လာလေသည်။
အေးစက်သောအလင်းသည် တောင့်ခဲသွားပြီး သူ၏အစစ်အမှန်ပုံစံက ထွက်ပေါ်လာ၏။ အဲဒါက… တုန်လှုပ်စရာပုံစံဖြင့် ကွေးညွှတ်ထားသော အေးစက်စက် ဆေဘာတစ်လက်ဖြစ်လေသည်။
ယခုအခါ ဆူဇီမိုသည် သူ၏လက်ဝါးထဲမှာ ကွေးညွှတ်ထားသော ဆေဘာကို ဆုပ်ကိုင်ထား၏။
သို့သော်လည်း.. သူ၏လက်က မည်သည့်ဒဏ်ရာမှ မရရှိဘဲ ပကတိကောင်းမွန်လေသည်။
ဆူဇီမို၏ဘယ်ဘက်လက်တွင် ဖန်သားနန်းတော်ပြိုင်စံရှားထံမှ သူရရှိခဲ့သော မူလအဆင့်စိတ်ဝိညာဉ်လက်အိတ်ကို စွပ်ထားလေသည်။ ထို့ကြောင့် သူက ထိခိုက်ဒဏ်ရာရရှိလိမ့်မည် မဟုတ်ပေ။
ယက္ခမျိုးနွယ်သည် ခဏမျှ မှင်တက်သွား၏။ သို့သော်လည်း.. သူသည် ငေးငိုင်နေရာကနေ ချက်ချင်းနိုးကြားလာပြီး ဆူဇီမို၏လည်ပင်းဆီသို့ အလွန်တရာမြန်ဆန်စွာဖြင့် ထပ်မံခုတ်ပိုင်းလိုက်၏။
ရွေးချယ်စရာ မရှိတော့ဘဲ ဆူဇီမိုသည် သွေးသောက်သူကို လက်ပြန်ဆွဲထုတ်ပြီး အရှေ့သို့ ခုတ်ပိုင်းလိုက်ရ၏။
ချွမ်း..။
ဓားသွားနှင့် ဆေဘာသွားက ရိုက်ခတ်မိသွား၏။
ယက္ခ၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ၏မျက်လုံးများထဲတွင် တုန်လှုပ်ချောက်ခြားသည့်အရိပ်က ပေါ်လာလေသည်။
ဤလူသားကျင့်ကြံသူ၏ခွန်အားသည် သမုဒ္ဒရာကဲ့သို့ အဆုံးအစမဲ့ပြီး ခုခံဖို့ရာမဖြစ်နိုင်ပေ။
အဲဒါက ခုတ်ချက်တစ်ချက်သာဆိုသော်လည်း သူ၏လက်နှစ်ဖက်က ထုံကျင်သွားပြီး သူ၏ဆေဘာကွေးသည် သူ့လက်ထဲကနေ လွတ်ထွက်သွားတော့မတတ်ပင်။
‘မဖြစ်နိုင်တာ’
‘လူသားတွေက အသုံးမကျတဲ့ မျိုးဆက်သွေးနဲ့ မွေးရာပါအားနည်းလာကြတာပဲ… ကျင့်ကြံသူတစ်ယောက်က ဒီလောက်ခွန်အားကို ဘယ်လိုလုပ်ထုတ်နိုင်မှာလဲ’
‘ငါက ခွန်အားအရာမှာတော့ သူနဲ့ယှဉ်မတိုက်နိုင်တော့ဘူး’
ဖျတ်ခနဲဆို အတွေးတစ်ခုက ယက္ခမျိုးနွယ်၏စိတ်ထဲသို့ ဝင်ရောက်လာပြီး သူက သူ့ပြိုင်ဘက်ကို အထင်သေးခြင်းအား ရပ်တန့်လိုက်၏။ နောက်ခဏ၌.. သူသည် ဆူဇီမို၏နောက်မှာ ပြန်ပေါ်လာ၏။
သူ၏လှုပ်ရှားမှုနည်းစနစ်က တကယ့်ကို အံ့မခန်းပင်။
ယက္ခ၏တိုက်ခိုက်မှုကို ခုခံဖို့ရာ ဆူဇီမိုသည် သူ့လက်နှစ်ဖက်ကို လွှတ်လိုက်ရ၏။ ထိုအခါ.. သူ၏ခြေနှစ်ဖက်နှင့် ခါးအားက သီယင်းကို ဆက်လက်ချုပ်နှောင်ထားနိုင်ခြင်း မရှိတော့ပေ။
သီယင်းသည် အော်ဟစ်ညည်းတွား၍ သူ၏ခန္ဓာကိုယ်အတွင်းမှ အရိုးမြည်သံ တဖျောက်ဖျောက်က ထွက်ပေါ်လာ၏။ သူ၏အရွတ်များနှင့် အရိုးများထံမှ အသံဗလံများက တပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။ ရုတ်တရက်ဆိုသလို.. သူ၏ခန္ဓာကိုယ်က ကျုံ့ဝင်သွားပြီး ရရှိလာသော အခွင့်အရေးကို အသုံးချကာ ဆူဇီမို၏ရစ်ပတ်မှုကနေ ရုန်းထွက်လိုက်နိုင်၏။
‘ဟီး..ဟီး..ဟီး..ဟီး’
သီယင်းသည် အကွာအဝေးတစ်ခုသို့ရောက်သွားပြီး မကောင်းဆိုးရွားဆန်ဆန် ရယ်မောလိုက်၏။
‘ဆူဇီမို… ငါတို့ နောက်ကျရင် ပြန်တွေ့ကြသေးတာပေါ့.. အဲ့ကျမှ ငါက သေချာပေါက် မင်းကို လက်စားပြန်ချေမယ်’
‘နှမျောဖို့ကောင်းလိုက်တာကွာ’
ဆူဇီမိုသည် ထွက်ပြေးသွားသော သီယင်း၏ပုံရိပ်ကိုကြည့်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်၏။
သူသည် ယက္ခမျိုးနွယ်နှင့် ရင်ဆိုင်တိုက်ခိုက်နေရပြီဖြစ်သောကြောင့် သီယင်းနောက်ကို ဆက်လက်၍လိုက်နိုင်ခြင်း မရှိတော့ပေ။
ဒါ့အပြင်.. အသင်္ချေနယ်မြေမြို့တော်နှင့်ပတ်သက်၍ သူက တကယ်လည်း စိုးရိမ်ပူပန်နေ၏။
သီယင်းနောက်သို့ ဆက်လိုက်မည်ဆိုလျှင် အချိန်ဘယ်လောက်ကြာဦးမည်ကို သူက မဆုံးဖြတ်နိုင်တော့ပေ။
‘ဒီယက္ခကို အရင်ဆုံး သတ်ပြီးတော့ ငါ မြန်မြန်ပြန်ရမယ်’
ထိုသို့အတွေးနှင့်.. ဆူဇီမိုသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခါ၍ သွေးသောက်သူက ပြင်းထန်သော သွေးချီအားဖြင့် ကျယ်လောင်စွာ တုန်ခါလာ၏။
ဆူဇီမိုသည် ဓားသွားပေါ်ကို ညင်သာစွာ ပွတ်သပ်ပြီး ခက်ထန်သောလေသံဖြင့် ပြောလိုက်၏။
‘ညီကို.. ဒီနေ့ ယက္ခတစ်ကောင်ရဲ့သွေးက ဘယ်လိုအရသာရှိလဲဆိုတာ မင်းကိုငါ မြည်းစမ်းကြည့်ခိုင်းမယ်’
******