← Chapters

မယိမ်းမယိုင်သော လူသားများ

Vol. 51 Ch. 764

မယိမ်းမယိုင်သော လူသားများ

Vol. 51 Ch. 764

စေးပျစ်၍ လတ်ဆတ်သောသွေးများသည် ကျောက်ချပ်များ၏ အကွဲကြောင်းများကြားထဲတွင် မသတီစရာပုံစံဖြင့် စိမ့်ဝင်စီးဆင်းနေ၏။

ယက္ခမျိုးနွယ်တစ်ရာကျော်သည် ကျန်ရှိနေသော ကျင့်ကြံသူများကို လှည့်ပတ်နေကြပြီး သူတို့၏ ကြီးမားသည့်ခြေရာကြီးများသည် ကြောက်မက်ဖွယ်ရာပုံစံဖြင့် ကျောက်သမံတလင်းပေါ်မှာ သွေးသံရဲရဲဖြင့် ထင်ကျန်ရစ်ခဲ့၏။

ယက္ခမျိုးနွယ်များ၏ ခန္ဓာကိုယ်သည် မြင့်မား၍ ကြီးမားတုတ်ခိုင်ပြီး သူတို့၏နက်မှောင်နေသော အသားပြားတောင်ပံများမှာ သိပ်သည်းသောဖိအားကို ထုတ်ပေးနေ၏။

သူတို့အုပ်စုအတွင်းတွင် များစွာသော ကျင့်ကြံသူများသည် ခေါင်းများကိုငုံ့၍ တုန်ရီနေကြ၏။ သူတို့သည် ယက္ခမျိုးနွယ်၏ ကြောက်မက်ဖွယ်ရာမျက်နှာများနှင့် စိမ်းဖန့်ဖန့်မျက်လုံးများကို ရင်ဆိုင်၍ မကြည့်ရဲကြပေ။

လေထုက အလွန်တရာ သိပ်သည်းတင်းကျပ်လာ၏။

တကယ်ဆို.. များစွာသော ကျင့်ကြံသူများသည် သူတို့ အနည်းငယ်လှုပ်ရှားမိသည်နှင့် ယက္ခမျိုးနွယ်များ၏အာရုံစိုက်မှုကို ရရှိမည်စိုးသောကြောင့် အသက်ရှုရမည်ကိုပင် စိုးရိမ်ပူပန်နေကြ၏။

‘ဟားဟားဟားဟား’

ယက္ခခေါင်းဆောင်သည် ထိုသည်ကိုမြင်ပြီး ကျေနပ်နှစ်ခြိုက်သွားကာ သူ့ခေါင်းကိုမော့၍ ရယ်မောလိုက်၏။

‘အဲ့တော့.. ဒါက မင်းတို့လူသားမျိုးနွယ်ရဲ့ ပြိုင်စံရှားလို့ခေါ်တဲ့သူတွေပေါ့လေ.. ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ’

မည်သူကမှ သူ့ကို မငြင်းဆန်နိုင်ကြပေ။

လင်းရွှမ်ကျီနှင့် အခြားသူများသည် အေးစက်စက်အမူအရာများ ရှိနေကြ၏။ သူတို့၏ရင်ထဲတွင် ဒေါသမီးများက တောက်လောင်နေသော်လည်း သူတို့၏စိတ်ခံစားချက်များကို ဖိနှိမ်ထားရ၏။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် လေထဲမှာရပ်ပြီး စုဝေးနေကြသော ကျင့်ကြံသူများကို ဖြတ်ကြည့်ကာ ထူးမခြားနားပုံစံဖြင့်ပြောလိုက်၏။

‘ဒီမှာရှိတဲ့ ကျင့်ကြံသူအများစုကိုတော့ ပြိုင်စံရှားတွေလို့ ခေါ်လို့မရဘူး’

သူက ခဏမျှရပ်ပြီးနောက် စကားလမ်းကြောင်းပြောင်းကာ စိတ်အေးသက်သာပုံစံဖြင့် လှောင်ရယ်လိုက်၏။

‘ငါကြားတာ.. လူသားတွေရဲ့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ စုစုပေါင်းနေရာ ၁၀၈နေရာ ရှိတယ်လို့ပြောတယ်.. အဲဒီအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ဝင်တဲ့သူတွေကိုပဲ လူသားမျိုးနွယ်ရဲ့ပြိုင်စံရှားတွေလို့ ခေါ်လို့ရလိမ့်မယ်’

‘ဟေး..’

