အမှောင်မိုက်ဆုံးအခန်း
Vol. 51 Ch. 763
သူတို့၏တိုက်ခိုက်မှုအချိန်အတောအတွင်းက အလွန်တရာတိုတောင်းသည်ဟု ပြောလို့ရလေသည်။
သို့သော်လည်း.. ထိုအချိန်အတောအတွင်း အခြေအနေများက ဘယ်လောက်တောင် အန္တရာယ်များခဲ့ကြောင်း သူတို့သာလျှင် သိလေသည်။
ယက္ခ၏စကားလုံးများက ဆူဇီမို၏စိတ်အခြေအနေပေါ် သက်ရောက်မှုရှိပြီး သူက ဟာကွက်တစ်ခုကို တကယ်ပဲ ထုတ်ဖော်ခဲ့မိလျှင် သို့မဟုတ် သူ၏တုံ့ပြန်မှုက အနည်းငယ်နှေးကွေးသွားခဲ့လျှင် သူက မြေပြင်ပေါ်မှာ လဲလျောင်းနေသော အလောင်းတစ်လောင်းဖြစ်နေလောက်လေပြီ။
ဆူဇီမိုသည် သုန်မှုန်နေသော အကြည့်ဖြင့် ယက္ခ၏အလောင်းကို စိုက်ကြည့်လိုက်၏။
ယက္ခပြောခဲ့သော အရာအများစုက အမှန်ပင်ဖြစ်လေသည်။
ဆူဇီမိုသည် သူတော်ကောင်းတစ်ယောက် မဟုတ်ဘဲ လူတိုင်းကို ကယ်ဆယ်နိုင်လိမ့်မည်ဟု တွေးတောမထားပေ။ သို့သော်လည်း အသင်္ချေနယ်မြေမြို့တော်တွင်.. ဖက်တီးလေး ၊ မျောက်နှင့် အခြားသူများ၏ကံကြမ္မာက မသိရပေ။ သူက ကိစ္စများကို စစ်ဆေးဖို့အတွက် အဲဒီကို သေချာပေါက် ပြန်သွားရပေမည်။
အသင်္ချေနယ်မြေမြို့တော်၏အခြေအနေက အတော်လေးဆိုးရွားပုံရလေသည်။
ကိစ္စများသည် သူထင်ထားသည်ထက် ပို၍ဆိုးရွားနေတာပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ယက္ခမျိုးနွယ်တစ်ယောက်ကတောင် ကိုင်တွယ်ဖို့အတွက် ဒီလောက်တောင် ခက်ခဲနေလေသည်။
အသင်္ချေနယ်မြေမြို့တော်မှာ.. ယက္ခမျိုးနွယ်မှ လူပေါင်းတစ်ရာကျော် တကယ်ပဲ ရှိနေမည်ဆိုလျှင် ဆူဇီမိုသည် သူ့ကိုယ်သူ ယုံကြည်မှု သိပ်ရှိတော့မည် မဟုတ်ပေ။
ဒါ့အပြင်.. သေဆုံးသွားသော ယက္ခ၏စကားမှတဆင့် ဆူဇီမိုသည် သူတို့ထဲမှာ ယက္ခခေါင်းဆောင်တစ်ယောက်လည်း ပါလာသည်ကို သိလိုက်ရ၏။
ယက္ခခေါင်းဆောင်၏ခွန်အားသည် နိုးထဝိညာဉ်တစ်ယောက်နှင့် သေချာပေါက် ယှဉ်နိုင်လောက်လေမည်။
ယခုအချိန်တွင်.. သူ့အတွက် စိတ်အချရဆုံး ရွေးချယ်မှုမှာ ဆေးလုံးများကို စားသုံးပြီး နေရာမှာပင် အားအင်ပြန်လည်ဖြည့်တင်းဖို့ဖြစ်လေသည်။
သူက သူ၏အထွတ်အထိပ်အခြေအနေသို့ ပြန်မရသေးဘူးဆိုလျှင်တောင်.. သူ၏စိတ်ဝိညာဉ်စွမ်းအင် အနည်းဆုံး ၈၀ရာခိုင်နှုန်းလောက် ပြန်ရပါက သူ့အတွက် စိတ်အချရဆုံးဖြစ်ပေလိမ့်မည်။
သို့သော်လည်း.. ဆူဇီမိုသည် ဖက်တီးလေးနှင့် အခြားသူများကို တကယ်ပဲ စိုးရိမ်ပူပန်နေ၏။ သူက ထိုအကြောင်းကို တွေးလေလေ.. ပို၍ စိတ်မသက်မသာဖြစ်လာလေ ခံစားရ၏။
ခဏမျှတိတ်ဆိတ်နေပြီးနောက်.. သူက အသင်္ချေနယ်မြေမြို့တော်သို့ ချက်ချင်းပြန်ရောက်ဖို့ ဆုံးဖြတ်လိုက်၏။
‘ကျေးဇူးပြုပြီး သူတို့ ဘာမှမဖြစ်ကြပါစေနဲ့’
ဆူဇီမိုသည် အေးစက်စက်အကြည့်နှင့်အတူ တီးတိုးရေရွတ်လိုက်၏။ ဖျတ်ခနဲဆို သူက အသင်္ချေနယ်မြေမြို့တော်ဆီသို့ ပြေးလွှားလိုက်လေသည်။
ကောင်းကင်ထက်တွင် သွေးချီများက ရုန်းကြွနေပြီး အငြိုးကြီးသော စိတ်ဝိညာဉ်များက အသင်္ချေနယ်မြေမြို့တော်မှာ လှည့်ပတ်နေကြ၏။
လမ်းမပေါ် ၊ ခေါင်မိုးနှင့် တစ်ထောင့်တစ်နေရာမကျန် ခြေလက်များက ပြန့်ကျဲနေပြီး အေးစက်စက်အလောင်းများကို မြင်နိုင်လေသည်။ အဲဒါက အလွန်ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်လေသည်။
လေထဲတွင်.. အနက်ရောင်အလင်းစက်များက လှည့်ပတ်သွားလာနေကြဆဲဖြစ်၏။
မကောင်းဆိုးရွားဆန်သော ရယ်မောသံများကိုလည်း နေရာအနှံ့ကြားနေရ၏။
ယက္ခမျိုးနွယ်တစ်ယောက်သည် သူ့လက်ထဲမှ ကျင့်ကြံသူတစ်ယောက်ကို အရှင်လတ်လတ် ဆွဲခါရမ်းလိုက်၏။ သူက ထိုသူ၏အသားများကို ပလုတ်ပလောင်းဖြင့် ကိုက်ဝါးလိုက်ပြီး သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် အစိမ်းရောင်တောက်လာ၏။
ပြိုင်စံရှားပေါင်း တစ်သိန်းကျော်ကျော်ထဲတွင် တစ်ဝက်လောက်က သေကုန်ကြပြီဖြစ်ပြီး ဒဏ်ရာရသူများကလည်း များပြားကြလေသည်။
‘ငါပြောပြီးပြီ… ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ သွားခွင့်မပြုဘူး’
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် လေထဲမှာရပ်ပြီး ဖော်မပြတတ်အောင် ကြောက်လန့်နေကြသော ကျင့်ကြံသူများကို ငုံ့ကြည့်လိုက်၏။ သူ၏လေသံက တည်ငြိမ်နေသော်လည်း မငြင်းဆန်နိုင်သော အမိန့်အာဏာစက်ကို ပိုင်ဆိုင်ထား၏။
မည်သူကမှ နတ်ဘုရားမျိုးနွယ်ကို စိန်မခေါ်ရဲပေ။
နတ်ဘုရားမျိုးနွယ်ကို စိန်ခေါ်ရဲ့သည့်သူ မည်သူမဆို သူတို့ကို သေခြင်းတရားကသာ စောင့်ကြိုနေလေသည်။
တဖြည်းဖြည်းနှင့်.. ကျင့်ကြံသူအချို့သည် ထွက်ပြေးဖို့အတွက် သူတို့၏ကြိုးပမ်းနေမှုကို ရပ်တန့်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲမှာ အဆုံးမဲ့သော စိတ်ပျက်လက်ပျက်ခြင်းများက ပြည့်နှက်လာ၏။