ယက္ခခေါင်းဆောင်က သွားဖြီးလိုက်၏။ သူ၏အကြည့်က တဖျတ်ဖျတ်ဖြစ်သွားပြီး ကျယ်လောင်စွာဖြင့် ကြေညာလိုက်၏။

‘အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ဝင်တဲ့ ပြိုင်စံရှားတွေက ဘယ်သူတွေလဲ… ထွက်ခဲ့ကြပါဦး… ငါ မင်းတို့ကို တချက်လောက် ကြည့်ချင်လို့’

သူက ပြိုင်စံရှားတွေဟူသောနေရာတွင် အသံကို ဖိပြောလိုက်ပြီး သူ၏လေသံက သတ်လိုဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။

လူတိုင်းသည် ယက္ခခေါင်းဆောင်၏လေသံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိကြလေသည်။

အစကတော့.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်စာရင်းသည် ကျင့်ကြံသူများအတွက် ကြီးမားသည့်ဂုဏ်ယူဖွယ်ရာဖြစ်ပြီး အံ့မခန်းဆုလာဘ်များကိုလည်း ရရှိနိုင်ပေလိမ့်မည်။

သို့သော် ယခုအခါ.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်သည် ဤကျင့်ကြံသူများအတွက် သေစာရင်းတစ်ခုလိုဖြစ်လာခဲ့၏။

မည်သူကမှ ထွက်မလာကြပေ။

ထွက်လာသည့် မည်သူမဆို သေရနိုင်လေသည်။

‘ဟီးဟီး’

ယက္ခခေါင်းဆောင်က ဆိုးယုတ်စွာဖြင့် ရယ်မောလိုက်၏။

‘ကဲ… ဘယ်သူမှထွက်မလာသေးဘူးဆိုရင် မင်းတို့တွေကို ငါ စပြီးသတ်ဖြတ်တော့မယ်’

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

‘ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ စီနီယာ… ကျုပ်က ခင်ဗျားနောက်ကိုလိုက်ပြီး ခင်ဗျားရဲ့အစေခံဖြစ်ဖြစ်.. စိတ်ဝိညာဉ်တောကောင်ဖြစ်ဖြစ် လုပ်ပေးပါ့မယ်’

နောက်ဆုံးမှာတော့.. ကျင့်ကြံသူတစ်ယောက်သည် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ ယက္ခခေါင်းဆောင်၏ရှေ့မှာ ထိတ်လန့်တကြား အမူအရာဖြင့် ဒူးထောက်ချလိုက်၏။

သူကတော့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် အဆင့်(၂၀)ဝင်ခဲ့သော ရှင်းသန့်လေပြေဘုရားကျောင်းမှ သွမ့်ချင်းဖျင် ဖြစ်လေသည်။

သူက လူသားမျိုးနွယ်၏ပြိုင်စံရှားတစ်ယောက်ဟု သေချာပေါက် သတ်မှတ်လို့ရနိုင်လေသည်။

သို့သော်လည်း.. ထိုအခိုက်အတန့်တွင် သွမ့်ချင်းဖျင်သည် မည်သည့်ဂုဏ်သိက္ခာမှ မရှိတော့ဘဲ ယက္ခခေါင်းဆောင်၏ရှေ့မှာ ဒူးထောက်၍ သူ့အသက်အတွက် တောင်းပန်တိုးလျှိုးနေ၏။

တကယ်ဆို သူက တစ်ဖက်လူ၏စိတ်ဝိညာဉ်တောကောင် သို့မဟုတ် အစေခံပင်ဖြစ်လိုနေ၏။

မည်သူကမှ သူ့ကို မလှောင်ကြပေ။

ရှင်းသန့်လေပြေဘုရားကျောင်း၏ ပကတိအရှင်ပင်လျှင် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏လက်ထဲမှာ သေခဲ့ရ၏။ သူက ဘာများတတ်နိုင်ဦးမှာလဲ။