သူတို့ထဲမှ အချို့သည် သူတို့၏ဝိညာဉ်များကို ဆုံးရှုံးသွားရသည့်အလား.. သွေးအိုင်ထဲတွင် လဲကျနေသော အလောင်းများကို မျက်တောင်မခတ်ဘဲ ငူငူငိုင်ငိုင်နှင့် စိုက်ကြည့်နေမိကြ၏။
‘ကောင်းတယ်’
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏နှုတ်ခမ်းက တွန့်ကွေးသွားပြီး အေးစက်စွာဖြင့် ထပ်ပြောလိုက်၏။
‘မင်းတို့တွေ ငါ့အမိန့်ကိုနာခံပြီး အေးဆေးနေမယ်ဆိုရင်.. ငါက မင်းတို့ကို အကြောင်းမဲ့သက်သက် သတ်ဖြတ်မှာမဟုတ်ဘူး… နောက်ပြီး ငါက ယက္ခမျိုးနွယ်တွေလို မင်းတို့ကို စားသောက်မှာလည်း မဟုတ်ဘူး’
နတ်ဘုရားမျိုးနွယ်၏မျက်လုံးများထဲတွင် လူသားများသည် အလွန်တရာပေါပဲလွန်းပြီး သူတို့၏အသားများက အတော်လေးကို ညစ်ညမ်းလေသည်။ သူတို့က ထိုကဲ့သို့သော နိမ့်ကျသည့်တစ်စုံတစ်ရာကို စားသောက်ကြမှာ မဟုတ်ပေ။
‘ဟမ့်’
ထိုသည်ကိုကြားသောအခါ.. လေထဲရှိ ယက္ခခေါင်းဆောင်သည် အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး သူ၏လက်ကိုမြှောက်ကာ ပြောလိုက်၏။
‘ကလန်သားတို့.. မင်းတို့ စားလို့ဝကြပြီလား’
‘ကျုပ်အစာအိမ်က ဖောင်းကားလွန်းလို့ ပေါက်တောင်ထွက်တော့မယ်… အဲဒါက အရမ်းမိုက်တာပဲ’
ယက္ခတစ်ကောင်က အော်ဟစ်ရယ်မောလိုက်၏။
ယက္ခခေါင်းဆောင်သည် ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းပြကာ ထုတ်ဖော်ကြေညာလိုက်၏။
‘လူသားမျိုးနွယ်က ပုရွက်ဆိတ်တွေ.. နားထောင်ကြ.. မင်းတို့တွေ အသင်္ချေနယ်မြေမြို့တော်ထဲမှာ အသာတကြည်နဲ့နေပြီးတော့ ထွက်ပြေးဖို့အတွက် စိတ်မကူးကြဘူးဆိုရင်.. ငါတို့ယက္ခမျိုးနွယ်ကလည်း မင်းတို့ရဲ့အသက်တွေကို လောလောဆယ် ချမ်းသာပေးနိုင်တယ်’
‘ခေါင်းဆောင်… ကျုပ်တို့က စားလို့ဝပြီဆိုပေမဲ့လို့ သတ်လို့ဖြတ်လို့ မဝသေးဘူး’
ယက္ခတစ်ယောက်က သူ၏မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုများဖြင့် အော်ဟစ်ပြောဆိုလိုက်၏။
‘မင်း ဘာသိလို့လဲ’
ယက္ခခေါင်းဆောင်က ဆိုးယုတ်စွာဖြင့် ပြုံးလိုက်၏။