သူ့ကိုမပြောနှင့်… ပုရွက်ဆိတ်များတောင်မှ သေရမည်ကို ကြောက်ရွံ့ကြလေသည်။

ကျင့်ကြံသူအများစုသည် အသက်ရှည်ရှည်နေရဖို့အတွက် ကျင့်ကြံကြခြင်းဖြစ်လေသည်။

ရွှေအမြုတေအဆင့်ဖြစ်သော သူ့ကိုမပြောနှင့်.. ပကတိအရှင်စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များတောင် သေခြင်းရှင်ခြင်းအပေါ် တွယ်တာမက်မောခြင်းကို လက်လွှတ်နိုင်ကြဦးလိမ့်မည် မဟုတ်ပေ။

‘မင်းက ငါ့ရဲ့အစေခံနဲ့ စိတ်ဝိညာဉ်တောကောင်ဖြစ်ချင်တယ်.. ဟုတ်လား’

ယက္ခခေါင်းဆောင်က သွမ့်ချင်းဖျင်ကို အေးစက်စွာစိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

‘လူသားမျိုးနွယ်က မထိုက်တန်ဘူး’

သူက ရက်စက်ကြမ်းကြုတ်စွာ ရယ်မော၍ သွမ့်ချင်းဖျင်၏ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။ သူက သွမ့်ချင်းဖျင်၏ဦးခေါင်းကို ဆုပ်ကိုင်ပြီး ခါယမ်းကာ လက်ထဲမှာ ပစ်ဆောင့်ချပြီး ဦးနှောက်ရည်များကို ပါးစပ်ထဲသို့ ထည့်လိုက်၏။

ယက္ခခေါင်းဆောင်သည် သွမ့်ချင်းဖျင်၏ဦးခေါင်းကို ဆွဲခါပြီး ဟားတိုက်ရယ်မောလိုက်၏။

‘ဟီးဟီးဟီးဟီး… ပြိုင်စံရှားတဲ့လား.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တဲ့လား.. မင်းတို့တွေက ငါတို့ရဲ့အစာဖြစ်ဖို့လောက်ပဲ ထိုက်တန်တယ်’

ယက္ခမျိုးနွယ်တစ်ရာကျော်ကျော်သည် ဟားတိုက်ရယ်မောလိုက်ကြပြီး သူတို့၏သွင်ပြင်များက ပို၍ကြောက်မက်ဖွယ်ရာကောင်းလာကာ ငရဲကနေ တက်လာသော ဆိုးယုတ်တစ္ဆေများနှင့် ဆင်တူနေလေသည်။

‘ပြင်ပမျိုးနွယ်က ကျူးကျော်ဝင်ရောက်လာသူတွေ.. မင်းတို့က သေသင့်တယ်’

ရုတ်တရက်.. လူအုပ်ကြီးထဲမှ ခြောက်ကပ်ကပ် အသံတစ်သံက ထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်တွင်.. သူက အလွန်တရာ ထင်ရှားပေါ်လွင်နေလေသည်။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

များစွာသော ကျင့်ကြံသူများသည် အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။

သူတို့ကိုယ်သူတို့ ကယ်တင်ဖို့တောင် မနည်းကြိုးစားရုန်းကန်နေရသည့် အခြေအနေမှာ.. ထိုကဲ့သို့ ရဲတင်းစွာဖြင့် ထွက်ပေါ်လာရဲသည့်လူကို လူတိုင်းက မြင်ချင်ကြလေသည်။