‘ငါတို့က ဒီလူတွေကို တခါတည်း အကုန်သတ်လိုက်မယ်ဆိုရင် နောက်နေ့ဆို သူတို့ရဲ့အသားတွေက လတ်ဆတ်တော့မှာ မဟုတ်ဘူး… ငါတို့က အသင်္ချေနယ်မြေမြို့တော်ထဲမှာ နေဦးမှာဆိုတော့ နောက်နေ့စားဖို့အတွက် ချန်ထားရဦးမယ်’
‘ခေါင်းဆောင်.. ခင်ဗျားပြောတာလဲ ဟုတ်သားပဲ’
များစွာသော ယက္ခများသည် တပြိုင်နက်တည်းအော်ဟစ်၍ သူတို့၏မျက်လုံးများက ဝင်းလက်သွားကြသည်။
ပကတိအရှင်ယွီကျွင်းသည် ထိုအသံများကို ကြားသောအခါ ဒေါသဖြင့် တုန်ယင်လာ၏။
ကိုယ်တော်ယင်လူက လေးတွဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ ဖြစ်ပျက်သမျှအရာရာကို သူမြင်ရသောအခါ.. သူသည် ကမ္ဘာဦးခေတ်က မျိုးနွယ်စုတစ်သောင်း၏ ကျွန်ပြုခြင်းခံရသော လူသားမျိုးနွယ်များ၏ စိတ်ပျက်လက်ပျက်ခြင်းနှင့် ကူကယ်ရာမဲ့မှုတို့ကို ခံစားမိလာ၏။
များစွာသော ကျင့်ကြံသူများသည် သူတို့၏ ထွက်ပြေးဖို့ ကြိုးစားနေခြင်းကို ရပ်တန့်လိုက်၏။
သူတို့သည် မြို့တော်ထဲကနေ ထွက်ပြေးဖို့ ဆက်လက်ကြိုးပမ်းနေမည်ဆိုလျှင်.. သူတို့က အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့သည် အသင်္ချေနယ်မြေမြို့တော်ထဲမှာ ဆက်နေမည်ဆိုလျှင်.. အနည်းဆုံး လောလောဆယ်အတွက်တော့ သူတို့က အသက်ရှင်နိုင်သေးလေသည်။
‘နန်းကြည်က နတ်ဘုရားမျိုးနွယ်ရဲ့လက်ထဲမှာ.. ငါက ထွက်သွားလို့မရဘူး.. ရှင်တို့တွေ အရင်ဆုံးထွက်သွားပြီး အစ်ကိုကြီးကိုသွားရှာ.. ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ဒီကိုပြန်မလာစေနဲ့’
ချင်ချင်က တွေဝေနေသော အမူအရာဖြင့် ခဏမျှတွေးဆပြီးနောက်.. နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်၏။
ဖက်တီးလေးနှင့်အခြားသူများက နန်းကြည်ကို မသိကြပေ။
သို့သော်လည်း ချင်ချင်ကတော့ ကောင်းကောင်းသိလေသည်။ နတ်ဘုရားမျိုးနွယ်မှသူများထဲတွင်.. ခြေလက်များကို တုပ်နှောင်ခံထားရသော အမျိုးသမီးက နန်းကြည်ပင်ဖြစ်လေသည်။
‘နင် ထွက်မသွားဘူးဆိုရင်.. ငါကလည်း သွားမှာမဟုတ်ဘူး’
စိတ်ဝိညာဉ်ကျားသည် သူ၏ကြောက်ရွံ့မှုကို ဖိနှိမ်ပြီး သူ့ရင်ဘတ်ကိုပုတ်ကာ ခိုင်မာနေသော အကြည့်ဖြင့် ပြောလိုက်၏။
‘ဘာမှမပူနဲ့.. ဟူပါးထျန်က မင်းနဲ့အတူ ဒီမှာရှိနေမယ်.. ငါ အသက်ရှင်နေသရွေ့ တခြားမျိုးနွယ်က ကျူးကျော်ဝင်ရောက်လာသူတွေက မင်းကို မထိနိုင်စေရဘူး’
ချင်ချင်သည် ရင်ထဲမှာထိသွားပြီး မျက်လုံးများနီရဲလာကာ စိတ်ဝိညာဉ်ကျားကို ကြည့်လိုက်၏။
‘ငါတို့လည်း… သွားမှာမဟုတ်ဘူး’
မျောက်၏ သွေးနီရောင်မျက်လုံးများက တဖျတ်ဖျတ်လက်သွားပြီး သူက တည်ငြိမ်စွာပြောလိုက်၏။
‘အစ်ကိုမျောက်.. ရှင်တို့…’
‘ဘာမှပြောနေစရာမလိုဘူး… ငါတို့က သွေးသောက်ညီအစ်ကိုမောင်နှမတွေပဲ… ကောင်းကောင်းဆိုးဆိုး အတူတူဖြတ်ကျော်ရမယ်’
‘အမှန်ပဲ.. ကောင်းကောင်းဆိုးဆိုးပေါ့’
ရွှေခြင်္သေ့ကလည်း သူ၏လက်သီးများကိုဆုပ်ပြီး ခေါင်းညိတ်လိုက်၏။
ဖက်တီးလေးသည် သူ၏ခေါင်းကိုကုတ်ပြီး လမ့်ရိုနှင့် လင်းရွှမ်ကျီကို တွေဝေသောအမူအရာဖြင့် လှည့်ကြည့်လိုက်၏။
လင်းရွှမ်ကျီက ခါးသက်သက်ရယ်မောလိုက်၏။
‘ငါကလည်း ဒီကနေထွက်သွားစရာ အကြောင်းမရှိဘူး.. အသင်္ချေနယ်မြေမြို့တော်ကို ပဟေဠိနန်းတော်က တည်ထောင်ထားတာ… ပဟေဠိနန်းတော်ရဲ့ လက်ရှိမျိုးဆက်တပည့်တစ်ယောက်အနေနဲ့ ငါက သေရမယ်ဆိုရင်တောင် ဒီနေရာက ငါခေါင်းချရာနေရာ ဖြစ်ရမယ်’
ကျိချန်းရှန်၏မျက်လုံးများက တောက်ပလာပြီး သူက တည်တံ့စွာပြောလိုက်၏။
‘ဒီမှာပဲ နေကြတာပေါ့.. လောလောဆယ် ကျင့်ကြံသူအများစုကလည်း အသင်္ချေနယ်မြေမြို့တော်ထဲမှာပဲ နေဖို့ဆုံးဖြတ်လိုက်ကြပြီ.. သူတို့က ထွက်ပြေးကြမှာ မဟုတ်တော့ဘူး.. ငါတို့က အရမ်းကာရော လှုပ်ရှားလိုက်ရင် ယက္ခမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်ရဲ့ ပစ်မှတ်တစ်ခု သေချာပေါက်ဖြစ်လာလိမ့်မယ်’
‘ကောင်းပြီလေ’
လူတိုင်းက သဘောတူလိုက်ကြ၏။
‘အားလုံးပဲ.. ဒီနိုးထဝိညာဉ်သုံးယောက်နားမှာ လာပြီးတော့ စုလိုက်’
ယက္ခခေါင်းဆောင်က ပကတိအရှင်ယွီကျွင်းနှင့် အခြားနှစ်ယောက်ကိုကြည့်ပြီး လှောင်ပြောင်သရော်လိုသော လေသံဖြင့်ပြောလိုက်၏။
‘မင်းက ဘာလို့ အဲ့လောက်ထိ လေးကွေးနေရတာလဲ.. မင်း သေချင်လို့လား’
ဒဏ်ရာအပြင်းအထန်ရထားပြီး ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းနေသော ကျင့်ကြံသူတစ်ယောက်ကို ယက္ခတစ်ယောက်က ငေါက်ငမ်းလိုက်၏။ ချက်ချင်းပင်.. ထိုသူ၏ခေါင်းက ပြတ်ကျသွားပြီး သူက နေရာမှာတင် သေဆုံးသွားလေသည်။
ကျန်ရှိနေသော ကျင့်ကြံသူများကလည်း ထိတ်လန့်တကြားဖြစ်သွားပြီး အလျင်အမြန်လှုပ်ရှားလိုက်ကြ၏။