ယက္ခမျိုးနွယ်များ၏ ရယ်မောသံများသည် ရုတ်တရ‌က် ရပ်တန့်သွား၏။

ယက္ခခေါင်းဆောင်၏မျက်နှာက ချက်ချင်း ပြာနှမ်းသွားလေသည်။

လူအုပ်ကြီးထဲမှ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။

ထိုကျင့်ကြံသူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်ကလည်း အနက်ရောင်ဖြစ်လေသည်။ သို့သော်လည်း.. သူ၏မျက်နှာကတော့ ကြောက်မက်ဖွယ်ရာ ဖြူဖတ်ဖြူလျော်ဖြစ်နေ၏။ သူက ဒဏ်ရာရရှိထားပြီး အလွန်တရာ အားနည်းနေပုံပေါက်သော်လည်း သူ၏အကြည့်က တနည်းတဖုံကြောင်၍ ယစ်မူးနေပုံရ၏။

သို့သော်လည်း.. ထိုသူ့ထံမှ အလွန်တရာထက်ရှသည့် အော်ရာတစ်ခုက ထွက်ပေါ်နေလေသည်။

သူက လူအုပ်ကြီးထဲမှ လျှောက်လှမ်းထွက်လာရင်း ပြိုင်ဘက်ကင်း ရဲရင့်မှုတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်၇ တူကူကျန့်ဖြစ်လေသည်။ အသင်္ချေနယ်မြေမြို့တော်၏နေရာတိုင်းမှာ သွေးချီများက အလွန်ကြီးမား၍ အလောင်းများက ပြန့်ကျဲနေလေသည်။ ထိုကဲ့သို့သော အခြေအနေတွင်… တစ်ယောက်တည်း လျှောက်လှမ်းထွက်လာသော သူသည် မည်ကဲ့သို့သော ဖိအားကို ရင်ဆိုင်နေရမလဲ လူတိုင်း စဉ်းစားကြည့်လို့တောင် မရပေ။

ထိုအထီးကျန်နေသော ပုံရိပ်ကို မြင်သောအခါ များစွာသော ကျင့်ကြံသူများသည် တွေဝေနေသော အမူအရာများ ရှိလာကြ၏။

အချို့က လေးစားကြည်ညိုခြင်း ၊ အချို့က သနားခြင်းနှင့် အချို့ကတော့ ထုံထိုင်းနေကြ၏။

လူအုပ်ကြီးအတွင်းတွင်.. ဟန်ချိုးယွီသည် ရှေ့သို့တက်သွားသော တူကူကျန့်ကိုကြည့်ပြီး ခေါင်းငိုက်စိုက်ကျသွား၏။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ သူသည် တူကူကျန့်ကို ရှုံးနိမ့်ခဲ့လေသည်။ သို့သော်လည်း.. သူ့ရင်ထဲမှာတော့ ထိုရှုံးနိမ့်မှုကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပေ။

သူတို့နှစ်ယောက်သည် အနာဂတ်မှာ ရှည်လျားသော လမ်းကြောင်းများ ရှိနေကြသေးသည်ဟု သူယုံကြည်ထားသည်။

ထိုအခိုက်အတန့်မှာသာလျှင်.. ဟန်ချိုးယွီသည် သူက အပြတ်အသတ်ရှုံးနိမ့်သွားပြီဆိုတာကို နားလည်လိုက်၏။

ဓားကျင့်ကြံသူများသည် သူတို့၏ကြမ်းကြုတ်ခက်ထန်ခြင်းကို ကျင့်ကြံခြင်းမှာ အထူးပြုကြလေသည်။

သူတို့သည် သူတို့၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့်အတူ ကျင့်ကြံရပြီး မည်သည့်ကိစ္စပင်ရှိပါစေ.. ရှေ့သို့ထိုးတက်ရပေမည်။

သို့သော်လည်း.. ယက္ခမျိုးနွယ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ထက်ရှမှုက လုံးဝပျောက်ကွယ်သွားခဲ့လေသည်။

သို့သော်.. တူကူကျန့်၏ထက်ရှမှုကတော့ ကျန်ရှိနေသေးပြီး သူက ပို၍ပင် ထက်ရှလာသေး၏။

သူက ယက္ခများကို သူ့ဓားဖြင့် ချိန်ရွယ်ထား၏။

‘ကောင်းတယ်.. မင်းက သိပ်ကိုကောင်းတယ်’