နတ်ဘုရားမျိုးနွယ်မှလူတိုင်းသည် သူတို့၏လက်များကို နောက်ပစ်ပြီး မောက်မာနေသော အမူအရာများဖြင့် ရပ်နေကြ၏။ သူတို့သည် ဘေးကနေ အေးစက်စွာဖြင့် စိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးများထဲမှာ သနားညှာတာမှု လုံးဝမရှိပေ။
သိပ်မကြာမီ.. မြို့ထဲရှိကျင့်ကြံသူများသည် သိပ်သည်းစွာဖြင့် စုဝေးသွားကြ၏။
ပကတိအရှင်လောရွှယ်၏ ဖေးမမှုနှင့်အတူ ပကတိအရှင်ယွီကျွင်းသည် ရုန်းကန်၍ ကြိုးစားထပြီး ငုံ့ကြည့်လိုက်၏။
အဲဒီမှာ မနေ့တနေ့ကပင် လူသားကျင့်ကြံသူပေါင်း အယောက်တစ်သိန်းကျော်ကျော် ရှိခဲ့၏။ ယခုအခါမှာတော့ အယောက်ငါးသောင်းလောက်သာလျှင် ကျန်ရှိတော့လေသည်။ ကျင့်ကြံသူတစ်ဝက်လောက်သည် အေးစက်စက် အလောင်းကောင်များအဖြစ် ထာဝရအိပ်မောကျသွားကြလေပြီ။
ကြောက်မက်ဖွယ်ရာကောင်းခြင်း..။
ကျန်ရှိနေသော ကျင့်ကြံသူငါးသောင်း၏ တစ်ဝက်လောက်ကလည်း ဒဏ်ရာများ ရရှိထားကြပြီး ယက္ခမျိုးနွယ်၏အစာအဖြစ် အဆုံးသတ်ကြမည်ဖြစ်ကာ မည်သူကမျှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။
ပကတိအရှင်ယွီကျွင်း၏မျက်နှာပေါ်တွင် မျက်ရည်များက စီးကျလာပြီး သူ၏နှုတ်ခမ်းများက တုန်ယင်နေ၏။ ခဏနေပြီးနောက်.. သူသည် တိတ်ဆိတ်နေဖို့ ဆုံးဖြတ်လိုက်ပြီး သူ၏အသံက လေးတွဲ့တွဲ့ သက်ပြင်းချသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
အသင်္ချေနယ်မြေတောင်ထွတ်က သူတို့နောက်မှာရှိနေ၏။
ထိုတောင်ထွတ်ကို ရှေးဟောင်းခေတ်မှာ ဤနေရာတွင် စိုက်ထူခဲ့ပြီး ၎င်းသည် မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများ မွေးဖွားပေါ်ထွက်လာခြင်းနှင့်အတူ လူသားမျိုးနွယ်၏မြင့်တက်လာခြင်းကို စောင့်ကြည့်ခဲ့ရ၏။ ၎င်းသည် ရှေးဟောင်းခေတ်က ဧကရာဇ်များ တိုက်ခိုက်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရ၏။
သို့သော် ယခုအခါမှာတော့.. တောင်ထွတ်သည် လူသားပြိုင်စံရှားတစ်သိန်းကျော်ကို ပြင်ပမျိုးနွယ်မှ ကျူးကျော်သူများက စိတ်ရှိလက်ရှိ သတ်ဖြတ်နေခြင်းကို ကြည့်နေရ၏။
လူသားမျိုးနွယ်အကြောင်း သမိုင်းမှတ်တမ်းပြုစုသည့်အခါ.. ဤနေ့သည် လူသားများအတွက် အရှက်အရဆုံးနှင့် အမှောင်မိုက်ဆုံး အခန်းတစ်ခန်း ဖြစ်လာပေလိမ့်မည်။