ယက္ခခေါင်းဆောင်က သူ၏လည်ပင်းကို လှုပ်ခါလိုက်ပြီး တဖြောက်ဖြောက်အသံများက ထွက်ပေါ်လာကာ ပြင်းထန်ကြမ်းကြုတ်သော အကြည့်နှင့်အတူ ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။

‘ကဲ.. နောက်ထပ် မကျေနပ်တာ ဘယ်သူရှိသေးလဲ… ရှိရင် ထွက်ခဲ့ကြ’

‘ငါ့ကိုလည်း ထည့်တွက်လိုက်’

လူအုပ်ကြီးထဲမှ နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက အနည်းငယ် နူးညံ့ပျော့ပြောင်းနေသော်လည်း.. အဲဒါက မနှိုင်းယှဉ်သာအောင် ပြတ်သားနေ၏။

အဲဒါကတော.. ဆူရှောင်းနင်ပင်ဖြစ်လေသည်။

ကြောက်ရွံ့တတ်သော မိန်းကလေးသည် သူမ၏အစ်ကိုကြီးကို ဆုံးရှုံးသွားရပြီးနောက်… သိသိသာသာ ပြောင်းလဲသွားခဲ့၏။ ထိုအခိုက်အတန့်တွင်.. သူမသည် သူမ၏သတ္တိကို စုစည်းပြီး ရှေ့သို့ထွက်လာ၏။

‘ယက္ခမျိုးနွယ်က ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲက တစ်စုဖြစ်ပြီးတော့.. မြင့်မြတ်တဲ့ မျိုးဆက်သွေးနဲ့ မွေးရာပါသန်မာကြတယ်ဆိုတော့ရော.. ဘာဖြစ်လဲ.. ရှေးဟောင်းခေတ်တုန်းကဆို.. ကမ္ဘာဦးမျိုးနွယ်ကိုးစုက ရှုံးနိမ့်ခဲ့ပြီးတော့ အဲဒီထဲမှာ ယက္ခမျိုးနွယ်လည်း ပါတယ်မဟုတ်လား.. နင်တို့အကုန်လုံးက အပယ်ခံဘဝနဲ့ ရှင်သန်နေထိုင်ခဲ့ရတာ မဟုတ်ဘူးလား’

‘ငါတို့လူသားတွေက မွေးကတည်းက အားနည်းကြတယ်ဆိုပေမဲ့.. ငါတို့က နင်တို့ပြင်ပမျိုးနွယ်တွေရဲ့ ဖိနှိပ်သတ်ဖြတ်ခြင်းကို ဒီတိုင်းငြိမ်ခံနေခဲ့ကြတာ မဟုတ်ဘူး’

သူမ၏စကားများက စွမ်းအားကြီးပြီး သူမ၏လေသံက ထက်ရှနေ၏။ များစွာသော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားလာကြပြီး သူတို့၏ တိုက်ခိုက်လိုသော စိတ်ဝိညာဉ်များပင်လျှင် နိုးကြားလာကြ၏။

‘ဟားဟားဟားဟား’

ယက္ခခေါင်းဆောင်သည် လှောင်ရယ်လိုက်ပြီး ရှောင်းနင်နှင့်တူကူကျန့်ကို ကြည့်ကာ ဟားတိုက်ရယ်မောလိုက်၏။

‘မင်းတို့ ပုရွက်ဆိတ်နှစ်ကောင်လောက်နဲ့ ထကြွပုန်ကန်နိုင်လိမ့်မယ်လို့ ထင်နေတာလား’

‘ငါလည်း ပါမယ်’

လင်းရွှမ်ကျီက အံကိုကြိတ်ပြီး ထွက်လာ၏။

‘ယက္ခမျိုးနွယ်.. ဒါက လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်နေရာပဲ.. ဒီမှာရှိတဲ့ ကျောက်ပြားတစ်ချပ်စီတိုင်းကို နတ်မိမယ်လင်းလုံက ကိုယ်တိုင်အားစိုက်ပြီး ဖန်တီးထားခဲ့တာ.. ငါက ငါ့အသက်ကို လက်လွှတ်ရမယ်ဆိုရင်တောင် ဒီနေရာကို စောင့်ကြပ်မယ်.. ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး’

‘ငါလည်းပါမယ်ဟေ့’

နတ်ဆိုးမကျိကလည်း ရှေ့သို့ထွက်လာ၏။

‘ငါ့ကိုပါ ထည့်တွက်လိုက်’

ဖက်တီးလေးက သူ၏ ဝဝဖိုင့်ခန္ဓာကိုယ်ကို လှုပ်ခါပြီး လူအုပ်ကြီးထဲကနေ ထိုးထွက်လာ၏။

‘ငါလည်းပါမယ်’

‘ငါ့ကိုပါ ထည့်တွက်လိုက်’

ရှစ်ကျန့် ၊ ကျီရှန်းချန် ၊ လမ့်ရိုနှင့် အခြားသူများကလည်း ရှေ့သို့ထွက်လာကြ၏။

လူအုပ်ကြီးအတွင်းမှ အသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာလေသည်။

ပကတိအရှင်လောရွှယ်၏မျက်လုံးများက နီရဲလာ၏။

ကိုယ်တော်ယင်လူ၏မျက်လုံးများကလည်း စိုထိုင်းထိုင်းဖြစ်လာလေသည်။

ပကတိအရှင်ယွီကျွင်းသည် စိတ်ခံစားချက်များ မြင့်တက်လာပြီး သူ၏ခန္ဓာကိုယ်က တုန်ရီလာ၏။

အဲဒါကမှ တကယ့်အစစ်အမှန် ပြိုင်စံရှားတွေပင်။

ထိုသူတွေက လူသားမျိုးနွယ်၏ အနာဂတ်မျှော်လင့်ချက်များပင်ဖြစ်လေသည်။

ရှေးဟောင်းခေတ်အတောအတွင်းက.. ပြိုင်စံရှားများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီး မျိုးနွယ်စုတစ်သောင်းကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်မှာ အတိအကျပင်ဖြစ်လေသည်။ မျိုးဆက်တစ်ဆက်ချင်းစီသည် ယခင်မျိုးဆက်ထက် သာလွန်လာပြီး သူတို့သည် ကမ္ဘာဦးမျိုးနွယ်ကိုးစုကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြကာ.. လက်ရှိထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အခြေအနေထိ ဦးဆောင်လာနိုင်ခဲ့၏။

လူသားမျိုးနွယ်များသည် စိတ်ဓာတ်ခိုင်မာပြတ်သားပြီး တိုက်ခိုက်ကြလိမ့်မည်ဖြစ်ပေသည်။

သူတို့က အနိုင်မရနိုင်ဘူးဆိုလျှင်တောင် အလျှော့ပေးကြလိမ့်မည် မဟုတ်ပေ။

အဲဒါက လူသားမျိုးနွယ်၏စိတ်ဝိညာဉ် ၊ သူတို့၏ ဝိညာဉ်များပင်ဖြစ်လေသည်။

မျောက်၏အတွင်းအမြုတေက လည်ပတ်လာပြီး သူ့ခန္ဓာကိုယ်က ကြီးမားပြန့်ကားလာ၏။ သူ၏ပတ်လည်ကို သားရဲချီများက လွှမ်းခြုံလာပြီး တိုက်ခိုက်လိုစိတ် တဖွားဖွားနှင့်အတူ သူ၏ရင်ဘတ်ကို ဒေါသတကြီး ထုလိုက်၏။

သူ၏မျက်လုံးများက သွေးနီရောင်အလင်းဖြင့် တောက်လာပြီး သူက ဟားတိုက်ရယ်မောလိုက်၏။

‘ယက္ခမျိုးနွယ်တဲ့လား… အဓိပ္ပာယ်မရှိလိုက်တာကွာ… ငါမြင်နေရတာတော့ မင်းတို့ရဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ မျက်နှာတွေပဲ’

‘ဝေါင်း’

စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့ကလည်း တစ်ယောက်ပြီးတစ်ယောက် ဟိန်းဟောက်လိုက်ပြီး လူအုပ်ကြီးထဲကနေ ရှေ့သို့ထွက်လာခဲ့ကြလေသည်။

All Chapters